← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

သူ့တွင် အသစ်စက်စက် နိုးထလာသော သားရဲထိန်းချုပ်ခြင်းပါရမီမှာ အလွန်ထူးခြားပြီး အံ့ဖွယ်အလင်းတန်းဟု အမည်ရကာ ၎င်း၏အာနိသင်မှာလည်း တော်တော်လေး ထူးဆန်းလှသည်။

၎င်းကို သားရဲတစ်ကောင်ပေါ်တွင် အသုံးပြုပြီးနောက် ထိုသားရဲသာ ကြိုးကြိုးစားစား လေ့ကျင့်မည်ဆိုပါက ပတ်ဝန်းကျင်မှ အံ့ဖွယ်ချီများကို စုပ်ယူနိုင်ပြီး အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းနှင့် တိုးတက်မှုများကို ရရှိနိုင်မည် ဖြစ်သည်။ သို့သော်လည်း ကျန်းဟန်အနေဖြင့် လက်တွေ့မစမ်းသပ်ရသေးသဖြင့် တိကျသော အာနိသင်များကိုမူ သေချာမသိသေးပေ။

ကျန်းဟန်သည် ကျောက်စိမ်းတီကောင်ကို ပွေ့ချီကာ သူ၏မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း သုံးကီလိုမီတာနီးပါး လမ်းလျှောက်လာခဲ့ပြီးနောက် နောက်ဆုံးတွင် ကန်မြို့ ဆင်ခြေဖုံးရှိ မြို့ငယ်လေးတစ်ခုမှ လူနေရပ်ကွက်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် နှစ်ထပ်ခွဲတိုက်ဆောက်အဦးများချည်းသာ ရှိပြီး ပတ်ဝန်းကျင်မှာလည်း တော်တော်လေး အဆင်ပြေလှသည်။ လူဦးရေ သိသိသာသာ လျော့နည်းသွားခဲ့သောကြောင့် ကြယ်ပြာပေါ်တွင် မြေယာအရင်းအမြစ်များ မရှားပါးတော့ဘဲ မိုးမျှော်တိုက်ကြီးများလည်း များများစားစား မရှိတော့သဖြင့် အရပ်သားများ၏ နေအိမ်များမှာ အလွန်နေချင်စဖွယ် ကောင်းနေခဲ့သည်။

သို့သော်လည်း လူတို့၏ဘဝများက များစွာတိုးတက်လာသည်ဟု ထင်ရသော်ငြား လက်တွေ့တွင်မူ ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက်က ပိုမိုကျယ်ပြန့်လာခဲ့သည်။ သားရဲများ ပေါ်ထွက်လာခြင်းကြောင့် ထိုလုပ်ငန်းစုကြီးများနှင့် မျိုးရိုးကြီးမိသားစုများသည် ပိုမိုအင်အားတောင့်တင်းလာပြီး သားရဲများကြောင့်ပင် သူတို့၏ အဆင့်အတန်းမှာ လူ့အဖွဲ့အစည်း၏ ကဏ္ဍတိုင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ပိုမိုခိုင်မာလာခဲ့သည်။

သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်လာရန်အတွက် သားရဲထိန်းချုပ်သူ၏ ကိုယ်ပိုင်အရည်အသွေးနှင့် ပါရမီက အရေးကြီးသည်ဆိုသော်လည်း အရည်အသွေးကောင်းမွန်သော သားရဲတစ်ကောင် ရှိရန်မှာလည်း အလွန်အရေးကြီးလှပေသည်။ မျိုးရိုးကြီးမိသားစုမှ ကလေးများသည် အစကတည်းက သူတို့မိသားစုမှ ပြင်ဆင်ပေးထားသော အရည်အသွေးမြင့် သားရဲများကို ရရှိနိုင်ကြသည်။ သူတို့၏ ပါရမီက ပျမ်းမျှအဆင့်သာ ရှိလျှင်ပင် ထိုအရည်အသွေးမြင့် သားရဲများထံမှ ရရှိသော တုံ့ပြန်မှုစွမ်းအင်များကို အမှီပြု၍ အဝေးကြီးအထိ ခရီးဆက်နိုင်ကြပေသည်။

