အခန်း ၁၁
Vol. 2 Ch. 11
အခန်း ၁၁
“ဆရာခယ်လုံ...ဆရာ သေချာလား။ ပြောပြီးမှ ကတိဖျက်လို့ မရဘူးနော်။”
ထိုစကားကို ကြားလိုက်ရသောအခါ အားကစားမှူး လျူရှန်းမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုဆေးရည် တစ်ပုလင်းသည် ယွမ်တစ်သောင်းနီးပါး တန်ဖိုးရှိပြီး ပိုးကောင်တစ်ကောင်ကို အနိုင်ယူရုံမျှဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ဤအရာက ဘာမှမခက်ခဲလှပေ။
ဤကျောက်စိမ်းပိုးကောင်က ထူးခြားသည့် အရည်အချင်းအချို့ ရှိနေလျှင်ပင် ၎င်းတို့ကြားရှိ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် အလားအလာ ကွာခြားချက်မှာ အလွန်သိသာလှပြီး သူ ဧကန်မုချ အနိုင်ရမည်သာ ဖြစ်သည်။
“ငါ့ရုံးခန်းထဲမှာ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးရည် အဆင်သင့်ရှိတယ်။ မင်းနိုင်ရင် ငါ သွားယူပေးမယ်။”
ဆရာ ခယ်လုံက ပုခုံးတွန့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကျန်းဟန်... ငါတို့ တစ်ပွဲလောက် တိုက်ကြရအောင်။”
အားကစားမှူး လျူရှန်းသည် တုံ့ဆိုင်းမနေဘဲ ကျန်းဟန်ကို အော်ပြောလိုက်တော့သည်။
ထိုအချိန်တွင် ကျန်းဟန်သည်လည်း ပြန်လှည့်ခဲ့ပြီးဖြစ်ရာ ထိုလူစုကို မြင်တွေ့ခဲ့ပြီး ဆရာ ခယ်လုံနှင့် အားကစားမှူး လျူရှန်းတို့၏ စကားဝိုင်းကိုလည်း ကြားခဲ့ရပြီးဖြစ်သည်။
“ဆရာ... တကယ်လို့ ကျွန်တော်နိုင်ရင်ကော ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးရည် ရမှာလား။”
ကျန်းဟန်က ဆရာ ခယ်လုံကို ကြည့်ကာ မေးလိုက်သည်။
“ရမှာပေါ့...။ ပြီးတော့ မင်းရဲ့ ကျောက်စိမ်းပိုးကောင်အတွက် အစာတစ်နပ်စာပါ ငါက ထပ်ဆောင်းပေးလိုက်ဦးမယ်။”
ဆရာ ခယ်လုံက ပြုံးကာ ပြောလိုက်သည်။
“ကောင်းပါပြီ ဆရာ... ကျေးဇူးတင်ပါတယ်။”
ကျန်းဟန်က ခေါင်းညိတ်ပြပြီး အားကစားမှူး လျူရှန်းကို လှည့်ကြည့်လိုက်သည်။
“ဒါဆိုလည်း စလိုက်ကြတာပေါ့။ မင်းရဲ့စိန်ခေါ်မှုကို ငါလက်ခံတယ်။”
“မင်း ခဏလောက် မနားတော့ဘူးလား။ မဟုတ်ရင် နောက်မှ ငါ့ကို အနိုင်ကျင့်တယ်လို့ မပြောနဲ့။”
အားကစားမှူး လျူရှန်းက မာန်ဝင့်စွာ ပြောလိုက်သည်။
“မလိုပါဘူး။ အခု စကြစို့။”
ကျန်းဟန်သည် လေ့ကျင့်ရေးအခန်းထဲမှ ကျောက်စိမ်းပိုးကောင်ကို ခေါ်ထုတ်လိုက်ပြီး ၎င်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
