← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

“ကျိ”

ကျောက်စိမ်းတီကောင်လေးသည် နောက်ထပ် အရှိန်ပြင်းတိုက်ခိုက်ခြင်းတစ်ကြိမ်ကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပြန်သည်။ ဤသည်မှာ ကိုးရာပြည့်မြောက်သည့်အကြိမ် ဖြစ်သည်။

“ခဏလောက်နားပြီး တစ်ခုခု စားလိုက်ပါဦးလား။”

ကျန်းဟန်က ကျောက်စိမ်းတီကောင်လေးကို ကြည့်ကာ ပြောလိုက်သည်။ ဤပိုးကောင်လေးသည် နှစ်နာရီဆက်တိုက် မနားတမ်း ဇွဲနပဲဖြင့် လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။

“ကျိ”

ကျန်းဟန် အံ့သြသွားရသည်မှာ ၎င်းက သူ့ကို အမှန်တကယ်ပင် ငြင်းပယ်လိုက်ပြီး လေ့ကျင့်ရေး မပြီးမချင်း လုံးဝ လုံးဝ အစာစားမည်မဟုတ်ကြောင်း အမူအရာပြလာခြင်းပင်။

နောက်တစ်စက္ကန့်တွင်ပင် ၎င်းသည် ဘုန်းဟူသော အသံနှင့်အတူ သစ်သားတိုင်ကို ထပ်မံဝင်တိုက်လိုက်ပြန်သည်။

မိမိ၏ ခန္ဓာကိုယ် တဖြည်းဖြည်း သန်မာလာသည်ဟူသော ခံစားချက်က ကျောက်စိမ်းတီကောင်လေးကို စွဲလန်းသွားစေပြီး ကြိုးစားအားထုတ်မှုက မိမိ၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ကြောင်းနှင့် ပိုးကောင်လေးတစ်ကောင် ဖြစ်လင့်ကစား တောက်ပသော အနာဂတ်တစ်ခု ရှိလာနိုင်သည်ဟု ၎င်းကို ယုံကြည်သွားစေပုံရသည်။

ကျန်းဟန် အလွန်ပင် ပီတိဖြစ်သွားခဲ့ရသည်။ ဤမျှအထိ ကြိုးစားပမ်းစား လေ့ကျင့်တတ်သော ပိုးကောင်လေးတစ်ကောင် ရှိနေခြင်းက တကယ့်ကို အံ့သြစရာကောင်းလှသည့် အရာပင်။ သူကိုယ်တိုင် တိုက်တွန်းနေစရာမလိုဘဲ ၎င်းဘာသာ တက်ကြွစွာ လေ့ကျင့်နေတော့သည်။

သူ့မတိုင်မီက ခန္ဓာကိုယ်ပိုင်ရှင်၏ အေးစက်စက် ဆက်ဆံမှုနှင့် ရွံရှာမုန်းတီးမှုများကို ကြုံတွေ့ခဲ့ရခြင်းက အကြွင်းမဲ့ ဆိုးဝါးလှသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ ၎င်း၏ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဆောင်လိုစိတ်ကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

ကျန်းဟန် ဘာမှ ထပ်မပြောတော့ဘဲ ကျောက်စိမ်းတီကောင်လေးနှင့်အတူ လေ့ကျင့်ခန်းသာ ဆက်လုပ်ပေးလိုက်သည်။ သူ စိတ်တည်ငြိမ်ခြင်းအခြေအနေကို စမ်းသပ်ကြည့်ချင်သော်လည်း သူ့တွင် တရားထိုင်ခြင်းနည်းစနစ် မရှိသေးချေ။

