အခန်း ၁၅
Vol. 2 Ch. 15
အခန်း ၁၅
သားရဲထိန်းချုပ်သူတစ်ဦးအနေဖြင့် သားရဲတစ်ကောင်နှင့် စာချုပ်ချုပ်ဆိုရာတွင် အဓိကအားဖြင့် အခြေအနေ နှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ သားရဲ အသိစိတ်ရှိနေသည့် အခြေအနေဖြစ်ပြီး ထိုသို့ဆိုလျှင် စာချုပ်ချုပ်ဆိုရန်အတွက် သားရဲ၏ သဘောတူညီချက် လိုအပ်သည်။
အခြားအခြေအနေတစ်ခုမှာမူ ယခုလက်ရှိ သားရဲ၏ အခြေအနေကဲ့သို့ပင် အသိစိတ်လုံးဝ လွတ်မြောက်သွားအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုအချိန်တွင် ၎င်း၌ မည်သည့်ခုခံနိုင်စွမ်းမျှ မရှိတော့ချေ။
ထို့ပြင် သားရဲနိုးလာသည့်အခါ ပြန်လည်ခုခံမည်ကိုလည်း စိုးရိမ်စရာမလိုချေ။ စာချုပ်ချုပ်ဆိုပြီးနောက်တွင် စာချုပ်၏စွမ်းအားက ၎င်းတို့အား ရင်းနှီးကျွမ်းဝင်မှု အာနိသင်ကို ခံစားရစေမည်ဖြစ်သည်။
စာချုပ်ချုပ်ဆိုပြီးသွားပါက ၎င်းတို့အနေဖြင့် သားရဲထိန်းချုပ်သူကို တိုက်ခိုက်ချင်လျှင်ပင် တိုက်ခိုက်နိုင်မည်မဟုတ်တော့ချေ။ အကြောင်းမှာ သားရဲထိန်းချုပ်သူ ရရှိမည့် မည်သည့်ထိခိုက်ဒဏ်ရာမဆို ၎င်းတို့ထံသို့သာ လွှဲပြောင်းရောက်ရှိသွားမည်ဖြစ်သောကြောင့်ပင်။
“ပိုင်လင်း စိတ်မပူပါနဲ့။ ဒါက ကမ္ဘာ့အထွတ်အထိပ်ကို သွားမယ့် ငါတို့ရဲ့ လမ်းခရီးမှာ နောက်ထပ် အဖော်တစ်ယောက် တိုးလိုက်ရုံပဲ ရှိတာပါ။ မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အချစ်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။”
ကျန်းဟန်က သူ့ဘေးနားမှ ကြည့်နေသော ပိုင်လင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ကျိ”
ပိုင်လင်းက ကျန်းဟန်ကို မော့ကြည့်လိုက်ပြီး ၎င်းအနေဖြင့် ပိုမိုကြိုးစားသွားမည်ဖြစ်ကြောင်း အမူအရာပြလိုက်သည်။
ကျန်းဟန်က ပိုင်လင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် သူ့လက်ကို မြှောက်ကာ မျက်နှာဝိုင်းဖက်တီး ကြက်ကြီး၏ ခေါင်းပေါ်သို့ ဖိချလိုက်သည်။
သူ၏စိတ်အာရုံကို စုစည်းလိုက်သည်နှင့်အမျှ သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲရှိ ဒုတိယမြောက် သားရဲထိန်းချုပ်ခြင်းမျိုးစေ့သည် သူ့လက်မောင်းတစ်လျှောက် အလျင်အမြန် ရွေ့လျားလာပြီး မျက်နှာဝိုင်းဖက်တီး ကြက်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
မကြာမီမှာပင် ထိုသားရဲထိန်းချုပ်ခြင်းမျိုးစေ့သည် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။ မူလက အဖြူရောင် မျိုးစေ့သည် သွေးရောင်ရင့်ရင့်အဖြစ် ပြောင်းလဲသွားပြီး ၎င်းအပေါ်၌ ဇီးကွက်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သားရဲထိန်းချုပ်သူနှင့် သားရဲတို့အကြား ချုပ်ဆိုသော စာချုပ်သည် အမြဲတမ်း တန်းတူညီမျှစာချုပ်သာ ဖြစ်သည်။ စာချုပ်ချုပ်ဆိုပြီးနောက်တွင် သားရဲထိန်းချုပ်သူသည် သားရဲကို တိုက်ရိုက် အမိန့်ပေးစေခိုင်း၍မရဘဲ စာချုပ်၏ အာနိသင်က သားရဲအား သင်နှင့် ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားရစေရုံသာ တတ်နိုင်သည်။