“ကောင်းပြီလေ... ဒါဆိုရင် စကြတာပေါ့။ ထွက်လာခဲ့စမ်း...ငွေရောင်ချပ်ဝတ် မိကျောင်း။”
အားကစားမှူး လျူရှန်းက ခေါင်းညိတ်ကာ ဘေးနားရှိ တိုက်ပွဲကွင်းပြင်သို့ သွားပြီး ငွေရောင်ချပ်ဝတ် မိကျောင်းကို ခေါ်ထုတ်လိုက်သည်။
“မင်းလည်း သွားတော့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စမ်းပါ။ သူက မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူး။ ငါပြောထားတဲ့ နည်းဗျူဟာအတိုင်းပဲ လုပ်။”
ကျန်းဟန်က ကျောက်စိမ်းပိုးကောင်ကို အသာပုတ်ပေးပြီး ကွင်းထဲသို့ လွှတ်လိုက်သည်။
သားရဲ နှစ်ကောင်စလုံး အဆင်သင့်ဖြစ်သည်နှင့် တိုက်ပွဲက ချက်ချင်း စတင်လိုက်တော့သည်။
အားကစားမှူး လျူရှန်းက ချက်ချင်းပင် တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။
“ငွေရောင်ချပ်ဝတ် မိကျောင်း... ပြေးဝင်ပြီး လှဲချလိုက်စမ်း။ သတိထားဦး။ သူ့ကို မသေစေနဲ့။”
“ဂါးးးး”
အားကစားမှူး လျူရှန်း၏ အမိန့်ပေးသံအဆုံးတွင် ငွေရောင်ချပ်ဝတ် မိကျောင်းသည် ၎င်း၏တိုတောင်းသော ခြေလေးချောင်းဖြင့် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။ ၎င်းသည် ခြေတိုတိုနှင့် ရေအမျိုးအစားသားရဲ ဖြစ်သော်လည်း ၎င်း၏အရှိန်မှာ မနှေးလှပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် မီတာငါးဆယ်အကွာအဝေးကို ဖြတ်ကျော်ကာ ကျောက်စိမ်းပိုးကောင်၏ ရှေ့သို့ ရောက်ရှိသွားပြီး သွေးအလိမ်းလိမ်းဖြင့် ပါးစပ်ကြီးကို ဟကာ ကျောက်စိမ်းပိုးကောင်ကို တိုက်ရိုက် ကိုက်ခဲရန် အရှိန်ပြင်းစွာ ခုန်အုပ်လိုက်တော့သည်။
ကျောက်စိမ်းပိုးကောင်က ငြိမ်သက်စွာ ရပ်နေဆဲပင်။ လူတိုင်းက ၎င်းကို ကြောက်လန့်ပြီး တောင့်တောင်ကြီး ဖြစ်နေသည်ဟု ထင်မှတ်နေချိန်မှာပဲ ၎င်း၏ခန္ဓာကိုယ်သည် စပရိန်တစ်ခုကဲ့သို့ ရုတ်တရက် ကွေးညွတ်သွားပြီး အစိမ်းရောင်ရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ၁၀ မီတာအကွာအဝေးသို့ ခုန်ရှောင်သွားခဲ့သည်။
ထို့ကြောင့် ခုန်အုပ်လိုက်သော ငွေရောင်ချပ်ဝတ် မိကျောင်းမှာ မြေကြီးကိုသာ အရှိန်ပြင်းပြင်းဖြင့် ကုန်းနမ်းလိုက်ရတော့လေသည်။
