အခန်း ၉
Vol. 1 Ch. 9
အခန်း ၉
“ဆရာမ တကယ်ကြီး တခြားလူ ရှိနေသေးတာလား။”
အားကစားမှူး လျူရှန်းတစ်ယောက် အနည်းငယ် သံသယဝင်နေခဲ့လေသည်။ အကယ်၍ တစ်စုံတစ်ဦးက လည်ပတ်မှုစက်ဝိုင်းကို အရင်ဆုံး ပြီးမြောက်ခဲ့မည်ဆိုလျှင် စောစောစီးစီး ထုတ်ပြောလောက်ပြီ မဟုတ်ပါလော။ ဘာလို့ တိတ်ဆိတ် နေနေရမည်နည်း။
ထို့ပြင် သူသည် မိမိ၏ ရေ-မီး အားဖြည့်ခြင်းပါရမီက အတန်းခေါင်းဆောင် ချန်းလန် သို့မဟုတ် လီဇီဝေတို့လောက် မကောင်းသော်လည်း အတန်းထဲတွင် တတိယနေရာ ရရှိရန်အတွက်မူ လုံးဝ ပြဿနာမရှိဟု ယုံကြည်ထားသည်။ သူကိုယ်တိုင်ပင် မပြီးမြောက်သေးသည်ကို တခြားတစ်ယောက်က ပြီးမြောက်နိုင်ပါ့မည်လော။
၎င်းသည် ရေ သို့မဟုတ် မီးဓာတ်ရှိသော သားရဲတစ်ကောင် ဖြစ်နေသရွေ့ သူ၏ပါရမီစွမ်းရည်ကို အသုံးပြု၍ ထိုသားရဲ၏ စွမ်းရည်များကို မြှင့်တင်ပေးနိုင်သဖြင့် အလွန်ပင် အစွမ်းထက်သော ပါရမီတစ်ခု ဖြစ်သည်။
“ဘယ်သူများလဲ။”
အတန်းခေါင်းဆောင် ချန်းလန်က သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ကျောင်းသားများကို လိုက်လံကြည့်ရှုလိုက်သည်။ သူမ တုန်လှုပ်သွားခဲ့ရသည်။ မည်သူက သူမကို ကျော်တက်သွားရသနည်း။
“ငါ လိမ်ပြောမှာ မဟုတ်ဘူး။ ဒီကျောင်းသားက ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ လည်ပတ်မှုစက်ဝိုင်းတစ်ခုကို ပြီးမြောက်ခဲ့ရုံတင်မကဘဲ သူ့ဘာသာလည်း စက်ဝိုင်းအတော်များများကိုတောင် ထပ်မံပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သေးတယ်။”
ဆရာမ ဝမ်ယီက သူမ၏ ဖီးနစ်မျက်ဝန်းများဖြင့် နောက်ဆုံးတန်းတွင် ကြောင်အမ်းအမ်း ထိုင်နေသော ကျန်းဟန်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“အာ...။ ကျန့်ဟန်လား။ ဒါ...မဖြစ်နိုင်တာ။”
ကျန်းဟန် ဘာမှမပြောရသေးမီမှာပင် အားကစားမှူး လျူရှန်းက မယုံကြည်နိုင်လောက်အောင် ဖြစ်ပျက်နေသည့် မျက်နှာထားဖြင့် မတ်တတ်ရပ်လိုက်သည်။
“ဟုတ်တယ်...။ သူက ကျောက်စိမ်းတီကောင်နဲ့ စာချုပ်ချုပ်ထားတာလေ။ ငါတို့ထက် ဘယ်လိုလုပ် ပိုမြန်နိုင်မှာလဲ။”
အခြားသူများကလည်း ဆရာမ အမှားအယွင်း တစ်ခုခု ဖြစ်သွားခြင်း ဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်နှင့် စာချုပ်ချုပ်ဆိုထားသဖြင့် သူ၏သားရဲထံမှ တန်ပြန်စွမ်းအင်တုံ့ပြန်မှုကို လုံးဝနီးပါး ရရှိလိမ့်မည်မဟုတ်ရာ သူတို့ထက် မည်သို့ ပိုမိုမြန်ဆန်နိုင်ပါမည်နည်း။
ထိုကဲ့သို့သော လူမျိုး၏ ကျော်တက်ခြင်းကို ခံရသည်ဟူသောအချက်ကို သူတို့ စိတ်ထဲက လက်ခံရန် ခက်ခဲနေကြသည်။
“တိတ်တိတ်နေကြစမ်း။”
