အခန်း ၂၂
Vol. 3 Ch. 22
အခန်း ၂၂
“ယာယီ နားပြီးတဲ့နောက်မှာတော့ အခုဆိုရင် ကျွန်တော်တို့ ပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲစဉ်ဆီကို ရောက်ရှိလို့ လာခဲ့ပါပြီ။ တစ်ဖက်မှာတော့ ဒုတိယအထက်တန်းကျောင်းရဲ့ ထိပ်သီးကျောင်းသားဖြစ်ပြီး အလားအလာအဆင့် သတ်မှတ်ချက် ကြယ်လေးပွင့်ရှိတဲ့ မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို ပိုင်ဆိုင်ထားတဲ့ ချင်းယွမ် ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ပြိုင်ပွဲစကတည်းက လူရာမသွင်းခံခဲ့ရဘဲ ဘယ်သူမှ စာချုပ်မချုပ်ချင်ကြတဲ့ ကျောက်စိမ်းပိုးကောင်ကို ခေါ်ဆောင်လာပြီး ဗိုလ်လုပွဲအထိ တစ်လှမ်းချင်း တက်လှမ်းလာခဲ့တဲ့ ပြိုင်ပွဲဝင် ဖြစ်ပါတယ်။
အခု ပြိုင်ပွဲဝင်နှစ်ယောက်လုံးကို စင်ပေါ်တက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ ပါရမီရှင်တစ်ယောက်နဲ့ အမှောင်ရိပ်ထဲက မြင်းနက်တစ်ကောင်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို အတူတူ မျက်ဝါးထင်ထင် စောင့်ကြည့်လိုက်ကြရအောင်ဗျာ။ ချင်းယွမ်ကပဲ ဆက်လက်အနိုင်ရသွားမလား ဒါမှမဟုတ် ကျန်းဟန်က သူ့ရဲ့ ကျောက်စိမ်းပိုးကောင်လေးနဲ့အတူ မကြုံစဖူး သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူသွားမလားဆိုတာ…”
ဒိုင်လူကြီး၏ အားပါးတရ နှိုးဆော်တင်ဆက်မှုအပြီးတွင် တစ်ကွင်းလုံးရှိ လေထုမှာ အုန်းအုန်းကျွက်ကျွက်နှင့် အလွန်အမင်း စိတ်လှုပ်ရှားဖွယ် ကောင်းလာခဲ့တော့သည်။
“ကျန်းဟန်ကို အားပေးတယ်ဟေ့။ ကျောက်စိမ်းပိုးကောင်မှာ အလားအလာမရှိဘူးလို့ ဘယ်သူပြောလဲ။ အစွမ်းထက်ဆုံး သားရဲဆိုတာ မရှိဘူး။ အစွမ်းထက်ဆုံး သားရဲထိန်းချုပ်သူပဲ ရှိတယ်။”
“ဟုတ်တယ်။ ကျောက်စိမ်းပိုးကောင်နဲ့ အနိုင်ယူပြလိုက်စမ်းပါ။ ဒါက ဒဏ္ဍာရီတစ်ခုရဲ့ အစပျိုးခြင်းပဲ။”
“သွား...သွား...သွား...”
