အခန်း ၁၂
Vol. 2 Ch. 12
အခန်း ၁၂
ကျန်းဟန်မှာ အနည်းငယ် ဆွံ့အသွားရသည်။ ဆရာ ခယ်လုံသည် သူတစ်ပါးကို ကြွားဝါချင်ရုံသက်သက်ဖြင့် မိမိ၏ လျှို့ဝှက်ချက်အားလုံးကို ဖွင့်ချလိုက်၏။
အမှန်တရားကို ပြောရလျှင် ဤကျောက်စိမ်းပိုးကောင်၏ အစွမ်းဖြင့် ထိုငွေရောင်ချပ်ဝတ် မိကျောင်းကို အလွယ်တကူပင် တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ပေသည်။ သို့သော်လည်း တိုက်ပွဲကွင်းပြင်က ငွေရောင်ချပ်ဝတ် မိကျောင်း အကြိုက်ဆုံးဖြစ်သည့် ရေပြင်ပေါ်တွင် မဟုတ်သလို လက်ရှိ ၎င်း၏ တိုက်ခိုက်ရေးပုံစံကလည်း ကိုက်ခဲခြင်းနှင့် အနီးကပ်တိုက်ခိုက်ခြင်းမျှသာ ကန့်သတ်ချက် ရှိနေသေးသည်။
သူက ထိုသို့ ချက်ချင်း အပြတ်မတိုက်ခဲ့ခြင်းမှာ ဤကဲ့သို့သော လက်တွေ့တိုက်ပွဲ လေ့ကျင့်မှုမျိုးကို အသုံးချပြီး ကျောက်စိမ်းပိုးကောင်၏ ရှောင်တိမ်းနိုင်စွမ်းနှင့် တုံ့ပြန်မှုအရှိန်ကို လေ့ကျင့်ပေးချင်သောကြောင့် ဖြစ်သည်။
ထို့အပြင် ကျောက်စိမ်းပိုးကောင်၏ ပိုးမျှင်ပစ်လွှတ်ခြင်း စွမ်းရည်ကို လာမည့် ပြိုင်ပွဲအတွက် ချန်ထားချင်သောကြောင့်လည်း ပါသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးရည်တစ်ပုလင်း ရလိုက်သည်မှာ တကယ့်ကို အမြတ်ဖြစ်သဖြင့် ကျန်းဟန်လည်း စိတ်ထဲမထားတော့ပေ။
“ကောင်းပြီ... အားလုံးပဲ ခဏနားကြမယ်။”
ဆရာ ခယ်လုံက ပြောလိုက်ပြီး ကျန်းဟန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးရည်ကို ယူဖို့ ဆရာ့ရုံးခန်းကို လိုက်ခဲ့။”
“ကောင်းပါပြီ ဆရာ။ ကျေးဇူးတင်ပါတယ်။”
ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်ကို သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ အလျင်အမြန် ပြန်လည်သိမ်းဆည်းလိုက်ပြီး ဆရာ ခယ်လုံနောက်သို့ လိုက်သွားလိုက်သည်။
“မင်းက တော်တော် တော်တာပဲ။ ကျောက်စိမ်းပိုးကောင်နဲ့ စာချုပ်ချုပ်ထားရတာတောင်မှ ကိုယ့်ကိုယ်ကိုယ် လက်လျှော့အရှုံးမပေးခဲ့ဘူး။”
ဆရာ ခယ်လုံက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် လက်လျှော့အရှုံးပေးလိုက်လည်း ဘာမှ ထူးလာမှာမဟုတ်ဘူးလေ။ ကျောက်စိမ်းပိုးကောင်လေးတောင် ဒီလောက်အထိ ကြိုးစားနေတာ ကျွန်တော်လည်း အစွမ်းကုန် ကြိုးစားကြည့်ရုံပါပဲ။”
ကျန်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟားဟားဟား... အမှန်အတိုင်း ပြောရရင် မင်းအပေါ် ဆရာ သိပ်ပြီး မျှော်လင့်ချက်အကြီးကြီး မထားဘူး။ မင်းအနေနဲ့ ဒုတိယမြောက် သားရဲခိုပ်ခြင်းမျိုးစေ့ကို စုစည်းနိုင်ခဲ့ရင်တောင်မှ မင်းရဲ့ ပထမဆုံးအိမ်မွေးသားရဲက ကျောက်စိမ်းပိုးကောင် ဖြစ်နေတဲ့အတွက် နောင်အနာဂတ် လမ်းကြောင်းမှာ တခြားသူတွေထက် သားရဲတစ်ကောင် လျော့နည်းနေသလို ဖြစ်နေလိမ့်မယ်။ ရှေ့ဆက်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။”