၎င်းကို နာခံမှုရှိအောင် လုပ်နိုင်၊ မလုပ်နိုင်ဆိုသည်မှာ သင်ကိုယ်တိုင်၏ စွမ်းဆောင်ရည်ပေါ်တွင်သာ မူတည်ပေသည်။
သားရဲဆိုသည်မှာ ကျွန်မဟုတ်ဘဲ လက်တွဲဖော်သာ ဖြစ်သည်။ သားရဲနှင့် သားရဲထိန်းချုပ်သူတို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ နှစ်ဦးနှစ်ဖက်စလုံး ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
မျက်နှာဝိုင်းဖက်တီး ကြက်ကြီးနှင့် စာချုပ်ချုပ်ဆိုမှု ပြီးဆုံးသွားသည်နှင့်အမျှ ကျန်းဟန်သည် သူ့ခန္ဓာကိုယ်ထဲသို့ မည်သည့်နေရာမှန်းမသိသော စွမ်းအင်များ တစ်ဟုန်ထိုး စီးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
အလွန်အမင်း အများကြီးမဟုတ်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး နွေးထူးသွားပြီး သူ့စိတ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များလည်း တိုးပွားလာသကဲ့သို့ ခံစားလိုက်ရသည်။
“ထတော့။ အိပ်မနေနဲ့တော့။”
ကျန်းဟန်က သွေးအရိပ်ညဇီးကွက်ကို တွန်းလိုက်ပြီး စာချုပ်နှင့် စိတ်ဝိညာဉ်စွမ်းအင်တို့မှတစ်ဆင့် ၎င်းကို ခေါ်နှိုးလိုက်သည်။
သို့သော်လည်း ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ဆက်တိုက် ခေါ်ပြီးသည့်တိုင် ၎င်းမှာ မလှုပ်မယှက် ရှိနေဆဲပင်။
“ဟင်... မဖြစ်နိုင်တာ။ ဒဏ်ရာတွေလည်း ပျောက်ကုန်ပြီ မဟုတ်ဘူးလား။ ဘာလို့ နှိုးလို့မရတာလဲ။”
ကျန်းဟန် အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့သည်။ ဝိညာဉ်ထံသို့ တိုက်ရိုက်ရောက်ရှိသော ယခုကဲ့သို့ ဆင့်ခေါ်မှုမျိုးက ၎င်းကို သေချာပေါက် နှိုးနိုင်ရမည်ဖြစ်သည်။
ကျန်းဟန်က ၎င်းကို ဟိုဘက်ဒီဘက် လှန်လှောကာ ထပ်မံကြိုးစားကြည့်လိုက်သော်လည်း နှိုး၍မရသေးချေ။
“ထားလိုက်တော့။ နှိုးလို့မရရင်လည်း ထားလိုက်မယ်။ သူ့ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲပဲ အရင်ထည့်ထားလိုက်တော့မယ်။”
ကျန်းဟန်က သက်ပြင်းချရင်း ပြောလိုက်သည်။
“ဟုတ်ဟုတ်”
အတိအကျ ထိုအချိန်၌ ကြမ်းပြင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မျက်နှာဝိုင်းဖက်တီး ကြက်ကြီးသည် ဝုန်းခနဲ ချက်ချင်းခုန်ထကာ ဖန်မီးဆိုင်းပေါ်သို့ ပျံတက်သွားပြီး နီရဲသော မျက်လုံးတစ်စုံဖြင့် ကျန်းဟန်ကို သတိကြီးစွာ စိုက်ကြည့်နေတော့သည်။
