← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

“ဒီနေ့က ၄ ရက်နေ့ဆိုတော့ ၁၅ ရက်နေ့အထိ ၁၁ ရက်တောင် လိုသေးတာပဲ။ ငါတို့ လေ့ကျင့်ပြီး ပိုသန်မာလာအောင်လုပ်ဖို့ အချိန်အလုံအလောက် ရှိပါတယ်။”

ကျန်းဟန်က စိတ်အားငယ်နေပုံရသော ကျောက်စိမ်းတီကောင်လေးကို ပွေ့ချီကာ ပြန်လာရင်း ပြောလိုက်သည်။

“ကျိ”

ကျောက်စိမ်းတီကောင်လေးက ခေါင်းလေးငုံ့ကာ အသံပြုလိုက်ပြီး မိမိကိုယ်ကိုယ် အလွန်ပင် မကျေမနပ်ဖြစ်နေပုံရသည်။

“မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်။”

ကျန်းဟန်က ၎င်း၏ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး သားရဲထိန်းချုပ်ခြင်း ဟင်ူလင်းပြင်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်သည်။

ယခုအခါ မွန်းလွဲ ၁ နာရီ ရှိနေပြီဖြစ်သည်။ ကျန်းဟန် အနည်းငယ် တွေးတောပြီးနောက် လမ်းမပေါ်သို့ ထွက်လာခဲ့လိုက်သည်။

ကြယ်ပြာပေါ်ရှိ လမ်းမများသည် ကမ္ဘာမြေကထက် များစွာ ပိုမိုကျယ်ဝန်းပြီး ယေဘုယျအားဖြင့် အနည်းဆုံး မီတာငါးဆယ်ခန့် ကျယ်ကြသည်။ ဤသည်မှာ အဓိကအားဖြင့် အရွယ်အစား အလွန်ကြီးမားသော သားရဲများ သွားလာလှုပ်ရှားနိုင်ရန်အတွက် ဖြစ်သည်။

လမ်းမများပေါ်တွင် လူများဖြင့် စည်ကားလှုပ်ရှားနေပြီး အများစုမှာ သားရဲများကို ဘေးတွင် ခေါ်ဆောင်လာကြသည်။ လမ်းပေါ်တွင် စက်ဘီးဟူ၍ အလွန်ရှားပါးပြီး ၎င်းတို့အစား သားရဲများသာ အပြေးအလွှား သွားလာနေကြသည်။

ကျန်းဟန်သည် နှစ်မီတာမြင့်သော လိုပန်နီတစ်ကောင်က လှည်းကိုဆွဲ၍ တက္ကစီအဖြစ် မောင်းနှင်နေသည်ကိုလည်းကောင်း၊ ရွှေဓားပုစဉ်းရင်ကွဲ တစ်ကောင်က အိုးကြီးတစ်လုံးရှေ့တွင် မတ်တတ်ရပ်ကာ ၎င်း၏လက်မဓားများဖြင့် ခေါက်ဆွဲများအား ခြစ်ထုတ်နေသည်ကိုလည်းကောင်း၊ ပျားကြီးတစ်ကောင်က အပ်ချုပ်သမားအဖြစ် အလုပ်လုပ်နေသည်ကိုလည်းကောင်း မြင်တွေ့ခဲ့ရသည်။

နှစ်ပေါင်းတစ်ရာကျော် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် သားရဲများသည် ဤကမ္ဘာကြီး၏ ကဏ္ဍတိုင်းနှင့် လုပ်ငန်းခွင်တိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ လူတို့၏ နေ့စဉ်လူမှုဘဝများသည် ဤထူးဆန်းအံ့ဖွယ် သတ္တဝါများနှင့် ခွဲခြား၍မရနိုင်အောင် ဖြစ်နေခဲ့လေပြီ။