“ဒါပေမဲ့ အဲ့ဒီအချက်က ကြိုးစားအားထုတ်တဲ့သူတွေကို ဆရာက အဆင်ပြေအောင် ကူညီပေးတာနဲ့ ဆုလာဘ်တွေ ပေးတာကိုတော့ တားဆီးလို့မရဘူး။ ကြိုးစားချင်စိတ်ရှိတဲ့သူတိုင်းက ကူညီဖေးမမှုကို ရဖို့ ထိုက်တန်တယ်။ မင်းနာမည် ဘယ်လိုခေါ်လဲ?။နောက်နောင် တစ်ခုခုအကူအညီလိုရင် ဆရာ့ဆီ လာခဲ့လို့ရတယ်။”
ဆရာ ခယ်လုံက ကျန်းဟန်ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ဆိုသည်။
ကျန်းဟန် အနည်းငယ် ကြောင်အသွားရ၏။ ဆရာ့၏ စကားများကြောင့် စိတ်ထဲတွင် အနည်းငယ် ထိခိုက်လှုပ်ရှားသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော့်နာမည် ကျန်းဟန်ပါ။”
“ကျန်းဟန် ဟုတ်လား။ နာမည်ကောင်းပဲ။”
ဆရာ ခယ်လုံက ခေါင်းညိတ်ပြီး သူ့ကို ရှေ့ကနေ ဦးဆောင်ခေါ်သွားလိုက်သည်။
...
အခြားတစ်ဖက်တွင်မူ အတန်းခေါင်းဆောင် ချန်းလန်နှင့် အခြားသူများသည် ထိတ်လန့်တုန်လှုပ်နေမှုမှ ရုန်းမထွက်နိုင်ကြသေးချေ။ မိမိတို့၏ အိမ်မွေးသားရဲများက ကျောက်စိမ်းပိုးကောင်တစ်ကောင်၏ အောက်သို့ ရောက်သွားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ။
“ကျန်းဟန်ရဲ့ ပါရမီကို ဘယ်သူမှတ်မိသေးလဲ။”
တစ်စုံတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။
“ငါ့အထင်တော့ စိတ်ဝိညာဉ်စွမ်းအင်ထင်တယ်။ သားရဲတွေကို စွမ်းရည်နဲ့ စွမ်းအင်နိယာမတွေ သဘောပေါက်နားလည်အောင် ကူညီပေးနိုင်တဲ့အမျိုးအစားလေ။”
လီဇီဝေက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ဟမ့်... သူ့ကိုချည်း အရမ်းတော်နေသလို တွေးမနေကြနဲ့။ ဒါက အစေခံအဆင့်မှာမလို့ပဲ။ သူတို့တွေ လက်ရွေးစင်အဆင့်ကို ရောက်သွားတာနဲ့ အခြေအနေက တခြားစီ ဖြစ်သွားလိမ့်မယ်။ ရှေ့ကို ပိုရောက်လေလေ ကွာခြားချက်က ပိုကြီးလေလေပဲ။ သူ အဲ့ဒီကျောက်စိမ်းပိုးကောင်နဲ့ စာချုပ်ချုပ်လိုက်တဲ့အချိန်ကတည်းက သူ့ဘဝက ပြီးသွားပြီ။”
အားကစားမှူး လျူရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အဲဒီအချိန်ကျရင် ငါ့ရဲ့ ငွေရောင်ချပ်ဝတ် မိကျောင်းက အဲ့ဒီကျောက်စိမ်းပိုးကောင်ကို တစ်ချက်တည်းနဲ့ မှုန့်မှုန့်ညက်ညက်ကြေအောင် ချေမှုန်းပစ်နိုင်လိမ့်မယ်။”
“ဟုတ်တယ်...။ သူ ကျောက်စိမ်းပိုးကောင်နဲ့ စာချုပ်ချုပ်မိတာ နှမြောစရာပဲ။”