တစ်ဖက်တွင်မူ သာမန်လူများ၏ သားရဲများမှာမူ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်တတ်သဖြင့် နှစ်ဖက်စလုံးကို နှိုင်းယှဉ်၍ပင်မရနိုင်ပေ။ ယုန်နိုင်ငံတွင်မူ အခြေအနေက အနည်းငယ် ပိုကောင်းသည်ဟု ဆိုရပေမည်။ အာဏာပိုင်များသည် အရပ်သားများကို အလွန်တန်ဖိုးထားပြီး သာမန်လူများ သူတို့၏ ပထမဆုံးသားရဲကို ဝယ်ယူနိုင်ရန်အတွက် ထောက်ပံ့ကြေးများနှင့် အတိုးမဲ့ချေးငွေများကို စီစဉ်ပေးထားသည်။

သို့သော် အခြားနိုင်ငံအချို့တွင်မူ လုပ်ငန်းစုကြီးများ၏ လုံးဝထိန်းချုပ်မှုကို ခံထားရပြီး သာမန်သားရဲထိန်းချုပ်သူများသည် တိုးတက်အောင်မြင်လိုပါက တောရိုင်းမြေရိုင်းများဆီသို့ အသက်စွန့်ကာ သွားရောက်ရှာဖွေကြရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ထို့အပြင် ဤလုပ်ငန်းစုကြီးများနှင့် အရင်းရှင်ကုမ္ပဏီကြီးများသည် အတူတကွ ပူးပေါင်းကာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် သားရဲထိန်းချုပ်သူမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ သားရဲထိန်းချုပ်သူမဟာမိတ်အဖွဲ့သည် ကမ္ဘာပေါ်ရှိ သားရဲအရင်းအမြစ်များ၏ ၇၀ % ကို ထိန်းချုပ်ထားသည်ဟု ဆိုနိုင်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် နိုင်ငံအသီးသီးမှ အစိုးရများ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် စီမံခန့်ခွဲမှုများကြောင့် သားရဲထိန်းချုပ်သူမဟာမိတ်အဖွဲ့သည် အပေါ်ယံတွင်မူ တရားမျှတပြီး မှန်ကန်သည်ဟု ထင်ရပေသည်။

“ကြည့်စမ်း။ ဟို ကျနမိသားစုက ကောင်လေး ရူးသွားတာလား။ ဘာလို့ ကျောက်စိမ်းကောင်ကို ချီပြီး ပြုံးစိစိ လုပ်နေတာလဲ။”

ကျန်းဟန် ရပ်ကွက်ထဲသို့ ပြန်ရောက်ရုံရှိသေးသည်သော်လည်း လူအချို့က တီးတိုး တီးတိုး စပြောကြတော့သည်။

“ဟူး... စိတ်ဒဏ်ရာက ပြင်းထန်သွားလို့ စိတ်လွတ်သွားတာနေပါလိမ့်မယ်။”

“ယန်ထောင်း နင် မြင်လား။ နင် နောက်ကျရင် သူ့လို လုံးဝမဖြစ်စေနဲ့နော်။”

အမျိုးသမီးတစ်ယောက်သည် သူမ၏ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်နီးပါးရှိပြီဖြစ်သော ကလေးကို ဆွဲကာ ဆုံးမပဲ့ပြင်နေ၏။ ကျန်းဟန်တစ်ယောက် ကျောက်စိမ်းတီကောင်ကို ဝယ်ရန်အတွက် ငါးသိန်းအထိ အသုံးပြုခဲ့သည်ဟူသောအချက်မှာ လူတိုင်းသိနေခဲ့ပြီဖြစ်သည်။

ထို့အပြင် သူက စာလည်းမတော်၊ ပင်ကိုယ်သဘာဝကလည်း စကားနည်းသူဖြစ်သဖြင့် ရပ်ကွက်ထဲရှိ အဒေါ်ကြီးများက သူတို့၏ကလေးများကို ဆုံးမရန်အတွက် သူ့ကို စံပြလူဆိုးအဖြစ် ခဏခဏ အသုံးချလေ့ရှိကြသည်။