အဓိကမှာ ကျောင်းကလည်း ၎င်းတို့ကို ထုတ်မပေးရသေးသလို ဆရာမများကလည်း စိတ်တည်ငြိမ်ခြင်း အခြေအနေသို့ မည်သို့ဝင်ရောက်ရမည်ကို မသင်ရသေးသောကြောင့် ဖြစ်သည်။ အခြေခံအကျဆုံး တရားထိုင်ခြင်းနည်းစနစ်ကို အများပြည်သူအတွက် အွန်လိုင်းတွင် ရှာဖွေနိုင်သော်လည်း ကျန်းဟန် တွေးတောကြည့်ပြီးနောက် မဆင်မခြင် မစမ်းသပ်ရဲသေးပေ။ အကယ်၍ တစ်ခုခု လွဲချော်သွားပါက ဒုက္ခရောက်နိုင်ပေသည်။

ညဉ့် ၁၀ နာရီခွဲခန့်တွင် ကျောက်စိမ်းတီကောင်လေးသည် အခက်ခဲဆုံးဖြစ်သော အရှိန်ပြင်းတိုက်ခိုက်ခြင်း လေ့ကျင့်ခန်းကို နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့သည်။ ၎င်း၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ခန္ဓာကိုယ်တစ်ခုလုံးမှာ လက်တစ်ဆစ်ခန့် ပိုမိုကြီးထွားလာပြီး ပို၍ပင် ပြောင်လက်တောက်ပလာပုံရသည်။

“နောက်ထပ် ပိုးမျှင်ပသ်လွှတ်ခြင်း အကြိမ် ၁,၀၀၀ လေ့ကျင့်ဖို့ ကျန်သေးတယ်။ မင်း ဒီကျောက်တုံးကြီးကို ပိုးမျှင်တွေနဲ့ ထပ်ခါတလဲလဲ ရိုက်ခတ်ရမယ်။”

ကျန်းဟန်က အိမ်နောက်ဖေးရှိ ကြီးမားလှသော အဖြူရောင်မီးကျောက်တုံးကြီးကို ညွှန်ပြကာ ပြောလိုက်သည်။

ကျောက်စိမ်းတီကောင်လေး၏ ပိုးမျှင်ပစ်လွှတ်ခြင်းစွမ်းရည်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ ၎င်းသည် ပိုးမျှင်များကို အသုံးပြု၍ ပုံစံအမျိုးမျိုး ဖန်တီးခြင်း၊ ပစ္စည်းကိရိယာများကို ကောက်ကိုင်ခြင်း စသည်တို့ကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး ၎င်း၏ စွမ်းရည်မှာ အပြည့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

တစ်ခုတည်းသော လိုအပ်ချက်မှာ တိုက်ခိုက်မှုစွမ်းအားပင် ဖြစ်သည်။ ထိုကျောက်တုံးကြီးကို ရိုက်ခတ်ခိုင်းခြင်းမှာ ၎င်း၏ ပိုးမျှင်ပစ်လွှတ်ခြင်းစွမ်းရည်၏ တိုက်ခိုက်မှုအားကို လေ့ကျင့်ပေးရန် ဖြစ်သည်။

“ကျိ (ง •̀ - •́)ง”

ကျန်းဟန်ကး ပြောစရာပင်မလိုဘဲ ပိုင်လင်းသည် ပိုးမျှင်ပစ်လွှတ်ခြင်း လေ့ကျင့်ခန်းကို စတင်လိုက်တော့သည်။ ၎င်းမှာ ပျော်ရွှင်နေပုံပင်ရသည်။

ပိုးမျှင်ပစ်လွှတ်ခြင်းလေ့ကျင့်ခန်းမှာ ကျောက်စိမ်းတီကောင်လေးအတွက် ပို၍ရိုးရှင်းလှသည်။ တိုက်ခိုက်မှုအားကို လေ့ကျင့်ရခြင်းဖြစ်သော်လည်း အရှိန်ပြင်းတိုက်ခိုက်ခြင်းထက်စာလျှင် ပို၍ သက်သာလှပေသည်။