နိုးလာပြီးနောက်တွင် ဤကောင်လေးသည် ၎င်း၏ ခန့်ညားလှပသော ရုပ်သွင်ကို အပြည့်အဝ ဖော်ပြနေ၏။ ဝိုင်းစက်သော မျက်နှာ၊ ရွှေရောင်အနားသတ်များပါသည့် ထက်မြက်သော သွေးရောင်မျက်လုံးများ၊ ထက်ရှသော ရွှေရောင်နှုတ်သီးနှင့် နားရွက်ကဲ့သို့သော ပုံသဏ္ဍာန်ဖြစ်ပေါ်နေသည့် ခေါင်းပေါ်က အမွှေးအမျှင်များ...။
ဤအရာများ၏ ပေါင်းစပ်မှုသည် တကယ့်ကို အလွန်အမင်း မိမိုက်လွန်းပြီး အမဲလိုက်သားရဲများ၏ ဘုရင်တစ်ပါးကဲ့သို့သော စရိုက်လက္ခဏာနှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်း၏ ခန့်ညားမှုကြားတွင် ချစ်စရာကောင်းသည့် ဟန်ပန်လေးလည်း စွက်ဖက်နေသကဲ့သို့ ရှိသည်။
“အမ်... မင်းက တကယ်ကြီး အိပ်ချင်ယောင်ဆောင်နေတာပဲ။”
ကျန်းဟန်က ထိုကောင်လေးကို ကြည့်ကာ ဆွံ့အသွားခဲ့သည်။
သူ ဒီလောက်တောင် ဉာဏ်ကောင်းနေရသလား။ အိပ်ချင်ယောင်တောင် ဆောင်တတ်နေပြီ။
အကယ်၍ သူသာ ၎င်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲ ပြန်ထည့်ရန် မပြင်ဆင်ခဲ့ပါက ၎င်းသည် ထပင်ထလာလိမ့်မည်မဟုတ်ဟု သူ ခန့်မှန်းမိလိုက်သည်။
သို့သော်လည်း မျက်နှာဝိုင်းဖက်တီးကြက်ကြီးမှာမူ သူ့ကို ပြန်လည်ဖြေကြားရန် စိတ်မပါဘဲ ဆိုင်းမီးဆိုင်းပေါ်တွင် ရပ်လျက် သူ့ကို ငတုံးတစ်ယောက်အား ကြည့်သကဲ့သို့သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
“မကြောက်ပါနဲ့။ ငါက မင်းကို ကယ်ထားတာပါ။ မင်းကို ဒဏ်ရာရအောင် မလုပ်ပါဘူး။”
ကျန်းဟန်က ၎င်းကို ကြည့်ကာ ပြောလိုက်သည်။
သို့သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမလာခဲ့ချေ။ မျက်နှာဝိုင်းဖက်တီး ကြက်ဆကြီးမှာမူ လေထဲမှနေ၍ သူ့ကို မာန်ဝင့်စွာဖြင့် စိုက်ကြည့်နေဆဲပင်။
“ကောင်းပြီလေ။ မင်း အပေါ်မှာပဲ နေချင်တယ်ဆိုရင်လည်း အဲ့ဒီမှာပဲ နေတော့။”
ကျန်းဟန်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ပိုင်လင်းကို ခေါ်ကာ နောက်ဖေးဝင်းထဲသို့ ထွက်လာခဲ့ပြီး ၎င်းကို ငှက်တစ်ကောင်ပီပီ သူ့ဘာသာသူ နေပါစေတော့ဟုသာ ဆုံးဖြတ်လိုက်တော့သည်။ ပတ်ဝန်းကျင်နှင့် ရင်းနှီးသွားပြီး စာချုပ်အရှိန်အဝါ ပိုမိုခိုင်မာလာပါက အခြေအနေမှာ များစွာပိုကောင်းလာလိမ့်မည် ဖြစ်သည်။
ယခုအခါ မှောင်လုနီးပါး ဖြစ်နေပြီဖြစ်၍ ကျန်းဟန်သည် ရေချိုးပြီးနောက် စိတ်တည်ငြိမ်ခြင်းကို စတင်လေ့ကျင့်လိုက်သည်။
ကျောက်စိမ်းပိုးကောင်လေးအတွက်မူ ကျန်းဟန်က စိတ်ဝိညာဉ်စွမ်းအင်အချို့ကို ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးပြီးနောက် တီဗီ၌ ကလေးများအတွက် စာပေသင်ကြားရေးသင်တန်းတစ်ခု ဖွင့်ပြပေးထားခဲ့သည်။
