← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

“ကောင်းပြီ... ဒီနေ့မနက်ရဲ့ ပထမဆုံး စာသင်ချိန်နှစ်ချိန်က စိတ်အေးချမ်းခြင်းအတန်းတွေပဲ။ စာအုပ်တွေ မထုတ်ခင်မှာ လူတိုင်း တရားထိုင်ခြင်းအတတ်ပညာကို အလွတ်ရွတ်ဆိုနိုင်ခြင်း ရှိ၊ မရှိ အရင်ဆုံး လိုက်လံစစ်ဆေးမယ်။”

စာသင်ခေါင်းလောင်း မြည်သည်နှင့်တစ်ပြိုင်နက် ဆရာမ ဝမ်ယိသည် စာသင်ခန်းထဲသို့ လှမ်းဝင်လာခဲ့သည်။

စာမေးတော့မည်ဆိုလျှင် ကျောင်းသားတိုင်း ရင်တထိတ်ထိတ် ဖြစ်ရစမြဲပင်။ တရားထိုင်ခြင်းအတတ်ပညာသည် စာလုံးရေ သုံးရာခန့်သာရှိသဖြင့် သိပ်မရှည်လျားသော်လည်း ၎င်းကို အလွတ်ရွတ်ဆိုရသည့် ခက်ခဲမှုမှာ ရှေးဟောင်းတရုတ်စာပေများကို ရွတ်ဆိုရသကဲ့သို့ပင် လက်ပေါက်ကတ်လှပေသည်။

ကျန်းဟန်ကမူ သိပ်ပြီး စိုးရိမ်ပူပန်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဆရာ၊ ဆရာမများသည် သူကဲ့သို့သော စာညံ့သည့်ကျောင်းသားကို လှမ်း၍ စစ်ဆေးလေ့မရှိသောကြောင့် ဖြစ်သည်။

“ကျန်းချင်းယွမ်... မင်း ရှေ့ကို လာခဲ့။”

ထင်သည့်အတိုင်းပင် လှမ်းခေါ်ခံရသူများမှာ စာပေအရည်အချင်း အသင့်အတင့်ရှိသော ကျောင်းသားများသာ ဖြစ်ကြသည်။

သားရဲထိန်းချုပ်သူများ ဖြစ်ကြသည့်အလျောက် လူတိုင်း၏ မှတ်ဉာဏ်စွမ်းအားမှာ တော်တော်လေး ကောင်းမွန်ကြသဖြင့် ဆရာမ ဝမ်ယီ လှမ်း၍စစ်ဆေးလိုက်သော ကျောင်းသားအနည်းငယ်မှာ အလွတ်ရွတ်ဆိုခြင်းကို အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ကြသည်။

“ကောင်းပြီ... ဒါဆို အခု သင်ခန်းစာကို စတင်မယ်။ စိတ်အေးချမ်းခြင်းကို မလေ့ကျင့်ခင်မှာ တရားထိုင်ခြင်းအတတ်ပညာရဲ့ အခြေခံအဓိပ္ပာယ်နဲ့ ဒါတွေ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကို ဦးစွာ နားလည်ထားဖို့ လိုအပ်တယ်။”

ဆရာမ ဝမ်ယီက အနည်းငယ် အနားယူပြီးနောက် ဆက်ပြောလိုက်သည်။

“မင်းတို့အားလုံး ပြဋ္ဌာန်းစာအုပ်ထဲက အမှာစာကို ဖတ်ပြီးလောက်ပြီလို့ ငါ ထင်တယ်။ ဒါပေါ့... ကနဦး တရားမှတ်ခြင်းအတတ်ပညာကို သားရဲတွေဆီကနေ သင်ယူခဲ့ကြတာပဲ။”