ဆရာမ ဝမ်ယီ၏ မျက်နှာက အေးစက်သွား၏။
“တခြားသူတွေကို အမြဲတမ်း ကိုယ့်ရဲ့ အပေါ်ယံ အမြင်ကျဉ်းကျဉ်းလေးနဲ့ အကဲမဖြတ်ကြနဲ့။”
“ကျန်းဟန်... တကယ်ကြီးလား။”
အတန်းခေါင်းဆောင် ချန်းလန်သည် ကျန်းဟန်ကို ပထမဦးဆုံးအကြိမ်အဖြစ် တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်၏။ သူမ၏ အထင်အရ ကျန်းဟန်သည် ကျောင်းပြီးသွားပါက နောက်ထပ် မည်သည့်ပတ်သက်မှုမျှ ရှိတော့မည့်သူမျိုး မဟုတ်သဖြင့် သူတို့အကြားတွင် ဆက်ဆံပြောဆိုမှုဟူ၍ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
“အာ... ဒါက... ဆရာမ မှားသွားတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် လည်ပတ်မှုစက်ဝိုင်းကို မပြီးမြောက်သေးပါဘူး။”
ကျန်းဟန်က အတန်းခေါင်းဆောင် ချန်းးလန်နှင့် ဆရာမ ဝမ်ယီတို့ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် ပျာပျာသလဲ ဖြစ်သွားသည့် အမူအရာကို ပြသလျက် ဇဝေဇဝါပုံစံဖြင့် သူ၏ခေါင်းကို ကုတ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါမှ အတန်းထဲရှိ ကျောင်းသားများ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။ ထင်သည့်အတိုင်း ဆရာမ မှားသွားခြင်း ဖြစ်သည်။ ကျန်းဟန်ကိုယ်တိုင်ပင် သူ မပြီးမြောက်သေးကြောင်း ဝန်ခံလိုက်ပြီ မဟုတ်ပါလော။
ဤအရာက သူတို့စိတ်ထဲရှိ အသာစီးရလိုသော မာနတရားကို ပြန်လည် နိုးထစေခဲ့သည်။
“ငါ ပြောသားပဲ။ ဘယ်သူ့ရဲ့ ကျော်တက်ခြင်းကိုမှ ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျန်းဟန်ဆိုရင် ပိုတောင် မဖြစ်နိုင်သေးတယ်။”
လျူရှန်းက ရယ်မောလိုက်သည်။
ဆရာမ ဝမ်ယီက လျူရှန်းကို စူးစိုက်ကြည့်လိုက်သဖြင့် ထိုကောင်လေး ချက်ချင်းပင် ပါးစပ်ပိတ်သွားရတော့သည်။ ထို့နောက် သူမက ကျန်းဟန်ကို သေသေချာချာ ထပ်မံကြည့်ရှုလိုက်ပြီး လက်ကို ဝှေ့ယမ်းပြကာ ပြောလိုက်၏။
“ဒါဆိုရင် ငါ့ရဲ့ အာရုံခံစားမှု မှားသွားတာ ထင်ပါတယ်။ တောင်းပန်ပါတယ်...။ ကောင်းပြီ။ သင်ခန်းစာကို ဆက်သွားကြရအောင်။”
အတန်းခေါင်းဆောင် ချန်းလန်နှင့် အခြားသူများသည် ကျန်းဟန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ရှေ့သို့ ပြန်လှည့်သွားကြသည်။
ကျန်းဟန်ကမူ စာဖတ်ရန်အတွက် ခေါင်းပြန်ငုံ့လိုက်သည်။ သူသည် လူပေါ်လူဇော်လုပ်ရန် မရွေးချယ်ခဲ့ပေ။ အဓိကအားဖြင့် ထင်ပေါ်ကျော်ကြားပြသခြင်းအတွက် မည်သည့်ဆုလာဘ်မျှ မရှိသလို ကျောက်စိမ်းပိုးကောင်နှင့် စာချုပ်ချုပ်ထားသော ကောင်တစ်ယောက်က ဤမျှမြန်မြန်ဆန်ဆန် မည်သို့လုပ်ဆောင်နိုင်သနည်းဟူ၍ သံသယဝင်ခြင်းကိုသာ ခံရပေလိမ့်မည်။ အတန်းငြင်းလျှင်လည်း သူ့ကို ဝိုင်းအုံကာ မေးခွန်းထုတ်ကြမည်ဖြစ်ရာ ပြဿနာပေါင်းများစွာ ဆက်တိုက်ဖြစ်လာနိုင်ပေသည်။
