အခန်း ၂၄
Vol. 3 Ch. 24
အခန်း ၂၄
ကျန်းဟန်သည် သူအမြဲတမ်းသွားနေကျ လမ်းအတိုင်း အိမ်သို့ လျှောက်လာခဲ့လိုက်၏။ သို့သော် သူသည် ယခင်က မျက်နှာဝိုင်းကြက်ဝတုတ်ကို ကောက်ရခဲ့သည့် အမှိုက်ပုံအနားသို့ ရောက်သောအခါ အခြေအနေမှာ အနည်းငယ် ပုံမှန်မဟုတ်တော့ပေ။
“ကျိ…”
ကျောက်စိမ်းပိုးကောင် ပိုင်လင်းသည် မလှမ်းမကမ်းရှိ လမ်းကြားလေးဆီသို့ လှမ်းကြည့်ကာ သတိကြီးစွာ ထားလိုက်၏။
“ဘယ်သူလဲ”
ကျန်းဟန်က ထိုနေရာသို့ လှမ်းကြည့်ရင်း မေးလိုက်သည်။
“ညီလေး… မကြောက်ပါနဲ့။ အစ်ကိုတို့က ဒီနားမှာ မကြာခင်က သွေးအရိပ်ညဇီးကွက် တစ်ကောင် ဖြတ်သွားတာ မြင်မိသလားလို့ သိချင်လို့ပါ။”
မကြာမီမှာပင် လည်ပင်းတွင် တက်တူးထိုးထားသည့် လူငယ်တစ်ယောက်သည် ထောင့်ချိုးမှ ထွက်လာခဲ့သည်။
ကျန်းဟန်က ထိုလူငယ်ကို တစ်ချက်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
“သွေးအရိပ်ညဇီးကွက် ဟုတ်လား… ကျွန်တော်တော့ မမြင်မိဘူး။”
“ဒါဆိုလည်း ကောင်းပါပြီ။ မမြင်ရင်လည်း ထားလိုက်တော့။ အကယ်၍ မင်း တွေ့မိတဲ့အခါကျ ငါ့ကို လာပြောချည်။ ငါ မင်းကို တစ်ထောင်ပေးမယ်။”
ထိုလူငယ်က ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော် တကယ် မမြင်မိတာပါ။”
ကျန်းဟန်က ခေါင်းခါပြလိုက်ပြန်သည်။
“မမြင်ရင်လည်း ထားလိုက်တော့။ မင်း သွားလို့ရပြီ။”
လူငယ်က လက်ယမ်းပြလိုက်သည်။
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းပိုးကောင်ကို ကောက်ချီကာ ကြောက်လန့်နေသည့်ပုံစံ ဖမ်းပြီး အလျင်အမြန် လျှောက်ထွက်လာခဲ့တော့သည်။
ကျန်းဟန် အဝေးသို့ ရောက်သွားပြီးနောက် လမ်းကြားထဲမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထွက်လာကြသည်။
“ကျောက်အန်း… နင် ဘာလို့ မလှုပ်ရှားတာလဲ။”
ဆံပင်ကို မြှင့်ချည်ထားပြီး ရွှေဆွဲကြိုး ဆွဲထားသည့် အရပ်ရှည်ရှည် အမျိုးသမီး ချန်းရွှယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သူက အမှိုက်သက်သက်ပါပဲ။ ကျောက်စိမ်းပိုးကောင်နဲ့ စာချုပ်ချုပ်ထားတဲ့ကောင်ကို ခေါ်သွားတော့ရော ဘာထူးမှာလဲ။”
ကျန်းဟန်နှင့် ခုနက စကားပြောခဲ့သည့် လူငယ်က ပြန်ပြောလိုက်သည်။
