← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

အိမ်ပြန်ရောက်သောအခါ ကျန်းဟန်သည် မွန်းလွဲပိုင်းလေ့ကျင့်ရေးမှ ရရှိလာသော ချွေးနံ့များကို စင်ကြယ်သွားစေရန် ပထမဆုံး ရေမိုးချိုးလိုက်ပြီးနောက် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းရည်ကို ယူကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ကျောက်စိမ်းပိုးကောင်သည် မြေပြင်ပေါ်တွင် ဝပ်လျက် ပိုးစာရွက်များကို စားနေ၏။ ၎င်းသည် အရည်အသွေးမြင့် ပိုးစာရွက်များကို အလွန်အမင်း နှစ်သက်သည်မှာ သိသာလှသည်။

“ငါတို့ ခဏနေရင် ခန္ဓာကိုယ်သန်မာလာစေဖို့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးရည်ကို သုံးကြမယ်။”

ကျန်းဟန်က ကျောက်စိမ်းပိုးကောင်ကို တစ်ချက်ကြည့်လိုက်ပြီး အစီအစဉ်စတင်ရန် ပြင်ဆင်လိုက်တော့သည်။

ပထမဦးစွာ သူသည် သံဇလုံအကြီးတစ်လုံးကို ရှာဖွေကာ ဂတ်စ်မီးဖိုပေါ် တင်လိုက်ပြီး အချိုးအစားအတိုင်း ရေထည့်လိုက်သည်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုသည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ဆေးရည် သုံးပုံတစ်ပုံကို လောင်းထည့်လိုက်သည်။

ဤပုလင်းမှာ သုံးကြိမ်စာအတွက် လုံလောက်သည်။ ရေအပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ ကျန်းဟန်က ၎င်းကို အဆက်မပြတ် မွှေပေးနေလိုက်သည်။ မကြာမီမှာပင် ဇလုံထဲရှိ အရည်များ ပျစ်ခဲလာပြီး နို့နှစ်ရောင်သို့ ပြောင်းလဲသွားကာ ဂျယ်လီနှင့် အနည်းငယ် တူသွားတော့သည်။

“ပိုင်လင်း... ဒီကိုလာခဲ့။”

ကျန်းဟန်က လှမ်းခေါ်လိုက်ရာ ပိုင်လင်းက ခပ်သွက်သွက်လေး ပြေးလာခဲ့လေသည်။

“ခန္ဓာကိုယ် လေ့ကျင့်မှု စပြီ။ မင်းအနေနဲ့ အစေခံအဆင့်ရဲ့ နှောင်းပိုင်းအဆင့်ကိုတောင် တိုက်ရိုက် တက်လှမ်းနိုင်ရင် တက်လှမ်းနိုင်လိမ့်မယ်။”

ကျန်းဟန်က ပြောပြောဆိုဆိုဖြင့် ၎င်းကို သံဇလုံထဲသို့ ထည့်လိုက်သည်။

“ကျိ.....”

စူးရှသော အော်ဟစ်သံနှင့်အတူ ပိုင်လင်း၏ ခန္ဓာကိုယ်သည် ဘောလုံးတစ်လုံးလို ကွေးသွားပြီး ချက်ချင်းပင် မာကျောကာ မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားတော့သည်။

သို့သော်လည်း ကျန်းဟန်က ၎င်းကို အောက်သို့ ဆက်၍ ဖိထားဆဲပင်။ မီးကို ပိတ်ထားပြီးဖြစ်ရာ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းဆေးရည်၏ အပူချိန်မှာ ၎င်းတောင့်ခံနိုင်သော အဆင့်တွင် ရှိသော်လည်း အနည်းငယ်တော့ ပူလိမ့်မည်ဖြစ်သည်။

“အပြင်ကို ထွက်မလာနဲ့။ ဒါက မင်း ပိုပြီး သန်မာလာစေနိုင်တယ်။”

ကျန်းဟန်က ၎င်းကို ကြည့်ကာ ပြောလိုက်သည်။

“ကျိ ╥﹏╥”

ပိုင်လင်းသည် ကျန်းဟန်က မိမိကို ချက်စားရန် ပြင်ဆင်နေသည်ဟု ခဏတာ ထင်မှတ်သွားခဲ့သော်လည်း ကျန်းဟန်၏ တည်ကြည်လေးနက်သော မျက်နှာအမူအရာကို မြင်သောအခါ ၎င်း၏ခန္ဓာကိုယ်မှာ စတင်နီရဲလာလျှင်ပင် အောင့်အည်းသည်းခံနေရှာသည်။