“ငါတို့ လူသားတွေက ဝိညာဉ်စွမ်းအားကို တိုက်ရိုက် မစုပ်ယူနိုင်ကြပေမဲ့ ငါတို့ရဲ့ စိတ်စွမ်းအားကတော့ တက်ကြွလှုပ်ရှားနေတယ်။ လူသားမျိုးနွယ်ရဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တွေဟာ စိတ်စွမ်းအားကို ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် သားရဲတွေရဲ့ အသက်ရှူသွင်းရှူထုတ်ပုံစံတွေကို အကျဉ်းချုပ်လေ့လာပြီး ဖော်ထုတ်ခဲ့ကြတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် သိပ္ပံနည်းကျ သုတေသနပြုလုပ်ခဲ့ပြီးမှသာ လက်ရှိ ငါတို့အသုံးပြုနေတဲ့ စိတ်အေးချမ်းခြင်း ကျင့်စဉ်ကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်တယ်။

ဒါကြောင့်မလို့ မင်းတို့ စိတ်အေးချမ်းခြင်းကို သင်ယူတဲ့အခါမှာ မင်းတို့ရဲ့ ကိုယ်ပိုင်သားရဲတွေရဲ့ အသက်ရှူသွင်းရှူထုတ်ပုံတွေကို ပိုပြီးတော့ အကဲခတ်လေ့လာပေးလို့ရတယ်။ ဒါက ငါတို့အတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။”

...

တရားထိုင်ခြင်းအတတ်ပညာ၏ မြစ်ဖျားခံရာကို မိတ်ဆက်ပေးပြီးနောက် ဆရာမ ဝမ်ယီသည် ၎င်း၏ အဓိကသော့ချက်များနှင့် အဓိပ္ပာယ်များကို တစ်ခုချင်းစီ စတင်ရှင်းလင်းပြသတော့သည်။

ကျန်းဟန်သည် စာအုပ်ကို ဖတ်ရှုရင်း ဆရာမ၏ သင်ကြားပြသမှုကို နားထောင်ခဲ့ရာ မကြာမီမှာပင် တရားထိုင်ခြင်းအတတ်ပညာ၏ အခြေခံအုတ်မြစ်ကို နားလည်သဘောပေါက်သွားခဲ့သည်။

အဓိကသော့ချက်မှာ စိတ်ကို တည်ငြိမ်အေးချမ်းအောင် ထားရှိရန်၊ မိမိစိတ်ထဲတွင် သက်ဆိုင်ရာအရာများကို ကြိုတင်၍ ပုံဖော်ကြည့်ရန်နှင့် စိတ်စွမ်းအားကို အသုံးပြု၍ စက်ဝိုင်းပုံစံ လည်ပတ်မှုလမ်းကြောင်းတစ်ခုကို စိတ်ကူးပုံဖော်ကာ တစ်ချိန်တည်းတွင် မိမိ၏ အသက်ရှူနှုန်းကိုလည်း ၎င်းနှင့် ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်သည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် ထိုစက်ဝိုင်းပုံစံ လည်ပတ်မှုအတွင်း မိမိ၏ စိတ်စွမ်းအားကို တဖြည်းဖြည်းနှင့် ပိုမိုသန်မာလာစေနိုင်ပြီး မိမိ စိတ်ကူးပုံဖော်နေသည့် အာရုံခံစားမှုများကို တဖြည်းဖြည်းချင်း တိုးတက်ပွင့်လန်းလာစေမည် ဖြစ်သည်။

ဤအာရုံခံစားမှုများ မြင့်မားလာခြင်းသည် နောက်ဆုံးတွင် စိတ်စွမ်းအားအသစ်များ မွေးဖွားသန့်စင်လာမှုကို လှုံ့ဆော်ပေးလိမ့်မည်ဖြစ်ရာ ၎င်းမှတစ်ဆင့် မိမိ၏ စိတ်ဝိညာဉ်ကို သန်မာလာစေမည် ဖြစ်သည်။ သန်မာလာသော စိတ်ဝိညာဉ်က အာရုံခံစားမှုများကို ပိုမိုအားကောင်းစေပြန်ကာ ဤသံသရာလည်ပတ်မှုကို အကြိမ်ကြိမ် အထပ်ထပ် ပြန်လည်လုပ်ဆောင်ရခြင်း ဖြစ်သည်။

ကျန်းဟန်တွင် မိဘဘိုးဘွားဟူ၍ မရှိသဖြင့် တရားထိုင်ခြင်းအတတ်ပညာနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သည်။ အတန်းထဲရှိ အခြားကျောင်းသားအချို့မှာမူ သူတို့၏မိဘများက ကြိုတင်ရှင်းလင်းပြသဖူးကြပြီး အချို့မှာ စိတ်အေးချမ်းခြင်းကို ကြိုတင်၍ပင် စမ်းသပ်လေ့ကျင့်ဖူးကြသည်။

“ကလင်လင်...”