“ဒီကောင်က တကယ်ကြီး အမှိုက် ကျောက်စိမ်းပိုးကောင်နဲ့ စာချုပ်ချုပ်ထားတာပဲ။ သူ့ကို ခေါ်သွားလည်း တကယ် ဘာမှအသုံးမဝင်ဘူး။ သူက ငါတို့အဖွဲ့ထဲ ဝင်ဖို့ အရည်အချင်း မပြည့်မီဘူး။”
မြင်းမျက်နှာနှင့် အခြားလူငယ်တစ်ဦးဖြစ်သော လျူထောင်းက ဆိုသည်။
“ဒါဆိုလည်း သွားကြစို့။ နောက်ထပ် ပစ်မှတ်တစ်ခုကို အမြန်သွားရှာရမယ်။ ငါတို့ လူခွဲပြီး လှုပ်ရှားကြတာပေါ့။ စီနီယာ ဟွာလျိုဖုန်း သူတို့ကို ဆွဲဆောင်ထားပေးတဲ့အချိန်က ငါတို့ လှုပ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပဲ။”
ဆံပင်မြှင့်ချည်ထားသည့် အမျိုးသမီး ချန်းရွှယ်က အေးစက်စွာ ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့ အရှိန်မြှင့်ရမယ်။ သွားရင်းလာရင်းနဲ့ ဒဏ်ရာရထားတဲ့ သွေးအရိပ်ညဇီးကွက်ကိုလည်း လိုက်ရှာကြဦး။ အဲကောင်ရဲ့ သွေးထွက်စေခြင်းစွမ်းရည် သွေးနတ်ဆိုးစွမ်းရည်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်တဲ့ အလားအလာ ရှိတယ်။ ဒီလိုကောင်မျိုးနဲ့ ဆုံဖို့ဆိုတာ ခဲယဉ်းတယ်။ ဒီအတိုင်း လွှတ်ပေးလို့မရဘူး။”
“ဒါဆိုလည်း လူခွဲပြီး ရှာကြတာပေါ့။”
၎င်းတို့ စကားပြောပြီးနောက် ငါးဦးလုံး ချက်ချင်းပင် လူစုခွဲကာ လမ်းမများနှင့် လမ်းကြားများထဲသို့ ပျောက်ကွယ်သွားကြတော့သည်။
ထိုလမ်းကြားအပိုင်းကို ကျော်လွန်လာပြီးနောက် ကျန်းဟန် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ထိုလူများ၌ မရိုးသားသော ရည်ရွယ်ချက်များ ရှိနေသည်ကို သူ အထင်အရှား ခံစားခဲ့ရသည်။
သို့သော်လည်း သူ၏ ကျောက်စိမ်းပိုးကောင်ကို မြင်ပြီးနောက်တွင်မူ သူတို့သည် လက်လျှော့သွားခဲ့ပုံရပြီး သူ့ကို အသုံးမကျသောလူတစ်ယောက်ဟု သတ်မှတ်လိုက်ပုံရသည်။
“ပိုင်လင်း… မင်းက ငါတို့အသက်ကို နောက်တစ်ကြိမ် ကယ်တင်လိုက်ပြန်ပြီပဲ။”
ကျန်းဟန်က ပိုင်လင်း၏ခေါင်းကို ပုတ်ရင်း ပြောလိုက်သည်။
ပိုင်လင်း - “ကျိီ…”
၎င်းက ကျန်းဟန် ဘာပြောနေသည်ကို နားမလည်ပေ။
“ဘာမှမဟုတ်ပါဘူး။ အိမ်ပြန်ကြစို့။”
ကျန်းဟန်က သူ့ခေါင်းသူ ခပ်ဖွဖွ ပုတ်လိုက်မိသည်။
အိမ်သို့ လမ်းလျှောက်ပြန်နေစဉ် ကျန်းဟန်သည် သူ့ဖုန်းကို ထုတ်ကာ လေ့ကျင့်ရေးအတန်းပိုင် ဆရာဖြစ်သူ ဆရာခယ်လုံထံသို့ မြို့ထဲတွင် ထူးဆန်းသော လူအချို့ ပေါ်လာပုံရကြောင်း စာတိုပေးပို့လိုက်သည်။
“တီ…တီ…”
