အခန်း ၁၇
Vol. 2 Ch. 17
အခန်း ၁၇
ပြိုင်ပွဲ၏ ပထမအဆင့်တွင် အုပ်စု ၁၀ စု တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်သော်လည်း လူအများစု၏ အာရုံစိုက်မှုမှာ ကျန်းဟန်ထံသို့သာ ရောက်ရှိနေခဲ့သည်။ အဓိကအကြောင်းရင်းမှာ သူသည် ခုနက အလွန်မောက်မာထောင်လွှားခဲ့သဖြင့် လူအများအပြားကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သောကြောင့်ပင်။
“မင်း အခုလက်လျှော့မယ်ဆိုရင် မနောက်ကျသေးဘူးနော်။ မဟုတ်ရင် ခဏနေကျရင် မင်း ဘယ်သွားငိုရမှန်း သိမှာမဟုတ်ဘူး။”
ချန်းလီက ကျန်းဟန်ကို ကြည့်ကာ လှောင်ပြောင်သရော်လိုက်သည်။
“လျှာရှည်မနေနဲ့။ မြန်မြန်စရအောင်။ ပိုင်လင်း...သွား။”
ကျန်းဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စကားအရှည်ကြီး ပြောမနေတော့ဘဲ ကျောက်စိမ်းပိုးကောင်ကို တိုက်ရိုက်ထုတ်လွှတ်လိုက်တော့သည်။
“ကောင်းပြီ... တကယ်ကို မာနကြီးလွန်းတာပဲ။ ကျောက်စိမ်းပိုးကောင်လို အမှိုက်မျိုးက သားရဲအိမ်မွေးတိရစ္ဆာန်လို့ ခေါ်ဖို့တောင် မထိုက်တန်ဘူးဆိုတာ မင်းကို ငါ သိစေရမယ်။ ရွှေလက်သည်းပင့်ကူ... အဲ့ဒီကောင်ကို ငါ့အတွက် ဆုတ်ဖြဲပစ်လိုက်စမ်း။”
ချန်းလီ၏မျက်နှာတွင် ဒေါသရိပ်များ ယှက်သန်းသွားပြီး သူ၏ သားရဲဖြစ်သော ရွှေလက်သည်းပင့်ကူကို တိုက်ရိုက်ခေါ်ထုတ်လိုက်တော့သည်။
ရွှေလက်သည်းပင့်ကူသည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ကျောက်စိမ်းပိုးကောင်ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင် တိုက်ခိုက်တော့သည်။ ၎င်း၏ ခြေထောက်ရှစ်ချောင်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် လှုပ်ရှားနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်စိမ်းပိုးကောင်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ပိုင်လင်း... အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်လိုက်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထား။”
ကျန်းဟန်က အားပေးလိုက်သည်။
ကွင်းအတွင်း၌ ကျောက်စိမ်းပိုးကောင်သည် ပထမဆုံးအနေဖြင့် လေးညှို့မှ လွှတါလိုက်သော မြှားတစ်စင်းကဲ့ အရှိန်ဖြင့် ခုန်ထွက်ခြင်းစွမ်းရည်ကို အသုံးပြုကာ ရွှေလက်သည်းပင့်ကူ၏ ဘေးတစ်ဖက်သို့ ရောသွားခဲ့ပြီးနောက် နောက်ထပ် တစ်ကြိမ်ထပ်ခုန်ကာ ဖြူဖွေးသော အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ ရွှေလက်သည်းပင့်ကူကို တည့်တည့်မတ်မတ် ဝင်တိုက်လိုက်တော့သည်။