စိတ်ဝိညာဉ်ကူးပြောင်းမှုဖြင့် ရောက်ရှိလာသော ကျန်းဟန်မှာ အလွန်ပင် စူးစမ်းနေမိသည်။ သူသည် လမ်းမများပေါ်တွင် နှစ်နာရီကျော်မျှ လျှောက်လည်ခဲ့ပြီးနောက် နောက်ဆုံးတွင် သားရဲများနှင့် ပတ်သက်သော စာအုပ်အပုံလိုက်ကို ဝယ်ယူခဲ့သည်။

စာအုပ်အမည်များမှာ ကြယ်ပြာ သားရဲများစွယ်စုံကျမ်း၊ သားရဲကျွေးမွေးစောင့်ရှောက်ခြင်းလက်စွဲ၊ ကြယ်ပြာ ပထဝီဝင်အခြေခံဗဟုသုတနှင့် သားရဲထိန်းတစ်ဦး၏ ကိုယ်ပိုင်အရည်အသွေး မြှင့်တင်ခြင်း စသည်တို့ ဖြစ်ကြသည်။

နောက်ဆုံးတွင် သူသည် ရွှေဓားပုစဉ်းရင်ကွဲ၏ ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲတစ်ပွဲ စားသောက်ပြီးနောက် အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့လိုက်သည်။

“ဟင်း... ဒါက သားရဲတွေရဲ့ ကမ္ဘာကြီးပဲ။”

ကျန်းဟန်တစ်ယောက် ကောင်းကင်ကြီးကို မော့ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ခုနက သူစားခဲ့သော ခေါက်ဆွဲဖတ်တစ်ခုချင်းစီမှာ စက်ဖြင့်လှီးထားသကဲ့သို့ ပုံစံတူညီလွန်းလှသဖြင့် ဤသားရဲများ၏ စွမ်းရည်မှာ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။

“ပိုင်လင်း အစာစားရမယ့်အချိန်ရောက်ပြီ။”

အိမ်ပြန်ရောက်သော် ကျန်းဟန်က ကျောက်စိမ်းတီကောင်လေးကို အပြင်သို့ ခေါ်ထုတ်လိုက်ပြီး ကျန်ရှိနေသော ကျောက်စိမ်းဝါးရွက်ဘူးကို ထုတ်ကာ ရေဆေးပြီး ၎င်း၏ရှေ့တွင် ချပေးလိုက်သည်။

“ကျိ”

သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ကျောက်စိမ်းတီကောင်လေးသည် ဝါးရွက်များကို တစ်ချက်ကြည့်ပြီး ခေါင်းခါပြကာ ၎င်း၏ လေ့ကျင့်ရေး မပြီးသေးကြောင်း အမူအရာပြလာခဲ့ခြင်းပင်။

ထို့နောက် ၎င်းသည် အိမ်နောက်ဖေးကွင်းပြင်သို့ လျှောက်သွားပြီး ၎င်း၏ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ သစ်သားတိုင်ကို ပြေးဝင်တိုက်လိုက်တော့၏။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်အလင်းတန်းတစ်ခု ချက်ချင်း ဖြတ်ခနဲ လင်းလက်သွားတော့သည်။

ကျန်းဟန် - “...”

ကျောက်စိမ်းတီကောင်လေး၏ ကြိုးစားအားထုတ်မှုက သူ့ကိုပင် လန့်ဖျန့်သွားစေခဲ့လေသည်။ ၎င်းသည် သားရဲထိန်းချုပ်ခြင်းဟင်းလင်းပြင်ထဲတွင် ရှိနေစဉ်ကတည်းက ပိုးမျှင်ပစ်လွှတ်ခြင်းကို လေ့ကျင့်နေခဲ့ခြင်းဖြစ်ပြီး အပြင်သို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် အရှိန်ပြင်းတိုက်ခိုက်ခြင်း လေ့ကျင့်ခန်းကို ချက်ချင်းစတင်ကာ အကြိမ်ရေ ၁၀၀၀ မပြည့်မချင်း အစာစားရန် ငြင်းဆန်နေခဲ့သည်။

