← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

ပစ္စည်းအရောင်းဆိုင်ထဲမှ ထွက်လာပြီးနောက် အစီအရင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားပြီး ကျန်းဟန်သည် ပိုင်လင်းကို အပြင်သို့ ထုတ်ယူလိုက်သည်။

“ကျိ...”

ပိုင်လင်းသည် ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းလေးမော့ကြည့်လာ၏။ ၎င်းသည် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် အလွန်သက်တောင့်သက်သာ ရှိနေခဲ့သည်ဖြစ်ရာ ဘာကြောင့် ရုတ်တရက် အပြင်သို့ ခေါ်ထုတ်ခံရသနည်းဟု တွေးနေပုံရသည်။

“မနက်စာစားရမယ့်အချိန်ရောက်ပြီ။”

ကျန်းဟန်က ကျောက်စိမ်းဝါးရွက်ဘူးကို ၎င်းထံသို့ ကမ်းပေးလိုက်သည်။

“ကျိ... ლ(´ڡ`ლ)”

ကျောက်စိမ်းဝါးရွက်များကို မြင်လိုက်ရသောအခါ ပိုင်လင်းသည် တုံးဆိုင်းမနေတော့ဘဲ အားပါးတရ စတင်စားသုံးတော့သည်။ မဂျွတ်ဂျွတ် မြည်သံ သဲ့သဲ့လေးများကိုသာ ကြားနေရပြီး ဆယ်မိနစ်ခန့်အကြာတွင် ပိုင်လင်းသည် ဝါးရွက်တစ်ဗူးလုံးကို ပြောင်စင်အောင် စားသောက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ခေါင်းလေးမော့လာခဲ့သည်။

ဤကောင်လေးသည် အရွယ်အစားကြီးမားသော ပိုးကောင်ပေါက်လေးတစ်ကောင်နှင့် အလွန်ပင် တူလှပေသည်။

ဤအချိန်တွင် ကျန်းဟန်သည် မြို့ငယ်လေး၏ အနောက်ဘက်ခြမ်းရှိ သားရဲထိန်းချုပ်ခြင်းလေ့ကျင့်ရေးကွင်း၏ အဝင်ဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လေ့ကျင့်ရေးကွင်းမှာ အလွန်ကြီးမားပြီး စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းမည်ဟု ခန့်မှန်းရကာ ယခုအချိန်တွင် အဝင်ဝ၏ လက်ဝဲဘက်၌ လူငယ်မောင်မယ်တစ်စုသည် စာရင်းပေးသွင်းရန်အတွက် တန်းစီနေကြသည်။

လူအများအပြားသည် ဤပြိုင်ပွဲကို အလွန်စိတ်အားထက်သန်နေကြသည်မှာ ထင်ရှားသည်။ အဆုံးတွင် သူတို့သည် သားရဲထိန်း ချုပ်သူအသစ်စက်စက်လေးများ ဖြစ်လာသော လူငယ်များဖြစ်ကြရာ လူအများ၏ အာရုံစိုက်မှုအောက်တွင် စိတ်လှုပ်ရှားဖွယ်ရာ ယှဉ်ပြိုင်တိုက်ခိုက်မှုကို မည်သူက မဆင်နွှဲချင်ဘဲ နေမည်နည်း။

လူအများ၏ အဓိကအာရုံစိုက်ရာ ဗဟိုချက်မ မဖြစ်ချင်သော လူငယ်ဟူ၍ မည်သူရှိပါ့မည်နည်း။

ကျန်းဟန်သည် ဦးစွာ အနီးနားရှိ ကြော်ငြာသင်ပုန်းကို လှမ်းကြည့်လိုက်သည်။ ဤသည်မှာ သားရဲထိန်းချုပ်သူအသစ် ဖြစ်လာကြသော အလုပ်သင်သားရဲထိန်းချုပ်သူများအတွက် သီးသန့်ဖွင့်လှစ်ထားသည့် လေ့ကျင့်ရေးကွင်း ဖြစ်ပြီး စာရင်းပေးသွင်းရန် သတ်မှတ်ချက်မှာ အသက်တစ်ဆယ့်ခုနစ်နှစ်အောက် အလုပ်သင်သားရဲထိန်းချုပ်သူ ဖြစ်ရမည်။