တစ်နာရီကျော်ခန့် ကြာပြီးနောက်တွင် ၎င်းသည် အကြိမ် ၁၀၀၀ ပိုးမျှင်လွှစ်ခြင်း လေ့ကျင့်ခန်းကို ပြီးမြောက်သွားခဲ့သည်။

[ဂုဏ်ယူပါသည်။ သင်၏ သားရဲကျောက်စိမ်းတီကောင်သည် အံ့ဖွယ်လမ်းကြောင်း ၁ ၏ ပထမဆုံးရက် လေ့ကျင့်ရေးကို ပြီးမြောက်အောင်မြင်သွားပါပြီ။]

“ထင်တဲ့အတိုင်းပဲ။ ဒါက သာမန်အချိန်အတိုင်း တွက်ချက်တာပဲ။ နောက်တစ်ခါဆိုရင်တော့ ငါ ဒီအံ့ဖွယ်လမ်းကြောင်းကို မနက်ပိုင်းကတည်းက စရမယ်။”

ယခုမှသာ ကျန်းဟန် သက်ပြင်းချနိုင်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် ဤလေ့ကျင့်ရေးက အလွန်အမင်း မခက်ခဲလှသည့်အပြင် ကျောက်စိမ်းတီကောင်လေး၏ ကိုယ်ပိုင်ကြိုးစားမှုနှင့် ပေါင်းစပ်လိုက်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ အခြားသားရဲသာဆိုလျှင် ည ၁၂ နာရီမတိုင်မီ ပြီးမြောက်ရန်မှာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ပေ။

“လာ... ဒါ မင်းရဲ့ ညစာပဲ။”

ကျန်းဟန်သည် ကျောက်စိမ်းမှုန့်တစ်ဘူးကို ထုတ်ယူလိုက်၏။ ဤသည်မှာ သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်က နယ်သာမိုးကြိုးလိပ်ပြာ သားလောင်းကောင်အတွက် ဝယ်ယူထားခဲ့သော အထွေထွေသုံး ကျောက်စိမ်းမှုန့် ဖြစ်သည်။ ၎င်းက အဓိကအားဖြင့် ခွန်အား ပြန်လည်ဖြည့်တင်းရန်အတွက် ဖြစ်ပြီး ပိုးကောင်အမျိုးအစား အားလုံး စားသုံးနိုင်သည်။

ကျောက်စိမ်းတီကောင်လေးသည် ၎င်းကို အမြဲတမ်း တမ်းတခဲ့ရခြင်းဖြစ်ပြီး ယနေ့တွင်မူ နောက်ဆုံး၌ စားခွင့်ရခဲ့လေပြီ။

ကျောက်စိမ်းတီကောင်လေး - Ψ( ̄∀ ̄)Ψ

ကျန်းဟန် လှမ်းကြည့်လိုက်၏။ ဤအထွေထွေသုံး ကျောက်စိမ်းမှုန့်ဘူးမှာ တစ်ပတ်စာ ဖြစ်သည်။ ၎င်းအပြင် တစ်လစာအတွက် နယ်သာမိုးကြိုး ဝါးမျှစ်မှုန့်နှင့် လျှပ်စီးချဉ်ဆီမှုန့်တို့လည်း ရှိသေးသည်။ ဤအရာအားလုံးမှာ မူလက နယ်သာမိုးကြိုးလိပ်ပြာအတွက် ပြင်ဆင်ထားခြင်း ဖြစ်သဖြင့် ကျောက်စိမ်းတီကောင်လေးအတွက် အသုံးမဝင်ချေ။

သူသည် မနက်ဖြန်ကျလျှင် ထိုပစ္စည်းများကို သွားရောက်ရောင်းချပြီး ကျောက်စိမ်းတီကောင်လေးနှင့် ကိုက်ညီမည့် အစားအစာများနှင့် သွားရောက်လဲလှယ်ရန် စီစဉ်လိုက်သည်။