ပွဲနှောင်းမှ ရောက်လာကြသူများမှာမူ သဘာဝအတိုင်းပင် အားနည်းသူဘက်ကဖြစ်သည့် ကျန်းဟန်ဘက်မှ ရပ်တည်အားပေးနေကြ၏။ ၎င်းမှာ လူအများစု၏ တူညီသော သဘာဝပင် ဖြစ်သည်။ သူတို့သည် အားနည်းသူက အားသာသူကို ပြန်လည်အနိုင်ယူကာ မပျက်သုဉ်းနိုင်သော ဒဏ္ဍာရီတစ်ခုကို တည်ဆောက်ပြသည်ကို အမြဲ မြင်တွေ့ချင်နေတတ်ကြပေသည်။
“ကျန်းဟန်က တကယ်ပဲ သန်မာတာ မှန်ပါတယ်။ ဒါပေမဲ့ ငါကတော့ ချင်းယွမ် နိုင်မယ်လို့ ထင်နေတုန်းပဲ။”
“ဟုတ်တယ်။ မမေ့နဲ့ဦး… ပွဲစကတည်းက အခုထိ ဘယ်သူမှ ချင်းယွမ်ကို မယှဉ်နိုင်သေးဘူး။”
“မှန်တယ် ကျောက်စိမ်းပိုးကောင်က မာကျောခြင်း စွမ်းရည်တစ်ခုပဲ တတ်ထားတာ။ ဘာပဲပြောပြော အမှိုက်ပိုးကောင်တစ်ကောင် အဆင့်ပဲ ရှိသေးတယခ။”
“အမှိုက်ပိုးကောင်သက်သက်ပါကွာ။”
…
သို့သော်လည်း ပိုများပြားသော လူအုပ်ကြီးမှာ ကျန်းဟန်၏ လုပ်ရပ်များကြောင့် စိတ်ဆိုးဒေါသထွက်နေကြဆဲဖြစ်ပြီး သူ့ကို အထင်မကြီးကြသေးပေ။
လူအများစုမှာ လက်တွေ့ဆန်ကြသည်။ သူတို့နှစ်ဦးကြားရှိ စွမ်းရည်ကွာဟချက်မှာ တကယ်ကို ကြီးမားလွန်းလှသည်။
ကျန်းဟန်နှင့် ချင်းယွမ်တို့သည် ကွင်း၏အလယ်ဗဟိုသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
“အခု ပွဲစဉ်ကို တရားဝင် စတင်ကြောင်း ကြေညာလိုက်ပါတယ်။”
ဒိုင်လူကြီးက ပွဲစတင်ကြောင်း ကြေညာလိုက်သော်လည်း ကျန်းဟန်နှင့် ချင်းယွမ်တို့ နှစ်ဦးလုံး ပထမဆုံးလှုပ်ရှားမှုကို မလုပ်ကြသေးပေ။
အနက်ရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားသော ချင်းယွမ်က ကျန်းဟန်နှင့် သူ၏ ကျောက်စိမ်းပိုးကောင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“မဆိုးပါဘူး။ ဒါပေမဲ့ မင်းရဲ့ခရီးက ဒီမှာတင် လမ်းဆုံးသွားပြီ။”
“အို… ဟုတ်လား။ ဒါဆို စောင့်ကြည့်ကြတာပေါ့။”
ကျန်းဟန်က ပြုံးကာ ပြန်ပြောလိုက်သည်။
“ဒါဆိုရင်တော့ မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကိုပဲ မင်းကို သင်ခန်းစာပေးခိုင်းရတော့မှာပေါ့။”
ချင်းယွမ် ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲသည် အပေါ်သို့ ပျံတက်သွားပြီး ကျောက်စိမ်းပိုးကောင်ရှိရာသို့ လျင်မြန်စွာ ပြေးဝင်တိုက်ခိုက်တော့သည်။ ၎င်း၏ ဓားလက်တစ်စုံမှာ နေရောင်အောက်တွင် အေးစက်သော အလင်းတန်းများ ဖြာထွက်နေ၏။ ၎င်းမှာ သက်ရှိများကို တန်ဖိုးမထားတတ်သည့် သတ်ဖြတ်ခြင်းအငွေ့အသက်တို့ လွှမ်းမိုးနေသော အလင်းရောင်ပင် ဖြစ်သည်။
“ပိုင်လင်း… ပိုးမျှင်ပစ်လွှတ်ခြင်း။”
ကျန်းဟန်က မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