ပြိုင်ပွဲကို အုပ်စုနှစ်စု ခွဲခြားထား၏။ ၎င်းမှာ တိုက်ခိုက်ရေးပြိုင်ပွဲနှင့် အလားအလာပြိုင်ပွဲ တို့ ဖြစ်ကြသည်။ တိုက်ခိုက်ရေးပြိုင်ပွဲမှာ မိမိ၏ သားရဲကို စေခိုင်း၍ တိုက်ခိုက်ရခြင်း ဖြစ်သည်။

အလားအလာပြိုင်ပွဲကိုမူ ကဏ္ဍအများအပြား ခွဲခြားထားပြီး သားရဲ၏ အရှိန်နှုန်း၊ ကာကွယ်ရေးစွမ်းအားနှင့် ဖိအားဒဏ်ခံနိုင်ရည် စသည့် အင်္ဂါရပ်များကို ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ကဏ္ဍတစ်ခုစီအတွက် ရမှတ်များ သတ်မှတ်ပေးမည်ဖြစ်ပြီး စုစုပေါင်းရမှတ် အမြင့်ဆုံးရရှိသူက အနိုင်ရရှိမည် ဖြစ်သည်။

ပြိုင်ပွဲအချိန်များ ထပ်တူမကျသဖြင့် အုပ်စုနှစ်ခုလုံးအတွက် စာရင်းပေးသွင်းနိုင်ပြီး အုပ်စုတစ်ခုစီ၏ ထိပ်ဆုံး ဆယ်ယောက်သည် မတူညီသော ဆုလာဘ်များကို ရရှိကြမည် ဖြစ်သည်။

ကျန်းဟန် လှမ်းကြည့်လိုက်ရာ တိုက်ခိုက်ရေးပြိုင်ပွဲ၏ ထိပ်ဆုံးသုံးယောက်အတွက် ဆုလာဘ်များမှာ ပထမဆုအတွက် ကြယ် ၃ ပွင့် အလားအလာရှိသော သားရဲသားပေါက်တစ်ကောင် အပြင် အခြေခံအဆင့် သားရဲမွေးမြူရေးပညာရှင်၏ လမ်းညွှန်မှု၊ ဒုတိယဆုအတွက် ငွေကျပ် တစ်သောင်းအပြင် လေ့ကျင့်ရေးကွင်း၏ သက်တမ်းတစ်သက်တာ အသင်းဝင်ခွင့်၊ တတိယဆုအတွက် ငွေကျပ် ငါးထောင် အပြင် တစ်နှစ်စာ လေ့ကျင့်ရေးကွင်း အသင်းဝင်ခွင့်တို့ အသီးသီး ဖြစ်ကြသည်။

အလားအလာပြိုင်ပွဲ၏ ထိပ်ဆုံးသုံးယောက်မှာမူ ငွေကျပ် တစ်သောင်း၊ ငါးထောင် နှင့် သုံးထောင် အသီးသီး ရရှိမည့်အပြင် တစ်ယောက်ချင်းစီအတွက် တစ်နှစ်စာ လေ့ကျင့်ရေးကွင်း အသင်းဝင်ခွင့်ကိုပါ ရရှိကြမည် ဖြစ်သည်။

တိုက်ခိုက်ရေးပြိုင်ပွဲ၏ ပထမဆုမှလွဲ၍ ကျန်ဆုလာဘ်များမှာ အသင့်အတင့်သာ ရှိသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ယခုမှ သားရဲထိန်းချုပ်သူအသစ် ဖြစ်လာကြသော ကျန်းဟန်နှင့် အခြားလူငယ်များအတွက်မူ မဆိုးလှပေ။ အရေးကြီးဆုံးမှာ မိမိကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ရန် ဖြစ်ပြီး ဤသည်မှာပင် လူအများအပြား လာရောက်ယှဉ်ပြိုင်ကြရသည့် အကြောင်းရင်း ဖြစ်သည်။

ကြော်ငြာသင်ပုန်းကို ဖတ်ရှုပြီးနောက် ကျန်းဟန်သည် ကြီးမားသော ပိုးကောင်ပေါက်လေးနှင့်တူသည့် ပိုင်လင်းကို ခေါ်ဆောင်ကာ တန်းသွားစီလိုက်တော့လေသည်။

သူ့ရှေ့တွင် လူအယောက်နှစ်ဆယ်ခန့် ရှိနေပြီး အမျိုးမျိုးသော သားရဲများကို ယူဆောင်လာကြသည်။ သူ့ရှေ့တည့်တည့်ရှိ လူငယ်၏ သားရဲမှာ လက်ဆေးကန်ခန့် အရွယ်အစားရှိသည့် အနက်ရောင် ရွှေလက်သည်းပင့်ကူဖြစ်သည်။