ဆက်တိုက်မြည်လာသော ခေါင်းလောင်းသံနှင့်အတူ ပထမစာသင်ချိန်မှာ ပြီးဆုံးသွားခဲ့သည်။

“ကောင်းပြီ ကျောင်းသားတို့ရေ... ခဏလောက် အနားယူလိုက်ကြပါဦး။ နောက်စာသင်ချိန်ကျရင် ငါတို့ စိတ်အေးချမ်းခြင်းကို စတင်ပြီး လက်တွေ့စမ်းသပ် လေ့ကျင့်ကြမယ်။”

ဆရာမ ဝမ်ယီသည် စာသင်ချိန်ကို ဘယ်သောအခါမျှ အချိန်ဆွဲလေ့မရှိချေ။ ခေါင်းလောင်းသံကို ကြားသည်နှင့် သူမသည် မြေဖြူခဲကို ချလိုက်ပြီး ချိုသာသော အပြုံးတစ်ခုကို ပြသလျက် စာသင်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

သူမသည် ပထမစာသင်ချိန်တွင် တရားထိုင်ခြင်းအတတ်ပညာ၏ အဓိကသော့ချက်များနှင့် အခြေခံအဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှင်းလင်းပြသခဲ့ပြီး ဖြစ်သဖြင့် ဒုတိယစာသင်ချိန်မှာ လက်တွေ့ စိတ်အေးချမ်းခြင်းကျင့်စဉ်ကို စတင်ရန်အတွက် ဖြစ်သည်။

“အားလုံးပဲ စိတ်အေးချမ်းခြင်းကို စမ်းလုပ်ဖူးကြလား။ အခြေခံအဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားတဲ့သူကော ရှိလား။”

အတန်းခေါင်းဆောင် ချန်းလန်က အားလုံးကို လှည့်ကြည့်ကာ မေးလိုက်သည်။

“မလုပ်ဖူးဘူး...။ အဲ့ဒါက အရမ်းခက်လွန်းတယ် အတန်းခေါင်းဆောင်ရဲ့။ ငါ့မိဘတွေက ငါ့ကို အကြိမ်ကြိမ် သင်ပေးဖူးပေမဲ့ အခြေခံအဆင့်ကိုတောင် မရောက်နိုင်ခဲ့ဘူး။ သူတို့က ငါ့ရဲ့ နားလည်သဘောပေါက်မှုစွမ်းရည်က ညံ့လွန်းတယ်လို့ ပြောကြတယ်။ ဒါက တကယ်ကို ခက်ခဲလွန်းပါတယ်။”

အရပ်ရှည်ရှည်နှင့် အားကစားမှူး လျူရှန်းက လက်နှစ်ဖက်ကို ဖြန့်ပြရင်း ပြောလိုက်သည်။

“ငါလည်း တူတူပဲ။ အရင်က အကြိမ်ကြိမ် စမ်းသပ်ဖူးပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ဆရာမရဲ့ ရှင်းပြတာကို နားထောင်ပြီးတဲ့နောက်မှာတော့ ငါ့ကိုယ်ငါ နည်းနည်းတော့ ယုံကြည်မှုရှိလာပြီ။”

ဆံပင်ရှည် ခါးအထိကျနေသော အတန်းကိုယ်စားလှယ် လီဇီဝေက ညင်သာစွာ ပြောလိုက်သည်။

“ဟုတ်တယ်။ ဆရာမ ရှင်းပြသွားတာ တော်တော်လေး ရှင်းလင်းပြတ်သားတယ်လို့ ခံစားရတယ်။ ငါတို့တွေ မြန်မြန်ဆန်ဆန် သင်ယူနိုင်ကြမှာပါ။”

