အခန်း ၁
Vol. 1 Ch. 1
အခန်း (၁)
အောက်တိုဘာလ၏ ဆောင်းဦးပေါက် ညနေခင်းတစ်ခု ဖြစ်သည်။ ကန်မြို့ရှိ ပိုင်ရွှေမြစ်ဘေးတွင် နုနယ်သောမျက်နှာရှိသည့် ကောင်လေးတစ်ဦးသည် လူသူကင်းမဲ့နေသော တံတားတစ်စင်းပေါ်၌ ရပ်နေခဲ့သည်။
သူ၏မျက်နှာမှာ ဖြူလျော်နေပြီး မျက်လုံးများမှာလည်း အရောင်အဝါ ကင်းမဲ့နေကာ အဝေးက နေဝင်ဆည်းဆာကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။
သူ၏ဘေးတွင်မူ အရှည် နှစ်ဆယ်စင်တီမီတာခန့်ရှိသော အဖြူရောင်တီကောင်လေးတစ်ကောင် လိုက်ပါလာခဲ့သည်။ ၎င်းသည် ညိုမှိုင်းသော မျက်လုံးများဖြင့် မြေပြင်ကို စိုက်ကြည့်နေပြီး မိမိကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေသည့်အလား အလွန် စိတ်ဓာတ်ကျနေပုံရသည်။
ရုတ်တရက် ကောင်လေးသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် အောက်သို့ ခုန်ချလိုက်တော့သည်။
“ဝုန်း...”
“ဗွမ်း...ဗွမ်း...”
အသံနှင့်အတူ ကောင်လေးသည် ပိုင်ရွှေမြစ်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့သည်။ လူသူကင်းမဲ့သော ဤမြစ်ကမ်းဘေးတွင် သူသည် ဗီဇစိတ်အရ ရုန်းကန်ပြီး အနည်းငယ် ကူးခတ်လိုက်သော်လည်း မကြာမီမှာပင် မြစ်အောက်ခြေသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့သည်။
“ရှူး... ရှူး”
တစ်ခုတည်းသော စိတ်ပူနေသူမှာ တံတားပေါ်တွင် တွေဝေငေးငေါင်ကာ ကျန်ရစ်ခဲ့သည့် အဖြူရောင်တီကောင်လေးသာ ဖြစ်သည်။ ၎င်းသည် တံတားပေါ်တွင် ပျာပျာသလဲ ဇာတ်ကနဲ ဇာတ်ကနဲ ခုန်ပေါက်နေပြီး သူ့သခင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူ့နောက်သို့ လိုက်၍ ခုန်ချသွားခဲ့တော့သည်။
“ဗွမ်း...ဗွမ်း...ဝူး...ချီးဘဲ ဘာ...တွေဖြစ်နေတာလဲကွ။”
မြစ်ကြမ်းပြင်သို့ နစ်မြုပ်လုနီးပါးဖြစ်ပြီး မလှုပ်ရှားနိုင်တော့သော ကောင်လေးသည် ရုတ်တရက် ပြင်းထန်စွာ ရုန်းကန်လာ၏။ မကြာမီမှာပင် သူသည် အမှန်တကယ်ပင် ရေကူးပြီး ရေမျက်နှာပြင်ပေါ်သို့ ရောက်အောင် အသည်းအသန် ကူးခတ်လာခဲ့သည်။
မြစ်ထဲသို့ ခုန်ချခဲ့သော တီကောင်ဖြူလေးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်သွားရတော့သည်။
Σ( ° △ ° )︴
သူ့သခင်သည် ရေမကူးတတ်သည်မှာ ရှင်း၏။
ရှင်သန်လိုစိတ်က သခင့်ကို ဆရာမပါဘဲ ရေကူးတတ်အောင် တွန်းအားပေးလိုက်တာများလား။