“စိတ်မပူပါနဲ့ အမေရာ။ သားက ကျောက်စိမ်းတီကောင်ကိုတောင် မခွဲခြားတတ်တဲ့အထိ မတုံးသေးပါဘူး။”

ယန်ထောင်း ဟုခေါ်သော ကောင်လေးက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“ဒီကလေးကတော့... အော်ကြီးဟစ်ကျယ်နဲ့။ တိုးတိုးပြောစမ်းပါ...။”

ထိုအဒေါ်ကြီးမှာ သူမ၏ကလေးက ဤမျှအထိ ပွင့်လင်းပြီး အသံကျယ်ကျယ်ပြောလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကလေးကို အမြန်ဆွဲလိုက်ရသည်။

“သားပြောတာ မှားလို့လား။ ကျောက်စိမ်းတီကောင်ကိုတောင် မခွဲတတ်တာ သူက ငတုံးမဟုတ်လို့ ဘာလဲ။”

ယန်ထောင်းက ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။

ကျန်းဟန် ထိုယန်ထောင်းကို လှည့်ကြည့်လိုက်၏။ ဤမိသားစုသည် သူနှင့် ဘေးချင်းကပ်လျက်အိမ်တွင် နေထိုင်ကြခြင်းဖြစ်သည်။ သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ရခြင်းမှာ ဤလူများ၏ တွန်းပို့မှုလည်း အနည်းနှင့်အများ ပါလိမ့်မည်ဟု သူ တွေးမိလိုက်သည်။

ဘဝတစ်ခုလုံး အောက်ခြေအထိ ကျဆင်းနေချိန်တွင် အိမ်နီးနားချင်းများ၏ လှောင်ပြောင်မှုကိုပါ ခံရသည့်အခါ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ယောက်အနေဖြင့် ၎င်းကို မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်ပေ။ များသောအားဖြင့် လူတစ်ယောက်သည် ဤကဲ့သို့ပင် ဘဝပျက်သွားတတ်ကြသည်။

ပျော့ပျောင်းသော လျှာဖျားသည် လူတစ်ယောက်၏ အကြောအခြင်နှင့် အရိုးအဆစ်များကို ဖြတ်တောက်နိုင်စွမ်းရှိပြီး တစ်ခါတစ်ရံတွင် အကြမ်းဖက်မှုထက်ပင် ပို၍ ကြောက်စရာကောင်းလှပေသည်။

“ဒါက သာမန်ကျောက်စိမ်းတီကောင် မဟုတ်ဘူး။ ငါက ဒါကို နတ်ဘုရားအဆင့် အိမ်မွေးသားရဲလို့ ပြောရင် မင်း ယုံမလား။”

ကျန်းဟန်က ယန်ထောင်းကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ယန်ထောင်းတစ်ယောက် အနည်းငယ် ကြောင်အသွားပြီးနောက် မဲ့ပြုံးပြုံးကာ နှာခေါင်းရှုံ့လိုက်လိုက်သည်။

“မင်း တကယ် ရူးသွားပြီပဲ။ ဒါသာ နတ်ဘုရားအဆင့် အိမ်မွေးသားရဲဆိုရင် ငါ လက်ပြန်ထောက်ပြီး ချေးစားပြမယ်။”

“မင်းက ငါ့ဆီကနေ အလကားနှိုက်စားဖို့ ကြံနေသေးတာလား။”

ကျန်းဟန်က ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်၏။ သူက သူတစ်ပါးကို အလိုလိုက်မည့်သူ မဟုတ်ပေ။

“မင်း...”