“အတန်းခေါင်းဆောင်... မင်းက စိတ်အေးချမ်းခြင်းရဲ့ အခြေခံအဆင့်ကို ရောက်နှင့်နေပြီ မဟုတ်လား။”

တစ်ယောက်က အတန်းခေါင်းဆောင် ချန်းးလန်ကို ကြည့်ကာ လှမ်းမေးလိုက်သည်။

“အဟင်း... နည်းနည်းတော့ လိုသေးပါတယ်။ ဒါပေမဲ့ ပြဿနာမရှိတော့ပါဘူး။ နောက်စာသင်ချိန်ကျရင် ဆရာမက လမ်းညွှန်ပြသပေးမှာဆိုတော့ ငါ အခြေခံအဆင့်ကို ရောက်နိုင်လိမ့်မယ်။”

အတန်းခေါင်းဆောင် ချန်းလန်က ရယ်မောလိုက်သည်။ သူမက ဆံပင်ကို နားရွက်နားအထိ တိုတိုလေး ညှပ်ထားပြီး ရယ်လိုက်သည့်အခါ ချစ်စရာကောင်းသော သွားစွယ်လေးနှစ်ချောင်းပင် ပေါ်လာတတ်သည်။

“အရမ်း တော်တာပဲ။ ဒါဆိုရင် အတန်းခေါင်းဆောင်က ငါတို့အတန်းထဲမှာ စိတ်အေးချမ်းခြင်း အခြေခံအဆင့်ကို ပထမဦးဆုံး ရောက်တဲ့သူ ထပ်ဖြစ်ဦးမှာ သေချာတယ်။”

“ဟဲဟဲ... ဒါက ဘာမှမဟုတ်ပါဘူး။ ဟိုဘက်က ထူးချွန်အတန်းထဲမှာဆိုရင် မျက်လုံးပုံဖော်ခြင်းကို ပြီးမြောက်အောင်မြင်သွားပြီး အခြေခံအဆင့် သားရဲထိန်းချုပ်သူ ဖြစ်နေကြတဲ့ ဆရာကြီးတွေ ရှိနေပြီလို့ ကြားတယ်။ နွေရာသီကျောင်းပိတ်ရက်ကတည်းက စိတ်အေးချမ်းခြင်း အခြေခံအဆင့်ကို ရောက်ရှိသွားတဲ့သူတွေလည်း အများကြီးပဲတဲ့။”

အတန်းခေါင်းဆောင် ချန်းးလန်က နဖူးပေါ်က ဆံစလေးများကို သပ်တင်ရင်း နှိမ့်ချစွာ ပြောလိုက်သည်။ သို့သော်လည်း သူမသည် အတန်းထဲတွင် စိတ်အေးချမ်းခြင်း အခြေခံအဆင့်သို့ ပထမဆုံး ရောက်ရှိမည့်သူဖြစ်ရန် ပြဿနာမရှိကြောင်း ခံစားမိနေသဖြင့် စိတ်ထဲတွင်မူ အလွန်ပင် ပျော်ရွှင်နေမိသည်။

ဤကဲ့သို့သော ဆွေးနွေးမှုမျိုးမှာ စာပေထူးချွန်သည့် ထိပ်တန်းကျောင်းသားကြီးများ၏ သီးသန့်အခွင့်အရေးသာ ဖြစ်သည်။ ကျန်းဟန်ကဲ့သို့သော စာညံ့သည့်ကျောင်းသားများမှာမူ ဘေးမှနေ၍ အားကျအတုယူရန်သာ သင့်တော်ပြီး ဝင်ရောက်ပြောဆိုခွင့် လုံးဝမရှိချေ။