အမှန်ပင်။ မိမိကိုယ်ကိုယ် တွန်းအားပေးနိုင်သရွေ့ မည်သည့်အရာကိုမဆို အောင်မြင်နိုင်ပေသည်။ တီကောင်ဖြူလေး၏ ကမ္ဘာ့အမြင်မှာ အသစ်ပြန်လည် ဆန်းသစ်သွားခဲ့ရတော့သည်။
“သေစမ်း ဒါက ဘယ်နေရာကြီးလဲ။”
ကျန်းဟန်တစ်ယောက် လုံးဝ အူကြောင်ကြောင် ဖြစ်နေပြီး မိမိနှင့် လုံးဝ ကွဲပြားခြားနားနေသော ပတ်ဝန်းကျင်ကို စိုက်ကြည့်နေမိသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကတင် သူသည် ပင်လယ်ထဲတွင် ရေကူးနေခဲ့သည်မှာ သေချာသည်။
သူက ဘယ်လိုဖြစ်ပြီး ရုတ်တရက် မြစ်တစ်စင်းထဲ ရောက်လာပြီး ရေနစ်နေရတာလဲ။
နောက်အခိုက်တွင်မူ မော်ကွန်းတင်ထားသော မှတ်ဉာဏ်များစွာသည် သူ့ဦးနှောက်ထဲ၌ ရုပ်ရှင်ဇာတ်ကားတစ်ကားကဲ့သို့ တရစပ် ရိုက်ခတ်လာခဲ့သည်။
“ဟူး...ဒါဆို ငါ တခြားကမ္ဘာကို ကူးပြောင်းရောက်ရှိလာတာပေါ့။”
ကမ်းစပ်သို့ ကူးခတ်လာကာစ ကျန်းဟန်သည် သူ့အတွေးများကို ပြန်လည် စီစစ်လိုက်၏။
မြစ်ထဲမှ ဖြည်းဖြည်းချင်း ကူးခတ်လာသော တီကောင်ဖြူလေးကို ကြည့်ရင်း ကျန်းဟန်တစ်ယောက် သူ့မှတ်ဉာဏ်များကို အတော်အတန် စီစစ်ပြီးသွားပြီ ဖြစ်သည်။
သူသည် အပြိုင်ကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိလာခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။ ဤကမ္ဘာသည် အဆင့်မြင့်နည်းပညာများရှိသော ခေတ်မီလူ့အဖွဲ့အစည်း ဖြစ်နေဆဲဖြစ်သော်လည်း ကမ္ဘာကြီးကမူ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းရာချီက ဖြစ်ပွားခဲ့သော မျိုးဗီဇပြောင်းလဲမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။
အချင်း ၁၀ မီတာရှိသော ဥက္ကာခဲတစ်ခုသည် ကမ္ဘာ့လေထုကို ထိုးဖောက်ကာ အန္တာတိက ရေခဲပြင်ကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ဗီဇပြောင်းလဲမှုကြီး ဖြစ်ပွားခဲ့သည်။
တိရစ္ဆာန်များနှင့် အပင်များသည် အရူးအမူး ဗီဇပြောင်းလဲလာကြပြီး အမျိုးမျိုးသော မှော်ဆန်သည့် စွမ်းရည်များရှိသည့် ထူးခြားဆန်းကြယ်သော သားရဲမွန်းစတားများ ဖြစ်လာခဲ့ကြသည်။ လူသားများသည် အစားအစာကွင်းဆက်၏ ထိပ်ဆုံးနေရာမှ လျင်မြန်စွာ ဖယ်ရှားခြင်း ခံခဲ့ရတော့သည်။