တကယ့်ကို ဇွဲနပဲကြီးတဲ့ ကောင်လေးပဲ။

“ဒါဆိုရင် ငါလည်း မင်းနဲ့အတူတူ လုပ်ပေးမယ်။”

ကျန်းဟန်လည်း မနားရက်တော့ဘဲ ရှက်ရှက်နှင့်ပင် လေ့ကျင့်ခန်းထဲ ဝင်ရောက်ပူးပေါင်းလိုက်ပြီး ဤအခွင့်အရေးကို အသုံးချကာ ပိုင်လင်း၏ခန္ဓာကိုယ်ထဲသို့ သူ၏စိတ်ဝိညာဉ်စွမ်းအင် ပါရမီကို ထည့်သွင်းပေးလိုက်သည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်ပါရမီကို သားရဲတစ်ကောင်ပေါ်၌ တစ်ရက်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

အံ့ဖွယ်အလင်းတန်းကမူ တစ်ကြိမ်အသုံးပြုပြီးပါက ထိုသားရဲသည် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းအတွက် လေ့ကျင့်ရေးလမ်းကြောင်းတစ်ခုကို ပြီးမြောက်သည့်တိုင်အောင် အာနိသင်က ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ပြီးမြောက်မှသာ လမ်းကြောင်းအသစ်တစ်ခုကို ထပ်မံစတင်နိုင်မည် ဖြစ်သည်။

ဆယ်မိနစ်ပင်မပြည့်မီ အချိန်တွင် ကျန်းဟန်၏ မျက်စိရှေ့၌ တောက်ပသော ပိုးစုန်းကြူးကဲ့သို့ စာသားတန်းလေးများ ပေါ်ထွက်လာခဲ့သည်။

[ဂုဏ်ယူပါသည်။ သင်၏ သားရဲကျောက်စိမ်းတီကောင်သည် အံ့ဖွယ်လမ်းကြောင်း ၁ ၏ ဒုတိယမြောက်ရက် လေ့ကျင့်ရေးကို ပြီးမြောက်အောင်မြင်သွားပါပြီ။ ဆက်လက်ကြိုးစားပြီး ပိုမိုသန်မာလာပါစေ။]

အထမတင် လုပ်နေသော ကျန်းဟန်သည် အရှိန်ပြင်းတိုက်ခိုက်ခြင်းကို ကြိုးကြိုးစားစား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည့် မြစိမ်းရောင်ပိုးကောင်လေးကို လှမ်းကြည့်လိုက်သော်လည်း ဘာမှတော့ မပြောတော့ပေ။ ၎င်းသည် ပိုမိုသန်မာလာခြင်း၏ ပျော်ရွှင်မှုထဲတွင် လုံးဝ စီးမျောနစ်ဝင်နေပြီဖြစ်ကြောင်း သူ သိရှိလိုက်လေသည်။

၎င်းသည် လေ့ကျင့်ခန်းလုပ်သည့် အကြိမ်တိုင်းတွင် မိမိ၏ခန္ဓာကိုယ်က တဖြည်းဖြည်းနှင့် ပိုမိုသန်မာလာသည်ကို ခံစားသိရှိနေရသဖြင့် ဤနိမ့်ကျလှသော ပိုးကောင်လေးအတွက် မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့လာရသည်။

နှစ်နာရီခန့် ကြာပြီးနောက်တွင်မူ ကျန်းဟန်က ဦးစွာ လက်လျှော့လိုက်ရတော့သည်။ သူသည် ထိုင်ချလိုက်ပြီး စာအုပ်များကို စတင်ဖတ်ရှုနေလိုက်သည်။

သုံးနာရီခန့် ကြာသောအခါ ကျောက်စိမ်းတီကောင်လေးသည် အရှိန်ပြင်းတိုက်ခိုက်ခြင်းကို မနားတမ်း ဆက်တိုက်လုပ်ဆောင်နေရင်း ၎င်း၏ခန္ဓာကိုယ်မှ ရုတ်တရက် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။ မူလက နူးညံ့သော ၎င်း၏အဖြူရောင်ခန္ဓာကိုယ်မှာ မီးခိုးရောင်သန်းသော အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဘုန်း