“ဟားဟားဟား... မင်းက မာနကြီးရုံတင်မကဘူး။ တုံးလည်းတုံးသေးတာပဲ။ ကျောက်စိမ်းပိုးကောင်ကို ဒီနေရာမှာ လာပြီး အသေခံခိုင်းရဲတယ်ပေါ့။ ဆုတ်ဖြဲပစ်လိုက်စမ်း...။”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်းးလီသည် မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည့်။ အပြင်မှ ကြည့်ရှုနေသော လူအုပ်ကြီးကလည်း ကျန်းဟန်တစ်ယောက် ရူးသွပ်သွားပြီဟု ခံစားလိုက်ကြရသည်။
အကယ်၍ ကျောက်စိမ်းပိုးကောင်အနေဖြင့် အဝေးမှနေ၍ ပိုးမျှင်ပစ်လွှတ်ခြင်းကို အသုံးပြုခဲ့လျှင် အချိန်အတန်ကြာ တောင့်ခံနိုင်ကောင်း ခံနိုင်လိမ့်မည် ဖြစ်သော်လည်း ယခုကဲ့သို့ တည့်တည့်မတ်မတ် ပြေးဝင်တိုက်ခိုက်ခြင်းမှာ ပြိုင်ပွဲကို အရှုံးပေးလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။
တောရိုင်းသဘာဝတွင် ရွှေလက်သည်းပင့်ကူသည် ကျောက်စိမ်းပိုးကောင်ကို အထူးတလည် ရှာဖွေစားသောက်တတ်သည်။ သို့ပါလျက်နှင့် သူသည် ထိုသို့လုပ်ဆောင်ရန် မည်သို့များ သတ္တိရှိခဲ့ပါသနည်း။
သို့သော်လည်း ကျယ်လောင်သော တိုက်မိသံကြီးနှင့်အတူ ကျောက်စိမ်းပိုးကောင် ပိုင်လင်း ဖန်တီးလိုက်သော အဖြူရောင် ပုံရိပ်သည် ရွှေလက်သည်းပင့်ကူကို မီတာ ၂၀ ကျော် အကွာအဝေးသို့ လွင့်စင်သွားစေခဲ့လေသည်။ ၎င်းသည် မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်ဆင်းသွားပြီးနောက် နောက်ဆုံး၌ ထိုနေရာတွင်ပင် လုံးဝ မလှုပ်မယှက် လဲပြိုသွားတော့သည်။
“ရွှေလက်သည်းပင့်ကူ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပါပြီ။ ကျောက်စိမ်းပိုးကောင် အနိုင်ရရှိပါတယ်။”
ဘေးမှ ဒိုင်လူကြီးသည် ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်စွာဖြင့် ကျန်းဟန်ကို ကြည့်ရင်း ပြိုင်ပွဲရလဒ်ကို ကြေညာလိုက်သည်။
“မဖြစ်နိုင်ဘူး...။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။”
ချန်းလီသည် သတိလစ် မေ့မြောသွားသော ရွှေလက်သည်းပင့်ကူကို မျက်လုံးအစုံ ပြူးကျယ်လျက် စိုက်ကြည့်နေပြီး ထိုမြင်ကွင်းကို လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။
“သူ လိမ်နေတာ။ ဒီကျန်းဟန်က သေချာပေါက် ကလိမ်ကကျစ် လုပ်ခဲ့တာပဲ။ အဆင့်တူချင်း ဖြစ်နေတာတောင် ကျောက်စိမ်းပိုးကောင်တစ်ကောင်က ရွှေလက်သည်းပင့်ကူတစ်ကောင်ကို ဘယ်လိုလုပ်ပြီး အနိုင်တိုက်နိုင်မှာလဲ။”
“ဒါက သိပ္ပံနည်းမကျဘူး။ ဒီကျန်းဟန်က ပြိုင်ပွဲအတွက် ကြိုတင်ရွေးချယ်ခံထားရတဲ့ အခွင့်ထူးခံကျောင်းသားလား။”
“ချီးပဲ... ချန်းလီက တကယ်ကို အသုံးမကျလွန်းတာပဲ။ ကျောက်စိမ်းပိုးကောင်တစ်ကောင်ရဲ့ လက်ချက်နဲ့ စောစောစီးစီး အဆုံးသတ်သွားရတယ်လို့ကွာ။”