ကျောက်စိမ်းပိုးကောင် ပိုင်လင်းသည် ပြေးဝင်လာသော မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲထံသို့ စူးရှသော မြှားများကဲ့သို့ ပိုးမျှင်များကို အဆက်မပြတ် မှုတ်ထုတ်လိုက်၏။ သို့သော်လည်း မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲမှာ လျင်မြန်လွန်းပြီး အချိန်တိုင်း အသာလေး ရှောင်တိမ်းသွားနိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကျောက်စိမ်းပိုးကောင်၏ အရှေ့သို့ ရောက်ရှိလာပြီး ပိုးမျှင်ပစ်လွှတ်ခြင်း အဟန့်အတား ပြတ်တောက်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ အောက်သို့ ထိုးဆင်းတိုက်ခိုက်လိုက်တော့သည်။
“ဟမ့်…ပြီးသွားပြီ။”
ချင်းယွမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။
အေးစက်သောအလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားပြီး မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲ၏ ခရမ်းရောင်ဓားပြားများက ပိုင်လင်း၏ ကျောက်စိမ်းကဲ့သို့ ခန္ဓာကိုယ်ပေါ်သို့ ပိုင်းဖြတ်ချလိုက်၏။ သို့သော်လည်း ထွက်ပေါ်လာသော အသံမှာ ကျောက်စိမ်းဖြူချင်း ရိုက်ခတ်မိသကဲ့သို့ စူးရှပြတ်သားသော ကလင်ဟူသည့် အသံတစ်ခုသာ ဖြစ်သည်။
ကျောက်စိမ်းပိုးကောင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း မာကျောခြင်းစွမ်းရည်ကို သုံးထားသောကြောင့် အရေပြား ပဲ့ကြွေမသွားဘဲ အသားထဲအထိ မရောက်သော အလွန်တိမ်သည့် ခြစ်ရာလေးတစ်ခုသာ ထင်ကျန်ရစ်ခဲ့သည်။
“အခုချိန်ပဲ… ပိုင်လင်း။”
ကျန်းဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူသည် ပိုင်လင်း ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်မလားဆိုသည်ကို မသေချာပေ။ ၎င်းသည် ဒဏ်ရာ အပြင်းအထန်မရရှိခဲ့သော်လည်း မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲ၏ တိုက်ခိုက်မှုတွင် ထုံကျင်စေသော အာနိသင်များ ပါဝင်နေသည်။ ထို့ကြောင့် သူသည် ပိုင်လင်းအနေဖြင့် ထိုထုံကျင်မှုမှ ရုန်းထွက်နိုင်ရန်သာ မျှော်လင့်ပေသည်။
အကယ်၍ ထုံကျင်မှုမှ ရုန်းထွက်ပြီး ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက ပြိုင်ပွဲကို အနိုင်ရရန် အခွင့်အလမ်း ရှိနေဆဲဖြစ်သော်လည်း မရုန်းထွက်နိုင်ပါက ဇာတ်သိမ်းရုံသာ ရှိတော့သည်။
ပြိုင်ပွဲစည်းမျဉ်းများအရ သားရဲများကို သေဆုံးသည်အထိ တိုက်ခိုက်ခွင့် မပြုထားသောကြောင့် မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲသည် ပိုင်လင်းကို အမှန်တကယ် သေစေလောက်သည်အထိ မဖြစ်စေရန် ယခင်တိုက်ကွက်တွင် ၎င်း၏ အားအင်အပြည့်ကို ထည့်သွင်းအသုံးပြုခဲ့ခြင်း မရှိပေ။