အတန်းခေါင်းဆောင် ချန်းးလန်ကလည်း စိတ်မကောင်းဖြစ်နေဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ကျောက်စိမ်းပိုးကောင်တွင် အနာဂတ်မရှိသဖြင့် ဤအရာကို အများကြီး တွေးတောနေရန် မလိုသည်မှာ အမှန်ပင်။
အခြားကျောင်းသားများသည်လည်း မကြာမီမှာပင် အသိပြန်ဝင်လာကြပြီး ယခင်က ထိတ်လန့်မှုများမှ နိုးထလာကြသည်။ အားကစားမှူး လျူရှန်း ပြောသည်မှာ မှန်ပါသည်။ ရှေ့သို့ ပိုရောက်လေလေ ကွာခြားချက်က ပိုမိုကြီးမားလေလေ ဖြစ်သည်။
ကျောက်စိမ်းပိုးကောင်က ဘယ်လောက်ပဲ သန်မာပါစေ ၎င်းက ပိုးကောင်တစ်ကောင်သာ ဖြစ်ပြီး နဂါးတစ်ကောင် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များအားလုံးမှာမူ အလားအလာရှိသော အနာဂတ်များ ပိုင်ဆိုင်ထားကြပြီး အနှေးနှင့်အမြန် ထိုကျောက်စိမ်းပိုးကောင်ကို နင်းခြေနိုင်ကြမည် ဖြစ်သည်။
သူတို့၏ စိတ်ထဲရှိ အရိပ်မည်းကြီးမှာ ချက်ချင်းပင် လွင့်စင်သွားခဲ့ပြီး အားလုံး သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။
အခြားတစ်ဖက်တွင်မူ ကျန်းဟန်သည် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးရည်နှင့်အတူ လတ်ဆတ်ဆတ် ပိုးစာရွက်နုနု တစ်ပန်းကန်ကို သယ်ဆောင်ကာ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေစရည်မှာ ၅၀၀ မီလီလီတာ ပုလင်းဖြင့် လာခြင်းဖြစ်ပြီး အသုံးပြုပုံမှာမူ ရေဖြင့် ရောစပ်ကာ အသုံးပြုရခြင်း ဖြစ်သည်။ ၎င်း၏ တန်ဖိုးမှာမူ ပြောနေရန်ပင် မလိုတော့ချေ။ တစ်ပုလင်းလျှင် ယွမ်တစ်သောင်းနီးပါး ရှိပေသည်။
ဤပိုးစာရွက်များသည် အဆင့် ၃ ရှိသော ငွေဝိညာဉ်ပိုးစာပင်မှ ရရှိခြင်းဖြစ်သည်။ ၎င်းတို့တွင် ပါဝင်သော ဝိညာဉ်စွမ်းအင်မှာ ကျန်းဟန် ယခင်က ဝယ်ယူခဲ့သည်များထက် များစွာ ပိုမိုအဆင့်မြင့်ပြီး စျေးကွက်ပေါက်စျေးမှာ တစ်ဘူးလျှင် ငါးရာခန့် ရှိသည်။
ဤပစ္စည်းများမှာ အလွန်တန်ဖိုးကြီးသော်လည်း ဆရာ ခယ်လုံကဲ့သို့ အဆင့် ၄ ခေါင်းဆောင်အဆင့် သားရဲထိန်းချုပ်သူတစ်ဦးအတွက်မူ ဘာမှမဟုတ်ပေ။ အထူးသဖြင့် ဤအရာများကို ကျောင်းက ထောက်ပံ့ပေးထားခြင်းကြောင့်လည်း ဖြစ်သည်။
“ကောင်းပြီ... အတန်းပြန်စမယ်။ လေ့ကျင့်ရေးကို ဆက်လုပ်ကြ။”
ဆရာ ခယ်လုံက ပြောလိုက်ပြီးနောက် ပေါက်ကွဲ ကျောက်တုံးဝက်ဝံကို ထုတ်လိုက်ပြန်ရာ ထိုကျိန်စာသင့်ဖွယ် ဖိအားပေးမှုကြီးက တစ်ဖန်ပြန်၍ ပျံ့လွင့်လာပြန်သည်။