သို့သော် မကြာမီမှာပင် အထူးဆန်းကြယ်သော ဆေးစွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး မိမိကိုယ်ကို ပိုမိုသန်မာလာစေသည်ကို ခံစားလိုက်ရတော့သည်။

ရုတ်တရက်ဆိုသလို ၎င်းမှာ ယခင်ကလောက် မနာကျင်တော့သလို ခံစားလိုက်ရတော့လေသည်။

“ဟူး... သားရဲထိန်းချုပ်သူ အသက်မွေးဝမ်းကျောင်းအလုပ်က တကယ်ကောင်းတာပဲ။ ငါသာ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေတာဆိုရင် ဒီလိုနာကျင်မှုမျိုးကို ကိုယ်တိုင် အလူးအလဲ ခံစားနေရမှာ။”

ကျန်းဟန်က ပိုင်လင်း၏ ခန္ဓာကိုယ်အနှံ့ ခန္ဓာကိုယ်ကြံခိုင်ခြင်း ဆေးရည်များ ထိမိစေရန် ၎င်း၏ဘေးပတ်ပတ်လည်ရှိ အရည်များကို မွှေပေးရင်း အေးဆေးတည်ငြိမ်စွာဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။

ပိုင်လင်း - “...”

ည ၁၀ နာရီတိတိ ရောက်သောအခါမှသာ ခန္ဓာကိုယ်ကြံ့ခိုင်းခြင်းဆေးရည်မှာ လုံးဝ မည်းနက်သွားတော့သည်။ ၎င်းသည် အာဟာရဓာတ်များကို စုပ်ယူပြီးသွား၍ ပိုင်လင်း၏ ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများ စွန့်ထုတ်ပြီးသွားပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။

သို့သော်လည်း သူသည် အစေခံအဆင့်၏ နှောင်းပိုင်းအဆင့်သို့ မရောက်ရှိခဲ့ဘဲ ၎င်း၏ အရှိန်အဝါမှာ အနည်းငယ်ပင် ကျဆင်းသွားခဲ့သည်။ သို့သော် ၎င်း၏ အရေပြားမှာမူ ပိုမိုကြံ့ခိုင်တောင့်တင်းလာပြီး သာမန်ဓားများဖြင့် လုံးဝ ဒဏ်ရာမပေးနိုင်တော့ချေ။

ငါးရက်တာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အထက်တန်းကျောင်း နောက်ဆုံးနှစ်ဘဝမှာ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှ၏။ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းနှင့် လေ့ကျင့်ရေးတို့အပြင် ကျန်သောအချိန်များကို သားရဲထိန်းချုပ်သူဆိုင်ရာ အသိပညာရပ်များကို လေ့လာခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။

ကျန်းဟန်၏ ကျောက်စိမ်းပိုးကောင်မှာလည်း လူပြောမများတော့ပေ။ အဘယ်ကြောင့်ဆိုသော် အခြားသူများ၏ အိမ်မွေးသားရဲများသည်လည်း တဖြည်းဖြည်း ပိုမိုသန်မာလာကြသောကြောင့်ပင်။ ထိုအဆင့်သတ်မှတ်ချက် ကြယ်သုံးပွင့် အလားအလာရှိသော သားရဲများသည် အစေခံအဆင့်၌ အရှိန်အဟုန်အကောင်းဆုံး ကြီးထွားနှုန်းရှိသည့် အကောင်ပေါက်ဘဝတွင် ရှိနေကြဆဲပင်။

သားရဲတစ်ကောင်၏ သက်တမ်းကို ယေဘုယျအားဖြင့် အကောင်ပေါက်အဆင့်၊ ကြီးထွားမှုအဆင့်၊ အရွယ်ရောက်အဆင့်၊ ဆင့်ကဲပြောင်းလဲခြင်းအဆင့်နှင့် အန္တိမအဆင့်ဟူ၍ ခွဲခြားနိုင်သည်။

သားရဲများသည် အကောင်ပေါက်အဆင့်နှင့် ကြီးထွားမှုအဆင့်တို့တွင် အလျင်မြန်ဆုံး ကြီးထွားပြီး ဆင့်ကဲပြောင်းလဲကြကာ အရွယ်ရောက်အဆင့်သို့ ရောက်ရှိသွားပါက ၎င်းနှုန်းမှာ နှေးကွေးသွားခြင်း သို့မဟုတ် လုံးဝ ရပ်တန့်သွားခြင်းမျိုး ဖြစ်တတ်သည်။