ထို့နောက်တွင် သူ အိမ်ထဲ၌ ထပ်မံရှာဖွေကြည့်လိုက်ရာ ရေခဲသေတ္တာကလည်း ဗလာကျင်းနေပြီး မီးဖိုချောင်ထဲတွင် ခေါက်ဆွဲခြောက်တစ်ထုပ်သာ ရှိတော့သည်။

“ငါ ကူးပြောင်းလာပြီးနောက်ပိုင်း ပထမဆုံးစားရတဲ့ အစားအစာက ခေါက်ဆွဲခြောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။”

ကျန်းဟန် သက်ပြင်းချလိုက်ရင်း ခေါက်ဆွဲခြောက်ကို စတင်ချက်ပြုတ်လိုက်တော့သည်။

သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တဖြည်းဖြည်း လက်ခံလာသည်နှင့်အမျှ ဤကမ္ဘာကြီးက တော်တော်လေး ကောင်းမွန်ပုံရသည်ဟု ခံစားလာရပြီး သူသည်လည်း ဤနေရာတွင် ရုန်းကန်လှုပ်ရှားကာ အောင်မြင်အောင် လုပ်ဆောင်ရန် ပြင်ဆင်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။

ကျန်းဟန်သည် မနေ့က ရေနစ်ခဲ့သည့်အတွက် ခန္ဓာကိုယ်က အနည်းငယ် နေမကောင်းဖြစ်နေသဖြင့် အိပ်ရာထ နည်းနည်းနောက်ကျသွားခဲ့သည်။ သူ နိုးနိုးချင်းမှာပင် အပြင်ဘက်မှ အရှိန်ပြင်းတိုက်ခိုက်ခြင်းကြောင့် ထွက်ပေါ်လာသော တဘုန်းဘုန်း တအုန်းအုန်းမြည်သံများကို ကြားလိုက်ရလေသည်။

သူ အဝတ်အစားအမြန်လဲ၍ ထွက်ကြည့်လိုက်ရာ ကျောက်စိမ်းတီကောင်လေး ပိုင်လင်းသည် အိပ်ရာမှ စောစောထကာ အရှိန်ပြင်းတိုက်ခိုက်ခြင်းလေ့ကျင့်ခန်းကို ကြိုးစားပမ်းစား လုပ်ဆောင်နေသည်ကို တွေ့လိုက်ရတော့သည်။

ဤအရာက ကျန်းဟန်ကို အတိုင်းထက်အလွန် ပီတိဖြစ်စေခဲ့လေသည်။ ဤမျှအထိ မိမိကိုယ်ကိုယ် ထိန်းကျောင်းနိုင်သော အိမ်မွေးသားရဲလေး ရှိနေမှတော့ အလုပ်ကြီးအကိုင်ကြီးများ မအောင်မြင်မည်ကို ဘာကြောင့် ပူပန်နေရတော့မည်နည်း။

မျက်နှာသစ် သန့်စင်ပြီးနောက် ကျန်းဟန်သည်လည်း အိမ်နောက်ဖေးကွင်းပြင်သို့ ထွက်လာခဲ့လိုက်သည်။

“ကဲ သွားကြစို့... ငါနဲ့ လိုက်ခဲ့။ မင်း အရင်ဦးဆုံး ငါ့ရဲ့ သားရဲထိန်းချုပ်ခြင်းဟင်းလင်းပြင်ထဲကို ဝင်ပြီး ခဏလောက် အနားယူလိုက်ဦး။”

သူက ထိုသို့ပြောနေရင်းနှင့် သူ၏ စိတ်အာရုံကို စုစည်းလိုက်ရာ လေဟာနယ်ထဲတွင် ကြီးမားသော အစီအရင်တစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းတီကောင်လေးကို လွှမ်းခြုံသွားကာ အထဲသို့ ခေါ်ဆောင်သွားလေတော့သည်။

