← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

“လျှပ်စီးမုန်တိုင်းဘဲ... အားနဲ့ပြေးဝင်စမ်း။ အဲ့ဒီကျောက်စိမ်းပိုးကောင်ကို အလဲထိုးပစ်လိုက်။”

ပွဲစသည်နှင့်တစ်ပြိုင်နက် ထိုမိန်းကလေးက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

ထိုလျှပ်စီးမုန်တိုင်းဘဲမှာ သာမန်ဘဲများနှင့်မတူဘဲ ခန္ဓာကိုယ်ပိုမိုကြီးမားကာ အကောင်ပေါက်အရွယ်မှာပင် ဆယ်ကတ်တီခန့် အလေးချိန်ရှိပြီး အလွန်လည်း မြန်မြန်ဆန်ဆန် ပြေးနိုင်စွမ်းရှိသည်။

ထို့အပြင် ၎င်း၏ဘဲနှုတ်သီးမှာ သာမန်ဘဲများကဲ့သို့ ပြားချပ်မနေဘဲ စူးရှချွန်ထက်သော ပုံသဏ္ဌာန်ရှိသည်။

ယခင်ပွဲစဉ်တွင် ၎င်းသည် ထိုချွန်ထက်သော နှုတ်သီး၏အစွမ်းကို အားကိုး၍ မက်မွန်ပွင့်ပုစဉ်းရင်ကွဲကို အနိုင်ယူခဲ့သဖြင့် ဘေးမှကြည့်နေသော လူကြီးများက သူမအပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့ကြသည်။

သို့သော် ယခုပွဲစဉ်မှာမူ လုံးဝဥဿုံ ကွဲပြားခြားနားသွားခဲ့ပြီဖြစ်သည်။ လျှပ်စီးမုန်တိုင်းဘဲ အနားသို့ ပြေးကပ်လာသည်နှင့် ကျောက်စိမ်းပိုးကောင်သည်လည်း စတင်လှုပ်ရှားလိုက်တော့သည်။ ၎င်းသည် ပထမဆုံးအနေဖြင့် လျှပ်စီးမုန်တိုင်းဘဲ၏ အာရုံကို လွှဲရန်အတွက် မတူညီသော လမ်းကြောင်းအသွယ်သွယ်သို့ ဟန်ပြလှုပ်ရှားမှုများကို ပြုလုပ်လိုက်၏။

ထို့နောက် လျှပ်စီးမုန်တိုင်းဘဲ အာရုံများသွားသည့် အခွင့်အရေးကို အရယူကာ တည့်တည့်မတ်မတ် အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။

“ကွတ်...ဂတ်...ဂတ်...”

စူးစူးဝါးဝါး အော်ဟစ်ညည်းတွားသံနှင့်အတူ လျှပ်စီးမုန်တိုင်းဘဲမှာ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျကာ ပြန်မထနိုင်တော့ပေ။

“ကျန်းဟန် အနိုင်ရရှိပါတယ်။”

ဒိုင်လူကြီးက ထပ်မံကြေညာလိုက်သည်။ ရလဒ်မှာ လုံးဝအံ့ဩစရာ မရှိခဲ့ပေ။

“ဝူး... ဝူး... ငါ့ရဲ့ လျှပ်စီးမုန်တိုင်းဘဲလေး...ဘာဖြစ်သွားသေးလဲ။”

ထိုမိန်းကလေးသည် အပြေးအလွှားသွားကာ လျှပ်စီးမုန်တိုင်းဘဲကို ပွေ့ဖက်လှုပ်ခါပြီးနောက် ကျန်းဟန်ကို ရန်ငြိုးဖွဲ့သော မျက်လုံးများဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

“နင် ရက်စက်လှချည်လား။ နင်က ငါ့ရဲ့ လျှပ်စီးမုန်တိုင်းဘဲကို ဒဏ်ရာရအောင် လုပ်လိုက်တာပဲ။”