စာလုံးများကို သိရှိနားလည်ခြင်းက သားရဲတစ်ကောင်၏ ဝိညာဉ်ရေးရာပိုင်းကို တိုးတက်စေနိုင်ပြီး နောင်တွင် ၎င်းဘာသာပင် ပြန်လည်လေ့ကျင့်နိုင်မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ သွေးအရိပ်ညဇီးကွက်သည် ကျန်းဟန် ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးအစုံကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ အမြန်ဆင်းသက်ကာ ဟိုလျှောက်ဒီလျှောက် စတင်စူးစမ်းတော့သည်။ ၎င်းသည် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ထောင့်စွန်းတိုင်းကို အလွန်သေချာစွာ ဂရုတစိုက် ကြည့်ရှုနေခဲ့သည်။
နောက်ဆုံးတွင် ၎င်းသည် ဒုတိယထပ်သို့ပါ တိတ်တဆိတ် ပြေးတက်သွားပြီး ပြတင်းပေါက်ပေါင်ပေါ်တွင် ရပ်လျက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ မည်သည့်အန္တရာယ်မျှ မရှိကြောင်း သိရှိသွားပြီးနောက်တွင်မူ ဆိုဖာတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး စတင်မှေးစက်နေလိုက်တော့သည်။
ည ၁၀ နာရီကျော်သောအခါ ကျန်းဟန်သည် စိတ်တည်ငြိမ်ခြင်း ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီး ယနေ့မှ အသစ်ဝယ်လာသော ဝက်သုံးထပ်သား ၃ ကတ်တီကို ယူကာ မျက်နှာဝိုင်းဖက်တီး ကြက်ကြီး ရှိနေသည့် အခန်းထဲသို့ လှမ်းလာခဲ့လိုက်သည်။
ကျန်းဟန် အထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် အိပ်ပျော်နေသော မျက်နှာဝိုင်းဖက်တီး ကြက်ကြီးသည် ဝုန်းခနဲ ပျံတက်သွားပြီး ဆိုင်းမီးဆိုင်းပေါ်သို့ တိတိကျကျ ဆင်းသက်လိုက်ကာ ရွှေရောင်အနားသတ်များပါသော နီရဲနေသည့် မျက်လုံးများဖြင့် သူ့ကို သတိကြီးစွာ စိုက်ကြည့်နေပြန်သည်။
“မကြောက်ပါနဲ့။ ငါ မင်းအတွက် စားစရာလာပေးတာပါ။ မင်း ဗိုက်ဆာနေပြီမလား။ ဒီအသားက ဝိညာဉ်စွမ်းအင် အများကြီး မဖြည့်ဆည်းပေးနိုင်ဘူးဆိုပေမဲ့ ဗိုက်ပြည့်ဖို့အတွက်တော့ ပြဿနာမရှိပါဘူး။”
ကျန်းဟန်က အသားကို ကြမ်းပြင်ပေါ်တွင် ချပေးရင်း ပြောလိုက်သည်။
“ဂူး... ဟုတ်ဟုတ်”
စားစရာကို မြင်လိုက်ရသောအခါ ထိုမာနခဲကောင်လေးသည် ရှားရှားပါးပါး အော်ဟစ်လိုက်ပြီး ကျန်းဟန်ကို အရင်ဆုံး တစ်ကိုက် ကိုက်ပြရန် အမူအရာဖြင့် အချက်ပြလိုက်သည်။
“မင်းက ငါ အဆိပ်ခတ်ထားမှာကို ကြောက်နေတာလား။”
ကျန်းဟန် အနည်းငယ် ဆွံ့အသွား၏။
“ငါက မင်းကို ဘာလို့ အဆိပ်ခတ်ရမှာလဲ။”
တောရိုင်းထဲက လာသည့် ဤသားရဲပေါက်လေးသည် အနည်းငယ် အလွန်အမင်း သတိကြီးလွန်းနေသည် မဟုတ်ပါလော။
သို့မဟုတ် သူက ၎င်းကို တိုက်ရိုက်စာချုပ်ချုပ်ဆိုလိုက်သည့်အတွက် ရန်ငြိုးဖွဲ့နေခြင်းများလား။
မဖြစ်နိုင်တာ။
ကျန်းဟန် ကောင်းကောင်း နားမလည်နိုင်တော့ချေ။
“ဒါက အသားစိမ်းကြီးလေ။ ငါ စားလို့မရဘူး။”
ကျန်းဟန် ခေါင်းခါပြကာ ပြောလိုက်သည်။
“ဂူး...”