နှစ်နှစ်တာကာလအတွင်းမှာတင် လူဦးရေ၏ ထက်ဝက်ကျော် သေဆုံးခဲ့ရပြီး တိုက်ကြီးလေးတိုက် ပျက်စီးသွားခဲ့ရပြီး နောက်ဆုံးမှသာ ဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုအချိန်မှစ၍ လူသားအားလုံးသည် အသက် ၁၆ နှစ်အရွယ်တွင် ၎င်းတို့၏ သားရဲထိန်းချုပ်ခြင်းမျိုးစေ့ကို နိုးထစေပြီး ဗီဇပြောင်းလဲထားသော သားရဲများနှင့် စာချုပ်ချုပ်ဆိုကာ မိမိတို့၏ အိမ်ကို ကာကွယ်ရန် တိုက်ပွဲဝင်နိုင်ခဲ့ကြသည်။
လူသားများသည် သားရဲထိန်းချုပ်ခြင်းစွမ်းရည်ကို အားကိုးပြီး တစ်ဖန် ပြန်လည်ရှင်သန်နိုင်ခဲ့ကြကာ ဆုံးရှုံးသွားသော အိုးအိမ်များကို တစစ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြလေသည်။
ကျန်းဟန်၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ ငယ်စဉ်ကတည်းက သားရဲအဓိကရုဏ်းလှိုင်းတွင် မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရသည့် မိဘမဲ့ကလေးတစ်ဦး ဖြစ်သည်။
သူသည် လက်ရှိတွင် ယုန်နိုင်ငံ၊ သစ်ပင်စိမ်းပြည်နယ်၊ ကန်မြို့ရှိ အထက်တန်းကျောင်း တတိယနှစ်သို့ တက်ရောက်နေသည့် ကျောင်းသားတစ်ဦး ဖြစ်ပေသည်။
စမှတ်တွင် မရှုံးနိမ့်စေရန်အတွက် သူသည် ယခုနှစ် သြဂုတ်လတွင် အမျိုးသားဘဏ်နှင့် ပုဂ္ဂလိက ချေးငွေကုမ္ပဏီအချို့ထံမှ ၎င်း၏ သဘာဝဘေးအန္တရာယ်ကြောင့် မိဘမဲ့ဖြစ်ရသူ အခြေအနေကို အသုံးပြု၍ ငွေကျပ် ၅ သိန်း ချေးယူခဲ့ပြီး အခြေအနေကို အလှည့်အပြောင်းတစ်ခု ဖန်တီးရန်အတွက် ကောင်းမွန်သော သားရဲတစ်ကောင်ကို ဝယ်ယူလိုခဲ့သည်။
လူအများစု၏ ပထမဆုံး သားရဲမှာ ကြယ်သုံးပွင့်အဆင့် အရည်အချင်းရှိသော သားရဲပေါက်လေးများဖြစ်ကြပြီး ဈေးနှုန်းမှာ ၁ သိန်းမှ ၃ သိန်းဝန်းကျင်အထိ ရှိတတ်ကြသည်။
ငွေ ၅ သိန်းဆိုလျှင် ကြယ်လေးပွင့်အဆင့် အရည်အချင်းရှိသော သားရဲတစ်ကောင်ကို အလွယ်တကူ ဝယ်ယူနိုင်ရုံသာမက မီး သို့မဟုတ် လျှပ်စီး ကဲ့သို့သော အားကောင်းသည့် စွမ်းရည်ရှိသည့် သားရဲများကိုပင် စိတ်ကြိုက် ရွေးချယ်နိုင်သေးသည်။
သို့သော်လည်း ကျန်းဟန်၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ စာမေးပွဲများတွင် အဆင်မပြေလှဘဲ သားရဲတစ်ကောင်ကို အားကိုး၍ အခြေအနေကို အလှည့်အပြောင်းလုပ်ကာ မိမိကိုယ်ကိုယ် သက်သေပြချင်ဇောဖြင့် စိတ်လောသွားခဲ့သည်...။ သူက တစ်ခဏတာ စိတ်လွတ်သွားပြီး တရားဝင် အသိအမှတ်ပြုထားသော နေရာများမှ မဝယ်ယူခဲ့မိပေ။