ဤသည်မှာ သတ္တုဓာတ် ရှိသော ကြယ် ၃ ပွင့် အလားအလာရှိသည့် သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် ပင့်ကူအိမ် မရက်လုပ်နိုင်ဘဲ မြေပြင်တွင် အခြေချနေထိုင်သော ပင့်ကူအမျိုးအစား ဖြစ်သည်။ ၎င်း အပြည့်အဝ ကြီးပြင်းလာသည့်အခါ အလျား နှစ်မီတာအထိ ရှိလာနိုင်ပြီး ဓားကဲ့သို့ ထက်မြက်သော ရွှေရောင်လက်သည်း ရှစ်ချောင်း ရှိကာ ၎င်း၏ စွမ်းအားမှာ တော်တော်လေး ကြောက်စရာကောင်းလှသည်။

ထို့ထက် ပို၍ရှေ့တွင်မူ မီးမှုတ်နိုင်သော မီးလျှံအစင်းပါကြောင်များနှင့် မီးပုရွက်ဆိတ်များ၊ ရေဓာတ်ရှိသော မျက်လုံးသုံးလုံးဖား၊ ရေလှိုင်းသားရဲ၊ အပြာရောင်အကွင်းပါမြွေ၊ လည်ရှည်ဘဲနှင့် သစ်သားဓာတ်ရှိသော သစ်ပင်သားရဲအကောင်ပေါက်၊ ပန်းလိပ်ပြာ၊ အဖြူရောင်ဝိညာဉ်မှို၊ နားရွက်စိမ်းမြေခွေး စသည်ဖြင့် ရှိကြသည်။

ဤသားရဲများသည် အတော်လေး အတွေ့ရများသော အစပြုသူသားရဲများဖြစ်ကြပြီး အားလုံးမှာ ကြယ် ၃ ပွင့် ဝန်းကျင် အလားအလာ ရှိကြကာ အရွယ်ရောက်ပြီးချိန်တွင် အဆင့် ၃ ခေါင်းဆောင်အဆင့်သို့ အသီးသီး ရောက်ရှိနိုင်ကြသည်။

ကျန်းဟန် ထိုနေရာတွင် မတ်တတ်ရပ်ပြီး မကြာမီမှာပင် သူ့ရှေ့ရှိ လူငယ်က နောက်သို့ လှည့်ကြည့်လာ၏။ ထိုလူငယ်၏ အကြည့်က ကျောက်စိမ်းတီကောင်လေးပေါ်တွင် ခဏတာ တန့်သွားပြီးနောက် မျက်နှာအမူအရာက တဖြည်းဖြည်းနှင့် အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါက ကျောက်စိမ်းတီကောင်လား။ မင်းက မင်းရဲ့သားရဲအဖြစ် ကျောက်စိမ်းတီကောင်နဲ့ စာချုပ်ချုပ်ထားတာလား။”

“ဟုတ်တယ်။ ဘာဖြစ်လို့လဲ။ မရဘူးလို့ တားမြစ်ထားတာ ရှိလို့လား။”

ကျန်းဟန်က သူ့ကို တည်ငြိမ်သော မျက်နှာထားဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။

“အဖြူရောင် ကျောက်စိမ်းတီကောင်... ဪ ငါသိပြီ။ သူက တစ်ကျောင်းလုံးမှာ လူပြောအများဆုံးဖြစ်နေတဲ့ အတန်း ၅ က ကောင်မလား။ ကျောက်စိမ်းတီကောင်နဲ့ စာချုပ်ချုပ်ထားတဲ့သူလေ။ ကြားတာတော့ အဲ့ဒါကို ဝယ်ဖို့ ငါးသိန်းတောင် သုံးလိုက်ရတယ်ဆိုပဲ ဟားဟားဟား....။”

ထိုလူငယ်၏ အသံကျယ်ကြီးကြောင့် ရှေ့တွင်ရှိနေသော လူအချို့၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။ ဤနေရာရှိ အလုပ်သင်သားရဲထိန်းချုပ်သူအများစုမှာ ကျန်းဟန်ကဲ့သို့ပင် အထက်တန်းကျောင်းမှ စတုတ္ထနှစ် ကျောင်းသားများ ဖြစ်ကြသဖြင့် ကျန်းဟန်၏ နောက်ကြောင်းကို ချက်ချင်းပင် ရိပ်မိသွားကြသည်။