ကျန်းဟန်ကမူ စာအုပ်ကို ငုံ့ကြည့်ကာ ဗဟုသုတများကိုသာ အသည်းအသန် အလွတ်ကျက်မှတ်နေပြီး ထိုဆွေးနွေးမှုများကို စိတ်ဝင်စားခြင်း မရှိချေ။

အဓိကအားဖြင့် စာအုပ်ထဲတွင် ပါဝင်သော အမျိုးမျိုးသော ဆန်းကြယ်ထူးဆန်းသည့် အရာများက သူ့ကို အွန်လိုင်းဝတ္ထုတစ်ပုဒ် ဖတ်နေရသကဲ့သို့ ခံစားရစေသဖြင့် ဖတ်ရသည်မှာ လုံးဝ မရပ်နားနိုင်အောင် ဖြစ်နေသောကြောင့်ပင်။

မကြာမီ စာသင်ချိန်သို့ ရောက်ရှိလာခဲ့သည်။ ဆရာမ ဝမ်ယိသည် ပွပွရောင်းရောင်း အနက်ရောင် အားကစားဝတ်စုံကို ဝတ်ဆင်လျက် စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။

“ကောင်းပြီ... ဒီနေ့အတန်းမှာ စိတ်အေးချမ်းခြင်းကို စပြီးသင်ကြားပေးမယ်။ အားလုံးပဲ ငါ့နောက်ကို လိုက်ခဲ့ကြပါ။ ငါတို့ စိတ်အေးချမ်းခြင်းအခန်းကို သွားကြမယ်။”

ဆရာမ ဝမ်ယိက ထိုသို့ပြောလိုက်ရာ ကျောင်းသားအားလုံး ထိုင်ခုံမှထရပ်လိုက်ကြပြီး သူမနှင့်အတူ သီးသန့်စီစဉ်ထားသော စိတ်အေးချမ်းခြင်းအခန်းသို့ လိုက်ပါသွားကြသည်။

စိတ်အေးချမ်းခြင်းအခန်းမှာ အလွန်ပင် တိတ်ဆိတ်လှပြီး ပတ်ပတ်လည်ရှိ နံရံများကို စိတ်အေးချမ်းတည်ငြိမ်စေရန် အထောက်အကူပြုသော ပစ္စည်းများဖြင့် ဖုံးအုပ်ထားသည်။ ဆရာမသည် တရားထိုင်ခြင်းအတွက် အသုံးပြုသည့် သီးသန့်စိတ်ငြိမ်အမွှေးတိုင်ကိုလည်း ထွန်းညှိထားသည်။

“အားလုံးပဲ ဖျာပေါ်မှာ တင်ပလ္လင်ခွေထိုင်လိုက်ကြပါ။ ပြီးတော့ ငါ့ရဲ့ အသက်ရှူနှုန်း ဟန်ချက်နဲ့ ရှင်းပြချက်တွေအတိုင်း မင်းတို့ရဲ့ အသက်ရှူခြင်းကို ဖြည်းဖြည်းချင်း ညှိနှိုင်းဆောင်ရွက်သွားပါ။”

ဆရာမ ဝမ်ယီသည် ဖျာတစ်ချပ်ပေါ်တွင် ထိုင်ကာ မျက်လုံးများကို မှိတ်လျက် ညင်သာစွာ ပြောလိုက်သည်။

မကြာမီ စာသင်ခန်းတစ်ခုလုံးမှာ အသက်ရှူသံများကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ စိတ်ငြိမ်အမွှေးတိုင်၏ ရနံ့သည် လေထုထဲတွင် ပျံ့လွင့်နေပြီး လူတိုင်း၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှာ တည်ငြိမ်အေးချမ်းသွားတော့သည်။

ထို့နောက်တွင်မူ ဆရာမ ဝမ်ယီသည် သူမ၏ ကိုယ်ပိုင် ပုံဖော်ခြင်းကို ဦးစွာ စတင်လိုက်သည်။ ဆရာမတစ်ဦးအနေဖြင့် ဆရာမ ဝမ်ယီသည် အဆင့် ၅ ဘွဲ့ရ အဆင့်သို့ ရောက်ရှိထားပြီးဖြစ်ရာ သူမ၏ အာရုံငါးပါးလုံး ပွင့်လင်းနေခဲ့ပြီး သာမန်လူများထက် များစွာ သာလွန်လှပေသည်။