ရုတ်တရက်ဆိုသလို ကွင်းအတွင်းနှင့် ကွင်းအပြင်ရှိ လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့တော့သည်။ လူအများစုမှာ အစပိုင်းတွင် မယုံကြည်နိုင်ကြဘဲ ပြင်ပမှ နှောင့်ယှက်မှုတစ်စုံတစ်ရာ ရှိခဲ့ရမည်ဟု ခံစားနေကြရသည်။ မဟုတ်ပါက မည်သို့ကြောင့် ဤကဲ့သို့ ဖြစ်ပျက်နိုင်ပါမည်နည်း။
သို့သော် အဆင့်မြင့် သားရဲဆရာသခင် ဖြစ်နေကြပြီဖြစ်သော လူအချို့မှာမူ ထိုမြင်ကွင်းကို မြင်ပြီးနောက် နှုတ်ဆိတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တိုက်ပွဲကို နားလည်သဘောပေါက်သည့် လူများဖြစ်သောကြောင့်ပင်။
ဒိုင်လူကြီးသည် ကွင်းပြင်မှ ကဲ့ရဲ့လှောင်ပြောင်နေသော အသက်ကြီးပိုင်း လူအချို့ကို မထီမဲ့မြင် တစ်ချက်ကြည့်လိုက်၏။ သူသည် နီလာမျက်လုံး အမည်ရှိ သားရဲအိမ်မွေးတိရစ္ဆာန်ကို အသုံးပြု၍ တိုက်ပွဲမြင်ကွင်းကို အနှေးပြကွက်အဖြစ် ပြန်လည်ပြသစေခဲ့သည်။
ထိုအခါမှသာ ထိုလူများသည် ငြိမ်သက်သွားကြပြီး ပိုမို၍ပင် တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။
ရုပ်သံမှတ်တမ်းအရ... ခုန်ပျံတိုက်လိုက်သည့် ဖြစ်စဉ်အတွင်း ကျောက်စိမ်းပိုးကောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးခိုးဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝင်တိုက်ခါနီး ဆဲဆဲအချိန်တွင် ရွှေလက်သည်းပင့်ကူသည် ၎င်းကို ငါးကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း အမှန်တကယ်တွင်မူ မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။
ထို့နောက်တွင်မူ ၎င်းသည် ပြင်းထန်သော ပွတ်တိုက်ရိုက်ခတ်မှု စွမ်းအားကြောင့် ချက်ချင်းပင် သတိလစ် မေ့မြောသွားခဲ့ရခြင်း ဖြစ်သည်။
“ဒါက တကယ်ပဲ ကျောက်စိမ်းပိုးကောင်တစ်ကောင် ဟုတ်ရဲ့လား။ တစ်ခုခု မှားယွင်းနေတာများလား။”
လူတစ်ယောက်က မယုံကြည်နိုင်လောက်အောင် သံသယစိတ်ဖြင့် မေးမြန်းလိုက်တော့သည်။
“ခုနကဟာက မာကျောခြင်းစွမ်းရည်လား။ ဒီကျောက်စိမ်းပိုးကောင်က အဲ့ဒီစွမ်းရည်ကို တကယ်ကြီး နားလည်သဘောပေါက်သွားတာလား။ ဒါပေမဲ့ မာကျောခြင်းစွမ်းရည်တစ်ခုတည်းနဲ့တော့ ဒီလောက်အထိ ပြင်းထန်စရာ အကြောင်းမရှိဘူးမလား။”
လူအချို့မှာ စဉ်းစား၍မရအောင် ဖြစ်နေကြသည်။
အကဲဖြတ်ဒိုင်လူကြီးထိုင်ခုံမှ ဒိုင်လူကြီးအချို့ပင်လျှင် ဤအခြေအနေကို အနည်းငယ် မယုံနိုင်စရာကောင်းသည်ဟု ခံစားနေကြရသည်။
“ဒီလောက် အစွမ်းအစလေးနဲ့ နောက်ခါကျရင် လျှာမရှည်တာ ပိုကောင်းလိမ့်မယ်။ ဘေးဒုက္ခဆိုတာ နှုတ်မစောင့်စည်းရာကနေ လာတာပဲ။”
ကျန်းဟန်က ချန်းးလီကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ကျောက်စိမ်းပိုးကောင်လေးနှင့်အတူ ကွင်းထဲမှ ထွက်ခွာလာခဲ့သည်။
“မင်း... မင်း...”