၎င်းအစား သူသည် အနာဂတ်တွင် ဧကရာဇ်အဆင့်အထိ ကြီးထွားလာနိုင်သည့် ကြယ်ငါးပွင့်အဆင့် နယ်သာမိုးကြိုးလိပ်ပြာဖြစ်သည်ဟု အဆိုရှိသော သားရဲပေါက်လေးတစ်ကောင်ကို သားရဲပွဲစားတစ်ဦးထံမှ ဝယ်ယူခဲ့မိသည်။
ဝယ်ယူစဉ်က သားရဲပုံပြလမ်းညွှန်စက်ဖြင့် စစ်ဆေးရာတွင်လည်း မည်သည့်ပြဿနာမျှ မတွေ့ရှိခဲ့ရပေ။ သို့သော် ကျောင်းသို့ ရောက်ရှိသွားသောအခါ ၎င်းသည် နယ်သာမိုးကြိုးလိပ်ပြာပေါက် လုံးဝမဟုတ်ဘဲ လမ်းဘေးတွင် အလွန်အတွေ့ရများသော ကျောက်စိမ်းတီကောင်မှ ဗီဇပြောင်းလဲထားသော အကောင်ငယ်လေးမျှသာ ဖြစ်နေကြောင်း သိရှိခဲ့ရလေသည်။
စိတ်ပျက်အားငယ်မှုများကြောင့် သူသည် တောက်ပသော နေဝင်ဆည်းဆာအောက်ရှိ ဤညနေခင်းတွင် မိမိ၏ဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သနားစရာကောင်းသည်မှာ ၎င်း၏ဘေးတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ဘဲ သူ အထင်အမြင်သေးခဲ့သော ဤကျောက်စိမ်းတီကောင်လေးကသာ သူ့အတွက် စိုးရိမ်ပူပန်ပေးခဲ့သည့် တစ်ခုတည်းသောသူ ဖြစ်နေခြင်းပင်။
ကျန်းဟန်သည် ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ ကြုံတွေ့ခဲ့ရမှုများကို နားလည်ပေးနိုင်ပါသည်။ ဤသည်မှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အတွက် မခံမရပ်နိုင်လောက်အောင် ပြင်းထန်လွန်းသော ရိုက်ခတ်မှုတစ်ခု ဖြစ်သည်မှာ သေချာသည်။ လူကြီးများစွာပင် အိမ်ချေးငွေ၊ ကားချေးငွေများကြောင့် စိတ်ဓာတ်များ ပြိုလဲပြီး အဆုံးစီရင်ရန် ကြိုးစားတတ်ကြရာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အတွက်မူ ဆိုဖွယ်ရာမရှိပေ။
သို့သော် ရွေးချယ်စရာမရှိဘဲ ခံပြင်းစရာကောင်းသည်မှာ...သူ ရေကူးနေသည့်အချိန်ကျမှ အဘယ်ကြောင့် ဤနေရာသို့ ကူးပြောင်းရောက်ရှိလာရသနည်း။ ထို့အပြင် ဘဝအစကလည်း အဘယ်ကြောင့် ဤမျှ ဝမ်းနည်းစရာကောင်းနေရသနည်း။
သူသည်လည်း ကမ္ဘာမြေတွင် မိဘမဲ့တစ်ဦး ဖြစ်ခဲ့သော်လည်း တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် နှစ်နှစ်တိုင်တိုင် အလုပ်လုပ်ကိုင်ကာ မိမိ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ပျော်ရွှင်စွာ ရှင်သန်နေထိုင်ခဲ့သူဖြစ်ရာ ဤကဲ့သို့ ကူးပြောင်းလာရန် အလိုမရှိခဲ့ပေ။
“ဒါက အရမ်းသနားစရာကောင်းလွန်းတယ်။ ကမ္ဘာပေါ်မှာတုန်းကလည်း ကားချေးငွေ၊ အိမ်ချေးငွေတွေနဲ့။ အခု ကြယ်ပြာဂြိုဟ်ကို ကူးပြောင်းလာပြန်တော့လည်း သားရဲချေးငွေက ကျန်သေးတယ်။”