“သွားမယ်။ စကားတွေ အများကြီး ပြောမနေနဲ့။”

ယန်ထောင်း၏အမေက ဆက်ပြီး ရန်ဖြစ်ချင်နေသော ယန်ထောင်းကို ဆွဲခေါ်သွားတော့သည်။ သူမ၏ အမြင်တွင် ကျန်းဟန်သည် လုံးဝရူးသွပ်နေပြီဖြစ်ပြီး မပတ်သက်သင့်ဟု ထင်မှတ်နေပုံရသည်။

ကျန်းဟန်က ပုခုံးတွန့်ပြလိုက်ပြီး နှစ်ယောက်တစ်တွဲ သုံးယောက်တစ်စု ထိုင်နေကြသော အခြားလူများကို လှည့်ကြည့်လိုက်ရာ ထိုလူများသည်လည်း သူ့ကို ဆက်မကြည့်တော့ဘဲ ခေါင်းများကို အလျင်အမြန် လွှဲသွားကြတော့သည်။

“အဟက်...။”

ကျန်းဟန်က ပြုံးလိုက်ရင်း ကျောက်စိမ်းတီကောင်လေးကို ပွတ်သပ်ပေးကာ တံခါးဖွင့်၍ အထဲသို့ ဝင်သွားလိုက်တော့သည်။

ဤအိမ်တစ်ခုလုံးက သူ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ၎င်းသည် နှစ်ထပ်ခွဲတိုက်တစ်လုံး ဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ နှစ်ရာရှိကာ အနောက်ဘက်တွင် စတုရန်းမီတာ တစ်ရာကျယ်သော အိမ်နောက်ဖေးကွင်းပြင်လေး တစ်ခုရှိသည်။

အိမ်က ပြန်လည်ပြင်ဆင်မွမ်းမံထားခြင်းမရှိဘဲ ရိုးရှင်းလှသော ဘိလပ်မြေနံရံများသာ ရှိသည်။ အခန်းအများစုမှာ ဗလာကျင်းနေပြီး ဧည့်ခန်းကြမ်းပြင်ပေါ်တွင် အမှိုက်သရိုက်များနှင့် ပစ္စည်းအစိုအစနများ အများအပြား ပြန့်ကျဲနေသည်။

ကျန်းဟန်သည် အိမ်ကို အနည်းငယ် ရှင်းလင်းလိုက်ပြီးနောက် သူ၏ နောက်ထပ်လုပ်ဆောင်ရမည့် အစီအစဉ်များကို စတင်တွေးတောလိုက်တော့သည်။

သူ အိမ်ကို လိုက်ရှာကြည့်ပြီးပြီ ဖြစ်သည်။ လက်ငင်းငွေသား သုံးရာနှင့် စာအုပ်အချို့မှလွဲ၍ တခြားဘာမှ မရှိချေ။ အိုးမဲ့အိမ်မဲ့ နုံချာလှသည်ဟု အမှန်ပင် တင်စားနိုင်လောက်သည်။

သို့သော် ထိုအရာမှာ အဓိကပြဿနာ မဟုတ်သေးချေ။ အဓိက ပြဿနာမှာ ပြန်ဆပ်ရမည့် ချေးငွေများ ရှိနေခြင်းပင်ဖြစ်သည်။ သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် စုစုပေါင်း ငါးသိန်း ချေးယူခဲ့ခြင်းဖြစ်ရာ ထိုအထဲမှ နှစ်သိန်းမှာ နိုင်ငံတော်ထံမှ လျှောက်ထားရယူခဲ့သော အတိုးမဲ့ချေးငွေ ဖြစ်သည်။ တစ်နှစ်ပြည့်မှသာ အတိုးစတင်တွက်ချက်မည် ဖြစ်သောကြောင့် လောလောဆယ် ယင်းအတွက် စိုးရိမ်စရာမလိုသေးပေ။

အဓိကပြဿနာမှာ ပုဂ္ဂလိက ချေးငွေကုမ္ပဏီ သုံးခုထံမှ ချေးယူထားသော သုံးသိန်း ဖြစ်သည်။ သူသည် ယခုလမှစတင်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး အရင်းနှင့်အတိုးပေါင်း အနည်းဆုံး သုံးသောင်း ပေးချေရမည်ဖြစ်သည်။