“ညီအစ်ကို... မင်းက တကယ်ကြီး ကျောက်စိမ်းတီကောင်ကို ခေါ်ပြီး ပြိုင်ပွဲလာပြိုင်တာလား။ အဲ့ဒါက ကွင်းထဲတောင် ဆင်းနိုင်ပါ့မလား။ ငါတို့ကို အာမခံကြေး လာညှစ်တာတော့ မဟုတ်ပါဘူးနော်။”

ထိုသို့ပြောလိုက်သူမှာ မီးလျှံအစင်းပါကြောင်ကို ပိုင်ဆိုင်ထားသည့် မျက်နှာဝိုင်းဝိုင်း၊ ဝဝတုတ်တုတ်နှင့် ကောင်လေးတစ်ယောက် ဖြစ်သည်။

“အမှန်ပဲ။ တကယ်လို့ တိုက်ပွဲထဲမှာ ငါတို့နဲ့ ယှဉ်ပြိုင်ရင်း အဲ့ဒါလေး သေသွားရင် ဘယ်လိုလုပ်မလဲ။ မင်းက ငါတို့ကို လျော်ကြေးတောင်းနေမှာ စိုးရိမ်မိတယ်။”

အပြာရောင်အကွင်းပါမြွေကို ပိုင်ဆိုင်ထားသည့် မြင်းမြီးဆံပင်ကေနှင့် မှဲ့ခြောက်အပြည့်ရှိသော မိန်းကလေးကလည်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

အခြားသူများက ဝင်မပြောကြသော်လည်း သူတို့၏ မျက်နှာများတွင်မူ လှောင်ပြောင်ရယ်မောမှုများနှင့် အထင်သေးမှုများ အထင်အရှား ရှိနေကြသည်။

ကျောက်စိမ်းတီကောင်သည် အလွန်ပင် ရိုးရှင်းလွန်းလှပြီး အဆင့်အတန်းလည်း နိမ့်ကျလွန်းလှသည်။ အဖြူရောင် သန္ဓေပြောင်းသားရဲ ဖြစ်နေလျှင်ပင် နှိုင်းယှဉ်၍မရအောင် အမှိုက်လို သတ္တဝါမျိုးသာ ဖြစ်သည်။ ၎င်းအပြင် ကျန်းဟန်က ၎င်းကို ဝယ်ယူရန် ငါးသိန်းအထိ အသုံးပြုခဲ့သည်ဟူသောအချက်က သူ့ကို ပို၍ပင် ရယ်စရာအဖြစ် ရောက်ရှိစေခဲ့သည်။

သူသည် လှောင်ပြောင်သရော်မှုများကို ခံရမည့်အပြင် ကျောင်းတွင်ပင် အတန်းဖော်များ၏ ဝိုင်းပယ်ခြင်းကို ခံရပေလိမ့်မည်။

“ကျိ”

ကျောက်စိမ်းတီကောင်လေး ပိုင်လင်းမှာ မိမိကြောင့် ကျန်းဟန် နောက်တစ်ကြိမ် အရှက်ကွဲရပြန်ပြီဟု နားလည်သွားပုံရပြီး ခေါင်းလေးငုံ့ကာ စိတ်ပျက်လက်ပျက်ဖြင့် ကျနဟန်၏ နောက်သို့ တွားသွားကာ ပုန်းအောင်းနေရှာသည်။

“ဘာဖြစ်လဲ။ ကျောက်စိမ်းတီကောင်နဲ့ စာချုပ်ချုပ်လို့ မရဘူးလား။ လက်ရွေးစင်အဆင့် သားရဲထိန်းချုပ်သူကြီးလီရဲ့ ပင်လယ်တီကောင်တောင် နဂါးအဖြစ် အသွင်ပြောင်းနိုင်သေးရင် ငါ့ရဲ့ ကျောက်စိမ်းတီကောင်ကကော ဘာလို့ မဖြစ်နိုင်ရမှာလဲ။”