သူ စာပို့ပြီးသည်နှင့် တစ်ပြိုင်နက် ဖုန်းသံမြည်လာသဖြင့် ငုံ့ကြည့်လိုက်ရာ လီဇီဝေ ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
“ကိစ္စရှိလို့လား။”
ကျန်းဟန်က ဖုန်းကိုင်လိုက်သည်။
“ကျန်းဟန်… နင် အဆင်ပြေရဲ့လား။ ထူးဆန်းတဲ့ လူတွေနဲ့ရော တိုးမိသေးလား။ စီနီယာ ဟွာလျိုဖုန်းက ငါးစာသက်သက်ပဲလို့ ငါထင်တယ်။ သူတို့က။တစ်ဖက်ကို အာရုံလွှဲပြီး အခြားတစ်ဖက်ကို တိုက်ခိုက်နေကြတာပဲ။ ငါဆို ခုနက ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်သွားတယ်။ တော်သေးတာပေါ့ ငါ့အမေ ငါ့ကို လာကြိုလို့။”
ဖုန်းဝင်လာသည်နှင့် တစ်ပြိုင်နက် လီဇီဝေက စကားများကို တရစပ် ပြောဆိုတော့သည်။
“ငါတော့ ဘယ်သူနဲ့မှ မတိုးမိဘူး။ အခု အိမ်ကို ပြန်ရောက်နေပြီ။”
ကျန်းဟန်က ဆိုသည်။
“ဒါဆို တော်သေးတာပေါ့။ နင်လည်း သတိထားဦး။ ဒီနှစ်ရက်အတွင်း အပြင်မထွက်နဲ့ဦး။ အန္တရာယ်ရှိနိုင်တယ်။”
လီဇီဝေက ထပ်မံ သတိပေးလိုက်သည်။
“အင်း… ငါသိပြီ။ ကျေးဇူးပဲ။”
ပြောပြီးသည်နှင့် ကျန်းဟန်က ဖုန်းကို ချက်ချင်း ချပစ်လိုက်သည်။
“ဘာ… သူက ငါ့ဖုန်းကို တကယ်ကြီး ချပစ်လိုက်တာလား။”
ဖုန်းအဆက်အသွယ် ပြတ်တောက်သွားသည်ကို ကြည့်ပြီး လီဇီဝေမှာ ဒေါသတကြီးဖြင့် အံကြိတ်လိုက်မိ၏။
သို့သော် သူမ၏အမေ အပြင်ဘက်တွင် ဟင်းချက်နေသည်ကို သတိရသွားသဖြင့် သူမသည် စိတ်လှုပ်ရှားမှုများကို အလျင်အမြန်ငြိမ်သက်စေလိုက်ပြီး စာဖတ်ရန်အတွက် စာအုပ်တစ်အုပ်ကိုသာ ထုတ်ယူလိုက်တော့သည်။
အိမ်သို့ ပြန်ရောက်သောအခါ ကျန်းဟန်သည် အရင်ဆုံး ရေချိုးလိုက်ပြီးနောက် အပြင်ပြန်ထွက်လာကာ တီဗီကို ဖွင့်လိုက်သည်။ ထို့နောက် သူဝယ်လာခဲ့သည့် ခေါက်ဆွဲထုပ်ကို ဖောက်စားလိုက်တော့သည်။
“နောက်ဆုံးရသတင်း - မနေ့က အိုရှန်းနီးယား ရှာဖွေရေးအဖွဲ့ဟာ အိုရှန်းနီးယားနယ်မြေထဲကို ဝင်ရောက်စမှာတင် တစ်ဖွဲ့လုံး အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံလိုက်ရပါတယ်။ နောက်ဆုံး ပြန်လည်ပေးပို့လာတဲ့ ရုပ်သံမှတ်တမ်းထဲမှာတော့ နဂါးတစ်ကောင် ပေါ်လာတာကို တွေ့ခဲ့ရပါတယ်။”
ကျန်းဟန် တီဗီကို ကြည့်နေမိသည်။ ရုပ်သံမှတ်တမ်းထဲတွင် အနီရောင် နဂါးကြီးတစ်ကောင်သည် ၎င်း၏ အတောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး ပျံသန်းသွားရာ ဗီဒီယိုဘောင်ထဲတွင် တဖြည်းဖြည်း ကြီးမားလာပြီးနောက် နောက်ဆုံး၌ မီးလျှံတစ်လုပ်ကို မှုတ်ထုတ်လိုက်ရာ စခရင်တစ်ခုလုံး မည်းမှောင်သွားခဲ့ရသည်။