“ဒါက ပြိုင်ပွဲဖြစ်နေတာကို မင်း ကျေးဇူးတင်သင့်တယ်။ အကယ်၍ တောရိုင်းထဲမှာ လူဆိုးတစ်ယောက်နဲ့သာ တွေ့ခဲ့ရင် ဒီလျှပ်စီးမုန်တိုင်းဘဲက အခုလောက်ဆို သေနေလောက်ပြီ။”

ကျန်းဟန်သည် ပြိုင်ဘက်က မိန်းကလေးတစ်ဦး ဖြစ်နေရုံမျှဖြင့် အညှာအတာပေးမည့်သူ မဟုတ်ပေ။

“နင်...နင် နေနှင့်ဦးပေါ့။ ငါ့အတွက် ကျောက်ထောင်းကို သေချာပေါက် ကလဲ့စားချေခိုင်းမယ်။”

မိန်းကလေးက အံကြိတ်ကာ ပြောလိုက်သည်။ ကျန်းဟန်သည် သူမ၏ မျက်နှာကို တစ်ချက်မျှ မထောက်ခဲ့ပေ။

“အဟက်”

ကျန်းဟန်က နှာခေါင်းတစ်ချက်ရှုံ့ကာ ကျောက်စိမ်းပိုးကောင်နှင့်အတူ ထွက်ခွာခဲ့သည်။

“အဟက်... ကျုပ် ခင်ဗျားတို့ကို ထပ်ပြီး စိတ်ပျက်အောင် လုပ်မိပြန်ပြီ ထင်တယ်။ ကျုပ် အခုထိ မရှုံးသေးဘူး။”

မပြန်မီ သူသည် ကွင်းပြင်ပမှ စောင့်ကြည့်နေသော လူကြီးများကို ရိသဲ့သဲ့ စော်ကားရန်လည်း မမေ့ခဲ့ပေ။

“သေစမ်း...။ ဒီကောင်က ပိုးကောင်တစ်ကောင် ရှိနေရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းနေပြီလို့ တကယ်ကြီး ထင်နေတာလား။ ငါသာဆို လက်တစ်ဖက်တည်းနဲ့ ဖိသတ်ပစ်လိုက်တယ်။”

“အမှန်ပဲ။ လူငယ်လေး...ယဉ်ကျေးမှုမရှိရင် မင်း ဒီလူ့အဖွဲ့အစည်းမှာ အသက်ရှင်ရပ်တည်ဖို့ ခက်လိမ့်မယ်။”

လူကြီးအချို့မှာ ထိုစော်ကားမှုကို မခံမရပ်နိုင်ဖြစ်ကာ သူ့ကို ခြိမ်းခြောက်စကားများ စတင်ပြောဆိုလာကြသော်လည်း ကျန်းဟန်ကမူ မကြားချင်ယောင်ဆောင်ကာ ကျော်ဖြတ်သွားခဲ့သည်။

“မုန်းစရာပဲ...။ ကျန်းဟန်ကို နှိမ်နင်းနိုင်မယ့်သူ တစ်ယောက်မှ မရှိတော့ဘူးလား။”

“မဟူတ်ဘူး။ ဟိုဘက်ကို လှမ်းကြည့်လိုက်။ အဲ့ဒီလူအနည်းငယ်ကလည်း ပြိုင်ဘက်တွေကို စက္ကန့်ပိုင်းအတွင်း အပြတ်အသတ် အနိုင်ယူခဲ့တာပဲ။ ကျန်းဟန် အကြာကြီး မမောက်မာနိုင်တော့ပါဘူး။”

လူတစ်ဦးက ကွင်းထဲရှိ လူအချို့ကို ညွှန်ပြကာ ပြောလိုက်သည်။

“မှန်တယ်။ ဒီနေရာမှာ ကြယ်လေးပွင့်အဆင့် အလားအလာရှိတဲ့ သားရဲတွေကို ပိုင်ဆိုင်ထားတဲ့သူတွေ ရှိသေးတယ်။”

အခြားတစ်ယောက်ကလည်း ကွင်းထဲရှိ သားရဲအချို့ကို ညွှန်ပြလိုက်သည်။ ကျန်းဟန် ဤမျှအထိ စောစောစီးစီး မောက်မာထောင်လွှားနေရခြင်းမှာ တကယ့်အစွမ်းထက်သူများနှင့် မတွေ့သေး၍သာ ဖြစ်သည်ဟု သူတို့ တွေးတောနေကြသည်။