အကယ်၍ ငွေရမည်ဆိုလျှင်တော့ တစ်မျိုးပေါ့။ ငွေလည်းမရဘဲ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင် လုပ်နေရမည်နည်း။
သူ့ကဲ့သို့ မည်သည့်နောက်ခံအင်အားမျှမရှိသော လူတစ်ယောက်အဖို့ အားနည်းနေစဉ်အချိန်တွင် လူမသိသူမသိ တိတ်တဆိတ်နေခြင်းကသာ အကောင်းဆုံး ဖြစ်သည်။ နှစ်စဉ် ဤကဲ့သို့သော အချိန်မျိုးတွင် အရပ်သား ပါရမီရှင်လူငယ်များသည် တောရိုင်းမြေရိုင်းရှိ မကောင်းဆိုးဝါးအဖွဲ့အစည်းများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရသည်ဟူသော သတင်းများကို ကြားနေရသဖြင့် သူသည် ထိုလူများထဲက တစ်ယောက် မဖြစ်ချင်ပေ။
စိတ်အေးချမ်းခြင်း အတန်းမှာ လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့ပြီး ကျန်းဟန်သည်လည်း တရားထိုင်ခြင်းအတတ်ပညာကို ကနဦး ကျွမ်းကျင်သွားခဲ့ကာ ချောမွေ့စွာ လည်ပတ်နိုင်ခဲ့ပြီ ဖြစ်သည်။
နောက်ထပ် စာသင်ချိန်နှစ်ချိန်မှာ သားရဲမွေးမြူပျိုးထောင်ခြင်း အတန်းများ ဖြစ်ကြသည်။ အခြေခံ ဗဟုသုတ သင်ခန်းစာများကို အထက်တန်းကျောင်း ပထမနှစ်နှင့် ဒုတိယနှစ်များတွင် သင်ကြားပြီးစီးခဲ့ပြီဖြစ်ရာ တတိယနှစ်တစ်ခုလုံးမှာ သားရဲများနှင့် ပတ်သက်သော သင်ခန်းစာများသာ သီးသန့် သက်ကြားပေးမည်ဖြစ်သည်။ မနက်ခင်းအပိုင်းမှာ သားရဲများနှင့် ပတ်သက်သော သီအိုရီဗဟုသုတများ ဖြစ်ပြီး မွန်းလွဲပိုင်းမှာမူ လေ့ကျင့်ရေး သီးသန့် ဖြစ်လေသည်။
သားရဲထိန်းချုပ်သူများသည် ထူးခြားဆန်းကြယ်သော စွမ်းအားများကို ပိုင်စိုးထားကြသည့် သူများဖြစ်ကြသည်။ သူတို့၏ အဆင့် မြင့်တက်လာသည်နှင့်အမျှ အရာရာကို မှတ်သားရသည်မှာ တစ်ချက်ကြည့်ရုံဖြင့် အလွတ်ရလောက်သည့်အထိ မှတ်ဉာဏ်ကောင်းမွန်လာကြသည်။ ထို့ကြောင့် အလွတ်ကျက်မှတ်ရမည့်အရာများသည် အဆင့်မြင့် သားရဲထိန်းတစ်ဦးအတွက်မူ အလွန်ပင် ရိုးရှင်းလွန်းလှပေသည်။
မွန်းတည့်ချိန်တွင် ကျန်းဟန်သည် ကျောင်းထမင်းစားဆောင်၌ နေ့လယ်စာ စားသောက်ပြီးနောက် စာသင်ခန်းသို့ ပြန်ရန်အပြုတွင် သွယ်လျသော ခန္ဓာကိုယ်နှင့် လူတစ်ယောက်က သူ့ကို လှမ်း၍ တားဆီးလိုက်သည်။
“မင်း ဘာလို့ ဒီနေ့မနက်က အမှန်အတိုင်း ဝန်မခံခဲ့တာလဲ။ မင်းကိုယ်မင်း တကယ်ပဲ ထုတ်မပြချင်တာလား။”
ဆရာမ ဝမ်ယီက ကျန်းဟန်ကို ခပ်ပြုံးပြုံးလေး စိုက်ကြည့်ရင်း မေးလိုက်သည်။
“အာ... ကျွန်တော် ငြင်းတာမဟုတ်ပါဘူး။ ကျွန်တော် တကယ် မပြီးမြောက်သေးလို့ပါ ဆရာမဝမ်။”