“ချီးပဲ။ စောက်ကျိုးနည်းပဲဟေ့။”
ကျန်းဟန်သည် ကောင်းကင်ကြီးကို ကြည့်ကာ မအော်ဘဲမနေနိုင်တော့ပေ။ ငွေ ၅ သိန်းတန် သားရဲချေးငွေ၊ ပျက်စီးလုနီးပါးဖြစ်နေသော သားရဲထိန်းချုပ်သူလမ်းကြောင်းနှင့် မည်သည့်အာဏာ၊ နောက်ခံမှမရှိခြင်းတို့က သူ့ကို မြစ်ထဲသို့ နောက်တစ်ကြိမ် ပြန်လည်ခုန်ချချင်စိတ် ပေါက်သွားစေခဲ့သည်။
သို့သော် ၎င်းမှာ စိတ်ကူးမျှသာ ဖြစ်ပေသည်။ ကျန်းဟန် မသေချင်ပါချေ။ ဘဝအစက အဆိုးရွားဆုံး ဖြစ်နေလင့်ကစား အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသည်ဟု သူ ခံစားမိသည်။
ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ အသိပညာဗဟုသုတမှာ အလွန်အားနည်းလွန်းပြီး ကမ္ဘာကြီးအပေါ် နားလည်မှုမှာလည်း နည်းပါးလွန်းလှသဖြင့်... ဖြစ်နိုင်သည်မှာ အခြားသော နည်းလမ်းကောင်းများ ရှိနေနိုင်သေးသည်။
“ရှူး... ရှူး...”
ထိုအချိန်တွင် ကျောက်စိမ်းတီကောင်လေးသည် ကျန်းဟန်ကို နှစ်သိမ့်ပေးသည့်အလား ရှူးရှူးရှဲရှဲ အသံလေးများပြုလုပ်ရင်း အနားကပ်လာ၏။
“ကောင်လေး... ဒီနားလာခဲ့။”
ကျန်းဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ကာ ဤအသားဖြူဖြူဖြင့် ဗီဇပြောင်းလဲနေသော ကျောက်စိမ်းတီကောင်လေးကို စိုက်ကြည့်လိုက်သည်။
ဤကောင်လေးသည် ဂျယ်လီငါးကဲ့သို့ ပြည့်ပြည့်ဖောင်းဖောင်းဖြင့် ချစ်စရာကောင်းသည်ဟု မပြောနိုင်သော်လည်း လူကို ကြောက်ရွံ့ထိတ်လန့်စေလောက်သည်အထိတော့ မဟုတ်ပေ။
ရေထဲမှ တွားသွားပြီး တက်လာသော ကျောက်စိမ်းတီကောင်လေးသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် ဖြည်းဖြည်းချင်း အနားသို့ တိုးလာခဲ့လေသည်။
၎င်းသည် အနည်းငယ် ဇဝေဇဝါဖြစ်နေမိသည်။ အတိတ်တွင် သူ၏သခင်သည် သူ့ကို အမြဲတမ်း အလွန်မုန်းတီးခဲ့ပြီး သူ့ကို လုံးဝ စကားမပြောခဲ့သလို ထိပင် မထိခဲ့ဖူးပေ။ ယနေ့တွင် ဘာများ မှားယွင်းနေပါလိမ့်။
၎င်း၏ လုပ်ဆောင်ချက်များက သခင်ဖြစ်သူကို စိတ်လှုပ်ရှားသွားစေခဲ့တာများလား။
ကျောက်စိမ်းတီကောင်လေး၏ ခေါင်းသေးသေးလေးထဲတွင် သံသယများစွာ ရှိနေသော်လည်း မကြာမီမှာပင် ၎င်းကို ပျော်ရွှင်မှုများက အစားထိုးသွားခဲ့သည်။
၎င်း အနားသို့ ရောက်လာသောအခါ ကျန်းဟန်သည် လက်လှမ်း၍ ၎င်းကို ထိတွေ့လိုက်၏။ ၎င်းသည် အေးမြ ပျော့ပြောင်းကာ ချောမွေ့နူးညံ့နေပြီး ပိုးသားတစ်စကို ထိတွေ့နေရသကဲ့သို့ ခံစားရစေသည်။