ပထမအကြိမ် တိုက်ခိုက်မှု လွဲချော်သွားသဖြင့် ငွေရောင်ချပ်ဝတ် မိကျောင်းသည် နောက်လှည့်၍ ထပ်မံပြေးဝင်လိုက်ပြန်သော်လည်း ၎င်းနီးကပ်လာတိုင်း ကျောက်စိမ်းပိုးကောင်က အလွယ်တကူ ရှောင်တိမ်းသွားခဲ့သည်။ ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော ကိုက်အား ရှိနေသော်လည်း အသုံးမချနိုင်ဖြစ်နေရချေသည်။
ငွေရောင်ချပ်ဝတ် မိကျောင်းသည် မြင့်မားသောအလားအလာ ရှိသော်လည်း အစေခံအဆင့်တွင် မည်သူမျှ ဝိညာဉ်စွမ်းအင် ပုံရိပ်ယောင်ကို မသုံးနိုင်ကြသေးရာ ၎င်း၏ အားသာချက်က ထင်ရှားမနေဘဲ ရုပ်ပိုင်းဆိုင်ရာ ပိုမိုသန်မာရုံမျှသာ ရှိသည်။ သို့သော် ကျောက်စိမ်းပိုးကောင်၏ အစွမ်းထက်သော ရှောင်တိမ်းနိုင်စွမ်းကို ရင်ဆိုင်ရသောအခါတွင်မူ ၎င်းမှာ မြေမှုန်များကိုသာ ခါးစည်းခံနေရတော့သည်။
“ဘာလဲဟ... အရှိန်က အရမ်းမြန်တာပဲ။”
“ရှောင်တာ အရမ်းမြန်လွန်းတယ်။”
ဘေးကွင်းပြင်မှ စောင့်ကြည့်နေကြသော အတန်းခေါင်းဆောင် ချန်းလန်နှင့် အခြားသူများ၏ မျက်နှာတွင် မယုံကြည်နိုင်စွမ်းများဖြင့် ပြည့်နှက်သွားကြသည်။ ကျောက်စိမ်းပိုးကောင်၏ အရှိန်က နည်းနည်းတော့ မြန်လွန်းနေလေသည်။
အတန်းခေါင်းဆောင် ချန်းလန်ဆိုလျှင် ဤပိုးကောင်၏ အရှိန်သည် သူမ၏ လေအမျိုးအစား ကောင်းကင်လျှောက်လှမ်းခြင်းကြောင်ထက်ပင် မနိမ့်ကျဟု ခံစားလိုက်ရသည်။
သူတို့သည် အစက ဤပွဲကို တစ်ဖက်သတ်ပွဲ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ယခုကြည့်ရသည်မှာ ဤကျောက်စိမ်းပိုးကောင်က တကယ်ကို မရိုးရှင်းလှပေ။ ဆရာက ဤမျှ ယုံကြည်မှုရှိနေသည်မှာလည်း မဆန်းတော့ချေ။
“နည်းနည်း ပိုမြန်တာနဲ့ ဘာလုပ်လို့ရမှာလဲ။ တိုက်ပွဲဆိုတာ အဆုံးမရှိ ရှောင်ပြေးနေရုံနဲ့ မပြီးဘူးကွ။”
အားကစားမှူး လျူရှန်းက နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်သည်။ နောက်တစ်ခဏတွင် သူသည် စိတ်ကိုစုစည်းလိုက်ရာ ငွေရောင်ချပ်ဝတ် မိကျောင်း၏ခန္ဓာကိုယ်ပေါ်၌ ရေပြာရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာတော့သည်။
“အားကစားမှူး လျူရှန်းက သူ့ရဲ့ ပါရမီကို သုံးလိုက်ပြီ။ အခု အရှိန်အားသာချက်က မရှိတော့ဘူးဆိုတော့ ကျောက်စိမ်းပိုးကောင်ကတော့ သွားပြီပဲ။”