ထိုရှာဖွေရေးအဖွဲ့မှာ ထိုနဂါးကို လုံးဝ မယှဉ်နိုင်ခဲ့ကြောင်း ထင်ရှားလှပေသည်။
လောလောဆယ်တွင် လူသားတို့ အဓိက လှုပ်ရှားသွားလာရာ နယ်မြေများမှာ အာရှ၊ ဥရောပနှင့် အာဖရိက တိုက်၏ အစိတ်အပိုင်းအနည်းငယ်သာ ဖြစ်သည်။ ကျန်ရှိသော တိုက်ကြီးလေးတိုက်မှာမူ သားရဲများ စိုးမိုးရာ တောရိုင်းတိရစ္ဆာန်ကမ္ဘာအဖြစ် လုံးဝ တည်ရှိနေဆဲ ဖြစ်သည်။
လူသားအများဆုံး နေထိုင်ရာ အာရှတိုက်တွင်ပင် သားရဲများ သောင်းကျန်းနေသည့် တောရိုင်းနယ်မြေ အမြောက်အမြား ရှိနေသေးသည်။
အကယ်၍ အခြားတိုက်ကြီးများသို့ သွားရောက်ချင်ပါက အရင်ဆုံး သမုဒ္ဒရာ၏ စမ်းသပ်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။ အပြာရောင်ဂြိုဟ်၏ ဧရိယာ ၇၀ ရာခိုင်နှုန်းကို လွှမ်းမိုးထားသော သမုဒ္ဒရာသည် ကုန်းမြေများထက် စိုးစဉ်းမျှ လျော့နည်းခြင်းမရှိဘဲ ၎င်း၏ အနက်ရှိုင်းဆုံးအရပ်တွင် လူသားတို့ တစ်ခါမျှ မမြင်ဖူးသေးသည့် သားရဲကြီးများ ပုန်းကွယ်နေကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းဟန် တွေ့ရှိခဲ့သည့် သတင်းတစ်ပုဒ်တွင် ဂြိုဟ်တုဓာတ်ပုံတစ်ပုံအရ သမုဒ္ဒရာအလယ်၌ အလျား ၅ ကီလိုမီတာရှိသော ကျွန်းငယ်လေးတစ်ကျွန်း ရုတ်တရက် ပေါ်လာပြီးနောက် ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့ကြောင်း ဖော်ပြထားသည်။
အချို့သော သားရဲမျိုးဆက်ပွားပညာရှင်များကမူ ၎င်းသည် ဝေလငါးနှင့် ငါးလိပ်ကျောက်များမှ ဆင့်ကဲပြောင်းလဲလာသည့် ပင်လယ်နက်ပိုင်းရှိ ဧရာမခွန်းကြီး ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။
အကယ်၍ ၎င်းတို့သာ ထိုသားရဲကြီးနှင့် စာချုပ်ချုပ်ဆိုနိုင်ပါက လူသားများသည် ယခုကဲ့သို့ အသက်ပေါင်းများစွာ ရင်းပြီး ရုန်းကန်နေရမည့်အစား ၎င်းတို့ကို အသုံးပြုကာ စစ်မှန်သော ပင်လယ်နက်ပိုင်း ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ချက် ထားရှိကြသည်။