“လေ့ကျင့်ရတာ ပင်ပန်းတယ်လို့ မထင်ကြနဲ့။ နောက်တစ်လနေရင် ကျောင်းတွင်းစစ်ဆေးမှု ရှိတယ်။ သုံးလနေရင် တောတွင်းရှင်သန်ခြင်း စစ်ဆေးမှု ရှိတယ်။ အရေးကြီးဆုံးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ ခြောက်လပဲ လိုတော့တာပဲ။ မင်းတို့ အခုလို ကြိုးစားအားထုတ်မှုမျိုးနဲ့ အဲ့ဒီအချိန်ကျရင် ကိုယ်သွားချင်တဲ့ သားရဲထိန်းချုပ်သူ တက္ကသိုလ်ကို တကယ်ကြီး တက်ခွင့်ရမယ်လို့ ထင်နေကြတာလား။”
ဆရာ ခယ်လုံက ကျောင်းသားများ၏ ညှိုးငယ်နေသော မျက်နှာများကို ကြည့်ကာ ပြောလိုက်သည်။
လူတိုင်းသည် ချက်ချင်းပင် ညည်းညူသံများကို ရပ်တန့်လိုက်ကြပြီး ၎င်းတို့၏ အိမ်မွေးသားရဲများကို ခေါ်ကာ သွားရောက်လေ့ကျင့်ကြတော့သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မတိုင်မီတွင် သားရဲတစ်ကောင်သည် တက္ကသိုလ်ဝင်ခွင့်၏ သားရဲထိန်းချုပ်မှု စစ်ဆေးခြင်းတွင် ရလဒ်ကောင်းများ ရရှိရန်အတွက် အနည်းဆုံးတော့ အဆင့် ၂ လက်ရွေးစင်အဆင့်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေရန် လိုအပ်သည်။
အကယ်၍ ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ တက်ရောက်ချင်သည်ဆိုပါက ခေါင်းဆောင်အဆင့် သားရဲတစ်ကောင် ရှိမှသာလျှင် ဖြစ်နိုင်ခြေ ရှိပေလိမ့်မည်။
အသစ်မွေးဖွားလာပြီး ကြီးထွားမှုအဆင့်သို့ ဝင်ရောက်တော့မည့် ဤသားရဲများသည် အလွန် လျင်မြန်စွာ ကြီးထွားကြသည်ဆိုသော်လည်း ၎င်းမှာ ပြင်းထန်သော လေ့ကျင့်မှုများ ပြုလုပ်ခြင်းဟူသည့် အချက်ပေါ်တွင်သာ အခြေခံထားရမည်ဖြစ်သည်။
ထို့အပြင် သားရဲထိန်းချုပ်သူတစ်ဦး၏ အဆင့်သည် ၎င်း၏သားရဲထက် အများဆုံး တစ်ဆင့်သာ ကွာဟခွင့်ရှိသည်။ သားရဲတစ်ကောင်ကို ခေါင်းဆောင်အဆင့်သို့ ရောက်ရှိစေရန်အတွက် သားရဲထိန်းချုပ်သူသည် အနည်းဆုံးတော့ အာရုံခံစားမှု နှစ်ခုဖြစ်သည့် မျက်စိနှင့် နားကို ပွင့်စေပြီး အခြေခံအဆင့်သို့ ရောက်ရှိထားရမည်ဖြစ်သည်။
ထို့ကြောင့် လုပ်ဆောင်ရမည့် တာဝန်က အလွန် ကြီးလေးနေဆဲပင်။
ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်ကို ခေါ်ပြီး လေ့ကျင့်ရန် ယခင်နေရာသို့ ပြန်သွားခဲ့သည်။ ကျောက်စိမ်းပိုးကောင်သည် ယနေ့အတွက် အံ့ဖွယ်ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း လေ့ကျင့်မှုကို ပြီးမြောက်သွားပြီဖြစ်ရာ ကျန်ရှိသောအရာမှာ ၎င်း၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုသာ ဖြစ်သည်။
ကျန်းဟန်သည် ပို၍ပင် ပြင်းထန်စွာ စတင်လေ့ကျင့်တော့သည်။ သူသည် စောစောက ဆရာ ခယ်လုံထံမှ အတွေ့အကြုံတစ်ခုကို ရရှိခဲ့သည်။ သားရဲထိန်းချုပ်သူတစ်ဦးအတွက် ရှင်သန်ရေးစွမ်းရည်မှာ အလိုအပ်ဆုံးဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နိုင်စွမ်းကို ကောင်းမွန်စွာ လေ့ကျင့်ထားရမည်ဖြစ်သည်။
