အခန်း ၂၃
Vol. 3 Ch. 23
အခန်း ၂၃
“ဒါ ချင်းယွမ်လေ့ကျင့်ရေးကွင်းရဲ့ ပိုင်ရှင် ချင်းရှန်းပဲ။ သူ့လေသံအရဆိုရင် သူက အစကတည်းက ဒီစီနီယာကို စောင့်နေခဲ့တာပဲ။”
ကွင်းပြင်ပမှ လူတစ်ဦးက ထိုလူလတ်ပိုင်းအမျိုးသားကို မြင်သောအခါ အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
မကြာမီ အခြားလမ်းကြောင်းနှစ်ခုထံမှလည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါများ ထွက်ပေါ်လာပြန်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ရွှေတောင်ပံငှက်တစ်ကောင်နှင့် မြင့်မြတ်အလင်းပုစဉ်းရင်ကွဲတစ်ကောင်တို့ ကောင်းကင်ယံ၌ ပေါ်လာကြပြီး ၎င်းတို့၏ အရွယ်အစားမှာလည်း ရေပြာရောင် လိပ်ကြီးနှင့် မရှေးမနှောင်းပင် ဖြစ်သည်။
၎င်းတို့အားလုံးမှာ အဆင့် ၄ အရှင်သခင်အဆင့် အစွမ်းထက် သားရဲများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ တစ်ကောင်ကောင်၏ တိုက်ခိုက်မှုတစ်ခုသည်ပင် အဆောက်အဦးတစ်ခုကို ဖျက်ဆီးပစ်နိုင်ပြီး တစ်ကောင်ချင်းစီမှာလည်း နယ်ပယ်တစ်ခု၏ အရှင်သခင်များ ဖြစ်ကြသည်။
“ဟားဟားဟား…စီနီယာ ဒီနေ့တော့ ဒီမှာပဲ နေခဲ့လိုက်ပါတော့။ ထွက်ပြေးဖို့ လုံးဝ စိတ်မကူးနဲ့တော့။ မင်းလာမယ်ဆိုတာ ငါကြိုသိပြီးသား။”
ချင်းရှန်းက အားရပါးရ ရယ်မောလိုက်သည်။
“စီနီယာ… ရုန်းကန်မနေပါနဲ့တော့။ ဒီနေ့တော့ မင်း ဘယ်လိုမှ ပြေးလို့လွတ်မှာ မဟုတ်ဘူး။ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ် ဘယ်မှာလဲဆိုတာသာ ပြောပြလိုက်။ ဒါဆို မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်။”
ရွှေတောင်ပံငှက်ကြီး၏ ကျောပေါ်မှနေ၍ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားလိုက်ရသောအခါ ကျန်းဟန်နှင့် အခြားသူများမှာ အလွန်ရင်းနှီးနေသလို ခံစားလိုက်ရ၏။ မော့ကြည့်လိုက်သောအခါ ၎င်းမှာ အခြားသူမဟုတ်ဘဲ သူတို့၏ လေ့ကျင့်ရေးအတန်းပိုင် ဆရာဖြစ်သူ ဆရာခယ်လုံ ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။ သူသည်လည်း ဤဝိုင်းရံပိတ်ဆို့တိုက်ခိုက်မှုတွင် ပါဝင်နေခြင်း ဖြစ်သည်။
“မြန်မြန် ထွက်သွားကြ။ မကြာခင် ဒီမှာ တိုက်ပွဲကြီး ဖြစ်တော့မယ်။”
ထိုအခိုက်အတန့်တွင် ကျန်းဟန်၊ လီဇီဝေနှင့် အခြားသူများအားလုံး ဆရာခယ်လုံထံမှ စိတ်ချင်းဆက်သွယ်သည့် အသိပေးစာစောင်ကို လက်ခံရရှိလိုက်ကြသည်။
ဆရာခယ်လုံ၊ ချင်းရှန်းနှင့် အခြားသူများ၏ သားရဲသုံးကောင် ပေါ်လာခြင်းကြောင့် လူအများအပေါ် ဖိနှိပ်ထားသော ဖိအားမှာ ရုတ်တရက် လျော့ပါးသွားခဲ့ပြီး ၎င်းတို့အားလုံး မတ်တတ်ရပ်ကာ လမ်းလျှောက်နိုင်သွားကြသည်။