ထို့နောက်တွင်မူ ကျန်းဟန်သည် ပြန်လည်ရောင်းချရန် စီစဉ်ထားသော နယ်သာမိုးကြိုးလိပ်ပြာ သားလောင်းစာများကို ယူဆောင်ကာ ထွက်ခွာလာခဲ့လိုက်သည်။ မြို့ထဲသို့ ရောက်ရှိလာချိန်တွင် သူသည် ဦးစွာ လမ်းဘေးရှိ ဝက်သားအစာသွတ် ရှောင်လုံပေါင်းတစ်ပွဲကို စားလိုက်ပြီးနောက် သားရဲအထောက်အပံ့ပစ္စည်း အရောင်းဆိုင်အသေးလေးတစ်ဆိုင်ကို ရှာဖွေကာ အထဲသို့ ဝင်သွားလိုက်သည်။

သားရဲပစ္စည်းစူပါမားကတ်ကြီးများသည် ဤကဲ့သို့သော ပစ္စည်းများကို ပြန်လည်ဝယ်ယူလေ့ မရှိသော်လည်း ဆိုင်အသေးလေးများကမူ ပြန်လည်ဝယ်ယူတတ်ကြသည်။ သို့သော်လည်း ဝယ်ဈေးကမူ တော်တော်လေး နိမ့်ကျပေလိမ့်မည်။

“သူဌေးမ... ဒီပစ္စည်းတွေကို ပြန်ဝယ်လားခင်ဗျာ။ ဒါတွေက လုံးဝနီးပါး အသုံးမပြုရသေးပါဘူး။ ဒါမှမဟုတ် တခြားပစ္စည်းအမျိုးအစားတွေနဲ့ လဲလှယ်ချင်ပါတယ်။”

ကျန်းဟန်က နယ်သာမိုးကြိုး ဝါးမျှစ်မှုန့် နှင့် လျှပ်စီးချဉ်ဆီမှုန့်တို့ကို ကောင်တာပေါ်သို့ တင်လိုက်သည်။

ဤဆိုင်၏ ပိုင်ရှင်မှာ အသက်ငါးဆယ်အရွယ် အဒေါ်ကြီးတစ်ဦး ဖြစ်သည်။

“ဝယ်တာပေါ့။ နယ်သာမိုးကြိုး ဝါးမျှစ်မှုန့်အတွက် နှစ်ထောင်ပေးမယ်။ လျှပ်စီးချဉ်ဆီမှုန့်အတွက်ကျတော့ တစ်ထောင်ငါးရာ ထားလိုက်ရအောင်။”

ထိုအဒေါ်ကြီးက တစ်ချက်ကြည့်လိုက်ပြီးနောက် ပစ္စည်းများကို စမ်းသပ်ရန် ကိရိယာတစ်ခုထုတ်ယူ၍ တစ်ကြိမ် စစ်ဆေးကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါအပြင် သစ်သားဓာတ်မှုန့်နှစ်ဘူးနဲ့ ကျောက်စိမ်းဝါးရွက် နှစ်ဘူးပါ ထပ်ပေါင်းပေးပါဦး။ အဲ့ဒီလိုမှ အဆင်မပြေရင်တော့ ကျွန်တော် မရောင်းတော့ပါဘူး။”

ကျန်းဟန်က အနည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။ သူ ဤနေရာသို့မလာမီက ကြိုတင်စုံစမ်းခဲ့ရာ နယ်သာမိုးကြိုး ဝါးမျှစ်မှုန့်တစ်ဘူး၏ ဈေးကွက်ပေါက်ဈေးမှာ လေးထောင်ဖြစ်ပြီး လျှပ်စီးချဉ်ဆီမှုန့်မှာ သုံးထောင်ဖြစ်သည်။ ဤအဒေါ်ကြီးကမူ ဈေးကို တန်းပြီး ထက်ဝက်တိတိ နှိမ်လိုက်သဖြင့် အလွန်ပင် ရက်စက်လှပေသည်။