ထိုကြယ်လေးပွင့်အဆင့် အလားအလာရှိသော သားရဲများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် အစေခံအဆင့်တွင်သာ ရှိသေးသော်လည်း ကျန်းဟန်အနေဖြင့် စော်ကားရန် မထိုက်တန်သော တန်ခိုးစွမ်းအားမျိုး ရှိနေကြပြီဖြစ်သည်။

မကြာမီ ဒုတိယအဆင့် ပြိုင်ပွဲများ ပြီးဆုံးသွားခဲ့သည်။ နှစ်ဆင့်တိုင်တိုင် အရွေးထုတ်ခံရပြီးနောက် ကွင်းအတွင်း၌ လူပေါင်း နှစ်ဆယ့်တစ်ယောက်သာ ကျန်ရှိတော့သည်။

“သိပ်ကောင်းတယ်။ နှစ်ဆင့်တိုင်တိုင် ရွေးချယ်ပြီးတဲ့နောက်မှာ ကျန်ရှိနေတဲ့ နှစ်ဆယ့်တစ်ယောက်ဟာ ထူးချွန်ပြောင်မြောက်တဲ့ ပြိုင်ပွဲဝင်တွေပဲ။

နောက်တစ်ဆင့်မှာတော့ ကျွန်တော်တို့ တစ်ပွဲချင်းစီ အလှည့်ကျ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲအစီအစဉ်ကိုတော့ ခုနက တိုက်ပွဲကို ပြီးဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ အရှိန်အဟုန်အလိုက် အဆင့်သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

ပထမအဆင့် ရရှိတဲ့သူတစ်ယောက်က အလွတ်မဲ ရရှိပြီး နောက်တစ်ဆင့်ကို တိုက်ရိုက်တက်လှမ်းခွင့် ရရှိမှာဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဒုတိယနေရာကလူနဲ့ နှစ်ဆယ့်တစ်နေရာကလူ၊ တတိယနေရာကလူနဲ့ အယောက်နှစ်ဆယ်မြောက်လူ စသဖြင့် အစဉ်လိုက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။”

ဒိုင်လူကြီးက စည်းမျဉ်းများကို ကြေညာပြီးနောက် ကွင်းထဲရှိ လူငယ်များအားလုံး မည်သူပထမရသလဲဆိုသည်ကို စိတ်ဝင်တစား စုံစမ်းလိုစိတ် ဖြစ်ပေါ်နေကြသည်။

“ပြီးခဲ့တဲ့အဆင့်ရဲ့ ပထမနေရာကတော့ ချင်းယွမ် ဖြစ်ပါတယ်။ သူထိန်းချုပ်ထားတဲ့ မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲဟာ ပြိုင်ဘက်ရဲ့ ဂေါ်ဘလင်ကို တစ်စက္ကန့်တည်းနဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။”

ဒိုင်လူကြီး ကြေညာလိုက်သည်နှင့်အမျှ အားလုံးက အနက်ရောင် အားကစားဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်ကို လှမ်းကြည့်လိုက်ကြသည်။

ထိုလူငယ်သည် ၁.၈ မီတာ ခန့်ရှိပြီး စူးရှထက်မြက်သော မျက်ဝန်းနက်တစ်စုံ ရှိသည်။ သူသည် ထိုနေရာတွင် မတ်မတ်ရပ်ကာ ရှေ့သို့ အေးစက်စွာ စိုက်ကြည့်နေပြီး ကျန်းဟန်နှင့် အခြားသူများကိုမူ စိုးစဉ်းမျှ အာရုံမစိုက်ပေ။