ချန်းးလီမှာ အလွန်အမင်း ဒေါသထွက်နေသဖြင့် စကားပင် ဆက်မပြောနိုင်တော့ပေ။
“မင်း... ဘာဖြစ်လဲ။ ကျောက်စိမ်းပိုးကောင်တစ်ကောင်ကိုတောင် မနိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းနေပြီလို့ အမြဲတွေးမနေနဲ့။ အိမ်ပြန်သွား လေ့ကျင့်ခန်း ပိုလုပ်။”
ကျန်းဟန်က သူ့ကို မထီမဲ့မြင် တစ်ချက်ကြည့်လိုက်သည်။ ဤကောင်လေးသည် စာရင်းပေးသွင်းကတည်းက သူ့ကို လှောင်ပြောင်ခဲ့ပြီး ကျောက်စိမ်းပိုးကောင်၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုလည်း အမြဲတစေ ထိခိုက်အောင် ပြောဆိုခဲ့သဖြင့် ယခုအချိန်တွင် သူ ညှာတာနေမည်မဟုတ်ပေ။
“ဝူး ဝူး... မင်း စောင့်နေလိုက်...”
ရုတ်တရက်ဆိုသလို ချန်းးလီသည် အမှန်တကယ်ပင် မအောင့်အီးနိုင်တော့ဘဲ ငိုချလိုက်ပြီး ရွှေလက်သည်းပင့်ကူကို ကောက်ပွေ့ကာ လေ့ကျင့်ရေးကွင်းပြင်ပသို့ တန်းနေအောင် ပြေးထွက်သွားတော့သည်။
ကျန်းဟန်ကမူ ဤအခြင်းအရာအပေါ် မည်သည့်ခံစားချက်မျှမပြဘဲ နားနေဆောင်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့သည်။
နားနေဆောင်ရှိ မိန်းကလေးများနှင့် ယောက်ျားလေးအများအပြားမှာ သူ့အတွက် မသိမသာ လမ်းဖယ်ပေးလိုက်ကြပြီး အနားမကပ်ရဲကြသလို နောက်ထပ်လည်း စောင်းချိတ်ကဲ့ရဲ့သည့် စကားများ မပြောရဲကြတော့ပေ။
ကွင်းပြင်ရှိ လူကြီးများပင်လျှင် ထို့အတူပင် ဖြစ်သည်။ ဤနုပျိုပုံရသော လူငယ်လေးသည် အမှန်တကယ်တွင်မူ လူအများကို ကြောက်ရွံ့ရိုသေစိတ် ဖြစ်ပေါ်စေသည့် အလွန်ပြင်းထန်သော အရှိန်အဝါတစ်မျိုး ရှိနေကြောင်း သူတို့ သတိပြုမိသွားကြသည်။
“ကျန်းဟန် နင့်ရဲ့ ပိုင်လင်းက ပိုပြီးလှလာရုံတင်မကဘူး...အများကြီးလည်း ပိုပြီးသန်မာလာတာပဲ။”
လီဇီဝေက လျှောက်လာရင်း ပြောလိုက်သည်။ သူမ၏ တောက်ပလှပသော မျက်ဝန်းအစုံက ကျန်းဟန်နှင့် ပိုင်လင်းကို စိုက်ကြည့်နေခဲ့သည်။
ကျောက်စိမ်းပိုးကောင်တစ်ကောင်က ဤမျှအထိ သန်မာနိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးသလို ယခင်က သာမန်သာဖြစ်သော ဤလူငယ်လေးတွင် ဤမျှပြင်းထန်သည့် အရှိန်အဝါမျိုး ရှိနေလိမ့်မည်ဟုလည်း မထင်မှတ်ခဲ့မိပေ။
“ဒါက သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါပဲ။”
ကျန်းဟန်က ပြောလိုက်သည်။
“ဟွန့်... ငါတော့ မယုံပါဘူး။ မပြောချင်လည်း နေပေါ့။”