“ဟုတ်တယ်... ငါမှတ်မိသလောက်တော့ ကျန်းဟန်ရဲ့ ပါရမီက တိုက်ခိုက်မှုမြှင့်တင်တဲ့ အမျိုးအစား မဟုတ်ဘူးထင်တယ်။ အခုတော့ အခွင့်အရေး လုံးဝမရှိတော့ဘူး။ ငွေရောင်ချပ်ဝတ် မိကျောင်းက သူ့ကို တစ်ချက်လေး ထိမိရုံနဲ့ လုံးဝ အပြတ်အသတ် နိုင်သွားမှာပဲ။”
“အတိအကျပဲ...။ ငါက အကြိမ်ကြိမ် မှားလို့ရပေမဲ့ မင်းကတော့ တစ်ကြိမ်ပဲ မှားလို့ရတယ်။ မှားတာနဲ့ အားလုံးပြီးသွားပြီ။ မင်း ဘယ်လိုမှ အနိုင်မယူနိုင်ဘူး။”
အားကစားမှူးက သူ၏ပါရမီစွမ်းရည်ကို အသက်သွင်းလိုက်သည်ကို မြင်သောအခါ အတန်းဖော်များအားလုံး ဤပွဲက ပြီးသွားပြီဟု ခံစားလိုက်ရသည်။
သို့သော် ဆရာ ခယ်လုံကမူ မည်သို့မျှ မစိုးရိမ်ဘဲ အေးဆေးနေဆဲဖြစ်ရာ ၎င်းက အတန်းခေါင်းဆောင် ချန်းလန်နှင့် အခြားသူများကို စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။ ဤကျောက်စိမ်းပိုးကောင်တွင် အခြား ထူးခြားဆန်းကြယ်သည့် စွမ်းရည်တစ်ခုခု ရှိနေသေး၍လော။
အားကစားမှူး လျူရှန်း၏ ပါရမီစွမ်းရည်မှာ ရေနှင့်မီး အားဖြည့်ခြင်းဖြစ်သည်။ ငွေရောင်ချပ်ဝတ် မိကျောင်းသည် ကိုက်ခဲခြင်းစွမ်းရည်ကိုသာ တတ်မြောက်ထားသော်လည်း သူသည် ၎င်း၏ခြေလက်များကို အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်ရာ ငွေရောင်ချပ်ဝတ် မိကျောင်း၏ အရှိန်မှာ ချက်ချင်းပင် တစ်ဆင့်မြင့်တက်သွားခဲ့သည်။
“ပြေးချင်သေးတယ်ပေါ့။ ငွေရောင်ချပ်ဝတ် မိကျောင်း... သူ့ကို ထောင့်တစ်နေရာရောက်အောင် ပိတ်ဆို့ထားလိုက်စမ်း။”
အားကစားမှူး လျူရှန်းက လှောင်ပြောင်လိုက်သည်။ အစီအစဉ်မရှိ မျက်စိမှိတ်ပြေးနေခြင်းက ဘာမှ အဓိပ္ပာယ်မရှိပေ။
ကျန်းဟန် အားကစားမှူး လျူရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ကျောက်စိမ်းပိုးကောင်ကို ရှောင်တိမ်းသည့် နည်းဗျူဟာအတိုင်း ဆက်လက်လုပ်ဆောင်စေခဲ့သည်။
သို့သော် ငွေရောင်ချပ်ဝတ် မိကျောင်း၏ အရှိန်မြင့်တက်လာသည်နှင့်အမျှ ကျောက်စိမ်းပိုးကောင်၏ လှုပ်ရှားစရာ နေရာလွတ်မှာလည်း တဖြည်းဖြည်း သေးငယ်လာပြီး မကြာမီမှာပင် လေ့ကျင့်ရေးကွင်း၏ ထောင့်တစ်နေရာ၌ ပိတ်မိသွားတော့သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ငွေရောင်ချပ်ဝတ် မိကျောင်းသည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသဖြင့် ခန္ဓာကိုယ်အင်အားများ တဖြည်းဖြည်း ကုန်ခမ်းလာပြီး တိုက်ခိုက်နေစဉ်အတွင်း ၎င်း၏ ဟာကွက်များကလည်း ပိုမိုကြီးမားလာခဲ့သည်။