သူ့နောက်တွင်မူ အရပ် ၁ မီတာခန့်မြင့်သော ခရမ်းရောင် ပုစဉ်းရင်ကွဲကြီးတစ်ကောင် ရပ်နေသည်။ ထိုပုစဉ်းရင်ကွဲ၏ ခန္ဓာကိုယ်ပေါ်တွင် လက်ရာမြောက်လှသော အဆင်တန်ဆာ ပုံရိပ်များရှိပြီး တောက်ပအေးစက်သော သတ္တုအလင်းတန်းများ ဖြာထွက်နေကာ အကြင်နာတရား ကင်းမဲ့ဆုံးသော သတ်ဖြတ်ရေးစက်ရုပ်ကြီးတစ်ရုပ်အလား ထင်မှတ်ရသည်။

“မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲ...။ ဒါက ကြယ်လေးပွင့်အဆင့် အလားအလာရှိတဲ့ သားရဲပဲ။ ကြောက်စရာကောင်းလိုက်တာ။ ချင်းယွမ် လေ့ကျင့်ရေးကွင်းပိုင်ရှင်ရဲ့ သားပီသပါပေတယ်။”

“ဒါပေါ့...။ သူက ဒုတိယအထက်တန်းကျောင်းက ထိပ်သီးကျောင်းသားလေ။ သူ ပြန်ရောက်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ခုနက ကျန်းဟန်အပေါ်ပဲ အာရုံရောက်နေလို့ သူ့ကို သတိမထားမိလိုက်ကြဘူး။”

“ဟုတ်တယ်။ ဒီ လေနဲ့လျှပ်စီး နှစ်မျိုးစပ် မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲက အရမ်းကြောက်စရာကောင်းတယ်။ အနီးကပ်ရော အဝေးပစ်တိုက်ခိုက်မှုမှာပါ အရမ်းသန်မာပြီး သူ့ရဲ့ ပုစဉ်းရင်ကွဲဓားလက်ရုံးတစ်စုံက ဘာမဆို ဖြတ်တောက်နိုင်တယ်။”

လူအများ တီးတိုးဆွေးနွေးနေကြစဉ် ကျန်းဟန်နှင့် အခြားသူများသည်လည်း ထိုမိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို လှမ်းကြည့်လိုက်ကြသည်။

“ငါ သူ့ကို အစောကြီးကတည်းက သတိထားမိတယ်။ ချင်းယွမ်ရဲ့ မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲရဲ့ ထူးခြားချက်က အကြောသေစေခြင်းစွမ်းရည်ပဲ။ အဲ့ဒါကြောင့် အခုအချိန်မှာ စိတ်ဝိညာဉ်စွမ်းအား စူးစိုက်ထုတ်လွှတ်ခြင်းကို မသုံးနိုင်သေးရင်တောင် ပြိုင်ဘက်ကို တိုက်ခိုက်တဲ့အခါ ထုံကျင်အကြောသေတဲ့ သက်ရောက်မှု ဖြစ်စေနိုင်လို့ ပြိုင်ဘက်ရဲ့ လှုပ်ရှားနိုင်စွမ်းကို အကြီးအကျယ် လျော့ကျသွားစေနိုင်တယ်။”

လီဇီဝေက မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူ့မျက်နှာအမူအရာကို ကြည့်ရတာ ဒီပြိုင်ပွဲကို မလွှဲမရှောင်သာလို့ ပြန်လာပြိုင်ရတဲ့ပုံပဲ။ မဟုတ်ရင် သူ လေ့ကျင့်ရေးပဲ လုပ်နေမှာ။”

လူတစ်ဦးက ပြောလိုက်သည်။ အမှန်တကယ်တွင်မူ သူတို့ကဲ့သို့ ပြိုင်ပွဲထွက်ပြိုင်နေကြသည့် လူများမှာ စာပေပညာရပ်တွင် ထူးချွန်လှသူများ မဟုတ်ကြပေ။

တကယ့် ပါရမီရှင် အစစ်အမှန်များသည် စာမေးပွဲအတွက် ပြင်ဆင်ခြင်းနှင့် ပြင်းထန်စွာ လေ့ကျင့်ခြင်းများဖြင့်သာ အချိန်ပြည့် အလုပ်ရှုပ်နေကြစမြဲ ဖြစ်သည်။

သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်လာပြီးနောက် ပထမဆုံးနှစ်သည် စွမ်းအားများ အရှိန်အဟုန်ဖြင့် ပေါက်ကွဲတိုးတက်သည့် ကာလဖြစ်ရာ အနာဂတ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိသည်။ အရင်းအမြစ် ကြွယ်ဝသော မိသားစုအများစုသည် မိမိတို့၏ သားသမီးများကို ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ပါဝင်ပြီး အချိန်ဖြုန်းစေမည် မဟုတ်ပေ။

“အင်း တကယ်သန်မာတယ်။”

ကျန်းဟန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ သူသည် ဤချင်းယွမ်ထံမှ စိတ်ဝိညာဉ်စွမ်းအင် ဖိအားတစ်မျိုးကို အမှန်တကယ် ခံစားနေရသည်။ ဤကောင်သည် သူ၏မျက်လုံးစွမ်းအား ဖွံ့ဖြိုးမှုကို အပြီးသတ်လုနီးပါးဖြစ်ကာ အခြေခံအဆင့်သို့ ရောက်ရှိတော့မည့်ပုံပင်။

ထို့အပြင် ထိုမိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲသည်လည်း အစေခံအဆင့် နှောင်းပိုင်းအဆင့်၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပုံရပြီး ဤအဆင့်တွင် တမင်တကာ ထိန်းချုပ်ရပ်တန့်ထားပုံရသည်။

“ကောင်းပြီ... နောက်ထပ် ပထမဆုံးပွဲစဉ်က ဒုတိယနေရာက လျိုရွှယ်ကျဲနဲ့ အယောက်နှစ်ဆယ့်တစ်နေရာက ပိုင်လုတို့ ဖြစ်ပါတယ်။”

ယခုတစ်ကြိမ်တွင်မူ ကွင်းထဲရှိ ပြိုင်ပွဲဝင်နှစ်ဦးလုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။

ဤလျိုရွှယ်ကျဲသည် စတုတ္ထအထက်တန်းကျောင်း အတန်း ၁ မှဖြစ်ပြီး အလွန်သန်မာသည်ဟု ဆိုကြသည်။ သူမ၏ သားရဲမှာ ရေလမင်းမြေခွေးဖြစ်သည်။

ပွဲစသည်နှင့်တစ်ပြိုင်နက် ရေလမင်းမြေခွေးသည် ၎င်း၏ အရှိန်အဟုန် အားသာချက်ကို အသုံးချကာ ပြိုင်ဘက်၏ မီးတောက်ယုန်ကို အလျင်အမြန် အနိုင်ယူလိုက်ရာ တိုက်ပွဲမှာ တစ်ဖက်သတ် ဆန်လှသည်။

ကျန်းဟန်သည် ပြိုင်ဘက်များကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ခဲ့သော်လည်း အရှိန်အဟုန်ကို တမင်တကာ အတင်းအကျပ် မလိုက်စားခဲ့သဖြင့် သူ၏အဆင့်သတ်မှတ်ချက်မှာ အလွန်အမင်း မြင့်မားမနေခဲ့ပေ။

ပြိုင်ပွဲများ တစ်ပွဲပြီးတစ်ပွဲ ဆက်လက်ကျင်းပလာရာ မကြာမီ မွန်းတည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။ လေ့ကျင့်ရေးကွင်းဘက်မှ သားရဲအသုံးအဆောင်ပစ္စည်းများ အပါအဝင် ကောင်းမွန်ဆန်းကြယ်သော အစားအစာများဖြင့် ကျွေးမွေးဧည့်ခံခဲ့၏။

ဤအချိန်တွင် လူအများအပြား ပိုမိုစုရုံးရောက်ရှိလာကြပြီး ကွင်းအတွင်း၌ ပိုမိုစည်ကား သက်ဝင်လာခဲ့သည်။

တစ်ပွဲပြီးတစ်ပွဲ ယှဉ်ပြိုင်လာခဲ့ကြရာ မကြာမီ ကျန်းဟန်၏အလှည့်သို့ ရောက်ရှိလာတော့သည်။