ထိုစကားကို ကြားသောအခါ လီဇီဝေက နှာခေါင်းရှုံ့လိုက်၏ သူမ၏ ချောမွေ့သော မေးစေ့ကို ပင့်တင်လိုက်ကာ ကျန်းဟန်က သူမကို ပြီးစလွယ် ဝတ်ကျေတန်းကျေ ပြောနေသည်ဟု ခံစားလိုက်ရသည်။
ကျန်းဟန်က လက်နှစ်ဖက်ကိုသာ ဖြန့်ပြလိုက်ပြီး ထပ်မံရှင်းမပြတော့ပေ။ သူက အမှန်အတိုင်း ပြောပြပါလျက်နှင့် မည်သူမျှမယုံမှတော့ သူ ဘာမှမတတ်နိုင်တော့ပေ။
ဤအချိန်တွင် ဒုတိယအုပ်စု၏ ပြိုင်ပွဲမှာ ကွင်းအတွင်း၌ စတင်နေပြီ ဖြစ်သော်လည်း စတင်သည်နှင့်တစ်ပြိုင်နက် ဒိုင်လူကြီးတစ်ဦးက အနိုင်ရရှိသူကို ကြေညာလိုက်သည်။
ကျန်းဟန် ထိုဘက်သို့ လှမ်းကြည့်လိုက်ရာ အနိုင်ရရှိသူမှာ ဝတ်စုံနက်နှင့် လူငယ်တစ်ဦးဖြစ်ပြီး သူ၏ သားရဲအိမ်မွေးတိရစ္ဆာန်မှာ ဂေါ်ဘလင်တစ်ကောင် ဖြစ်သည်။
ပွဲစသည်နှင့် ၎င်းသည် ပြိုင်ဘက်၏ မီးတောက်ယုန်ကို စက္ကန့်ပိုင်းအတွင်း အပြတ်အသတ် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။
“အရမ်း သန်မာတာပဲ။”
လီဇီဝေနှင့် အခြားသူများက မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။
သို့သော်လည်း ယခုတစ်ကြိမ် လူအများအပေါ် ပေးစွမ်းနိုင်ခဲ့သည့် တုန်လှုပ်မှုမှာ ကျန်းဟန်၏ ကျောက်စိမ်းပိုးကောင်လောက် မပြင်းထန်ခဲ့ပေ။ အကြောင်းမှာ မီးတောက်ယုန်သည် ဒြပ်စင်ဆိုင်ရာ တိုက်ခိုက်ရေး သားရဲအိမ်မွေးတိရစ္ဆာန် အမျိုးအစားဖြစ်ပြီး ပြင်းထန်သော အနီးကပ်တိုက်ခိုက်ရေး စွမ်းရည် မရှိသောကြောင့်ပင်။
ထို့အပြင် အစေခံအဆင့် သားရဲများသည် အမြုတေ မဖွဲ့စည်းရသေးသဖြင့် စိတ်ဝိညာဉ်စွမ်းအားထုတ်လွှတ်ခြင်းကို မလုပ်ဆောင်နိုင်ကြသေးပေ။ ထို့ကြောင့် ဒြပ်စင်တိုက်ခိုက်ရေး အမျိုးအစား သားရဲများသည် အစေခံအဆင့်တွင် အနည်းငယ် အားနည်းတတ်ကြသည်။
“ငါ သွားတော့မယ်။ ငါ့အတွက် အားပေးနေနော်။”
လီဇီဝေက ပြုံးကာ ပြောလိုက်သည်။ သူမက တတိယအုပ်စုတွင် ပါဝင်နေခြင်း ဖြစ်သည်။
မကြာမီ တတိယအုပ်စုပွဲစဉ် စတင်ခဲ့သည်။ လီဇီဝေ၏ သားရဲမှာ မီးတောက်ခွေးဖြစ်ပြီး ၎င်း၏ မီးရောက်ရဲရဲအမွှေးအမျှင်များမှာ အလွန်လှပလှသည်။ ၎င်းသည် ခွေးပေါက်လေးတစ်ကောင် ဖြစ်သော်လည်း အရွယ်အစားမှာ အရွယ်ရောက်ပြီးသား ရှီဘာအိနူခွေးတစ်ကောင်ခန့် ရှိနေပြီဖြစ်သည်။