အားကစားမှူး လျူရှန်းက ထိုအရာကို သတိမထားမိခဲ့ပေ။ သတိထားမိလျှင်ပင် သူ ဂရုစိုက်မည်မဟုတ်ချေ။ ပိုးကောင်တစ်ကောင်က ငွေရောင်ချပ်ဝတ် မိကျောင်း၏ ခုခံကာကွယ်မှုကို ဖျက်ဆီးရန် ဘာကို အသုံးပြုနိုင်မည်နည်း။
တိုးဝင်လာခြင်းက သေကြောင်းကြံစည်ခြင်းသာ ဖြစ်လိမ့်မည်။
“ဟားဟား... ပြီးတော့မယ်။”
ကျောက်စိမ်းပိုးကောင်တွင် ရှောင်စရာ နေရာမရှိတော့သည်ကို မြင်သောအခါ အားကစားမှူး လျူရှန်းက ရယ်မောလိုက်သည်။
ငွေရောင်ချပ်ဝတ် မိကျောင်းသည် နောက်တစ်ကြိမ် အရှိန်အဟုန်ဖြင့် ပြေးဝင်ကာ ကျောက်စိမ်းပိုးကောင်ကို ခုန်အုပ်လိုက်ပြန်သည်။
“ဒီအချိန်ပဲ... ကျောက်စိမ်းပိုးကောင်။ ငါတို့ရဲ့ အခွင့်အရေး ရောက်ပြီ။”
ကျန်းဟန် ထိုသို့ပြောလိုက်သည့် အခိုက်မှာပင် ကျောက်စိမ်းပိုးကောင်သည် ထက်မြက်သော မြှားတစ်စင်းကဲ့သို့ ပျံထွက်သွားပြီး ၎င်းပစ်လွှတ်လိုက်သည့် ခဏချင်းမှာပင် ခန္ဓာကိုယ်တစ်လုံး မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားခဲ့သည်။
“ဘမ်း”
ကျယ်လောင်အက်ကွဲသော အသံတစ်ခုနှင့်အတူ ကျောက်စိမ်းပိုးကောင်သည် ငွေရောင်ချပ်ဝတ် မိကျောင်း၏ ဝမ်းဗိုက်၊ နှလုံးသား တည့်တည့်နေရာသို့ ပြင်းထန်စွာ ဆောင့်မိသွား၏။ မာကျောခြင်း စွမ်းရည်ကို အသုံးပြုထားသော ကျောက်စိမ်းပိုးကောင်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ပင်။ ချက်ချင်းဆိုသလို ငွေရောင်ချပ်ဝတ် မိကျောင်း၏ နှလုံးခုန်သံ ရပ်တန့်သွားပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ အကြောသေလျက် လဲကျသွားကာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
“ဂျီးးး ヽ( ̄▽ ̄)o”
ငွေရောင်ချပ်ဝတ် မိကျောင်းကို အနိုင်ယူပြီးနောက် ကျောက်စိမ်းပိုးကောင်သည် စိတ်လှုပ်ရှားစွာဖြင့် ပိုးမျှင်များကို ဆက်တိုက်မှုတ်ထုတ်ကာ ပန်းပွင့်လေးများဖြစ်အောင် ရက်လုပ်လိုက်တော့သည်။
“ဒါ... ဒါ မဖြစ်နိုင်ဘူး။”
အားကစားမှူး လျူရှန်းသည် ခဏမျှ ကြောင်အသွားပြီးနောက် ငွေရောင်ချပ်ဝတ် မိကျောင်း၏ အခြေအနေကို စစ်ဆေးရန် ပြေးသွားလိုက်တော့သည်။
“မလှုပ်နဲ့... ဘာမှ စိုးရိမ်စရာမရှိဘူး။ နှလုံးခုန်ခဏရပ်သွားလို့ ခဏသတိလစ်သွားရုံပဲ။”