ကျန်းဟန်သည် ဤကဲ့သို့သော အခြေအနေကြောင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်နေမည့်သူ မဟုတ်ပေ။ အသက်နှစ်ဆယ်ကျော်နီးပါးရှိပြီဖြစ်သော သူ၏ စိတ်ဝိညာဉ်သည် ဤကဲ့သို့သောအရာများကို ကြုံတွေ့ဖြတ်သန်းဖူးပြီးသား ဖြစ်သည်။ ဤကမ္ဘာကြီး၏ သဘာဝက ဤသို့ပင်ဖြစ်ပြီး အထူးသဖြင့် ဤလူငယ်များသည် အချင်းချင်း ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သည့် အရွယ်ဖြစ်သဖြင့် သူ့ကို အထင်သေးကြခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် အထင်သေးနေစရာ မလိုပေ။ မိမိလျှောက်မည့် လမ်းကိုသာ ခိုင်ခိုင်မာမာ ဆက်လျှောက်နေသရွေ့ နောက်ကြောင်းကို ပြန်လှည့်ကြည့်လိုက်သည့်အခါ မိမိကို လှောင်ပြောင်အထင်သေးခဲ့ကြသူများသည် လူအုပ်ကြီးကြားထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။

“အထူးချွန်ဆုံး သားရဲထိန်းချုပ်သူကြီး လီယုံဟန်ရဲ့ ပင်လယ်တီကောင်က အနည်းဆုံးတော့ နှစ်အတော်ကြာ အသက်ရှင်နိုင်ပြီး ဖြည်းဖြည်းချင်း မွေးမြူလို့ရတယ်။ အဲ့ဒါက သုံးလပဲ အသက်ရှင်နိုင်တဲ့ မင်းရဲ့ ပိုးကောင်အစုတ်အလုပ်နဲ့ နှိုင်းယှဉ်လို့ရပါ့မလား။”

ထိုစကားကို ကြားသောအခါ ရွှေလက်သည်းပင့်ကူကို ပိုင်ဆိုင်ထားသည့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်က ကျန်းဟန်ကို ရွံရှာမုန်းတီးစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

ကျောက်စိမ်းတီကောင်သည် သားရဲအဖြစ် စာချုပ်ချုပ်ဆိုရန် လုံးဝ မထိုက်တန်ပေ။ သမိုင်းမှတ်တမ်းများတွင်လည်း ထိုကဲ့သို့သော သတ္တဝါနှင့် စာချုပ်ချုပ်ဆိုခဲ့သူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။

ထို့အပြင် ပင်လယ်တီကောင်က နဂါးအဖြစ် အသွင်ပြောင်းနိုင်ခဲ့သည်ဆိုဦးတော့ သားရဲများ၏ ထူးခြားဆန်းကြယ်သော နိုးထမှုစတင်ချိန်မှ ယခုအချိန်အထိ ဆရာကြီး လီ တစ်ယောက်တည်းသာ ရှိခဲ့ဖူးပြီး ထိုအံ့ဖွယ်ဖြစ်ရပ်ကို မည်သူမျှ ထပ်မံအတုမယူနိုင်ခဲ့ကြချေ။

ဆရာကြီး လီယုံဟန်သည် လူငယ်မောင်မယ်များစွာ၏ အလေးအမြတ်ထားရာ စံပြပုဂ္ဂိုလ်ဟု ဆိုနိုင်သည်။

သူသည် ပင်လယ်ကမ်းခြေတွင် ကြီးပြင်းခဲ့ပြီး ကျောင်းလခအတွက် ပင်လယ်တီကောင်များကို ဖမ်းဆီးကာ ငွေရှာခဲ့ရသူ ဖြစ်သည်။ လူအများ မမျှော်လင့်ထားခဲ့သည့်အရာမှာ သူသည် မိမိ၏ အစပျိုးသားရဲကို ရွေးချယ်သည့်အခါတွင်လည်း ပင်လယ်တီကောင်ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ့အနာဂတ် ဘဝပျက်ပြီဟု လူတိုင်း ထင်မှတ်နေကြချိန်တွင် ဆရာကြီး လီသည် အောင်ပွဲများကို ဆက်တိုက်ဆွတ်ခူးကာ အနိမ့်ကျဆုံးအဆင့်ရှိသော ပင်လယ်တီကောင်ကို ကမ္ဘာမြေကို တုန်ဟည်းစေမည့် နဂါးတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲစေခဲ့သည်။

ငါးနှစ်တာကာလအတွင်းမှာပင် သူသည် အဆင့် ၁ အလုပ်သင်သားရဲထိန်းချုပ်သူ ဘဝမှ အဆင့် ၇ ထိပ်တန်း သားရဲထိန်းချုပ်သူ တစ်ဦးအဖြစ်သို့ တဟုန်ထိုး မြင့်တက်လာခဲ့သည်။