“မကြာသေးမီက မကောင်းဆိုးဝါး သားရဲထိန်းချုပ်သူ အဖွဲ့အစည်းတွေ မကြာခဏ ပေါ်ပေါက်လာနေပါတယ်။ လူသား သားရဲထိန်းချုပ်သူ မျိုးဆက်သစ်တွေရဲ့ လက်တွေ့တိုက်ခိုက်ရေး စွမ်းရည်က အလွန်တရာ အားနည်းလွန်းနေပါတယ်။ ပညာရေးဝန်ကြီးဌာနက ကျောင်းအားလုံးမှာ တောရိုင်းရှင်သန်မှု လေ့ကျင့်ရေးတွေကို မြှင့်တင်ဖို့ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်…”
ကျန်းဟန်သည် ခေါက်ဆွဲ စားရင်း သတင်းများကို ကြည့်နေကာ ဤထူးခြားဆန်းကြယ်ပြီး မိစ္ဆာဆန်သည့် ကမ္ဘာကြီးအကြောင်းကို လေ့လာနေမိသည်။
စောစောက အပြင်ထွက်ချင်လွန်း၍ ဆူညံနေခဲ့သော သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲမှ မျက်နှာဝိုင်း ကြက်ဝတုတ်မှာမူ ယခုအခါ ပြန်လည်အိပ်ပျော်သွားခဲ့ပြန်ပြီ ဖြစ်သည်။ ကျန်းဟန်လည်း သူ့ကို နှိုးမနေတော့ပေ။ အဓိကအကြောင်းမှာ ၎င်းအပြင်သို့ထွက်လာပါက သူတစ်ပါး သိရှိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ယနေ့တွေ့ခဲ့သော လူငယ်မှာ ဤမျက်နှာဝိုင်း ကြက်ဝတုတ်ကို ရှာဖွေနေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
စားသောက်ပြီးနောက် သူသည် ပိုင်လင်းနှင့် ထိုမျက်နှာဝိုင်း ကြက်ဝတုတ်ကို နောက်ပိုင်းတွင် မည်သို့ လေ့ကျင့်ပေးရမည်ကို စတင်စဉ်းစားတော့သည်။
ပုံမှန်အားဖြင့် သားရဲတစ်ကောင်ကို လေ့ကျင့်ပေးရန်အတွက် သားရဲမျိုးဆက်ပွားပညာရှင်တစ်ဦးကို ရှာဖွေကာ သီးသန့်လေ့ကျင့်ရေးအစီအစဉ်တစ်ခု ရေးဆွဲခိုင်းရလေ့ရှိသည်။
ထို့နောက် အဆိုပါ လေ့ကျင့်ရေးအစီအစဉ်နှင့် သားရဲထိန်းချုပ်သူ၏ ကိုယ်ပိုင်ရွေးချယ်မှုအပေါ် အခြေခံ၍ သားရဲကို အစွမ်းထက်လာစေရန် လေ့ကျင့်ပေးရခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် စေ့စပ်သေချာသော လေ့ကျင့်ရေးအစီအစဉ်တစ်ခု ရှိမှသာ သားရဲသည် စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်ပြီး နောက်ဆုံးတွင် မိမိကိုယ်ကိုယ် ကျော်လွန်သွားနိုင်မည် ဖြစ်သည်။
သို့သော် ကျန်းဟန်အတွက်မူ ထိုအရာများ မလိုအပ်ပေ။ သူ၏ ပါရမီစွမ်းရည်က သားရဲကို အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းသို့ ရောက်ရှိစေနိုင်ပြီး အရာရာကို ဖြစ်နိုင်ခြေ ရှိစေသောကြောင့် ဖြစ်သည်။
အနည်းငယ် စဉ်းစားပြီးနောက် ကျန်းဟန်သည် သားရဲထိန်းချုပ်ခြင်း ဟင်းလင်ပြင်ထဲတွင် အိပ်ပျော်နေသော မျက်နှာဝိုင်း ကြက်ဝတုတ်ကို အပြင်ထုတ်လိုက်သည်။
“ဟုတ်… ဟုတ်...”