ကျယ်လောင်သော တိုက်မိသံတစ်ခုနှင့်အတူ အိမ်နောက်ဖေးကွင်းပြင်ရှိ အချင်း စင်တီမီတာ သုံးဆယ်ခန့်ရှိသော သစ်ငုတ်တိုကြီးမှာ အမြစ်မှနေ၍ တိခနဲ ကျိုးပြတ်သွားတော့သည်။

ကျောက်စိမ်းတီကောင်လေးမှာ ကျိုးပဲ့သွားသော သစ်ငုတ်တိုကို ကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။

[ ( ° ヘ ° ) ]

ကျန်းဟန် - Σ (   °   △   ° )

“မင်း ခန္ဓာကိုယ်မာကျောခြင်း စွမ်းရည်ကို တတ်မြောက်သွားတာလား။”

ကျန်းဟန် အံ့အားသင့်သွား၏။ ပိုင်လင်းသည် ခန္ဓာကိုယ်မာကျောခြင်းစွမ်းရည်ကို ဤမျှမြန်မြန်ဆန်ဆန် တတ်မြောက်သွားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

ဒါက နည်းနည်း မြန်လွန်းမနေဘူးလား။

“ကျိ...”

ကျောက်စိမ်းတီကောင်လေးက ကျန်းဟန်ဘက်သို့ ခေါင်းလှည့်ကြည့်လာခဲ့သည်။

“အခုလိုမျိုးကို ပြောတာလား။”

နောက်တစ်စက္ကန့်တွင် ၎င်း၏ခန္ဓာကိုယ်မှာ မီးခိုးရောင်သန်းသော အဖြူရောင်သို့ ထပ်မံပြောင်းလဲသွားပြန်သည်။ ကျန်းဟန် လှမ်း၍ပုတ်ကြည့်လိုက်ရာ တကယ့်ကို ကျောက်ခဲတစ်လုံးကဲ့သို့ မာကျောနေခဲ့သည်။

“မင်း တကယ်တတ်မြောက်သွားတာပဲ။ ဒါက စွမ်းရည်အသစ် ခန္ဓာကိုယ်မာကျောခြင်းပဲ။ မင်းက တကယ် တော်တာပဲ ပိုင်လင်း။”

ကျန်းဟန်က ဝမ်းသာအားရဖြင့် ၎င်းကို ကောက်ချီရန် ကြိုးစားလိုက်သော်လည်း မချီနိုင်မှန်း သိလိုက်ရသည်။

လက်ရှိအချက်အလက် မှတ်တမ်းများအရ ဤအဆင့်တွင် ခန္ဓာကိုယ်မာကျောခြင်းစွမ်းရည်ကို တတ်မြောက်သွားသော မည်သည့်ကျောက်စိမ်းတီကောင်မဆို ချွင်းချက်မရှိဘဲ ကျောက်စိမ်းဖီးနစ်လိပ်ပြာ အဖြစ်သို့ အောင်မြင်စွာ ဆင့်ကဲပြောင်းလဲနိုင်ကြသည်။ ဤသည်မှာ အစေခံအဆင့် ပိုးကောင်အမျိုးအစား သားရဲများအတွက် မိမိကိုယ်ကိုယ် အသွင်ပြောင်းလဲနိုင်ခြင်း၏ နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်။

“ကျိ”

ကျောက်စိမ်းပိုးကောင်လေးသည် အစပိုင်းတွင် မိမိကိုယ်ကိုယ်ပင် မယုံကြည်နိုင်ဖြစ်နေသော်လည်း မကြာမီမှာပင် ပျော်ရွှင်သွားခဲ့ပြီး ၎င်း၏ပိုးမျှင်များဖြင့် ပန်းကုံးတစ်ကုံးကို ရက်လုပ်ပြလေတော့သည်။