မွန်းလွဲပိုင်း လေ့ကျင့်ရေးသည်လည်း လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။ အတန်းဆင်းပြီးနောက် ကျန်းဟန်သည် သူ၏ကျောပိုးအိတ်ကို လွယ်ကာ ထွက်ခွာခဲ့၏။ သူသည် ကျောင်းတွင် သူငယ်ချင်းမရှိသဖြင့် မည်သူ့ကိုမျှ စောင့်နေရန်မလိုပေ။
ကျောင်းဂိတ်ဝမှ ထွက်လာပြီးနောက် ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်ကို ထုတ်လိုက်ပြီး ပိုးစာရွက်တစ်ရွက် ကျွေးလိုက်သည်။
“ဒီနေ့ မင်း တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တယ်။ မင်း ကြိုးစားနေသရွေ့ ဘယ်အရာကမှ မင်းရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။”
“ကျိ (⁎˃ᴗ˂⁎)”
ကျောက်စိမ်းပိုးကောင်လေးသည ပိုးစာရွက်ကို စားရင်း အလွန်ပင် ပျော်ရွှင်နေ၏။ ယနေ့တိုက်ပွဲက ၎င်းအတွက် ကြီးမားသော ယုံကြည်မှုကို ဆောင်ကြဉ်းပေးခဲ့သည်။
“ကျန်းဟန်... ခဏလောက် စောင့်ပါဦး။”
ထိုအခိုက်မှာပင် ကြည်လင်ပြတ်သားသော အသံလေးတစ်ခုက သူ့ကို လှမ်းခေါ်လိုက်သည်။
ကျန်းဟန် လှည့်ကြည့်လိုက်ရာ ရောက်လာသူများမှာ အခြားသူများမဟုတ်ဘဲ အတန်းခေါင်းဆောင် ချန်းလန်နှင့် အတန်းကိုယ်စားလှယ် လီဇီဝေတို့ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
“ဘာကိစ္စရှိလို့လဲ။”
ကျန်းဟန်က သူတို့ကို ကြည့်လိုက်သည်။
“နင်ကတောပ အမြဲတမ်း ဒီလိုပဲ အေးစက်နေတော့မှာလား။ နည်းနည်းလောက် ပြုံးလို့မရဘူးလား။”
လီဇီဝေက သူမ၏မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်သည်။
အတန်းခေါင်းဆောင် ချန်းလန်ကမူ ကျန်းဟန်ကို သေချာစွာ စိုက်ကြည့်နေမိသည်။ ပုံမှန်အားဖြင့် ဆံပင်ပွပွနှင့် နေလေ့ရှိသော ဤအတန်းဖော် ကျန်းဟန်တွင် အမှန်တကယ်တော့ အတော်အတန် ခန့်ညားသော မျက်နှာကျ ရှိနေသည်ကို သူမ သတိထားမိသွားခဲ့သည်။ ၎င်းမှာ ယခင်က သူမ ဘယ်တုန်းကမှ သတိမပြုမိခဲ့သောအရာပင်။
“နင်က တရားထိုင်ခြင်းအတတ်ပညာရဲ့ အခြေခံအဆင့်ကို တကယ် ပထမဆုံး ပြီးမြောက်ခဲ့တဲ့သူ မဟုတ်လား။ ငါ အခုမှ မှတ်မိတော့တယ်။ ငါ့အဖေ ပြောဖူးတယ်။ စိတ်ဝိညာဉ်စွမ်းအင်ပါရမီကို နိုးထစေတဲ့သူတွေက တရားထိုင်ခြင်းအတတ်မှာ ထူးခြားတဲ့ အနုစိတ်ပါရမီ ရှိကြတယ်တဲ့။”
အတန်းခေါင်းဆောင် ချန်းးလန်က သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် ကျန်းဟန်ကို စိုက်ကြည့်လိုက်သည်။ သူမ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့မိသော ဤအတန်းဖော်က အတော်လေး ထူးခြားပုံရသည်။