ဆင့်ကဲပြောင်းလဲခြင်းအဆင့်နှင့် အန္တိမအဆင့်တို့မှာမူ သာမန်သားရဲများအတွက် တည်ရှိခြင်းမရှိပေ။ အရွယ်ရောက်ပြီးသား သားရဲများသာလျှင် အထူးမွေးမြူရေးနှင့် လေ့ကျင့်ရေးနည်းစနစ်များမှတစ်ဆင့် ၎င်းတို့၏ နောက်ဆုံးအလားအလာကို ပြန်လည်လှုံ့ဆော်ပြီး ဆင့်ကဲပြောင်းလဲမှုအသစ်ကို ပြီးမြောက်စေကာ အဆုံးစွန်၌ အန္တိမဖြစ်လာပြီး ၎င်းတို့၏ အလားအလာကို အထွတ်အထိပ်အထိ အသုံးချနိုင်ကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးမှာ သဘာဝလောကတွင် ဖြစ်ခဲလှသည်။ သဘာဝအတိုင်း ရှင်သန်သော သားရဲများတွင် လူသားများကဲ့သို့ သိပ္ပံနည်းကျ သုတေသနပြုနိုင်စွမ်း မရှိကြသဖြင့် ကံတရားအပေါ်၌သာ အမှီပြုနိုင်ကြပေသည်။

သောကြာနေ့ မွန်းလွဲပိုင်း လေ့ကျင့်ရေးကွင်းပြင်ကျယ်ထဲတွင် ဖြစ်သည်။ ကျောက်စိမ်းပိုးကောင်သည် ပိုးမျှင်ပစ်လွှတ်ခြင်း တစ်ချက်တည်းဖြင့် ကျောက်လုံးကြီးတစ်လုံးကို မှုန့်မှုန့်ညက်ညက် ဖြစ်သွားစေခဲ့သည်။ ထို့နောက်တွင် ၎င်း၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး တစ်စုံတစ်ခုသော လျှို့ဝှက်ဆန်းကြယ်သည့် အသွင်ပြောင်းလဲမှုကို ကြုံတွေ့နေရသည့်ပုံပေါ်သည်။

၎င်း၏ အရွယ်အစားမှာ ပထမဦးစွာ အနည်းငယ် ကျုံ့ဝင်သွားပြီး အရှည် အစင်တီမီတာ သုံးဆယ်မျှသာ ရှိတော့သည်။ ထို့နောက် တစ်ကိုယ်လုံးမှာ သိုးဆီကျောက်စိမ်းကဲ့သို့ နွေးထွေးချောမွေ့သွားပြီး ၎င်း၏ အရှိန်အဝါမှာလည်း အစေခံအဆင့်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။

ကျောက်စိမ်းပိုးကောင်ကို အနီးကပ် စိုက်ကြည့်နေခဲ့သော ကျန်းဟန်သည် ဤအရာက အံ့ဖွယ်လမ်းကြောင်း ၁၏ လေ့ကျင့်ရေးပစ်မှတ် ပြီးမြောက်သွားပြီဖြစ်ကြောင်း သဘာဝကျကျပင် နားလည်လိုက်သည်။ ကျောက်စိမ်းပိုးကောင်သည် ပြီးပြည့်စုံသော ကျောက်စိမ်းပိုးကောင် ရုပ်ခန္ဓာကို ရရှိသွားခဲ့ပြီဖြစ်ရာ နောင်အနာဂတ်တွင် ကျောက်စိမ်းဖီးနစ်စိမ်းလိပ်ပြာအဖြစ် ဧကန်မုချ ဆင့်ကဲပြောင်းလဲနိုင်မည်ဖြစ်ပြီး ကျောက်စိမ်းဖီးနစ်စိမ်းလိပ်ပြာဘုရင် အဖြစ်ပင် ဆင့်ကဲပြောင်းလဲနိုင်မည့် အခွင့်အရေး ၅၀% ရှိပေသည်။

“ဂုဏ်ယူပါတယ် ပိုင်လင်း...။ ငါတို့ ကံကြမ္မာကို ပြောင်းလဲပစ်မယ့် လမ်းကြောင်းပေါ်ကို ခြေလှမ်းသစ်တစ်လှမ်း လှမ်းနိုင်ခဲ့ပြီ။”