“ဟားဟားဟား... ဟုတ်တယ်။ ကဲ... လာပြီး အစာစားတော့။”

ကျန်းဟန်က ဝါးရွက်များကို ၎င်း၏ရှေ့သို့ နောက်တစ်ကြိမ် ချပေးလိုက်သော်လည်း ၎င်းက ဂရုမစိုက်သေးချေ။

၎င်းအစား ခန္ဓာကိုယ်မာကျောခြင်းစွမ်းရည်ကို သုံးကြိမ်ဆက်တိုက် ထပ်မံထုတ်ဖော်ပြသခဲ့သည်။ ၎င်းသည် ထိုစွမ်းရည်ကို စိတ်ထဲတွင် အပြည့်အဝ မှတ်မိသွားမှသာလျှင် အစာကို အားပါးတရ လာရောက်စားသုံးတော့သည်။

စားသောက်ပြီးနောက် ၎င်း လေ့ကျင့်ခန်း အလွန်အမင်း လုပ်မိသွားမည်ကို စိုးရိမ်သဖြင့် ကျန်းဟန်က ၎င်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်ပြင်ထဲသို့ ပြန်ထည့်ကာ အိပ်ရာဝင်လိုက်သည်။ မနက်ဖြန်ကျလျှင် ကျောင်းတက်ရမည်ဖြစ်သဖြင့် စောစောထရပေမည်။ သူ၏ လက်ရှိအခြေအနေမှာ အထက်တန်းကျောင်း တတိယနှစ်ကို စတင်တက်ရောက်ရမည့် ကျောင်းသားတစ်ဦး ဖြစ်ပြီး မနက်ဖြန်မှာ ကျောင်းဖွင့်သည့် ပထမဦးဆုံး သီတင်းပတ် ဖြစ်သည်။

နောက်တစ်နေ့မနက်တွင် ကျန်းဟန် စောစောနိုးလာ၏။ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် လမ်းဘေးမှ မနက်စာကို ဝယ်ယူစားသောက်ရင်း ကျောင်းသို့ ထွက်လာခဲ့ရာ ကျောင်းသို့ အစောကြီး ရောက်ရှိလာခဲ့သည်။

ကျန်းဟန် တက်ရောက်နေသည့်ကျောင်းမှာ ကန်မြို့၏ စတုတ္ထအထက်တန်းကျောင်း ဖြစ်သည်။ မိမိ၏ မှတ်ဉာဏ်များအရ ဤကျောင်းအကြောင်း သိထားပြီးဖြစ်သော်လည်း ရောက်ရှိလာချိန်တွင် ကျောင်း၏ ကြီးမားကျယ်ဝန်းမှုကြောင့် အံ့အားသင့်သွားရပြန်သည်။

ဤနေရာသည် အထက်တန်းကျောင်းတစ်ခုနှင့်မတူဘဲ ဧက တစ်ထောင်ကျော် ကျယ်ဝန်းသည့် တက္ကသိုလ်တစ်ခုနှင့် ပို၍တူလှသည်။ သို့သော်လည်း သူသိထားသလောက်တော့ ဤကျောင်းတွင် အတန်းသုံးတန်း စုစုပေါင်းမှ ကျောင်းသား အရေအတွက် သုံးထောင်ဝန်းကျင်သာ ရှိပြီး တစ်နှစ်လျှင် ကျောင်းသား တစ်ထောင်ခန့်သာ ရှိသည်။

ကျန်းဟန်သည် တိတ်ဆိတ်စွာဖြင့် ကျောင်းထဲသို့ လျှောက်ဝင်လာခဲ့လိုက်သည်။ လူနည်းပါးလှသဖြင့် သာမန်ကျောင်းများကဲ့သို့ တိုးဝှေ့ပွတ်တိုက်နေရခြင်းမျိုး လုံးဝမရှိချေ။