ဆရာ ခယ်လုံက ပြောလိုက်ပြီး မုန်လာဥဖြူနှင့်တူသော လူသားပုံစံ သားရဲတစ်ကောင်ကို ထုတ်လိုက်သည်။ ၎င်းသားရဲသည် ငွေရောင်ချပ်ဝတ် မိကျောင်းဆီသို့ အစိမ်းရောင် ဝိညာဉ်စွမ်းအင်စီးကြောင်းများကို ထည့်သွင်းပေးလိုက်ရာ မကြာမီပင် ငွေရောင်ချပ်ဝတ် မိကျောင်းမှာ သတိပြန်လည်လာခဲ့သည်။
“မင်းတို့ အခု မြင်ကြပြီမလား။ ငါ အရင်ကတည်းက ပြောဖူးတယ်။ ဘယ်သားရဲကိုမှ လျှော့မတွက်နဲ့။ ပြီးတော့ ဘယ်သူ့ကိုမှလည်း အထင်မသေးနဲ့။”
ဆရာ ခယ်လုံက ထိုလူစုကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆုံးမဩဝါဒ ပေးလိုက်သည်။
“ဒီကျောက်စိမ်းပိုးကောင်က မာကျောခြင်း စွမ်းရည်ကို တကယ်ကြီး နားလည်ထားတာပဲ။ တကယ် အံ့ဩဖို့ကောင်းတယ်။”
ဤအခိုက်အတန့်တွင် အတန်းခေါင်းဆောင် ချန်းးလန်သည် ကျောက်စိမ်းပိုးကောင်၏ ယုံကြည်မှုမှာ ဘယ်ကလာသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
“ဒါဆို... ခုနက သူလေ့ကျင့်နေတုန်းက ကျောက်လုံးတွေကို မရှောင်နိုင်ခဲ့တာမဟုတ်ဘဲ ကျောက်လုံးတွေကို သုံးပြီး သူ့အရေပြားရဲ့ မာကျောမှုကို တမင်တကာ လေ့ကျင့်နေခဲ့တာပေါ့။”
လီဇီဝေသည်လည်း ထိတ်လန့်စရာကောင်းသော အမှန်တရားတစ်ခုကို တွေးမိသွားခဲ့သည်။ အကယ်၍ အဲ့ဒီလိုသာ အမှန်ဆိုလျှင် ဤအရာက အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
“မင်းတို့ရဲ့ မာနတွေကို ဘေးဖယ်ထားလိုက်ရင် လုံးဝကြီးတော့ ထုံအမနေကြသေးဘူးပဲ။”
ဆရာ ခယ်လုံက ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော ထိုလူစုကို တစ်ချက်ကြည့်လိုက်ပြီး အားကစားမှူး လျူရှန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အခုကော မင်း အရှုံးပေးပြီလား။”
“ဟမ့်... သူက ကံကောင်းသွားရုံတင်ပဲ။ နောက်တစ်ပွဲ ထပ်တိုက်ရင် ကျုပ် သေချာပေါက် နိုင်တယ်။”
အားကစားမှူး လျူရှန်းက မျက်နှာလွှဲကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။ သူ့အမြင်တွင်မူ ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်က မာကျောခြင်း စွမ်းရည်ကို တတ်မြောက်ထားသည်ဟူသော အချက်ကို သူ မသိရှိခြင်းအပေါ် အခွင့်ကောင်းယူသွားရုံမျှသာ ဖြစ်သည်။ အကယ်၍ သူသာ ကြိုသိခဲ့လျှင် ကျောက်စိမ်းပိုးကောင်အတွက် ဘာအခွင့်အရေးမှ ရှိလာမည်မဟုတ်ပေ။