ကျန်းဟန်က ပိုင်လင်းကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ယခုအခါ ကျောက်စိမ်းပိုးကောင်လေးမှာ သိုးဆီကျောက်စိမ်းဖြင့် ထုဆစ်ထားသော ရုပ်တုလေးတစ်ခုအလား နွေးထွေးနူးညံ့နေပြီး မည်သူ့ကိုမျှ ကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်စေတော့ပေ။

“ကျိ (^-^)V”

ကျောက်စိမ်းပိုးကောင်လေးသည် ကျန်းဟန်၏ ရင်ခွင်ထဲသို့ ပျော်ရွှင်စွာ ခုန်ဝင်လာပြီး ပါးစပ်ကိုဟကာ ပိုးမျှင်များ မှုတ်ထုတ်လျက် ပန်းစည်းလေးတစ်စည်း ရက်လုပ်ပေးလိုက်သည်။ ၎င်း၏ ပွင့်ဖတ်လေးများပေါ်တွင် “ကျေးဇူးတင်ပါတယ်” ဟူသော စာလုံးများကိုပင် တွန့်လိမ်တွန့်ကောက်ဖြင့် ရေးသားထားသေးသည်။

၎င်းက ကျန်းဟန်ကို ကျေးဇူးတင်နေခြင်း ဖြစ်သည်။ အကယ်၍ ကျန်းဟန်၏ ပါရမီစွမ်းရည်ဖြင့် ကူညီဖေးမမှု မပါဝင်ခဲ့ပါက ဤမျှအချိန်တိုအတွင်း ဤအဆင့်သို့ ရောက်ရှိရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။

“ဒါက ငါတို့နှစ်ယောက်စလုံး အတူတူကြိုးပမ်းအားထုတ်မှုကြောင့်ပါ။”

ကျန်းဟန်က ၎င်းပေးပို့လာသော ကျေးဇူးတင်ရိုသေသည့် စိတ်အာရုံကို ခံစားရင်း ပြုံးကာ ပြောလိုက်သည်။

“ပြီးတော့... နောင်အနာဂတ်မှာ ငါတို့တွေ ဒီထက်မက ပိုပြီး သန်မာလာဦးမှာပါ။”

“ကျိ”

ကျောက်စိမ်းစိမ်းပိုးကောင်လေးကလည်း ပျော်ရွှင်နေဟန် အသံလေးတစ်ခု ပြုလုပ်လိုက်၏။ ၎င်းကိုယ်တိုင်လည်း မိမိတွင် တောက်ပသော အနာဂတ်တစ်ခု ရှိလာလိမ့်မည်ဟု ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

ဤအရာက ၎င်းအတွက် မယုံနိုင်စရာ ကောင်းလှသည်။ လွန်ခဲ့သော တစ်ပတ်ခန့်ကတင် ၎င်း၏ အနာဂတ်မှာ မှောင်မိုက်နေခဲ့သော်လည်း ယခုအခါတွင်မူ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“ကောင်းပြီ သွားကြစို့။ အိမ်ပြန်ကြမယ်။ မနက်ဖြန်က ပြိုင်ပွဲစမယ့်နေ့ဆိုတော့ ငါတို့ အဆင့်ကောင်းကောင်းတစ်ခု ရအောင် ယူရမယ်။”

ကျန်းဟန်သည် လူသူကင်းမဲ့နေသော လေ့ကျင့်ရေးကွင်းထဲမှ လှမ်းထွက်လာခဲ့သည်။ မနက်ဖြန်သည် မြို့နယ်ရှိ ချင်းယွမ်လေ့ကျင့်ရေးကွင်း၏ ဖွင့်ပွဲအထိမ်းအမှတ် ပြိုင်ပွဲကျင်းပမည့်နေ့ဖြစ်ပြီး ၎င်းမှာ သူ ဤကမ္ဘာသို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲလည်း ဖြစ်သည်။

“ကျန်းဟန်... နင်လည်း ချင်းယွမ်လေ့ကျင့်ရေးကွင်းရဲ့ ဖွင့်ပွဲအခမ်းအနား ပြိုင်ပွဲမှာ ပါဝင်ဖို့ စာရင်းပေးထားတယ်လို့ ကြားတယ်။”

ကျန်းဟန် ပစ္စည်းများသိမ်းရန် စာသင်ခန်းသို့ ပြန်ရောက်လာချိန်တွင် လီဇီဝေက လှမ်းမေးလိုက်သည်။