ထို့အပြင် သူမအသုံးပြုသော တရားထိုင်ခြင်းအတတ်ပညာသည် ပညာရေးဌာနမှ သင်ကြားပေးထားသည့် သီးသန့်နည်းလမ်းတစ်ခု ဖြစ်ပြီး စိတ်အေးချမ်းခြင်း လေ့ကျင့်နေစဉ်အတွင်း အခြားသူများ တရားထိုင်ရာတွင် လမ်းညွှန်ပေးနိုင်ရန်အတွက် မိမိ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်အရှိန်အဝါကို ထုတ်လွှင့်ပေးနိုင်စွမ်း ရှိသည်။

ဤသည်မှာလည်း ကျောင်းက ကျောင်းသားများကို တရားထိုင်ခြင်းအတတ်ပညာ သင်ကြားပေးရာ၌ အောင်မြင်မှုနှုန်း အလွန်မြင့်မားရခြင်း၏ အကြောင်းရင်း ဖြစ်သည်။

ဆရာမ ဝမ်ယီ၏ တိုးညှင်းသော ဂါထာရွတ်ဆိုသံနှင့်အတူ ထူးခြားသော လှိုင်းတွန့်တုန်ခါမှုတစ်ခုသည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး စာသင်ခန်းတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ကျန်းဟန်နှင့် အခြားသူများသည် တရားထိုင်ခြင်းနည်းလမ်း၏ ပုံသေနည်းအတိုင်း မိမိတို့၏ အသက်ရှူခြင်းကို ချိန်ညှိလိုက်ကြပြီး တစ်ချိန်တည်းမှာပင် မိမိတို့၏ စိတ်ကူးထဲ၌ မျက်လုံးများကို ပုံဖော်ကြည့်နိုင်ရန်အတွက် စိတ်စွမ်းအားကို စတင်လှုံ့ဆော်လိုက်ကြသည်။

လည်ပတ်မှုလမ်းကြောင်း စက်ဝိုင်းတစ်ခုလုံးကို အပြည့်အဝ ပြီးမြောက်အောင်မြင်သွားရုံမျှဖြင့် ကနဦး အခြေခံအဆင့်သို့ ရောက်ရှိသွားပြီဟု သတ်မှတ်နိုင်သည်။

ဆရာမ ဝမ်ယီ၏ လမ်းညွှန်မှုအောက်တွင် ကျန်းဟန်၏ အသက်ရှူနှုန်းမှာ လျင်မြန်စွာပင် ဟန်ချက်ညီသွားခဲ့သည်။ သူသည် ဆရာမ ဝမ်ယီ၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါရန် စိတ်ထဲတွင် စိတ်စွမ်းအားကို စတင်လှုံ့ဆော်လိုက်တော့သည်။

ကျန်းဟန်သည် မိမိစိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ အနက်ရောင်ရေစီးကြောင်းတစ်ခု စီးဆင်းအုံ့မှိုင်းလာသကဲ့သို့ ခံစားလိုက်ရပြီး ၎င်းသည် သွေးကြောမှတ် တစ်ခုပြီးတစ်ခုကို လျင်မြန်စွာ ဖြတ်သန်းကာ နောက်ဆုံးတွင် သူ၏မျက်လုံးများထဲသို့ စီးဝင်သွားခဲ့သည်။ ထူးဆန်းပြီး အေးမြသော ခံစားမှုတစ်ခုသည် သူ၏မျက်လုံးများပေါ်၌ စုစည်းလာခဲ့သည်။