ကျန်းဟန်က ပျာပျာသလဲဖြစ်သွားသည့် ပုံစံဖြင့် သူ၏ခေါင်းကို အလောတကြီး ကုတ်လိုက်ပြန်သည်။
“ဟန်မဆောင်နေနဲ့တော့။ အာရုံငါးပါးလုံး အပြည့်အဝ ပွင့်လင်းနေတဲ့ အဆင့် ၅ သားရဲထိန်းချုပ်သူတစ်ယောက်ရဲ့ ရှေ့မှောက်မှာ မင်းကိုယ်မင်း ဖုံးကွယ်ထားလို့ ရမယ်လို့ ထင်နေတာလား။”
ဆရာမ ဝမ်ယီ၏ လှပသော မျက်ဝန်းများထဲတွင် စနောက်ကျီစယ်လိုသည့် အရိပ်အယောင်များ စွန်းထင်နေခဲ့ပြီး ကျန်းဟန်ကို အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေပုံရသည်။
ထို့ပြင် ကျန်းဟန်၏ အမြီးကို ဖမ်းမိလိုက်ရခြင်းမှာ တော်တော်လေး သဘောကျစရာကောင်းသည်ဟုလည်း သူမ ခံစားမိနေပုံရသည်။
“ကောင်းပါပြီ...။ ကျွန်တော် ကံကောင်းလို့ အောင်မြင်သွားရုံတင်ပါ။ ပြီးတော့ အဲ့ဒါကို လူသိရှင်ကြား ထုတ်ပြချင်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က နယ်သာမိုးကြိုးလိပ်ပြာ သားလောင်းနဲ့ စာချုပ်ချုပ်ထားတယ်လို့ လူပြောများပြီး အရှက်ကွဲခဲ့ရသလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ချင်တော့လို့ပါ။”
ကျန်းဟန်က ခေါင်းငုံ့လျက် အမှန်အတိုင်း ပြောလိုက်သည်။
ကျန်ဟန်၏ စကားကို ကြားလိုက်ရသောအခါမှ ဆရာမ ဝမ်ယီ၏ အကြည့်များက နူးညံ့သွားခဲ့သည်။ သူမသည် ကျန်းဟန်၏ ခံစားချက်ကို နားလည်ပေးနိုင်ပြီး ပြီးခဲ့သည့် ကိစ္စရပ်က သူ့အပေါ် မည်မျှအထိ ရိုက်ခတ်မှုကြီးမားခဲ့ကြောင်း သူမလည်း သိရှိထားသည်။
အမှန်အတိုင်းပြောရလျှင် သူမသည် ကျန်းဟန်တစ်ယောက် ကျောင်းထုတ်ခံရလိမ့်မည် သို့မဟုတ် ကျောင်းထွက်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမကို အမြင်တစ်မျိုး ပြောင်းလဲသွားစေသည့်အချက်မှာ ကျန်းဟန်သည် ထိုကဲ့သို့သော ဆုံးရှုံးမှုနှင့် သိမ်ငယ်စိတ်များကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့ရုံတင်မက ကျောင်းပြန်တက်ရန်အထိပါ သတ္တိမွေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဤမျှ ခိုင်မာပြတ်သားသော စိတ်ဓာတ်ရှိနေ၍လည်း သူ၏ စိတ်စွမ်းအားက သန်မာနေခြင်း ဖြစ်ပေလိမ့်မည်။ သူမသည် မိမိအတန်းထဲရှိ ဤစာညံ့သော ကျောင်းသားလေးအကြောင်းကို ယခင်က လုံးဝ နားမလည်ခဲ့မိကြောင်း ယခုမှ သိရှိလိုက်ရတော့သည်။
“အားမငယ်ပါနဲ့။ ကျောက်စိမ်းပိုးကောင်က အရမ်းနိမ့်ကျတဲ့ အဆင့်မှာ ရှိနေပေမဲ့လည်း မင်း အဲ့ဒါကို ဆင့်ကဲပြောင်းလဲနိုင်တဲ့အထိ အောင်အောင်မြင်မြင် မွေးမြူနိုင်သရွေ့... ပြီးရင် မင်းရဲ့ သန်မာတဲ့ စိတ်စွမ်းအားနဲ့ ပေါင်းစပ်ပြီး ဒုတိယမြောက် သားရဲထိန်းမျိုးစေ့ကိုပါ စုစည်းနိုင်မယ်ဆိုရင် ရှေ့ဆက်ဖို့အတွက် လုံးဝ ပြဿနာမရှိပါဘူး။”