သူ၏ ဒဏ္ဍာရီဆန်သော ပုံပြင်များမှာ ဘလူးစတားပေါ်တွင် အကျယ်ပြန့်ဆုံး ပျံ့နှံ့ခဲ့သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေသည်။

သူသည် ကြယ် ၁ ပွင့် အဆင့်ရှိသော သားရဲကို မော်ကွန်းအဆင့်သားရဲအဖြစ်သို့ ဆင့်ကဲပြောင်းလဲပေးနိုင်ခဲ့သည့် ပထမဆုံး စူပါပါရမီရှင်ဖြစ်ပြီး သာမန်အရပ်သား သားရဲထိန်း လူငယ်များအားလုံးနီးပါး၏ စံပြပုဂ္ဂိုလ်လည်း ဖြစ်သည်။

“ဟုတ်ပါ့။ မင်းကိုယ်မင်း ဆရာကြီးလီနဲ့ နှိုင်းယှဉ်နေတာလား။ တကယ် မရှက်တတ်လိုက်တာ။”

“အိမ်ပြန်ပြီး သာမန်လူပဲ လုပ်နေလိုက်စမ်းပါ။ အဲ့ဒီကျောက်စိမ်းတီကောင်ကြီးနဲ့ လူကြားထဲ လျှောက်ပြီး ကိုယ့်ရှက်ကိုယ် ခွဲမနေနဲ့။”

အခြားလူများကလည်း နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ကြပြီး ကျန်းဟန်သည် လူအများစိတ်ဝင်စားအောင် ဟန်ရေးပြရင်း ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်နေကြသည်။

“အားလုံး တိတ်တိတ်နေကြစမ်း။”

ရှေ့ဆုံးမှ စာရင်းပေးသွင်းခြင်းကို တာဝန်ယူထားသူက အော်ဟစ်လိုက်သည့်နောက် ထိုလူငယ်များမှာ ကျေနပ်ဖြင့် ရှေ့သို့ ပြန်လှည့်သွားကြတော့သည်။

ကျန်းဟန်သည် ထိုကဲ့သို့သော နှုတ်လှောင်မှုများကြောင့် စိတ်ပျက်အားငယ်ခြင်း သို့မဟုတ် သိမ်ငယ်ခြင်းမျိုး လုံးဝမဖြစ်ခဲ့ပေ။ ထို့ပြင် သူသည် မြေပြင်ပေါ်မှ ကျောက်စိမ်းတီကောင်လေးကို ကောက်ချီလိုက်ပြီး ညင်သာစွာဖြင့် နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မကောင်းမဖြစ်ပါနဲ့။ မင်းက နဂါးတစ်ကောင် ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ ပိုးကောင်လေးပဲ။ တစ်နေ့ကျရင် မင်းက ကောင်းကင် မိုင်ပေါင်း ကိုးသောင်းအထိ ပျံသန်းနိုင်လိမ့်မယ်။ သူတို့အဆင့်နဲ့ ယှဉ်ပြီး ဘာလို့ ကိုယ့်ကိုယ်ကိုယ် အောက်ကျနောက်ကျ ခံနေမှာလဲ။”

“ဖယ်စမ်းပါ။ ငါနဲ့ ဝေးဝေးမှာနေ။ ကြောင်တောင်တောင်နဲ့ ကောင်းကင်အထိ ပျံသန်းမယ် ဟုတ်လား။ ငါတို့သာ တောရိုင်းထဲမှာဆိုရင် ငါ့ရဲ့ ရွှေလက်သည်းပင့်ကူက မင်းရဲ့ အမှိုက်လိုပိုးကောင်မျိုးကို တစ်ခါတည်းနဲ့ ဒါဇင်ဝက်လောက် ကိုက်သတ်ပစ်လို့ရတယ်။”

ရှေ့ကလူငယ်က ကျန်းဟန်ကို တွန်းထုတ်ကာ မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

“မင်းက ဘယ်သူလဲ။”

ကျန်းဟန် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလဲ။ မကျေနပ်လို့လား။”

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်က နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်သည်။

“ငါ့နာမည် ချန်လီ၊ အတန်း (၃) ကပဲ။ မင်း မကျေနပ်ရင် ကြိုက်တဲ့အချိန် လာရှာလို့ရတယ်။”