ကျန်းဟန်သည် သူလှုပ်ရှားနိုင်ပြီဟု ခံစားရသည်နှင့် တစ်ပြိုင်နက် ချင်းယွမ်နှင့် ဝေးရာသို့ အပြတ်အသတ် နောက်ဆုတ်ကာ ကွင်းထဲမှ ထွက်ခွာလိုက်တော့သည်။
“ကျန်းဟန်… ငါတို့ကို စောင့်ပါဦး။”
လီဇီဝေက နောက်မှလှမ်းခေါ်လိုက်၏။ သူမ၏ ခြေလက်များမှာ ဖိအားကြောင့် နုံးခွေနေဆဲဖြစ်ရာ ဘယ်လိုမှ မပြေးနိုင်ဘဲ ဖြစ်နေသည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်ပေါ်ရှိ မီးလျှံဖီးနစ်ဒေါင်း၏ အရှင်သခင်ဖြစ်သူ စီနီယာက ထပ်မံ၍ စကားဆိုလာ၏။
“ကောင်းတယ်… အရမ်းကောင်းတယ်။ ချင်းရှန်း မင်းက တကယ်ကို ကောက်ကျစ်စဉ်းတတ်လဲတာပဲ။ ဒါပေမဲ့ မင်းက ငါ ဒီတစ်ခေါက်ကို တကယ်ကြီး ဘာပြင်ဆင်မဘူးလို့ မင်းတကယ် ထင်နေတာလား။”
သူ၏စကားအဆုံးတွင် စီနီယာ၏အောက်ရှိ မီးလျှံဖီးနစ်ဒေါင်းကြီးထံမှ ယခင်ကထက် များစွာ သာလွန်ပြင်းထန်သော အရှိန်အဝါဖိအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကောင်းကင်ရှိ အခြား အရှင်သခင်အဆင့် သားရဲသုံးကောင်လုံးကို တိုက်ရိုက် ပြန်လည်ဖိနှိပ်လိုက်တော့သည်။
ချင်းရှန်းနှင့် အခြားသူများ သတိမမူမိခင်မှာပင် လေဟာနယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားတစ်ခုသည် ချင်းယွမ်ထံသို့ ဖြတ်ခနဲ ပစ်လွှတ်လိုက်ပြီး သူ့ကို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မီးလျှံဖီးနစ်ဒေါင်းကြီးသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ မြို့ပြင်ဘက်သို့ ပျံသန်းသွားတော့သည်။
“ဒါက အဆင့် ၅ ဧကရာဇ်အဆင့်ကြီးပဲ။”
ဆရာခယ်လုံက ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်၏။ သူတို့ရရှိထားသော သတင်းအချက်အလက်များအရ ဤမီးလျှံဖီးနစ်ဒေါင်းသည် လွန်ခဲ့သောတစ်နှစ်ကမှ အရှင်သခင်အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ရာ မည်သို့ကြောင့် ယခုလောက် မြန်မြန်ဆန်ဆန် ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားနိုင်ရသနည်း။
“ချင်းယွမ်....။ လိုက်ကြစို့။ ဒီကပ်ဘေးကို အမြစ်ပြတ် သုတ်သင်ရမယ်။”
သူ၏သားဖြစ်သူ ချင်းယွမ် အဖမ်းခံလိုက်ရသည်ကို မြင်သောအခါ ချင်းရှန်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားခဲ့ပြီး ရေပြာရောင် ဧရာမလိပ်ကြီးကို မောင်းနှင်ကာ ချက်ချင်း အနောက်မှ လိုက်လံဖမ်းဆီးတော့သည်။
“လိုက်ကြစို့။ သူ့ကို လွတ်သွားစေလို့ မဖြစ်ဘူး။ ငါ သားရဲထိန်းချုပ်သူများ စီမံခန့်ခွဲရေးဗျူရိုကို ဆက်သွယ်ထားပြီးပြီ။”
ဆရာခယ်လုံကလည်း အော်ဟစ်လိုက်ပြီး မီးလျှံဖီးနစ်ဒေါင်း ထွက်ပြေးသွားသည့် လမ်းကြောင်းအတိုင်း လိုက်လံမောင်းနှင်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံးမှာ လူအများ၏ အမြင်အာရုံထဲမှ သေးငယ်ကာ ပျောက်ကွယ်သွားကြတော့သည်။