“အင်း... ဟုတ်တယ်။ ဘာဖြစ်လို့လဲ။”

ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။ ယခုအခါ သူသည် အတန်းဖော်များနှင့် အတန်အသင့် ရင်းနှီးနေပြီဖြစ်သည်။ ဆရာဖြစ်သူက သူ့အပေါ် ဂရုတစိုက်ရှိသည်ဖြစ်ရာ အတန်းဖော်များကလည်း သူ့ကို ယခင်ကလို မျက်ကွယ်ပြုမထားကြတော့ပေ။

“ငါလည်း စာရင်းပေးထားတယ်။ အဲ့ဒီအချိန်ကျရင် ငါ ညှာတာနေမှာ မဟုတ်ဘူးနော်။”

လီဇီဝေက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ကာ ပြောသည်။

“ဒါပေါ့။ ငါလည်း အစွမ်းကုန် ကြိုးစားမှာပါ။”

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်။ ဒီတစ်ခါ မင်းကို ငါ သေချာပေါက် အနိုင်ယူပြမယ်။ ကျန်းဟန်...ပြီးခဲ့တဲ့တစ်ခေါက်က မင်းဘဝမှာ ငါ့ကို ပထမဆုံးအကြိမ် နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒါကလည်း နောက်ဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်။”

အပြင်မှ လမ်းလျှောက်ဝင်လာသော အားကစားမှူး လျူရှန်းသည် ကျန်းဟန်၏စကားကို ကြားသောအခါ အသံကျယ်ကျယ်ဖြင့် ဝင်ပြောလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ကျန်းဟန်ကို ရှုံးနိမ့်ခဲ့ရခြင်းက သူ့စိတ်ထဲတွင် အမြဲတစေ အံကြိတ်မကျေမနပ် ဖြစ်နေစေခဲ့သည်။

“အဲ့ဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။”

ကျန်းဟန်က သူ့ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။

“ဒါဆို မနက်ဖြန်ကျရင်လည်း မင်း အခုလိုမျိုး မောက်မာနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်။”

အားကစားမှူး လျူရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့စာအုပ်များကို ယူကာ ထွက်ခွာသွားတော့သည်။

ကျန်းဟန်သည်လည်း သူ၏ကျောပိုးအိတ်ကို ဆွဲကာ ကျောက်စိမ်းပိုးကောင်နှင့်အတူ ထွက်လာခဲ့လိုက်သည်။

“ငါလည်း အိမ်ပြန်တော့မှာဆိုတော့ အတူတူ သွားကြရအောင်လေ။”

လီဇီဝေက နောက်မှ လှမ်းခေါ်သည်။

“မလိုပါဘူး။”

ကျန်းဟန်က လက်ခါပြလိုက်ပြီး ခပ်သွက်သွက်လေး လျှောက်ထွက်သွားခဲ့သည်။

ကျောင်းမှ ထွက်လာပြီးနောက် သူသည် ကျောက်စိမ်းပိုးကောင်အတွက် အစာဝယ်ရန် မြို့လယ်ခေါင်ဘက်သို့ ဦးတည်လိုက်၏။

ကျောက်စိမ်းပိုးကောင်သည် အံ့ဖွယ်လမ်းကြောင်း ၁ အတွက် လေ့ကျင့်ရေးကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်သော်လည်း အံ့ဖွယ်လမ်းကြောင်းများမှာမူ ပျောက်ကွယ်မသွားဘဲ ပြောင်းလဲခြင်း မရှိသေးချေ။ ဒုတိယနှင့် တတိယ မြောက်လမ်းကြောင်းများမှာ တည်ရှိနေဆဲဖြစ်သည်။ တစ်ခုမှာ ကြယ်သုံးပွင့်အဆင့် အလားအလာရှိသော အမျိုးအမည်မသိ လျှပ်စစ်အမျိုးအစား သားရဲကောင်ပေါက်ဖြစ်ပြီး အခြားတစ်ခုမှာ နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကာ ကြယ်လေးပွင့်အဆင့် အလားအလာရှိသော အမျိုးအမည်မသိ စွမ်းရည်ခံ သားရဲအကောင်ပေါက် ဖြစ်သည်။