ဤအချိန်တွင် ရှေ့ကလူက စာရင်းပေးသွင်းခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချန်လီသည် ကျန်းဟန်ကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ရွှေလက်သည်းပင့်ကူကို ခေါ်ကာ စာရင်းပေးသွင်းသည့် စားပွဲဆီသို့ လျှောက်သွားလိုက်တော့သည်။

“မှတ်ပုံတင်၊ သားရဲရဲ့အဆင့်၊ ပြီးတော့ မျိုးစိတ်။”

မကြာမီ ကျန်းဟန် အလှည့်သို့ ရောက်ရှိလာခဲ့ပြီး စာရင်းသွင်းစာအုပ်ကို ဖြည့်စွက်နေသော တာဝန်ခံက ခေါင်းပင်မမော့ဘဲ မေးမြန်းလိုက်သည်။

“သားရဲက ကျောက်စိမ်းတီကောင်ပါ။ အစေခံအဆင့် အလယ်အလတ်အဆင့်ပါ။”

ကျန်ဟန်က သူ၏မှတ်ပုံတင်ကို ကမ်းပေးရင်း ပြောလိုက်သည်။

“ဟင်။ မင်း အခုထိ မပြန်သေးဘူးလား။”

ကျန်းဟန်၏ အသံကို ကြားလိုက်ရသောအခါ ထိုသူက ခေါင်းမော့ကြည့်လာပြီး အနည်းငယ် အံ့အားသင့်သွားပုံရသည်။

“ကျုပ်က ဘာလို့ ပြန်ရမှာလဲ။ သူတို့ စကားအနည်းငယ် ပြောရုံနဲ့တင်လား။”

ကျန်းဟန်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“ဟားဟား... ပြောတာ ကောင်းတယ်။ ဒီလိုစိတ်ဓာတ်မျိုးက တော်တော်လေး ကောင်းမွန်တယ်။ ဒါပေမဲ့ မင်းက ကျောက်စိမ်းတီကောင်နဲ့ စာချုပ်ချုပ်မိသွားတာ နှမြောစရာပဲ။ မဟုတ်ရင် ငါ မင်းကို တကယ်ပဲ မျှော်လင့်ချက်ကြီးကြီး ထားမိမှာ။”

ထိုသူသည် ကျန်းဟန်၏ ပြန်လည်မေးခွန်းထုတ်မှုကြောင့် ကြောင်အသွားပြီးနောက် အော်ဟစ်ရယ်မောလိုက်တော့သည်။

“ဒါပေမဲ့လည်း ငါ မင်းကို သေသေချာချာ ပြန်စဉ်းစားဖို့ အကြံပြုချင်သေးတယ်။ ပြိုင်ပွဲမှာ လူတွေ တော်တော်များများ ရှိနေပြီး ကျောက်စိမ်းတီကောင်က တိုက်ခိုက်ရေးအတွက် မသင့်တော်ဘူး။ အကယ်လို့ သူ ဒဏ်ရာရသွားရင် ကျောက်စိမ်းဖီးနစ်လိပ်ပြာအဖြစ် ဆင့်ကဲပြောင်းလဲဖို့က အရမ်းခက်ခဲသွားလိမ့်မယ်။ အဲ့ဒါဆိုရင် မင်း သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်က လုံးဝ ပျက်စီးသွားလိမ့်မယ်။”

ထိုသူသည် ကျန်းဟန်ကို အနည်းငယ် သဘောကျမိသွားသဖြင့် စေတနာဖြင့် ထပ်မံသတိပေးလိုက်ခြင်း ဖြစ်သည်။

“အဆင်ပြေပါတယ်။ ကျုပ် ဂရုစိုက်ပါ့မယ်။ တိုက်ခိုက်ရေးပြိုင်ပွဲရော၊ အလားအလာပြိုင်ပွဲ အုပ်စုမှာပါ နှစ်ခုလုံး ပါဝင်ချင်ပါတယ်။”

ကျန်းဟန်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

“ကောင်းပြီလေ။ ပြိုင်ပွဲက ၁၅ ရက်နေ့မှာ စလိမ့်မယ်။ မစခင်အချိန်အထိ မင်းမှာ ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ ရွေးချယ်လို့ရသေးတယ်။”

ထိုသူက ခေါင်းညိတ်ကာ ကျန်းဟန်ကို စာရင်းပေးသွင်းပေးလိုက်တော့သည်။

All Chapters