သူ၏မှတ်ဉာဏ်ထဲက လမ်းကြောင်းအတိုင်း လျှောက်လာခဲ့ရာ မကြာမီ သူ၏စာသင်ခန်းသို့ ရောက်ရှိလာခဲ့သည်။ တတိယနှစ်တွင် အတန်းပေါင်း နှစ်ဆယ်ရှိပြီး သူကမူ အတန်း ၅ တွင် ဖြစ်သည်။ ဤသည်မှာ သူ စာတော်၍ မဟုတ်ပေ။ အတန်း ၅ မှ အတန်း ၂၀ အထိမှာ အရည်အချင်း တူညီကြသော သာမန်အတန်းများသာ ဖြစ်ကြသည်။

ထူးချွန်အတန်းများမှာ ရှေ့ဆုံးမှ အတန်း လေးတန်းဖြစ်သည့် အတန်း (၁)၊ (၂)၊ (၃) နှင့် (၄) တို့သာ ဖြစ်ကြသည်။

ကျန်းဟန်၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ စာမေးပွဲရလဒ်မှာမူ တစ်ကျောင်းလုံးတွင် အဆင့် ရှစ်ရာဝန်းကျင်၌သာ အမြဲတစေ ဝဲလည်နေခဲ့သဖြင့် အညံ့ဆုံးကျောင်းသားများထဲတွင် ပါဝင်နေခဲ့သည်။

ထို့အတူပင် ထိုသူသည် အလွန်အမင်း စကားနည်းပြီး တစ်ကိုယ်တည်း နေတတ်သူဖြစ်ကာ အခြားသူများနှင့် လုံးဝ ဆက်သွယ်ပြောဆိုခြင်း မရှိခဲ့ချေ။ ဆရာ၊ ဆရာမများက လှမ်းခေါ်လျှင်ပင် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာသာ နေတတ်သည်။

ဤကဲ့သို့သော ပြင်းထန်သည့် စရိုက်လက္ခဏာ ချို့ယွင်းချက်ကြောင့် သူသည် သူငယ်ချင်း မရှိရုံတင်မကဘဲ အတန်းထဲတွင်လည်း မည်သူကမျှ သတိမထားမိသော လူတစ်ယောက် ဖြစ်နေခဲ့ရသည်။

သို့သော်လည်း မကြာသေးမီကမူ သူသည် ယခင်က မည်သူမျှ မလုပ်ဆောင်ခဲ့ဖူးသည့် ကျောက်စိမ်းတီကောင်နှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း၊ ထို့ပြင် ၎င်းကို နယ်သာမိုးကြိုးလိပ်ပြာသားလောင်းအမှတ်ဖြင့် မှားယွင်းဝယ်ယူခဲ့ခြင်းတို့ကြောင့် ကျောင်းတွင် တော်တော်လေး လူသိများရေပန်းစားလာခဲ့သည်။

စာသင်ခန်းသို့ လျှောက်လာသည့် လမ်းတစ်လျှောက်တွင် သူသည် ထူးဆန်းသော အကြည့်များကို မကြာခဏ ခံစားခဲ့ရသည်။ သူ စာသင်ခန်းထဲသို့ ပြန်လည်ရောက်ရှိလာချိန်တွင် အတန်းဖော်များသည် သူ ကျောင်းတကယ် ပြန်လာတက်သည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြပုံရသည်။

သူတို့သည် ကျန်းဟန်တစ်ယောက် ကျောင်းပြန်လာတက်တော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း သူ့ကို မည်သူကမျှ လှမ်း၍ နှုတ်ဆက်ခြင်းမရှိသလို လှောင်ပြောင်သရော်ခြင်းလည်း မပြုကြချေ။ အဆုံးတွင် သူတို့အားလုံးမှာ အတန်းဖော်များ ဖြစ်ကြသဖြင့် လှောင်ပြောင်ချင်လျှင်ပင် စိတ်ကိုထိန်းချုပ်ကာ မျက်နှာချင်းဆိုင်တွင်မူ ထုတ်ဖော်မပြောရဲကြချေ။