မူလက သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် နယ်သာမိုးကြိုးလိပ်ပြာပေါက်လေးကို စာချုပ်ချုပ်ဆိုနိုင်ပါက နိုင်ငံတော်မှ ပေးအပ်မည့် ဆုကြေးငွေ နှစ်သောင်းကို ရရှိနိုင်မည်ဖြစ်ပြီး မိမိဘာသာ ကြိုးစားအားထုတ်လျှင် ဤပထမလအနည်းငယ်ကို အောင့်အည်းကာ ဖြတ်ကျော်နိုင်လိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။ နယ်သာမိုးကြိုးလိပ်ပြာ ကြီးပြင်းလာသည်နှင့်အမျှ တောရိုင်းမြေရိုင်းများဆီသို့ သွားရောက်စွန့်စားကာ အကြွေးများကို အလွယ်တကူ ပြန်ဆပ်နိုင်မည်ဟု ယူဆခဲ့လေသည်။

သို့သော် သူသည် ကျောက်စိမ်းတီကောင်နှင့်သာ စာချုပ်ချုပ်ဆိုခဲ့မိသောကြောင့် ယခုအခါတွင်မူ နိုင်ငံတော်ဆုကြေးငွေကို လျှောက်ထားရန် မဖြစ်နိုင်တော့ပေ။

ယခုအခါ သူသည် မိမိဘာသာ သုံးသောင်းကို ရှာဖွေပြီး ပြန်ဆပ်ရတော့မည်ဖြစ်သည်။ ယနေ့မှာ စက်တင်ဘာ ၃ ရက် စနေနေ့ ဖြစ်ပြီး သူသည် ၂၅ ရက်နေ့မတိုင်မီ ငွေပေးချေရမည် ဖြစ်သည်။ တစ်လပင်မလိုတော့သည့် အချိန်အတောအတွင်းတွင် သုံးသောင်း၊ လေးသောင်းခန့်ကို မည်သည့်နေရာမှ သွားရှာရပါမည်နည်း။

ကျန်းဟန်မှာ အလွန် ခေါင်းခဲသွားရသည်။ သူ၏ လက်ရှိအင်အားဖြင့် ဤမျှများပြားသော ငွေကြေးကို ရှာဖွေရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

လက်ရှိတွင် ငွေရှာနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ကျောက်စိမ်းတီကောင်၏ ပိုးမျှင်ပစ်လွှတ်ခြင်းစွမ်းရည်သာ ဖြစ်နိုင်သည်။ ကျောက်စိမ်းတီကောင်တစ်ကောင်ကို ဝအောင်ကျွေးပြီးနောက် ၎င်းထုတ်လုပ်ပေးနိုင်သော ပိုးမျှင်မှာ နှစ်ကတ်တီခန့်သာရှိပြီး အများဆုံး ရောင်းရမှ တစ်ရာခန့်သာ ရနိုင်သည်။

အသက်ထွက်မတတ် အလုပ်လုပ်လျှင်ပင် တစ်လလျှင် သုံးထောင်သာ ရရှိနိုင်မည်ဖြစ်ရာ သုံးသောင်းနှင့် အလှမ်းဝေးလွန်းလှသည့်အပြင် ၎င်းသည် ကျောက်စိမ်းတီကောင်၏ ဆင့်ကဲပြောင်းလဲခြင်းနှင့် တိုးတက်မှုများကိုလည်း ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။

“ငွေရှာရတာ တကယ် ခက်ခဲပါလား။”

ကျန်းဟန်မှာ ခေါင်းကိုက်မှုကို အလူးအလဲ ခံစားနေရ၏။ အိမ်ကိုသာ ရောင်းချ၍ရလျှင် ကောင်းမည်ဖြစ်သော်လည်း ကံဆိုးစွာဖြင့် ဤကဲ့သို့သော လူနေရပ်ကွက်ရှိ အိမ်များကို မည်သူမျှ ဝယ်ယူမည်မဟုတ်ပေ။

အကယ်၍ အချိန်မှန် ပြန်မဆပ်နိုင်ပါက ထိုအကြွေးတောင်းခံသည့် ကုမ္ပဏီမှ လူများသည် သူ့ကို သေချာပေါက် ညှာတာနေကြမည် မဟုတ်ပေ။