“ဟိုကို မြန်မြန်ကြည့်လိုက်ကြစမ်း ကာ့တောင်ကြီး ပြတ်ထွက်သွားပြီ။ ဘုရားရေ…။”
တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။
လူတိုင်းက သူတို့မြို့ဘေးနားရှိ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော အရှေ့ဘက်ရှိ ကာ့တောင်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် တောင်ထိပ်ကြီးမှာ အစွမ်းထက် သားရဲကြီးများ၏ စိတ်ဝိညာဉ်စွမ်းအား တိုက်ခိုက်မှု သုံးချက်ကြောင့် တိုက်ရိုက် ကျိုးပြတ်သွားခဲ့ရပြီ ဖြစ်သည်။ လေထုထဲတွင် ဖုန်မှုန့်များနှင့် မီးခိုးလုံးကြီးများ လွင့်ပျံတက်လာကာ ထိုအစွမ်းထက် သားရဲကြီးများ၏ ပုံရိပ်ကို ဖုံးကွယ်သွားခဲ့တော့သည်။
“ဒီစီနီယာဆိုတာက ဘယ်သူလဲ။ မင်းတို့ သိကြလား။”
ကျန်းဟန်က သူ့နောက်သို့ လိုက်လာသော လီဇီဝေကို ကြည့်ကာ မေးလိုက်သည်။
“ဟူး… ဟူး…ငါ့ကို လန့်ပြီးသေအောင်လုပ်နေတာပဲ။”
လီဇီဝေက ကျန်းဟန်၏ လက်မောင်းကို ဆွဲကိုင်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူမ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အားလုံး၏ အာရုံကို ဆွဲဆောင်နေတော့သည်။
“သေစမ်း… ဒါက အရမ်းအန္တရာယ်များလွန်းတယ်။ ဒီစီနီယာဆိုတဲ့လူက နာမည်ကြီး ဝရမ်းပြေးဟောင်းကြီးကပဲ။ သူ ဒီကို လာရဲလိမ့်မယ်လို့ ငါ လုံးဝမထင်ထားဘူး။”
ဖက်တီးချူကောကလည်း ဟောဟဲစိုက်ရင်း ပြေးဝင်လာခဲ့သည်။ သူသည် အတော်လေး မောပန်းနေပုံရပြီး ကျန်းဟန်ကို မှီကာ ခေတ္တနားချင်နေပုံရသည်။
“ငါ့ကိုမကိုင်နဲ့။ မင်းဆီက နံစော်နေတာပဲ။”
ကျန်းဟန်က ချွေးနံ့များ နံစော်နေသော ချူကောကို တွန်းထုတ်လိုက်၏။
“ချီးပဲ… သူကျတော့ မင်းကို လာဖက်လို့ရပြီး ငါကျတော့ ဘာလို့မရတာလဲ။”
ချူကောက မခံမရပ်နိုင်ဖြစ်ကာ ပြောလိုက်သည်။
“သူက ငါ့အတန်းဖော်လေ။ ပြီးတော့ သူ့ဆီက ချွေးနံ့လည်း မနံဘူး။ ဒုက္ခရောက်နေသူကို ကူညီတာ ဘာမှားလို့လဲ။”
ကျန်းဟန်က သူ့ကို တစ်ချက်လှမ်းကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“သောက်ကျိုးနည်း… မင်းက တကယ်ကြီး သူငယ်ချင်းထက် မိန်းမကို ပိုဦးစားပေးတဲ့ကောင်ပဲ။ ငါ့ကို သေအောင်ရိုက်ရင်တောင် ဟိုးတုန်းက ဖြစ်ခဲ့တဲ့ ရန်ငြိုးတွေအကြောင်း မင်းကို လုံးဝမပြောပြဘူး။”
ချူကောက အံကြိတ်ကာ ပြောလိုက်သည်။
“နင် လျှောက်မပြောနဲ့။”
လီဇီဝေက ရှက်သွေးဖြန်းသွားကာ ချူကောကို မျက်စောင်းထိုးရင်း ကျန်းဟန်၏ လက်မောင်းကို ချက်ချင်း လွှတ်လိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါလည်း နည်းနည်းကြားဖူးတယ်။ စီနီယာနဲ့ ချင်းရှန်းတို့ရဲ့ ရန်ငြိုးက တောရိုင်းထဲမှာ လေ့ကျင့်ရေးဆင်းရင်း စခဲ့တာလို့ ပြောကြတယ်။ ချင်းရှန်းက စီနီယာရဲ့ သားရဲတစ်ကောင်ကို သတ်ခဲ့လို့ စီနီယာတစ်ယောက် သားရဲထိန်းချုပ်ရေး တက္ကသိုလ် တက်ခွင့်မရဘဲ ဖြစ်သွားခဲ့ရတယ်လေ။ အဲဒီနောက်မှာ စီနီယာက ကောင်းကင်မဟာမိတ်ဆိုတဲ့ မကောင်းဆိုးဝါးအဖွဲ့အစည်းထဲ ဝင်သွားခဲ့တာ။”