သို့သော် ယခုမူ ပိုင်လင်း၏ အရေပြားမှာ အလွန်တရာ မာကျောလှကြောင်း သိသွားပြီဖြစ်ရာ ၎င်းသည် နောက်ထပ် ညှာတာနေတော့မည်မဟုတ်ပေ။
ထို့ကြောင့် ဤအခြေအနေသည် လျင်မြန်စွာ တုံ့ပြန်ပြီး ၎င်းကို ဒဏ်ရာရအောင် လုပ်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကာ အကောင်းဆုံးနည်းလမ်းမှာ ၎င်း၏လေကြောင်းအားသာချက် အသာစီးရမှုကို ဆုံးရှုံးသွားစေရန် ၎င်း၏ အတောင်ပံများကို ချိုးဖျက်ပစ်ရန်ပင် ဖြစ်သည်။
ပိုင်လင်းသည် လိမ့်ထွက်သွားရင်း ၎င်း၏ နက်မှောင်သော ပိုးကောင်မျက်လုံးလေးများဖြင့် ကျန်းဟန်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပိုးမျှင် သုံးလိုင်းကို မှုတ်ထုတ်လိုက်တော့သည်။
မြှားကဲ့သို့ စူးရှသော ပိုးမျှင်များသည် သတိလက်လွတ် ဖြစ်နေသည့် မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲထံသို့ တည့်တည့်ထိမှန်သွားကာ ၎င်း၏ ဖောက်ထွင်းမြင်ရသော ဘယ်ဘက်အတောင်ပံကို အမြစ်မှနေ၍ ဖြတ်တောက်လိုက်ပြီး အစိမ်းရောင်သွေးများ ပန်းထွက်သွားခဲ့သည်။
ဘမ်း…ဘမ်း…
ထို့နောက် ပိုင်လင်းနှင့် မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲတို့သည် တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျလာကြသည်။
“သောက်ကျိုးနည်း…ဒါ တကယ်ကြီးလား။ ကျောက်စိမ်းပိုးကောင်က ထုံကျင်နေတဲ့ ကြားထဲကနေ တုံ့ပြန်နိုင်ပြီး မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို အလစ်အငိုက် တိုက်ခိုက်လိုက်နိုင်တာပဲ။”
“မိုက်တယ်။ သူက လေကြောင်းအားသာချက်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တာပဲ။ အရှိန်အဟုန်လည်း မရှိတော့ဘူး ပြီးတော့ ကျောက်စိမ်းပိုးကောင်ရဲ့ ကြောက်စရာကောင်းတဲ့ ခံစစ်စွမ်းရည်နဲ့ ပေါင်းလိုက်ရင် ဒီပွဲရဲ့ ရလဒ်က တကယ်ကို ခန့်မှန်းရခက်သွားပြီ။”
“အံ့ဩဖို့ကောင်းလိုက်တာ ကျန်းဟန်... ဆက်လုပ်ထား။”
“မိုက်တယ်ဟေ့ 666။”
ကွင်းအတွင်းရှိ ထိုမြင်ကွင်းကြောင့် ပရိသတ်များထံမှ ဟစ်ကြွေးအားပေးသံများနှင့် လက်ခုပ်သံလှိုင်းများ ချက်ချင်း ဆူညံသွားခဲ့သည်။ ထိုမျှတိုတောင်းလှသော အချိန်နှစ်စက္ကန့်အတွင်းမှာပင် ကျောက်စိမ်းပိုးကောင်လေးက အမှန်တကယ် လုပ်ပြနိုင်ခဲ့ခြင်းမှာ လုံးဝ မယုံနိုင်စရာပင်။
လီဇီဝေ၊ ချူကောနှင့် အခြားသူများမှာမူ ဆွံ့အမှင်သက်ကုန်ကြသည်။ ၎င်းမှာ တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းလှ၏။
“ဒါက တကယ်ကြီး ကျောက်စိမ်းပိုးကောင်တစ်ကောင်ဆီကနေ ပေါက်ကွဲထွက်လာနိုင်တဲ့ အလားအလာလား။”
ချူကောက လီဇီဝေကို မေးလိုက်သည်။ လီဇီဝေက ငေးငိုင်စွာဖြင့် ခေါင်းခါပြလိုက်၏။
“ငါလည်း မသိဘူး။ ဒါက တကယ်ကြီး ကျောက်စိမ်းပိုးကောင်ရော ဟုတ်ရဲ့လား။”