“အဲ့ဒီပစ္စည်းနှစ်ခုကိုပါ လိုချင်တယ်ဆိုရင်တော့ ငါ မင်းကို နှစ်ထောင်ပဲ ပေးနိုင်မယ်...။ ဟေ့၊ ဟေ့၊ ဟေ့၊ မသွားနဲ့ဦး‌လေ။ သုံးထောင်၊ သုံးထောင် ပေးမယ်။ အဲ့ဒါထက်တော့ ငါ ပိုမပေးနိုင်တော့ဘူး။”

ထိုအဒေါ်ကြီးသည် သူစကားပြော၍ မဆုံးသေးခင်မှာပင် ကျန်းဟန်တစ်ယောက် ဆိုင်ထဲမှ လှည့်ထွက်သွားတော့မည့်ပုံစံကို မြင်လိုက်ရသဖြင့် သူမ၏ စကားကို ချက်ချင်း ပြောင်းလဲလိုက်ရသည်။ သူမသည် မူလက ကျန်းဟန်ကို ဈေးမဆစ်ရဲသော ကျောင်းသားတစ်ဦးအမှတ်ဖြင့် အနိုင်ကျင့်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုသို့မဟုတ်မှန်း သိသွားခဲ့ပြီ ဖြစ်သည်။

“ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်။”

ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး စင်ပေါ်သို့ လျှောက်သွားကာ သစ်သားဓာတ်မှုန့် နှစ်ဘူးကို လှမ်းယူလိုက်သည်။ ဤမှုန့်သည် သစ်သားဓာတ်ရှိသော ဝိညာဉ်အပင်များကို သားရဲပုံဆောင်ခဲများနှင့် ပေါင်းစပ်ဖော်စပ်ထားခြင်း ဖြစ်သည်။ သစ်သားဓာတ်ရှိသော ပစ္စည်းများမှာ အလွန်ပေါများသဖြင့် ဈေးနှုန်းမှာ သက်သာလှပြီး တစ်ဘူးလျှင် ငါးရာခန့်သာ ရှိကာ တစ်ဘူးဆိုလျှင် ကျောက်စိမ်းတီကောင်လေးအတွက် လဝက်စာ ရပေသည်။

ကျောက်စိမ်းဝါးရွက်များကမူ ပို၍ပင် ဈေးပေါသေးသည်။ ကျောက်စိမ်းဝါးကိုယ်တိုင်က အဆင့် ၂ အစောပိုင်းအဆင့်သာ ရှိသဖြင့် ၎င်းသည် လက်ရွေးစင်အဆင့် အစောပိုင်းအဆင့်ရှိသော သားရဲတစ်ကောင်၏ ဝိညာဉ်အပင်နှင့် ညီမျှသည်။ ၎င်း၏ အရွက်များက အလျင်အမြန်ပင် ပြန်လည်ကြီးထွားတတ်သဖြင့် တန်ဖိုးမရှိလှချေ။ တစ်ဘူးလျှင် ငါးကတ်တီပါဝင်ပြီး တစ်ရာခန့်သာ ကျသင့်သည်။

“ငွေကို မင်းရဲ့ ဖုန်းထဲကို လွှဲပေးလိုက်ပြီ။”

အဒေါ်ကြီးက ငွေလွှဲပေးလိုက်ပြီးနောက် သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါ။ ဒါနဲ့ အဒေါ်ကြီး... ဒီအနီးအနားမှာ ငွေရှာလို့ရမယ့် နေရာမျိုး ရှိလား။”

ကျန်းဟန်က ခေါင်းညိတ်ပြရင်း နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မံမေးမြန်းလိုက်သည်။ မျှော်လင့်ချက် မရှိနိုင်မှန်း သူ သိထားသော်လည်း အကယ်၍ ရှိနေခဲ့လျှင်ကော...။ သိန်းနှင့်ချီသော အကြွေးများကို ပုခုံးထမ်းထားရသဖြင့် ကျန်းဟန်၏ စိတ်ထဲတွင် အလွန်ပင် ခါးသီးအုံ့မှိုင်းနေရသည်။