သူမ၏ ပြိုင်ဘက်မှာ တောသမင်နှင့် လူငယ်တစ်ဦးဖြစ်ပြီး ၎င်းမှာ သစ်သားဒြပ်စင် ကုသရေးအမျိုးအစား သားရဲ ဖြစ်သည်။ မီးတောက်ခွေးနှင့် ရင်ဆိုင်ရခြင်းမှာ သဘာဝတရားအရပင် အားနည်းချက်ရှိနေသဖြင့် ၎င်းသည် မကြာမီမှာပင် အရေးနိမ့်သွားခဲ့ရသည်။
“ဘယ်လိုလဲ။ ငါ့စွမ်းဆောင်ရည် မဆိုးဘူးမလား။”
လီဇီဝေက ကွင်းထဲမှ ဆင်းလာပြီး ပြုံးကာ မေးလိုက်သည်။
“အရမ်းသန်မာတယ်။”
ကျန်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
မကြာမီ ပထမအဆင့် ပြိုင်ပွဲများအားလုံး ပြီးဆုံးသွားခဲ့သည်။ အားကစားမှူး လျူရှန်းသည် စတုတ္ထအုပ်စုတွင် ပါဝင်ပြီး သူလည်း အနိုင်ရရှိခဲ့သည်။
“ကဲ... အခုဆိုရင် ကျွန်တော်တို့ ဒုတိယအဆင့် ပြိုင်ပွဲတွေကို တိုက်ရိုက်စတင်တော့မှာ ဖြစ်ပါတယ်။ အားလုံးပဲ ကျွန်တော်တို့ ခေါ်ယူတဲ့ နံပါတ်ပြားအတိုင်း ကွင်းထဲကို တက်လှမ်းပေးကြပါ။”
ဒိုင်လူကြီးက အသံချဲ့စက်ကို ကိုင်ကာ ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။
ယခုတစ်ဆင့်မှာလည်း ယခင်အတိုင်းပင် အုပ်စု ၁၀ စု တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ဤအရွေးထုတ်မှု ပြီးဆုံးသွားပါက ကွင်းအတွင်း၌ လူပေါင်း ၂၁ ယောက်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ထိုအချိန်မှစ၍ တစ်ပွဲချင်းစီ အလှည့်ကျ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
“နံပါတ် ၁ နဲ့ နံပါတ် ၂၂... ကွင်းအမှတ် ၁၊ ... နံပါတ် ၁၀ နဲ့ နံပါတ် ၄၀... ကွင်းအမှတ် ၁၀။”
မကြာမီ ကျန်းဟန်လည်း ကွင်းထဲသို့ တက်လှမ်းခဲ့ရသည်။ ယခုတစ်ကြိမ်တွင် သူ၏ပြိုင်ဘက်မှာ မိန်းကလေးတစ်ဦးဖြစ်ပြီး သူမ၏ သားရဲအိမ်မွေးတိရစ္ဆာန်မှာ လျှပ်စီးမုန်တိုင်းဘဲ ဖြစ်သည်။
ထိုလျှပ်စီးမုန်တိုင်းဘဲလေးမှာ အကောင်ပေါက်အရွယ်သာ ရှိသေးပြီး တစ်ကိုယ်လုံး ရွှေဝါရောင်တောက်ပကာ အရွယ်ရောက်ပြီးသား ကြက်တစ်ကောင်ခန့် ကြီးမားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် လှပသည်။
“ငါ နင့်ကို အနိုင်တိုက်ပြမယ်။”
ထိုမိန်းကလေးက ကျန်းဟန်ကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ကျန်းဟန်ကမူ ပခုံးကိုသာ တစ်ချက်တွန့်ပြလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
“ပြိုင်ပွဲ စတင်ပါပြီ။”
မကြာမီမှာပင် ဒိုင်လူကြီးက ပွဲစတင်ကြောင်း ကြေညာလိုက်တော့သည်။