သို့သော်လည်း မျက်နှာဝိုင်းဖက်တီး ကြက်ကြီးက သူ့ကို ဇွတ်အတင်း စိုက်ကြည့်နေဆဲပင်။
“ဟုတ်ပါပြီကွာ...။ ငါ တစ်ကိုက် ကိုက်ပြပါ့မယ်။”
ကျန်းဟန်သည် လှည့်ထွက်သွားပြီး ဓားတစ်ချောင်း သွားယူကာ ပြန်လာခဲ့လိုက်သည်။ သူသည် အသားကို အတုံးလေးတစ်ခု လှီးဖြတ်ပြီးနောက် ပါးစပ်ထဲထည့်ကာ မျိုချပြလိုက်၏။
“ဟုတ်ဟုတ်”
ကျန်းဟန် အသားစားပြသည်ကို မြင်လိုက်ရသောအခါမှသာ သွေးအရိပ်ညဇီးကွက်သည် အသံမထွက်ဘဲ အောက်သို့ ပျံဆင်းလာပြီး အသားတုံးကို ဆိုဖာပေါ်သို့ ကိုက်ချီသွားကာ တစ်ကိုက်ချင်းစီ ဆုတ်ဖြဲစားသောက်တော့သည်။
“ငါ အိပ်တော့မယ်။ မင်း သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲ ဝင်ချင်လား။ အဲ့ဒီထဲမှာဆိုရင် မင်း ပိုပြီး မြန်မြန်ကြီးထွားလာလိမ့်မယ်။”
၎င်း အသားစားလို့ ပြီးသွားသောအခါ ကျန်းဟန်က လှမ်းမေးလိုက်သည်။
“ဂူး”
အသားစားပြီးခါစ ဇီးကွက်ကြီးသည် လေထဲသို့ ပျံတက်သွားပြီး ငြင်းပယ်သည့် အမူအရာ ပြသလိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုရင်တော့ ငါ အိပ်ပြီ။ ဟိုဟိုဒီဒီ သိပ်မလုပ်နဲ့ဦး။”
ကျန်းဟန်သည်လည်း ၎င်းကို ဆက်ပြီး ဂရုစိုက်မနေတော့ပေ။ ဤကောင်လေးသည် အိမ်သို့ အသစ်ရောက်ခါစ ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ပင် အစပိုင်းတွင် အလွန်စိမ်းနေသော်လည်း တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းသွားပါက ပိုကောင်းလာလိမ့်မည်ဟု သူ ခံစားမိသည်။
ကျောက်စိမ်းပိုးကောင်လေး ပိုင်လင်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ကျန်းဟန်လည်း အိပ်ရာဝင်လိုက်တော့သည်။
ကျန်းဟန် အိပ်ပျော်သွားပြီးနောက်တွင်မူ ဆိုင်းမီးဆိုင်းပေါ်တွင် နားနေသော မျက်နှာဝိုင်းဖက်တီး ကြက်ကြီးသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ဧည့်ခန်းကို ဖြတ်၍ အသံမထွက်ဘဲ ပျံသန်းသွားကာ နောက်ဖေးဝင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားတော့သည်။
အပြင်သို့ ရောက်ရှိသွားပြီးနောက် ၎င်းသည် ပထမဆုံးအကြိမ်အဖြစ် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ထို့နောက်တွင်မူ မလှမ်းမကမ်းရှိ တောအုပ်ငယ်လေးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
လူသားများ နေထိုင်ရာ ဒေသအတွင်း၌ ကြမ်းတမ်းရက်စက်သော သားရဲများ မရှိသော်လည်း ကြွက်များနှင့် လင်းနို့အချို့တော့ ရှိနေဆဲပင်။
“ငါတော့ အူကြောင်ကြောင် သားရဲထိန်းချုပ်သူတစ်ယောက်နဲ့ လာတိုးနေတာပဲ။ ဒါပေမဲ့ သူက ငါ့အသက်ကို ကယ်ထားတာဆိုတော့လည်း နောက်ကျရင် သူ့ကို ငါကပဲ အလိုက်သင့် ကာကွယ်ပေးရတော့မှာပေါ့။”
၎င်းသည် ကျန်းဟန်အကြောင်းကို တွေးတောရင်း တောအုပ်ထဲတွင် ပျံသန်းနေသော မီးခိုးရောင်အရိပ် လင်းနို့တစ်ကောင်ကို အသံမထွက်ဘဲ ဖမ်းဆီးလိုက်ကာ ၎င်း၏ ထက်မြက်သော လက်သည်းများဖြင့် တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။
၎င်းသည် ဝိညာဉ်စွမ်းအင် အမြောက်အမြား ပါရှိသော လင်းနို့၏ နှလုံးသားကိုသာ ရွေးချယ်စားသောက်ခဲ့ပြီး ကျန်ရှိသော အစိတ်အပိုင်းများကိုမူ စွန့်ပစ်လိုက်တော့သည်။