သားရဲထိန်းချုပ်သူတစ်ယောက်အတွက် ငွေအများဆုံးရနိုင်မည့် နည်းလမ်းမှာ တောရိုင်းမြေရိုင်းများဆီသို့ သွားရောက်စွန့်စားခြင်း ဖြစ်သော်လည်း သူကမူ လုံးဝမသွားနိုင်သေးချေ။ ယခုအချိန်တွင် အပြင်ထွက်ခြင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနှင့်သာ တူပေလိမ့်မည်။

ထို့အပြင် လက်ရှိတောရိုင်းမြေရိုင်းကမ္ဘာသည် အင်အားကြီးသူကသာ စိုးမိုးသည့် တကယ့် ဥပဒေမဲ့နယ်မြေတစ်ခု ဖြစ်ပြီး အချင်းချင်း သတ်ဖြတ်ခြင်းများက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့်အပြင် ပြစ်မှုကျူးလွန်သူများနှင့် လူမိုက်အချို့သည်လည်း အပြင်ဘက်တောရိုင်းများထဲတွင် အထူးတလည် ပုန်းအောင်းနေတတ်ကြသဖြင့် အလွန်အမင်း အန္တရာယ်များလှသည်ဟု ဖော်ပြနိုင်သည်။

ဤအရာက ရှောင်လွှဲ၍မရနိုင်ပေ။ ဤကဲ့သို့သော ကိစ္စရပ်များကို အဆုံးသတ်နိုင်ရန်အတွက် လူသားမျိုးနွယ်စုက မိမိတို့၏ နေရပ်မွေးရပ်မြေအားလုံးကို အကြွင်းမဲ့ ပြန်လည်သိမ်းပိုက်နိုင်မှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။

“ငွေရှာဖို့လား။ မင်းလို ကလေးတစ်ယောက်က ဘယ်လောက်ထိ ငွေရှာနိုင်မှာမလို့လဲ။”

အဒေါ်ကြီးက ကျန်းဟန်ကို အောက်မှ အပေါ်သို့ စုန်ချည်ဆန်ချည် ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့... ပြီးခဲ့တဲ့ရက်ပိုင်းက မြို့ထဲမှာ သားရဲထိန်းချုပ်ခြင်းလေ့ကျင့်ရေးကွင်းတစ်ခု အသစ်ဖွင့်လှစ်ထားပြီး ဖွင့်ပွဲအခမ်းအနား ကျင်းပနေတယ်။ မင်း သွားပြီး စာရင်းပေးသွင်းလို့ရတယ်။ တကယ်လို့ ထိပ်ဆုံး သုံးယောက်စာရင်းထဲ ဝင်မယ်ဆိုရင် ဆုကြေးငွေတွေ ရှိတယ်။”

“ဖွင့်ပွဲအခမ်းအနားလား။”

ကျန်းဟန်၏ နားများက စွင့်ကားသွားခဲ့သည်။

“ဟုတ်တယ်။ မင်းက အခုမှ သားရဲထိန်း ချုပ်သူအသစ်စက်စက် ဖြစ်လာတာ မဟုတ်လား။ လူငယ်အဆင့် ပြိုင်ပွဲမှာ သွားပြီးယှဉ်ပြိုင်လို့ရတယ်။”

အဒေါ်ကြီးက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

ကျန်းဟန်က အသေးစိတ်အချက်အလက်များကို ဆက်လက်မေးမြန်းလိုက်ပြီးနောက် ထိုနေရာသို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်တော့သည်။

သူသည် ငွေရှာနိုင်မည့် မည်သည့်အခွင့်အရေးကိုမဆို လက်လွတ်မခံချင်ပေ။

All Chapters