လီဇီဝေက အနည်းငယ် စဉ်းစားပြီး ကျန်းဟန်ကို ပြောပြလိုက်သည်။
“တကယ်တော့ ဒါက ဟွာမိသားစုနဲ့ ချင်းမိသားစုကြားထဲမှာ အစကတည်းက အာဃာတတွေ ရှိနေခဲ့လို့ပဲ။ အဲဒီတုန်းက မိသားစုနှစ်စုပူးပေါင်းပြီး သားရဲရှာဖွေရေးကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ခဲ့ကြတယ်။ ဒါပေမဲ့ စီနီယာ့အဖေက တောရိုင်းထဲမှာ သေဆုံးသွားခဲ့ပြီး ချင်းမိသားစုက ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ချင်လို့ စီနီယာ့အဖေ ချန်ထားခဲ့ပေးတဲ့ ကြယ်ငါးပွင့်အဆင့် ရေနဂါးပေါက်ကို တမင်သက်သက် သတ်ပစ်ခဲ့ကြတယ်။ စီနီယာ့အဖေ သေဆုံးခဲ့တာကလည်း သံသယဖြစ်စရာကောင်းတယ်လို့ ပြောကြတယ်။ အဲဒီအချိန်တုန်းက သားရဲထိန်းချုပ်သူတွေရဲ့ ကဏ္ဍက ဖွံ့ဖြိုးစ နှစ် ၄၀ ၊ ၅၀ လောက်ပဲ ရှိသေးတာဆိုတော့ အရာရာက စည်းမဲ့ကမ်းမဲ့ ကြီးထွားနေတဲ့ ကာလပေါ့။ ငါသာ စီနီယာ့နေရာမှာဆိုရင်လည်း ဒါကို သည်းခံနိုင်မှာ မဟုတ်ဘူး။”
ချူကောက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း အသံတိုးတိုးဖြင့် ဆိုသည်။
“ပြီးတော့လည်း မင်းက ဘာဖြစ်လို့ အဲဒီကပ်စေးနှဲကော်တရာ ချင်းရှန်းဆီကနေ ငွေသုံးသောင်းအထိ ရခဲ့တာလဲဆိုတာ ငါ စဉ်းစားလို့မရဘူး။ ဒါက သူတို့တွေ စီနီယာ့ကို အကွက်ဆင်နိုင်ဖို့ မင်းကို ချင်းယွမ်နဲ့ တိုက်ခိုက်ခိုင်းဖို့ လိုအပ်နေလို့ပဲ ဖြစ်ရမယ်။ ဟဲဟဲ… သူတို့ မျှော်လင့်မထားမိတာက စီနီယာ့ရဲ့ သားရဲက အဆင့် (၅) ကို ထိုးဖောက်သွားခဲ့ပြီ ဆိုတာပဲ။”
ချူကောက တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
“မင်းက ဘာလို့ ဒီလောက်အသေးစိတ် သိနေတာလဲ။”
ကျန်းဟန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ဟိုးတုန်းက အဲဒီသားရဲရှာဖွေရေးကုမ္ပဏီမှာ ငါ့အဖိုးကလည်း ရှာဖွေရေးအဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့တယ်လေ။”
ချူကောက ပြုံးစိစိဖြင့် ပြောလိုက်သည်။
“စီနီယာက သနားဖို့ကောင်းပြီး ချင်းရှန်းကလည်း လူကောင်းမဟုတ်တာ မှန်ပေမဲ့ စီနီယာ့ကိုတော့ ဖမ်းမိဖို့ လိုလိမ့်မယ်လို့ ငါထင်နေတုန်းပဲ။ ကောင်းကင်မဟာမိတ်အဖွဲ့က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ သူတို့တွေက နှစ်တိုင်း သားရဲထိန်းချုပ်သူ အလုပ်သင်တွေကို ပြန်ပေးဆွဲပြီး ဦးနှောက်ဆေး လေ့ရှိကြတယ်။ တစ်ခါအဖမ်းခံရပြီးလို့ ပြန်ပေါ်လာရင် သူတို့က ကောင်းကင်မဟာမိတ်အဖွဲ့အပေါ် သစ္စာအရှိဆုံးလူတွေ ဖြစ်သွားကြပြီး အဖမ်းခံရရင်လည်း ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြတာ။ ဒီလိုအဖွဲ့အစည်းမျိုးက တကယ် ကြောက်ဖို့ကောင်းတယ်။”