ကျန်းဟန်သည် နံရံဘေးရှိ နောက်ဆုံးတန်းမှ သူ၏ထိုင်ခုံနေရာသို့ လျှောက်သွားလိုက်၏။ သူ၏ ဘေးချင်းကပ် စားပွဲဖော်မှာ ကျောက်နံရံကြီးတစ်ခုသာ ဖြစ်သည်။

သူသည် ထိုင်ချလိုက်ပြီးနောက် စာသင်ချိန်စတင်မည်ကို စောင့်ဆိုင်းရင်း စာအုပ်ကို စတင်ဖတ်ရှုနေခဲ့သည်။ ယနေ့တွင် ဆရာမက တရားထိုင်ခြင်းအတတ်ပညာ ကို သင်ကြားပြသမည့်အပေါ် သူ အလွန်ပင် မျှော်လင့်စောင့်စားနေမိသည်။

“အားလုံး လူစုံပြီလား။”

မနက်ခင်း ကိုယ်ပိုင်စာကြည့်ချိန် စတင်သည်နှင့် အတန်းပိုင်ဆရာမ ဝမ်ယိသည် စာသင်ခန်းထဲသို့ ခပ်သွက်သွက် လှမ်းဝင်လာ၏။ သူမသည် ကျန်းဟန်၏ ထိုင်ခုံနေရာကို အထူးတလည် လှမ်းကြည့်လိုက်ပြီး သူ ရှိနေသည်ကို မြင်တွေ့ရသောအခါမှသာ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။

သူမသည် ကျန်းဟန်ကို အထူးတလည် ဂရုစိုက်နေခြင်းမျိုး မဟုတ်ဘဲ သူ တစ်ခုခု မိုက်မဲတာလုပ်မိပြီး ပြဿနာတက်လာပါက ဖြေရှင်းရခက်မည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။

“အားလုံး စုံပါတယ် ဆရာမ။”

မျက်နှာဝိုင်းဝိုင်းလေးနှင့် အတန်းခေါင်းဆောင် မိန်းကလေး ချန်းးလန်က မော့ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ အားလုံးပဲ စာကို ကြိုးကြိုးစားစား ဖတ်ကြပါ။ မင်းတို့ရဲ့ စိတ်အေးချမ်းခြင်း ပြဋ္ဌာန်းစာအုပ်ထဲက အခြေခံတရားထိုင်ခြင်းနည်းလမ်းကို စိတ်ထဲမှာ အလွတ်ရအောင် မှတ်ထားကြ။ စာသင်ချိန်ကျရင် ငါ လိုက်ပြီးစစ်ဆေးမယ်။”

ထိုသို့ ပြောကြားပြီးနောက် ဆရာမ ဝမ်ယိသည် စာသင်ခန်းထဲတွင် လှည့်ပတ်ကြည့်ရှုနေလိုက်၏။ သူမသည် အလွန်နုပျိုပုံရပြီး အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိဦးမည် ဖြစ်ကာ အသားဖြူဖြူ၊ ရုပ်ရည်ချောမောလှပပြီး ခြေတံရှည်များ ရှိသဖြင့် ကျောင်းသားများအကြားတွင် အလွန်ပင် ရေပန်းစားသူ ဖြစ်သည်။

မနက်ခင်း ကိုယ်ပိုင်စာကြည့်ချိန်မှာ လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။ ပထမဆုံး စာသင်ချိန်မှာ စိတ်အေးချမ်းခြင်း ဘာသာရပ်သင်ခန်းစာ ဖြစ်ပြီး ၎င်းကိုလည်း သူတို့၏ အတန်းပိုင်ဆရာမ ဝမ်ယီကပင် သင်ကြားပြသမည် ဖြစ်လေသည်။

All Chapters