ယခုအချိန်တွင် မည်သူမျှ သားရဲစွယ်စုံကျမ်းစက်ကို မယုံကြည်ကြတော့ပေ။
“ပိုင်လင်း… အရမ်းလှတယ်ကွ။”
ကျန်းဟန်က စိတ်လှုပ်ရှားစွာဖြင့် လေထဲသို့ လက်သီးချက်များ အကြိမ်ကြိမ် ထိုးပြလိုက်သည်။
ပိုင်လင်း တကယ် လုပ်နိုင်ခဲ့ပြီ။
ခမ်းနားလိုက်လေခြင်း။
၎င်းသည် မနက်မှ ညအထိ အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့ရကျိုး တကယ်နပ်ပေသည်။
၎င်းသည် သတ္တမအဆင့် ဒြပ်စင်များကို စုပ်ယူထားသောကြောင့် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးမှာ သာမန်သားရဲကောင်များထက် များစွာ ပိုမိုသန်မာသည်မှာ မှန်သော်လည်း ယခုကဲ့သို့ တုံ့ပြန်နိုင်ရန်မှာမူ ၎င်း၏စိတ်ဓာတ်ပြင်းပြမှုအပေါ်၌သာ မှီတည်နေခြင်း ဖြစ်သည်။
“ကောင်းတယ်...အရမ်းကောင်းတယ်။ ငါ့ရဲ့ မျှော်လင့်ချက်တွေကို ကျော်လွန်သွားတဲ့ ကျောက်စိမ်းပိုးကောင်ပဲ။ ဒါပေမဲ့ မင်းက ဒီလောက်လေးနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေရင်တော့ အရမ်းရယ်စရာကောင်းလွန်းတယ်။”
ချင်းယွမ်၏ မျက်နှာပေါ်တွင် နောက်ဆုံး၌ အံ့ဩတုန်လှုပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း ပျာယာခတ်သွားခြင်းမျိုး မရှိသေးပေ။
သူသည် လက်ကိုမြှောက်ကာ သူ၏ ပါရမီစွမ်းရည်ဖြစ်သော ပြန်လည်ကုသခြင်းကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ လေဟာနယ်ထဲမှ စွမ်းအားတစ်ခုထွက်ပေါ်လာပြီး မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲအပေါ်သို့ သက်ရောက်သွားခဲ့သည်။
ထိုစွမ်းအား ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာတော့သည်။ ၎င်း၏ ပြတ်တောက်သွားသော အတောင်ပံမှာ တိုက်ရိုက် ပြန်လည်အသားကျသွားပြီး ၎င်း၏ စွမ်းအင်အရှိန်အဝါမှာလည်း စိုးစဉ်းမျှ ကျဆင်းသွားခြင်း မရှိပေ။
ကျန်းဟန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ သူသည် ဤကဲ့သို့သော ပါရမီစွမ်းရည်မျိုးကို လုံးဝ မျှော်လင့်မထားခဲ့မိပေ။ ၎င်းမှာ ခုနက သူလုပ်ဆောင်ခဲ့သမျှ အားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီဟု အဓိပ္ပာယ်ရပေသည်။
သို့သော် ထိုအချိန်မှာပင် အနောက်ဘက် ကောင်းကင်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းဟန်အပါအဝင် လူတိုင်းနှင့် ဒိုင်လူကြီးပါမကျန် မြေပြင်ပေါ်သို့ ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
“ဟားဟားဟားဟား....အဖိုးကြီး ချင်းရှန်း မင်း ငါ့ရဲ့သားရဲကို သတ်ခဲ့တဲ့ ရန်ငြိုးကို အခု မင်းရဲ့သားဆီကနေ ငါ ပြန်တောင်းမယ်။ စိတ်မပူပါနဲ့။ ငါသူ့ကို ချက်ချင်း သေအောင် မလုပ်ပါဘူး။”