“မိုက်မဲလိုက်တာ။ မင်းက အားကစားမှူး ဖြစ်ပြီးတော့...။”
ဆရာ ခယ်လုံက အေးစက်စွာ အော်ငေါက်လိုက်ပြီးနောက် အခြားသူများကို လှည့်ကြည့်လိုက်သည်။
“မင်းတို့အားလုံးကော အဲ့ဒီလိုပဲ ထင်ကြတာလား။”
ထိုလူစုက နှုတ်ဆိတ်နေကြသော်လည်း စိတ်ထဲတွင်မူ ထိုသို့ပင် ထင်မြင်နေကြသည်။ ကျန်းဟန်သည် သတင်းအချက်အလက် အသာစီးရမှုကို အသုံးချသွားခြင်းသာဖြစ်ပြီး တကယ့် ထိပ်တိုက်တိုက်ပွဲတွင်မူ သူတို့ကို အနိုင်မယူနိုင်ဟု သူတို့ ယူဆနေကြသည်။ မာနကြီးသော ဆယ်ကျော်သက်လူငယ်များသည် မိမိတို့၏ သားရဲများက ကျောက်စိမ်းပိုးကောင်တစ်ကောင်ထက် နိမ့်ကျသည်ဟူသောအချက်ကို အသိအမှတ်မပြုချင်ကြပေ။
“ဒါဆို ငါ မင်းတို့ကို မေးမယ်...။ ကျောက်စိမ်းပိုးကောင်က တိုက်ပွဲထဲမှာ ပိုးမျှင်ပစ်လွှတ်ခြင်း စွမ်းရည်ကို သုံးသွားတာ မင်းတို့ မြင်လိုက်ကြလား။ မြေပြင်ပေါ်က ပန်းပွင့်လေးတွေကို ကြည့်လိုက်စမ်း။ ပိုးမျှင်တွေကို ပန်းပွင့်လေးတွေဖြစ်အောင် ရက်လုပ်နိုင်တဲ့ ကျောက်စိမ်းပိုးကောင်ကို မင်းတို့ မြင်ဖူးလို့လား။ ပြီးတော့ လေ့ကျင့်ရေးကွင်းထဲမှာ ပိုးမျှင်ပစ်လွှတ်ခြင်းကြောင့် အပေါက်တွေ ဖြစ်သွားတဲ့ ကျောက်လုံးတွေကိုလည်း ကြည့်လိုက်စမ်း။ ဒါကို သာမန်သားရဲတစ်ကောင် လုပ်နိုင်တယ်လို့ မင်းတို့ ထင်လား။”
ဆရာ ခယ်လုံက အေးစက်စွာ ဆူပူလိုက်တော့သည်။
သူ့အသံအဆုံးတွင် တစ်ကွင်းလုံး တိတ်ဆိတ်သွားခဲ့၏။ လူတိုင်း၏ နှလုံးခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ဟုတ်ပေသည်။ သူတို့ နောက်ဆုံးတွင် သဘောပေါက်သွားကြပြီဖြစ်သည်။
ဤကျောက်စိမ်းပိုးကောင်သည် အစမှအဆုံးအထိ ပိုးမျှင်ပစ်လွှတ်ခြင်း စွမ်းရည်ကို လုံးဝ အသုံးမပြုခဲ့ပေ။ မာကျောခြင်း စွမ်းရည်ကိုပင် သဘောပေါက်နားလည်ထားသော ဤကျောက်စိမ်းပိုးကောင်၏ ပိုးမျှင်ပစ်လွှတ်ခြင်း စွမ်းရည်မှာလည်း ကျွမ်းကျင်မှု အလွန်မြင့်မားနေမည်မှာ သေချာသည်။ သို့သော် ၎င်းက ထိုအရာကို လုံးဝ အသုံးမပြုခဲ့ချေ။
ဤအချက်ကို တွေးမိသောအခါ ထိုလူစုသည် လေးနက်စွာ နှုတ်ဆိတ်သွားကြပြီး ကျန်းဟန်နှင့် သူ့ဘေးရှိ ကျောက်စိမ်းပိုးကောင်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်မိကြတော့သည်။