“အဆင့် ၆ ကျန်းဟန် နဲ့ အဆင့် ၁၇ ကျောက်ထောင်း။”

ဒိုင်လူကြီးက ကြေညာလိုက်သည်နှင့် ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်လေးနှင့်အတူ လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟိုဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

“ကောင်လေး... မင်း ခုနက ငါ့ဝမ်းကွဲညီမလေးကို ငိုအောင်လုပ်ခဲ့တယ်ပေါ့။ အခု ငါ့ မင်းပါ လိုက်ငိုရအောင် လက်ကေးမယ်။ မင်း စောင့်နေလိုက်စမ်း။”

ကျောက်ထောင်းဟု ခေါ်သော ထိုလူငယ်သည် မျက်နှာလေးထောင့်ပုံသဏ္ဌာန်ရှိပြီး သူ၏ သားရဲမှာ မြေဒြပ်စင် မိစ္ဆာအမျိုးအစားဖြစ်သည့် တောင်ကုန်းသားရဲပေါက်လေး ဖြစ်သည်။

ထိုသားရဲမှာ ကျောက်တုံးမှ လုံးဝအသွင်ပြောင်းလဲထားသည့် မိစ္ဆာတစ်ကောင်ဖြစ်ပြီး ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်နေသော နွားသိုးတစ်ကောင်နှင့် တူလှသည်။

“ဒါဆို မင်းလည်း ငါ့လက်ချက်နဲ့ ငိုပြီးပြန်သွားရမှာပဲ။”

ကျန်းဟန်က ပခုံးတစ်ချက် တွန့်ပြလိုက်သည်။

“ဟမ့်... မင်းရဲ့ မောက်မာမှုအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်စေရမယ်။”

ကျောက်ထောင်းက နှာခေါင်းရှုံ့လိုက်သည်။

“ငါ့တောင်ကုန်းသားရဲရဲ့ ရှေ့မှာ မင်းရဲ့ မာကျောခြင်းစွမ်းရည်ကို သုံးပြီး ပြိုင်ဘက်ကို ကြောင်အသွားအောင် ထပ်လုပ်နိုင်ဖို့ မစဉ်းစားနဲ့။ မင်းမှာ နောက်ထပ် ဘာလှည့်ကွက်တွေ ရှိသေးလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”

မြေဒြပ်စင် အမျိုးအစားဖြစ်သည့်အတွက် တောင်ကုန်းသားရဲ၏ ခုခံကာကွယ်နိုင်စွမ်းမှာ အလွန်ပြင်းထန်လှသည်။ ထို့ကြောင့် ကျောက်စိမ်းပိုးကောင် အစဉ်တစိုက် အသုံးပြုလာခဲ့သည့် အရှိန်ပြင်းပြင်း ဝင်တိုက်သည့် နည်းဗျူဟာမှာ ယခုတစ်ကြိမ်တွင် ထိရောက်တော့မည်မဟုတ်ပေ။

“ဟီးဟီးဟီး...အခု ဒီကောင် ကျန်းဟန် ဆက်ပြီး မောက်မာနိုင်တော့မှာ မဟုတ်ဘူး။”

“အတိအကျပဲ။ အစေခံအဆင့်မှာ ခုခံမှုအရာမှာ ပြိုင်ဘက်မရှိတဲ့ ဒီတောင်ကုန်းသားရဲကို သူ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”

တောင်ကုန်းသားရဲ ပေါ်ထွက်လာသည်ကို မြင်သောအခါ လူအများအပြားမှာ မျှော်လင့်ချက် ပြန်လည်ရရှိလာကြပြီး ကျန်းဟန်တစ်ယောက် ဆက်လက်၍ မောက်မာထောင်လွှားနိုင်တော့မည် မဟုတ်ဟု တွေးတောလိုက်ကြသည်။

“ပြိုင်ပွဲ စတင်ပြီ။”

နှစ်ဖက်စလုံး အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါ ဒိုင်လူကြီးက လက်ကိုမြှောက်၍ ပွဲစတင်ကြောင်း ကြေညာလိုက်တော့သည်။

All Chapters