ကောင်းကင်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော ဒေါသတကြီး ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ဧရာမ မီးတောက်နီရောင် ဒေါင်းကြီးတစ်ကောင် ပေါ်လာကာ ကောင်းကင်တစ်ဝက်နီးပါးကို တိုက်ရိုက် လွှမ်းမိုးထားလိုက်သည်။ ၎င်းမှာ အနောက်ဘက်ရှိ နေမင်းကြီးထက်ပင် ပိုမို၍ စူးရှတောက်ပနေသေးသည်။
“ဘုရားရေ… ဒါက အဆင့်လေး မီးလျှံဖီးနစ်ဒေါင်းကြီးပဲ။”
“ဒါ ဘာအတွက်လဲ။”
လူတိုင်း ပြာယာခတ်ကုန်ကြသည်။
“ဒါ ဟိုတုန်းက ဟွာလျိုဖုန်းများလား။ သူ တကယ်ကြီး အသက်ရှင်နေသေးတာပဲ။”
“သွားပြီ။ ဒါ ကောင်းကင်မဟာမိတ် အဖွဲ့အစည်းက လူတွေပဲ။”
အတွင်းရေးကို သိရှိနားလည်ထားကြသော အချို့လူများက အခြားသူများ နားမလည်နိုင်သည့် စကားများကို ပြောဆိုနေကြသည်။
ကျန်းဟန်မှာ မြေပြင်ပေါ်သို့ အဖိခံထားရသဖြင့် စိုးစဉ်းမျှ မလှုပ်ရှားနိုင်တော့ပေ။ ဤသည်မှာ အလွန်တရာ အစွမ်းထက်သော သားရဲအမျိုးအစားဖြစ်သည့် မီးလျှံဖီးနစ်ဒေါင်းကြီး ဖြစ်သည်။ ကောင်းကင်ရှိ ထိုကောင်ကြီး၏ အတောင်ပံဖြန့်ထားသည့် အလျားမှာ မီတာသုံးဆယ်ကျော်ရှိပြီး ကိုယ်ထည်အရှည်မှာ မီတာငါးဆယ်ကျော် ရှိသည်။ အလွန်ဝေးကွာသော နေရာမှပင် ကျန်းဟန်မှာ တစ်ကိုယ်လုံး ချွေးပြန်နေရပြီး မီးကင်ခံရသကဲ့သို့ ခြောက်ကပ်လုနီးပါး ဖြစ်နေရသည်။
သူသည် ဤဟွာလျိုဖုန်းဆိုသူကို မသိသော်လည်း ကောင်းကင်မဟာမိတ်ကိုမူ သိထားသည်။ ၎င်းမှာ ပါရမီရှင် လူငယ်များကို မကြာခဏ ပြန်ပေးဆွဲတတ်သည့် မကောင်းဆိုးဝါး အဖွဲ့အစည်းတစ်ခု ဖြစ်ပုံရသည်။
ထိုမီးလျှံဖီးနစ်ဒေါင်းကြီး ပေါ်လာပြီးနောက် ၎င်းသည် အဝေးမှနေ၍ စိတ်ဝိညာဉ်စွမ်းအားဖြင့် ချင်းယွမ်နှင့် သူ၏ မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို တိုက်ရိုက် လှမ်း၍ ဖမ်းဆွဲလိုက်၏။
“ဟမ့်… ဟွာလျိုဖုန်း မင်းက အရင်အတိုင်း မိုက်မဲနေတုန်းပဲ။ ငါ မင်းကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားဘူးလို့ တကယ်ကြီး ထင်နေတာလား။”
ထိုအခိုက်အတန့်တွင် ရေပြာရောင် စိတ်ဝိညာဉ်စွမ်းအားတစ်ခုသည် မီးလျှံဖီးနစ်ဒေါင်း၏ ဖမ်းဆွဲမှုကို အဝေးမှနေ၍ ကြားဖြတ်ဟန့်တားလိုက်ပြီး ချင်းယွမ်ကို ကာကွယ်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအား အကာအကွယ်အတားအဆီးတစ်ခုကို ဖန်တီးပေးလိုက်သည်။
“မိတ်ဆွေတို့… ဒီနေ့ ငါတို့အားလုံး အတူတူ လက်တွဲတိုက်ခိုက်ပြီး ဒီကပ်ဘေးကြီးကို အမြစ်ပြတ် သုတ်သင်ကြစို့။”
ကောင်းကင်ယံ၌ ရေပြာရောင် ဧရာမလိပ်ကြီးတစ်ကောင်ပေါ်တွင် ရပ်နေသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ရုတ်တရက် ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။