ကျန်းဟန်သည် တတိယမြောက်လမ်းကြောင်းအတွက် လေ့ကျင့်ရေးကို တိုက်ရိုက်ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။ ၎င်းမှာ အနှုတ်နှစ်ဆယ်ဒီဂရီ အအေးဒဏ်အောက်တွင် အရှိန်ပြင်းတိုက်ခိုက်ခြင်း အကြိမ်ရေ သုံးထောင် ပြုလုပ်ရန်၊ တစ်ရာ့ငါးဆယ်ဒီဂရီ အပူချိန်အောက်တွင် အသက်ရှူလေ့ကျင့်ခန်း အကြိမ်ရေ သုံးထောင် ပြုလုပ်ရန်နှင့် ဖိအားပုံဆောင်လဲ၏ ဖိနှိပ်မှုအောက်တွင် နေ့စဉ် အကြိမ်ရေ တစ်သောင်း ခုန်ရမည့် လေ့ကျင့်မှုကို ရက်ပေါင်းသုံးဆယ်ကြာ ပြုလုပ်ပြီး နောက်ဆုံး၌ ဖိအားစွမ်းရည်ကို တတ်မြောက်ရမည် ဖြစ်သည်။

ဤလေ့ကျင့်ရေးတွင် အခက်ခဲဆုံးအပိုင်းမှာ ဖိအားပုံဆောင်ခဲအောက်တွင် အကြိမ်ရေ တစ်သောင်း ခုန်ရမည့်အပြင် နောက်ဆုံး၌ ဖိအားစွမ်းရည်ကို တတ်မြောက်ရမည့် အချက်ဖြစ်သည်။ ဖိအားစွမ်းရည်မှာ ကျောက်စိမ်းပိုးကောင်အတွက် တတ်မြောက်ရန် အလွန်အမင်း ခက်ခဲလှသောအရာတစ်ခုပင်။

သို့သော်လည်း ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်၏ ကြိုးစားအားထုတ်မှုနှင့် မိမိ၏ စိတ်ဝိညာဉ်စွမ်းအင် ကူညီဖေးမမှုတို့ ပေါင်းစပ်လိုက်လျှင် ဤအရာကို ပြီးမြောက်အောင်မြင်နိုင်ဆဲဖြစ်သည်ဟု ခံစားမိသည်။

မကြာမီမှာပင် သူ မြို့ထဲသို့ ရောက်ရှိလာခဲ့သည်။ ကျန်းဟန်သည် ပထမဦးစွာ ဆီချက်ခေါက်ဆွဲတစ်ပွဲ စားသောက်ရန် နေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် စျေးနှုန်းများကို နှိုင်းယှဉ်ရန်အတွက် သားရဲထိန်းချုပ်သူဆိုင်ရာ အထောက်အပံ့ပစ္စည်း အရောင်းဆိုင်အချို့သို့ သွားရောက်စုံစမ်းပြီး စျေးနှုန်းနှင့် အရည်အသွေး အမျှတဆုံးဖြစ်သော ကျောက်စိမ်းဝါးရွက်များနှင့်အတူ ကျောက်စိမ်းဝါးမှုန့်တစ်ဘူးကို ဝယ်ယူခဲ့သည်။

ပိုင်လင်းသည် အလွန်ပင် ကြိုးစားပမ်းစား လေ့ကျင့်နေသောကြောင့် ၎င်းက ပို၍စားသုံးလာခဲ့သည်။ ၎င်းသည် နှစ်ပတ်စာ လောက်ငှသော ကျောက်စိမ်းမှုန့်များကို တစ်ပတ်တည်းဖြင့် ကုန်အောင် စားပစ်ခဲ့၏။

ကံကောင်းထောက်မစွာဖြင့် ကျန်းဟန်၏လက်ထဲတွင် ငွေသား ယွမ်သုံးထောင် ကျန်ရှိနေသေးပြီး သူသည် နောက်ထပ်တစ်ဘူးဝယ်ရန် ယွမ်ငါးရာ ထပ်မံအသုံးပြုခဲ့သည်။

“ဟုတ်ဟုတ်”

ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်နှင့်အတူ အိမ်အပြန်လမ်းတွင် အမှိုက်ပုံတစ်ခုအနီးမှ ဖြတ်သန်းသွားစဉ် အမှိုက်ပုံဘေးရှိ လမ်းကြားထဲမှ ငှက်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် တစ်စုံတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အလား ဝုန်းခနဲ အသံတစ်ခု ထိုလမ်းကြားထဲမှ ထွက်ပေါ်လာတော့သည်။

All Chapters