သူ ကျောက်စိမ်းပိုးကောင်နှင့် စာချုပ်ချုပ်မိသွားခြင်းကသာ နှမြောစရာ ကောင်းလှသည်။ သို့မဟုတ်ပါက သူ့တွင် တောက်ပသော အနာဂတ်တစ်ခု ရှိနေမည်မှာ သေချာသည်။
“မဟုတ်ပါဘူး...။ ငါ တရားထိုင်ခြင်းအတတ်ကို သဘောတောင် မပေါက်သေးဘူး။”
ကျန်းဟန်က ခေါင်းခါပြလိုက်သည်။
“အခြားကိစ္စ မရှိတော့ရင် ငါ သွားတော့မယ်။ အိမ်ပြန်ပြီး ထမင်းချက်ရဦးမှာမလို့။”
သူသည် ထိုမိန်းကလေးနှစ်ယောက်နှင့် စကားအများကြီးပြောရန် စိတ်မဝင်စားသလို ၎င်းတို့အပေါ်တွင်လည်း စိတ်ဆန္ဒမရှိပေ။ သူက တိတ်တဆိတ်သာ ပိုမိုသန်မာလာချင်သည်။
“ကိစ္စရှိလို့ပေါ့။ နင် ကျောက်စိမ်းပိုးကောင်ကို ဒီလောက်အထိ ကြိုးကြိုးစားစား လေ့ကျင့်ဖြစ်အောင် ဘယ်လိုလုပ်လဲဆိုတာ မေးမလို့။ ငါတို့ရဲ့ သားရဲတွေကျတော့ ခဏလောက် လေ့ကျင့်ပြီးတာနဲ့ လုံးဝ မလှုပ်ချင်တော့ဘူး။”
လီဇီဝေက ရှေ့သို့ လှမ်းလာပြီး ကျန်းဟန်ကို တားလိုက်ကာ သူမ၏ ဆွဲဆောင်မှုရှိပြီး တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
သူတို့သည် ကျန်းဟန်၏ အနာဂတ်အပေါ် မျှော်လင့်ချက်အကြီးကြီး မထားကြသော်လည်း သူ၏ သားရဲလေ့ကျင့်ပုံ နည်းစနစ်ကိုမူ အတော်လေး သဘောကျမိကြသည်။
“အဲ့ဒါက ကျောက်စိမ်းပိုးကောင် ကိုယ်တိုင်က စည်းကမ်းရှိလို့ပဲ။ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါက သူ့ကို အားပေးရုံပဲ လုပ်ပေးတာ။”
ကျန်းဟန်က သူ့လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
“ဟုတ်လို့လား။”
လီဇီဝေက အနည်းငယ် သံသယဝင်နေဟန်ဖြင့် မေးလိုက်သည်။
“တကယ်ပေါ့... အစစ်အမှန်ပဲ။”
ကျန်းဟန်က လက်ကို ထပ်မံဖြန့်ပြလိုက်ပြန်သည်။
“အင်းလေ... ဒါဆိုလည်း ပြီးတာပါပဲ။”
လီဇီဝေက သက်ပြင်းချကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ငါ သွားတော့မယ်။ အိမ်ပြန်ပြီး ထမင်းချက်ရဦးမှာမလို့။”
ကျန်းဟန်က ပြောပြောဆိုဆိုဖြင့် ကျောက်စိမ်းပိုးကောင်ကို ခေါ်ကာ ထွက်ခွာသွားတော့သည်။
“နင် သတိထားဦး။ မကြာသေးခင်က ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရ အလုပ်သင်အဆင့် ထိန်းချုပ်သူတွေကို ပစ်မှတ်ထားတဲ့ မကောင်းဆိုးဝါးအဖွဲ့အစည်းတစ်ခု ကန်မြို့ဧရိယာထဲကို ဝင်ရောက်လာတယ်လို့ ငါကြားထားတယ်။ တစ်ယောက်တည်း သွားရလာရတာ အရမ်း အန္တရာယ်များတယ်။”
အတန်းခေါင်းဆောင် ချန်းလန်က ကျန်းဟန်၏ ကျောပြင်ကို ကြည့်ကာ သတိပေးလိုက်သည်။
“သိပါပြီ... ငါ့လို အမှိုက်တစ်ယောက်ကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။”
ကျန်းဟန်က လက်လှမ်းပြရင်း ပြန်ပြောလိုက်လေသည်။
အတန်းခေါင်းဆောင် ချန်းလန် - “...”