မြေပြင်ပေါ်သို့ ဆင်းသက်လာသော ဇီးကွက်လေးသည် ၎င်း၏ အတောင်ပံများကို ခါယမ်းရင်း အခန်းထဲကို အလွန် သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်၏။ ၎င်းသည် အန္တရာယ်ရှိလာပါက မည်သို့ထွက်ပြေးရမည်ကို တွက်ချက်နေသကဲ့သို့ ပြတင်းပေါက်ရှိရာ နေရာဆီသို့ပင် မျက်လုံးကို သေသေချာချာ စိုက်ကြည့်နေသေးသည်။
“ရော့… ဒါက ငါ မင်းအတွက် ပြင်ဆင်ပေးထားတဲ့ဟာ။”
ကျန်းဟန်က သွေးချင်းချင်းနီနေသော အမဲသားစိမ်းတစ်ဇလုံကို ထုတ်ပေးလိုက်သည်။
“ဟုတ်။”
အသားကို မြင်လိုက်ရသောအခါ ထိုဇီးကွက်လေးသည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းငုံ့ကာ စတင်စားသောက်တော့သည်။
“မင်းကို နာမည်တစ်ခု ပေးရအောင်။ ဟုတ်ဟုတ်လို့ ခေါ်ရင်ရော ဘယ်လိုလဲ။”
ကျန်းဟန်က အနည်းငယ် စဉ်းစားပြီး သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်။”
ဇီးကွက်လေးက ခေါင်းမော့၍ သူ့ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ၎င်းသည် “မင်းသဘောရှိသလိုသာ လုပ်” ဟု ပြောနေသကဲ့သို့ ဂရုမစိုက်ဟန်ဖြင့် ခေါင်းပြန်ငုံ့ကာ ဆက်စားနေတော့သည်။
“ဒါဆို ဒီတိုင်းပဲ သတ်မှတ်လိုက်ပြီနော်။ ဒီနေ့ကစပြီး မင်းနာမည်က ဟုတ်ဟုတ်ပဲ။ ဒီည ငါမင်းကို ငါ့ရဲ့ သားရဲထိန်းချုပ်သူ ပါရမီ သုံးပေးမယ်။ ငါ မင်းကို သန်မာလာအောင် ကူညီစောင့်ရှောက်ပေးမှာပေါ့။”
ဤကောင်လေးသည် ယခင်ကကဲ့သို့ သူ့ကို တွန်းလှန်ခြင်း မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ကျန်းဟန်မှာ များစွာ ပို၍ ပျော်ရွှင်သွားခဲ့ရသည်။
ဤဇီးကွက်လေးသည် ကြည့်ရသည်မှာ အနည်းငယ် ကြောင်တောင်တောင်နှင့် ကျပ်မပြည့်သည့်ပုံစံ ဖြစ်နေသော်လည်း သေသေချာချာ လေ့ကျင့်ပေးပြီးပါက ၎င်းသည် မှောင်မိုက်သော ညဉ့်သန်းခေါင်တွင် အကြောက်စရာအကောင်းဆုံး အဆုံးစွန်သော လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်လာမည်မှာ မလွဲပင်။ အမှောင်နှင့် သွေး ဟူသော ဒြပ်စင်နှစ်မျိုး ပေါင်းစပ်မှုက ၎င်းကို မည်သည့်ခြေရာလက်ရာမျှ မကျန်စေဘဲ သတ်ဖြတ်နိုင်စွမ်းကို ပေးစွမ်းနိုင်လိမ့်မည် ဖြစ်သည်။