လီဇီဝေက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ကျန်းဟန်က နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ သူ သိထားသည်မှာ ကောင်းကင်မဟာမိတ်အဖွဲ့၏ လူသိရှင်ကြား ကြွေးကြော်သံမှာ ဓနရှင်သူဌေးကြီးများကို ဖြုတ်ချရန်၊ သားရဲ လက်ဝါးကြီးအုပ်မှုများကို အဆုံးသတ်ရန်နှင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာစေရန် ဟူ၍ ဖြစ်သည်။ ထို့အပြင် ဤအဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး အမြစ်တွယ်နေပြီဖြစ်ရာ သားရဲထိန်းချုပ်သူမဟာမိတ်အဖွဲ့နှင့် နိုင်ငံအသီးသီးမှ အစိုးရများက နှိမ်နင်းခဲ့ကြသော်လည်း မည်သူမျှ ၎င်းတို့၏ ဗဟိုချက်ကို မဖျက်ဆီးနိုင်ခဲ့ကြပေ။
“သူတို့တွေ အခု တောရိုင်းထဲအထိ လိုက်လံဖမ်းဆီးနေကြပြီဆိုတော့ ဒီပြိုင်ပွဲကိုလည်း ဆက်လုပ်လို့ရမှာ မဟုတ်တော့ဘူး။ ငါ အရင်ဆုံး အိမ်ပြန်တော့မယ်။ မင်းတို့နှစ်ယောက်လည်း မြန်မြန် ပြန်ကြတော့။”
ကျန်းဟန်က ကာ့တောင်တန်းရှိရာ လမ်းကြောင်းဘက်သို့ လှမ်းကြည့်ရင်း သူတို့နှစ်ဦးကို ပြောလိုက်သည်။
“ပြိုင်ပွဲဆုကြေးတွေကို ဆက်ထုတ်ပေးပါ့ဦးမလားမသိဘူး။”
ချူကောက မကျေမနပ် ညည်းတွားလိုက်သည်။
“ဒါဆို ငါလည်း အရင်သွားနှင့်တော့မယ်။”
လီဇီဝေက စဉ်းစားကြည့်ပြီးနောက် ဆက်မနေတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
ကျန်းဟန်သည်လည်း ထို့အတူပင် လှည့်ထွက်သွား၏။
“ဝေ့ မင်းတို့တွေ ငါ့အိမ်ကို လိုက်လည်ကြပါလား။”
ချူကောက လှမ်းမေးလိုက်သည်။
“တော်ပြီ။”
ကျန်းဟန်နှင့် လီဇီဝေ နှစ်ဦးလုံး တစ်ပြိုင်နက်တည်း လက်ယမ်းပြလိုက်ကြသည်။
လေ့ကျင့်ရေးကွင်းမှ ထွက်လာပြီးနောက် ကျန်းဟန်သည် အသားအချို့ သွားဝယ်ကာ အိမ်သို့ပြန်ရန် ပြင်လိုက်သည်။
ဤပြိုင်ပွဲသည် သူ့အတွက် အလွန်အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ ကျောက်စိမ်းပိုးကောင်လေးအတွက် မိမိကိုယ်မိမိ ယုံကြည်မှု တည်ဆောက်ပေးနိုင်ခဲ့ရုံသာမက ငွေကျပ် သုံးသောင်းလည်း ရရှိခဲ့သည်။
ချင်းယွမ်နှင့် ယှဉ်ပြိုင်ရမည့် ဖိုင်နယ်ပွဲစဉ်အတွက်မူ လေ့ကျင့်ရေးကွင်းဘက်က မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကိုသာ စောင့်ကြည့်ရပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူတို့ဘက်က ဆုမပေးလျှင်ပင် သူ့အတွက် ဘာမှမနစ်နာပေ။
သို့သော်လည်း သူ့ကို ဒုတိယဆုအဖြစ် သတ်မှတ်ပြီး ငွေတစ်သောင်းကို ပေးဦးမည်ဟု သူ မျှော်လင့်နေဆဲ ဖြစ်သည်။ ဘာပဲပြောပြော ယခုအခါတွင် သူသည် သားရဲနှစ်ကောင်ကို ကျွေးမွေးစောင့်ရှောက်ရတော့မည် မဟုတ်ပါလော။