“ပင်လယ်တီကောင်တောင် နဂါးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သေးတာပဲ။ မင်း ကြိုးကြိုးစားစား လုပ်ဆောင်နေသရွေ့ တစ်နေ့မှာ သားရဲရဲ့ အလားအလာကို မြှင့်တင်ပေးနိုင်မယ့် အရာတစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်မှာပါ။ ဒီလိုအရာမျိုးတွေက လုံးဝမရှိတာတော့ မဟုတ်ဘူး။ ဆရာမက မင်းကို အထင်ကြီးပါတယ်။ တကယ်လို့ အခက်အခဲ တစ်ခုခုရှိလာရင် ဆရာမကို လာရှာလို့ရတယ်။”
ဆရာမ ဝမ်ယီက ကျန်းဟန်၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးရင်း အားပေးစကား ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာမ။”
ကျန်းဟန် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ နောင်ကျရင် အဆင့်မြင့် သားရဲထိန်းချုပ်သူများနှင့် အနီးကပ် သိပ်မနေတော့ဟု တိတ်တဆိတ် တွေးတောလိုက်မိသည်။ ဤကဲ့သို့ အာရုံငါးပါးလုံး အပြည့်အဝ ပွင့်လင်းနေကြသော အဆင့်များမှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။
သူ မသိရှိခဲ့သည့်အချက်မှာ ဆရာမ ဝမ်ယိသည် စိတ်ကူးပုံဖော်တွေးတောမှုမှတစ်ဆင့် သူ၏ ထူးခြားချက်အားလုံးကို နားလည်သဘောပေါက်သွားခဲ့ပြီး ဖြစ်ကာ သူ့ကို သတိဝီရိယရှိသူ၊ စိတ်ဒဏ်ရာရလွယ်သို့သော်လည်း ကြိုးစားအားထုတ်ပြီး ရည်မှန်းချက်ကြီးမားသူဟု သတ်မှတ်ကာ အမှတ်အသားပြုထားခဲ့ပြီး ဖြစ်သည်ကိုပင်။
“ကောင်းပြီ... ဘာမှမဟုတ်တော့ပါဘူး။ မင်း သွားလို့ရပြီ။”
ဆရာမ ဝမ်ယိသည် ကျန်းဟန်၏ ပုခုံးကို နောက်တစ်ကြိမ် ထပ်မံပုတ်ပေးပြီးနောက် ထွက်ခွာသွားခဲ့ရာ လေထုထဲတွင် မွှေးရနံ့သဲ့သဲ့လေး ကျန်ရစ်ခဲ့လေသည်။
မကြာမီ မွန်းလွဲပိုင်းတွင် လေ့ကျင့်ရေးအတန်းကို သင်ကြားပြသမည့် ဆရာ၏အမည်မှာ ဆရာ ခယ်လုံဖြစ်ပြီး ၎င်းသည် အရပ် နှစ်မီတာ မြင့်ကာ ပုခုံးကျယ်ကျယ်၊ ခါးတုတ်တုတ်ဖြင့် ကြည့်ရသည်မှာ အရွယ်ရောက်ပြီးစ ကရစ်ဇလီဝက်ဝံကြီး တစ်ကောင်နှင့် အလွန်ပင် တူလှပေသည်။
“အားလုံးပဲ... သွေးပူလေ့ကျင့်ခန်းအနေနဲ့ အရင်ဆုံး ကွင်းကို အပတ်နှစ်ဆယ် အပြေးပြိုင်ကြ။ ပြီးရင် မင်းတို့ရဲ့ အိမ်မွေးသားရဲတွေကို ခေါ်ပြီး အတူတူ လေ့ကျင့်ကြမယ်။ ဘယ်သူမဆို ပျင်းရိဖင့်နွှဲဖို့ ကြိုးစားတာနဲ့ ငါကိုယ်တိုင် သီးသန့် အသေအလဲ လေ့ကျင့်ပေးမယ်။”
ဆရာ ခယ်လုံ၏ ဟိန်းဟောက်သံကြီးအဆုံးတွင် ကျောင်းသားအားလုံး ချက်ချင်းပင် သုတ်ခြေတင် ပြေးကြတော့သည်။
“သွားပြီ... ငါတို့တော့ ဒီနေ့ကစပြီး အလုပ်ခံရတော့မှာပဲ။”