သူ အသက်သွင်းရန် ကြိုးစားနေသည့် အခြေခံတရားထိုင်ခြင်းနည်းလမ်း ပုံသေနည်း၏ ထိန်းချုပ်မှုအောက်တွင် ထိုရေစီးကြောင်းသည် သူ၏မျက်လုံးများထဲ၌ ခဏတာ လှည့်ပတ်ကာ အသွင်ပြောင်းလဲသွားပြီးနောက် ပြန်လည်စီးထွက်သွားခဲ့ပြီး သွေးကြောမှတ်အသစ်များကို ဖြတ်သန်းလျက် နောက်ဆုံးတွင် သူ၏ စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးနေရာသို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။

“ဒါပဲလား။”

ကျန်းဟန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။ သူ အခြေခံအဆင့်သို့ ရောက်ရှိသွားပုံမှာ နည်းနည်းတော့ မြန်လွန်းနေသကဲ့သို့ ခံစားရပေသည်။

၎င်းအပြင် စာအုပ်ထဲတွင် ဖော်ပြထားပုံအရ သားရဲထိန်းချုပ်သူအသစ် ဖြစ်လာသူတစ်ဦး လှုံ့ဆော်နိုင်သော စိတ်စွမ်းအားမှာ လက်ချောင်းတစ်ချောင်းစာခန့်သာ ထုထည်ရှိပြီး သွေးကြောမှတ်တစ်ခုစီကို ဖြတ်သန်းသည့်အခါ စွမ်းအင်အမြောက်အမြား ကုန်ဆုံးသွားတတ်သဖြင့် နောက်ဆုံးတွင် လည်ပတ်မှုစက်ဝိုင်း ပြည့်မြောက်ရန် အလွန်ခက်ခဲသည်ဟု ဆိုထားသည်။

သို့သော်လည်း သူ လှုံ့ဆော်လိုက်သော စိတ်စွမ်းအားမှာမူ စမ်းချောင်းလေးတစ်ခုကဲ့သို့ အလွန်ပင် ပေါကြွယ်ဝလှပြီး စီးဆင်းနေစဉ်အတွင်း စွမ်းအင်ကုန်ဆုံးမှုမှာလည်း လုံးဝ လျစ်လျူရှုထားနိုင်လောက်အောင် နည်းပါးလှပေသည်။

“ဒါက ငါက အနှစ်သာရအားဖြင့် စိတ်ဝိညာဉ်နှစ်ခု ပေါင်းစပ်ထားလို့များလား။”

ကျန်းဟန် မိမိကိုယ်ကိုယ် တွေးတောလိုက်မိပြီး ထိုသို့ဖြစ်နိုင်ခြေ အလွန်များကြောင်း ခံစားလိုက်ရသည်။ မူလခန္ဓာပိုင်ရှင်၏ သားရဲထိန်းချုပ်ခြင်းပါရမီမှာ မူလကတည်းက မညံ့လှသဖြင့် သူ၏ စိတ်စွမ်းအားမှာ မနည်းလှပေ။ သူ၏ ကိုယ်ပိုင်သားရဲထိန်းချုပ်ခြင်းပါရမီကမူ ပို၍ပင် အစွမ်းထက်လှရာ ၎င်းမှာ သူ၏ စိတ်ဝိညာဉ်က ပိုမိုသန်မာသည်ဟု အဓိပ္ပာယ်ရသည်။

ထိုနှစ်ခု ပေါင်းစပ်သွားသည့်အခါတွင်မူ သာမန်လူများထက် များစွာ ပိုမိုသာလွန်သွားခြင်း ဖြစ်နိုင်သည်။

မကြာမီ သူသည် အတွေးမများတော့ဘဲ ဒုတိယအကြိမ်မြောက် လည်ပတ်မှုကို တိတ်ဆိတ်စွာ စတင်လိုက်သည်။ ပုံသေနည်း လည်ပတ်သည့် အကြိမ်တိုင်းတွင် သူ၏မျက်လုံးများ ပြောင်းလဲလာပြီး သူ၏စိတ်မှာလည်း ဟာလာဟင်းလင်းဖြစ်ကာ ကြည်လင်ပြတ်သားလာသည်ကို ခံစားနေရသည်။