၎င်းမှာ ကျောက်စိမ်းတီကောင် ဖြစ်သည်။ ကျန်းဟန် ပေါင်းစပ်ရရှိထားသော မှတ်ဉာဏ်များအရ ဤသည်မှာ ကြယ်တစ်ပွင့်အဆင့်သာရှိသော မွန်းစတားဖြစ်ပြီး ၎င်း၏ သက်တမ်းမှာ သုံးလသာ ရှိသည်။ အကယ်၍ သုံးလအတွင်း အစိမ်းရောင်ဖီးနစ်လိပ်ပြာအဖြစ် ဆင့်ကဲပြောင်းလဲခြင်း မပြုလုပ်နိုင်ပါက သေဆုံးသွားလိမ့်ပေမည်။
သို့သော် ဆင့်ကဲပြောင်းလဲခြင်း အောင်မြင်ခဲ့လျှင်ပင် သိပ်ပြီး အသုံးမဝင်လှပေ။ အစိမ်းရောင် ဖီးနစ်လိပ်ပြာသည် ကြယ်နှစ်ပွင့်အဆင့်သာရှိသော သာမန်မွန်းစတားတစ်ကောင်ဖြစ်ပြီး အမြင့်ဆုံးအနေဖြင့် ထူးချွန်အဆင့်၏ နောက်ဆုံးအဆင့်အထိသာ ကြီးထွားနိုင်သည်။
မွန်းစတားများ၏ အဆင့် သတ်မှတ်ချက်တွင် အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အစဉ်လိုက်အတိုင်းဆိုရလျှင် ၎င်းတို့မှာ အစေခံအဆင့်၊ လက်ရွေးစင်အဆင့်၊ ခေါင်းဆောင်အဆင့်၊ အရှင်သခင်အဆင့်၊ ဧကရာဇ်အဆင့် စသည်ဖြင့် ဖြစ်ကြသည်။
အဆင့်တစ်ခုစီကို အစောပိုင်း၊ အလယ်အလတ်နှင့် နှောင်းပိုင်းဟူ၍ အဆင့်ခွဲ သုံးဆင့်စီ ထပ်မံပိုင်းခြားထားသည်။
အစေခံအဆင့်သည် အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ၎င်းသည် ထိုမွန်းစတားတွင် ထူးခြားဆန်းကြယ်သည့် စွမ်းရည် အနည်းငယ်သာ ရှိကြောင်း ပြသနေကာ အခြေခံအားဖြင့် သာမန်တိရစ္ဆာန်များထက် အနည်းငယ်မျှသာ ပိုမိုသန်မာသည်။
လက်ရွေးစင်အဆင့်သို့ ရောက်ရှိမှသာ စစ်မှန်သော ထူးခြားဆန်းကြယ်သည့် မွန်းစတားတစ်ကောင်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။ လူသားတစ်ဦး ပထမဦးဆုံး စာချုပ်ချုပ်ဆိုသည့် သားရဲသည် အရွယ်ရောက်ချိန်တွင် အနည်းဆုံး ခေါင်းဆောင်အဆင့်သို့ ရောက်ရှိနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ၎င်းသည် ကြယ်သုံးပွင့်အဆင့်ဖြစ်ပြီး ထိုသို့ဖြစ်မှသာ စစ်မှန်သော သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်လာနိုင်ခြေ ရှိပေလိမ့်မည်။
ကျောက်စိမ်းတီကောင်တစ်ကောင်နှင့် စာချုပ်ချုပ်ဆိုလိုက်ခြင်းသည် မိမိ၏ အနာဂတ် သားရဲထိန်းချုပ်သူ သက်တမ်းတစ်ခုလုံး ပျက်စီးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