“အမှန်ပဲ...။ ဆရာခယ်လုံက သင်ကြားမှုမှာ အကောင်းဆုံးရလဒ် ထွက်ပေါ်လေ့ရှိတဲ့ ဆရာမဟုတ်ပေမဲ့ တစ်ကျောင်းလုံးမှာ စည်းကမ်းအရှိဆုံးနဲ့ အပြတ်သားဆုံး လေ့ကျင့်ရေးဆရာပဲ။ ချွင်းချက် လုံးဝမရှိဘူး။ ငါတို့တော့ ဒီတစ်ခေါက် သေပြီပဲ။”
“ဟုတ်တယ်...။ စစချင်းမှာတင် အပတ်နှစ်ဆယ် ပြေးခိုင်းတော့တာပဲ။ ဒါက ငါတို့ကို အသေသတ်နေတာပဲ။”
အဝေးသို့ အပြေးရောက်ရှိသွားကြသောအခါမှ ကျောင်းသားအချို့က စတင်၍ ညည်းညူကြတော့သည်။
“အားလုံးပဲ ပါးစပ်ပိတ်ပြီး အရှိန်မြှင့်ကြစမ်း။”
သူတို့ အများကြီး မညည်းညူရသေးမီမှာပင် ဆရာ ခယ်လုံ၏ ဟိန်းဟောက်သံကြီးက အဝေးမှ ထွက်ပေါ်လာပြန်သည်။
မကြာမီ အပတ်နှစ်ဆယ် အပြေးပြိုင်ခြင်း ပြီးဆုံးသွားခဲ့ရာ လူတိုင်း၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်လျက် ခွေးသေတစ်ကောင်လို ပင်ပန်းနွမ်းနယ်နေကြတော့သည်။ အဆုံးတွင် သူတို့သည် အလုပ်သင် သားရဲထိန်းချုပ်သူများသာ ဖြစ်ကြပြီး သူတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ သာမန်လူများထက် သိပ်ပြီး မသာလွန်လှပေ။
“အားလုံး မတ်တပ်ရပ်ကြစမ်း။ မင်းတို့ရဲ့ သားရဲတွေကို ထုတ်ပြီး လေ့ကျင့်မှုကို စတင်ကြတော့။ ဘယ်သူ ထိုင်ရဲလဲဆိုတာ ငါ ကြည့်ချင်တယ်။”
ဆရာခယ်လုံသည် ဟိန်းဟောက်ရင်း သူ၏ ကိုယ်ပိုင်သားရဲကို ထုတ်ဖော်လိုက်သည်။
သူ၏ ဘယ်ဘက်အခြမ်းတွင် ဧရာမမှော်စက်ဝိုင်းတစ်ခု ပေါ်ထွက်လာပြီးနောက် ကွင်းပြင်ကျယ်ပေါ်တွင် အရပ် သုံးမီတာခန့် မြင့်မားသော အနက်ရောင် ဧရာမဝက်ဝံကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ထိုစဉ်မှာပင် မြေကြီးရောင် အဝါဖျော့ဖျော့ အရှိန်အဝါစက်ကွင်းတစ်ခု ပျံ့လွင့်သွားခဲ့ပြီး ၎င်းနှင့်အတူ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် လူတိုင်း လန့်ဖျန့်ကာ ချက်ချင်း မတ်တတ်ရပ်လိုက်ကြရတော့သည်။
ဤသည်မှာ အဆင့် ၄ အရှင်သခင်အဆင့် ပေါက်ကွဲ ကျောက်တုံးဝက်ဝံဖြစ်သည်။ ထိုအဆင့်ရှိသော သားရဲတစ်ကောင်သည် တစ်ချက်တည်းနှင့် အဆောက်အဦးတစ်ခုကို ဖျက်ဆီးပစ်နိုင်ပြီး တံတားတစ်စင်းကိုပင် ရိုက်ချိုးပစ်နိုင်စွမ်း ရှိသည်။
အကယ်၍ တောရိုင်းထဲတွင်ဆိုပါက ၎င်းသည် အနှိုင်းမဲ့အစွမ်းထက်သော ခွန်အားဖြင့် ဒေသတစ်ခုကို စိုးမိုးအုပ်ချုပ်နေမည့် အရှင်သခင်တစ်ပါး ဖြစ်ပေလိမ့်မည်။
၎င်းထုတ်လွှင့်နေသော အရှိန်အဝါကို မကြောက်သောသူဟူ၍ မရှိချေ။ တစ်ခဏအတွင်းမှာပင် လူတိုင်း ချက်ချင်း ညီညီညာညာ မတ်တတ်ရပ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲ၌ လေးစားထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။