ကျောက်စိမ်းတီကောင်လေး ပိုင်လင်းမှာမူ ခေါင်းလေးငုံ့ထားပြီး အနီးနားတွင်ပင် ရွေ့လျားရန် မဝံ့မရဲ ဖြစ်နေရှာသည်။ ဤအရာအားလုံးမှာ မိမိကြောင့် ဖြစ်ရသည်ဟု ၎င်းက နားလည်သဘောပေါက်နေပုံရသည်။

“ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေနဲ့။ လာ... ငါတို့ အိမ်နောက်ဖေးကွင်းပြင်ကို သွားပြီး အတူတူ လေ့ကျင့်ပြီး ပိုသန်မာအောင် လုပ်ကြမယ်။”

ကျန်းဟန်က ကျောက်စိမ်းတီကောင်လေးကို ကြည့်ကာ ၎င်း၏ခေါင်းလေးကို အသာအယာပွတ်သပ်ပေးရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

ကျောက်စိမ်းတီကောင်လေးမှာ စကားမပြောနိုင်သော်လည်း သတ္တိမွေးကာ ကျန်းဟန်၏နောက်သို့ လိုက်၍ အိမ်နောက်ဖေးကွင်းပြင်သို့ ထွက်လာခဲ့လေသည်။

ကျန်းဟန်သည် ပိုးကောင်အမျိုးအစား သားရဲများ လေ့ကျင့်ပျိုးထောင်ခြင်း လက်စွဲစာအုပ်ဟု အမည်ရသော စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။ သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ စာမတော်ခဲ့သလို သူ၏ မှတ်ဉာဏ်များထဲမှလည်း အသုံးဝင်သော အသိပညာများ အများအပြားကို အမွေမဆက်ခံခဲ့ရသဖြင့် မိမိဘာသာသာ လေ့လာသင်ယူရတော့မည် ဖြစ်သည်။

မကြာမီမှာပင် သူသည် ကျောက်စိမ်းတီကောင်အတွက် လေ့ကျင့်ရေးနည်းလမ်းကို ရှာတွေ့ခဲ့သည်။ ၎င်းမှာ စာမျက်နှာတစ်ဝက်ခန့်သာ ရှိသဖြင့် ကျောက်စိမ်းတီကောင်သည် အဆင့်အတန်း အလွန်နိမ့်ကျပြီး လေ့ကျင့်ရန်ပင် သိပ်မလိုအပ်ကြောင်း ထင်ရှားနေခဲ့သည်။

ထိုစာအုပ်ထဲတွင် ဖော်ပြထားသည်မှာ ကျောက်စိမ်းတီကောင်တစ်ကောင်အတွက် အရေးကြီးဆုံးအရာမှာ ပထမဆုံးအကြိမ် ဆင့်ကဲပြောင်းလဲခြင်းကို အောင်မြင်စွာ ပြီးမြောက်ရန် ဖြစ်သည်။ ဆင့်ကဲမပြောင်းလဲနိုင်ပါက ၎င်းသည် မည်မျှပင် စွမ်းအားကြီးမားပါစေ သုံးလထက်ပို၍ အသက်ရှင်နိုင်မည်မဟုတ်ပေ။

ဤတီကောင်မျိုးနွယ်စုဝင် ကျောက်စိမ်းတီကောင်၏ ဆင့်ကဲပြောင်းလဲမှု အောင်မြင်နှုန်းမှာ မမြင့်မားလှဘဲ ၃၀ ရာခိုင်နှုန်းသာ ရှိသည်။ ဆိုလိုသည်မှာ တီကောင်ဆယ်ကောင်တွင် သုံးကောင်ခန့်သာ ဆင့်ကဲပြောင်းလဲခြင်းကို ပြီးမြောက်နိုင်ပေသည်။

၎င်းအတွက် အစပျိုးပျိုးထောင်မှုမှာ အစားအစာ ကျွေးမွေးခြင်းဖြစ်ပြီး ၎င်းကို ဝိညာဉ်စွမ်းအင်များ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် စုပ်ယူစေကာ အစေခံအဆင့် နှောင်းပိုင်းသို့ ရောက်ရှိစေပြီးနောက် ဆင့်ကဲပြောင်းလဲနိုင်ရန် ကူညီပေးခြင်း ဖြစ်သည်။