၎င်း၏ အရည်အချင်းမှာ အလွန်နိမ့်ပါးလွန်းလှပြီး အရွယ်ရောက်ပြီးချိန်တွင် ရရှိလာမည့်အဆင့်ကလည်း နိမ့်ပါးလွန်းသည့်အပြင် သားရဲထိန်းချုပ်သူထံသို့ ပြန်လည်စီးဆင်းပေးမည့် စွမ်းအားတုံ့ပြန်မှုကလည်း အလွန်အားနည်းလွန်းသဖြင့် သားရဲထိန်းချုပ်သူ၏ စွမ်းရည် တိုးတက်လာရန်အတွက် မလုံလောက်ပေ။
မိမိကိုယ်ကိုယ် မြှင့်တင်နိုင်စွမ်းမရှိပါက ဒုတိယမြောက် သားရဲထိန်းချုပ်ခြင်းမျိုးစေ့ကို စုစည်းရန် ခဲယဉ်းသွားမည်ဖြစ်ပြီး ၎င်းသည် အနာဂတ်လမ်းကြောင်းကို လုံးဝ ဖြတ်တောက်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
ဤမျှ ပြင်းထန်သော ရိုက်ခတ်မှုကြီးသည် ယခင်ခန္ဓာကိုယ်ပိုင်ရှင်ကဲ့သို့ စိတ်ခံစားချက် ပြင်းထန်လွန်းသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အတွက်မူ အမှန်တကယ် ကြီးမားလွန်းလှပေသည်။
အမှန်တော့ ကျန်းဟန်၏ အမြင်အရဆိုလျှင် ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် ငယ်ရွယ်လွန်းပြီး အတွေ့အကြုံ မရှိသေးသည့်အပြင် သားရဲပုံပြလမ်းညွှန်စက်ကိုလည်း အလွန်အကျွံ ယုံကြည်မိသွားခဲ့ခြင်း ဖြစ်သည်။ မိုးကြိုးစွမ်းရည်ရှိသော နယ်သာမိုးကြိုးလိပ်ပြာကို ငွေ ၅ သိန်းဖြင့် ဝယ်ယူနိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ၎င်းသည် လိမ်လည်လှည့်ဖြားမှုတစ်ခု ဖြစ်ရန် ရာခိုင်နှုန်း အလွန်များပြားသည်။
သို့သော် ထိုအရာများအားလုံးမှာ အတိတ်က အကြောင်းအရာများသာ ဖြစ်သွားခဲ့ပြီဖြစ်သည်။ ကျန်းဟန်သည် လက်ရှိအခြေအနေကိုသာ ပို၍ ဂရုစိုက်ပေသည်။
“ငါ သားရဲချုပ်ခြင်းဟင်းလင်းပြင်ကို ဆင့်ခေါ်ဖို့ ကြိုးစားကြည့်ရမယ်။”
ကျန်းဟန်သည် စမ်းသပ်ကြည့်ရန်အတွက် သူ၏စိတ်ဝိညာဉ်ကို လှုံ့ဆော်လိုက်လေသည်။ သားရဲထိန်းချုပ်သူတိုင်းသည် စိတ်ဝိညာဉ်ထဲတွင် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်တစ်ခုစီကို ပိုင်ဆိုင်ကြသည်။ ၎င်းသည် သားရဲထိန်းချုပ်ခြင်းမျိုးစေ့ကို ပျိုးထောင်ပေးရာနေရာ ဖြစ်သလို သားရဲများကို ထည့်သွင်းထားရာ နေရာလည်း ဖြစ်ပေသည်။
“ဟင်...”
ကျန်းဟန်သည် သားရဲထိန်းချုပ်ခြင်းဟင်းလင်းပြင်ကို အာရုံခံမိလိုက်သည့် ခဏမှာပင်... သူ့၏ သားရဲထိန်းချုပ်ခြင်းဟင်းလင်းပြင်သည် အမှန်တကယ်ပင် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေကြောင်းကို ရှာဖွေတွေ့ရှိလိုက်ရတော့သည်။