ယခုအချိန်တွင် အခြေခံအဆင့်သာ ရှိသေးသည်။ အမှန်တကယ် ရင့်ကျက်ကျွမ်းကျင်သည့်အဆင့်သို့ ရောက်ရှိရန်အတွက်မူ ပုံမှန်အသက်ရှူသကဲ့သို့ပင် မိမိ၏ ထိန်းချုပ်မှုမလိုဘဲ အလိုအလျောက် လွတ်လပ်စွာ လည်ပတ်နိုင်ရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် လက်ဖြင့်ထိန်းချုပ်သည့်စနစ်မှ အလိုအလျောက်စနစ်သို့ ပြောင်းလဲရမည် ဖြစ်သည်။

“ကောင်းပြီ... အားလုံးပဲ ရပ်လိုက်လို့ ရပါပြီ။ ဒီနေ့ လူတိုင်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ကောင်းမွန်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။”

ကျန်းဟန် တရားထိုင်ခြင်းအတတ်ပညာကို နောက်ထပ် သုံးကြိမ်ခန့် လည်ပတ်ပြီးနောက် ဆရာမ ဝမ်ယီက အားလုံးကို ရပ်နားရန် ပြောလိုက်သည်။

“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ။ ဆရာမရဲ့ လမ်းညွှန်မှုအောက်မှာ ကျွန်မ နောက်ဆုံးတော့ လည်ပတ်မှုစက်ဝိုင်းတစ်ခုကို ပြီးမြောက်သွားပါပြီ။”

အတန်းခေါင်းဆောင် ချန်းလန်သည် သူမ၏မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏မျက်နှာတွင် ပျော်ရွှင်မှုများ အတိုင်းထက်အလွန် လျှံပေါ်နေခဲ့သည်။

“ထင်တဲ့အတိုင်းပဲ...။ အတန်းခေါင်းဆောင်က ပထမ ထပ်ဖြစ်သွားပြန်ပြီ။ ဒါဆိုရင် ငါက ဒုတိယပဲ ဖြစ်နိုင်တော့မယ်။”

အတန်းကိုယ်စားလှယ် လီဇီဝေက နှမြောတသစွာဖြင့် ပြောလိုက်သည်။

“အတန်းခေါင်းဆောင်နဲ့ အတန်းကိုယ်စားလှယ်က အရမ်းတော်တာပဲ။ ငါတော့ လည်ပတ်မှု တစ်ဝက်တောင် မရောက်သေးဘူး။ အသက်ရှူဟန်ချက် ပျက်သွားတယ်။”

အားကစားမှူး လျူရှန်းက အားကျစွာဖြင့် ဥဒါန်းဟတ်လိုက်ပြီး အခြားကျောင်းသားများကလည်း ဆူညံစွာဖြင့် ဝိုင်းဝန်းပြောဆိုကြတော့သည်။ အချို့က အတန်းခေါင်းဆောင်နှင့် အခြားတစ်ယောက်ကို နည်းစနစ်များ လှမ်းမေးကြပြီး အချို့ကလည်း အားကျနှစ်သက်ကြောင်း ပြသနေကြသည်။

လူတိုင်းက ညည်းညူနေကြစဉ်မှာပင် ဆရာမ ဝမ်ယီက ခေါင်းခါလိုက်သည်။

“ဒီနေ့ရဲ့ ပထမနေရာက အတန်းခေါင်းဆောင် မဟုတ်ဘူး။ ပြီးတော့ သေချာတာက လီဇီဝေလည်း မဟုတ်ဘူး။ တခြားတစ်ယောက်ပဲ...။ ငါ့အတွက်တောင်မှ လုံးဝ မမျှော်လင့်ထားမိတဲ့ ကျောင်းသားတစ်ယောက်ပေါ့။”

“ဟင်...”

ဆရာမ ဝမ်ယိ ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် စာသင်ခန်းတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်သည်အထိ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ကျောင်းသားများသည် ဆရာမ ပြောနေသည့်သူက မည်သူဖြစ်မည်ကို စဉ်းစား၍မရကြသဖြင့် အံ့အားသင့်စွာဖြင့် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်ကြလေတော့သည်။

All Chapters