ထိုစာအုပ်ထဲတွင် ကျောက်စိမ်းတီကောင်ကို အရေးတယူ အထူးတလည် ရေးသားထားခြင်း မရှိပေ။ အဓိကအားဖြင့် ၎င်းသည် ကျောက်စိမ်းဖီးနစ်လိပ်ပြာအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီးနောက် ကုန်ကြမ်းပစ္စည်း အမျိုးအစားတစ်မျိုး ဖြစ်သော ပန်းဝတ်ရည်တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ကြောင်းကိုသာ မိတ်ဆက်ပေးထားသည်။

သို့သော်လည်း တီကောင်အမျိုးအစားများအတွက် အများသုံးဖြစ်သော လေ့ကျင့်ရေးနည်းလမ်းအချို့ကိုမူ ထည့်သွင်းဖော်ပြထားသေးသည်။ တီကောင်အမျိုးအစားများသည် ဆင့်ကဲမပြောင်းလဲမီတွင် သူတို့၏ အရေပြားအပြင်လွှာ သန်မာမှုကို လေ့ကျင့်နိုင်ပြီး ၎င်းက ဆင့်ကဲပြောင်းလဲမှုအတွက် အထောက်အကူ ဖြစ်စေသည်။

ယင်းအတွက် အဓိက လေ့ကျင့်ရေးနည်းလမ်းမှာ အရှိန်ပြင်းတိုက်ခိုက်ခြင်းပင် ဖြစ်သည်။

“ကဲ စကြရအောင်။ ဒီသစ်သားတိုင်ကို ဝင်တိုက်လိုက်။ အေးအေးဆေးဆေးပဲ လုပ်နော်။”

ကျန်းဟန်က သူ၏ရှေ့ရှိ သစ်သားတိုင်ကို ညွှန်ပြကာ ပြောလိုက်သည်။

သူသည် ထိုသို့ပြောနေရင်း သူ၏ သားရဲထိန်းချုပ်ခြင်းပါရမီကို စတင်အသုံးပြုလိုက်သည်။

ပထမဦးစွာ သူ၏လက်ထဲမှ အဖြူရောင် ဝိညာဉ်အလင်းတန်းတစ်ခုသည် ကျောက်စိမ်းတီကောင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။ ၎င်းမှာ သားရဲ၏ နားလည်သဘောပေါက်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော စိတ်ဝိညာဉ်စွမ်းအင်ဖြစ်သည်။

ထို့နောက် ကျန်းဟန်၏ သားရဲထိန်းချုပ်ခြင်းဟင်းလင်းပြင်ထဲမှ နောက်ထပ် ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်လာပြီး ကျောက်စိမ်းတီကောင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြန်သည်။ ၎င်းမှာ ကျန်းဟန်၏ ဒုတိယမြောက် သားရဲထိန်းချုပ်ခြင်းပါရမီဖြစ်သည့် အံ့ဖွယ်အလင်းတန်းပင် ဖြစ်သည်။

သားရဲထိန်းချုပ်ခြင်းပါရမီ နှစ်ခုလုံး၏ မြှင့်တင်ပေးမှုကြောင့် ကျောက်စိမ်းတီကောင်လေး၏ မျက်လုံးများမှာ တောက်ပကာ အသက်ဝင်လှုပ်ရှားလာခဲ့သည်။

၎င်းသည် အလွန်ပင် စိတ်လှုပ်ရှားသွားခြင်းဖြစ်၏။ ဤသည်မှာ သူ့သခင်က သားရဲထိန်းချုပ်ခြင်းပါရမီဖြင့် သူ့ကို ပထမဆုံးအကြိမ် စွမ်းအင်မြှင့်တင်ပေးခြင်း ဖြစ်သောကြောင့် ချက်ချင်းပင် အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ပြေးထွက်သွားကာ မလှမ်းမကမ်းရှိ သစ်သားတိုင်ကို ဦးခေါင်းဖြင့် အားကုန်လွှဲ၍ ဝင်တိုက်လိုက်တော့သည်။

All Chapters