အခန်း ၂၇
Vol. 3 Ch. 27
အခန်း ၂၇
ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ ချင်းယွမ် လေ့ကျင့်ရေးကွင်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ မနေ့က ဖြစ်ပျက်ခဲ့သော အခြေအနေများကြောင့် ယနေ့တွင် ဤနေရာ၌ လူများ ပိုမိုစည်ကားနေပြီး အများစုမှာ လေ့ကျင့်ရေးကွင်း၏ ကျော်ကြားမှုကို ကြားသိရသဖြင့် တမင်သက်သက် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဒုတိယဆုရှင်ဖြစ်သော ကျန်းဟန် လျှောက်လှမ်းလာချိန်တွင်မူ မည်သူ့အာရုံကိုမျှ များများစားစား ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။ မကြာမီမှာပင် သူသည် စီမံခန့်ခွဲရေးခန်းမသို့ ရောက်ရှိသွားခဲ့သည်။
“မနေ့က ပြိုင်ပွဲအတွက် ဆုကြေးငွေ လာထုတ်တာပါ။”
ကျန်းဟန်က ဝန်ထမ်းဖြစ်သူကို ပြောလိုက်သည်။
“ကျန်းဟန် ဟုတ်တယ်မလား။ မနေ့ကပွဲရဲ့ နောက်ဆုံးအခြေအနေအရ မင်းရဲ့ ကျောက်စိမ်းပိုးကောင်က ရှုံးဖို့ရာခိုင်နှုန်း များနေတာမို့လို့ မင်းက ဒုတိယနေရာမှာပဲ ရှိပါတယ်။”
ဝန်ထမ်းသည် ကျန်းဟန်၏ အချက်အလက်များကို စစ်ဆေးပြီးနောက် ငွေလွှဲခြင်းလုပ်ငန်းစဉ်ကို လျင်မြန်စွာ ဆောင်ရွက်ပေးလိုက်ပြီး တစ်နှစ်စာ အခမဲ့ မန်ဘာဝင်ခွင့်ကတ်ကိုပါ ထုတ်ပေးလိုက်သည်။
“ငါ ပွဲပြန်နွှဲဖို့တောင်းဆိုမယ်ဆိုရင်ကော။”
ကျန်းဟန်က ပြန်မေးလိုက်သည်။
“ဒါက ငါတို့သူဌေး ဆုံးဖြတ်ထားတဲ့ ရလဒ်ပါ။ သူက ပြန်ပြိုင်ဖို့ မလိုဘူးလို့ ယူဆထားတယ်။ ကျောက်စိမ်းပိုးကောင်က လှည့်ကွက်တွေကို သုံးပြီးတော့မှ အသာစီး အနည်းငယ်ရခဲ့တာ။ တကယ်လို့ ပြန်ပြိုင်မယ်ဆိုရင်လည်း မင်း သေချာပေါက် ရှုံးမှာပဲ။”
ဝန်ထမ်းက ရှင်းပြလိုက်သည်။ ကျန်းဟန်သည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွား၏။
“ကောင်းပြီလေ။ ငါနားလည်ပြီ။”
ထိုသို့ပြောပြီးနောက် သူသည် မန်ဘာကတ်ကို ယူဆောင်ကာ ခန်းမထဲမှ တန်းတန်းမတ်မတ် ထွက်လာခဲ့လိုက်သည်။ လက်ရှိတွင် သူ့၌ ရလဒ်ကို ပြောင်းလဲနိုင်သည့် အင်အားမရှိသေးသဖြင့် ဤအခြင်းအရာကို စိတ်ထဲ၌သာ တေးမှတ်ထားလိုက်ရသည်။
ပြင်ပရှိ သက်ဝင်လှုပ်ရှားနေသော ပြိုင်ပွဲများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင် ပိုင်လင်းကို ခေါ်ဆောင်ကာ ပထမဦးဆုံးအနေဖြင့် နှင်းနှင့်ရေခဲ လေ့ကျင့်ရေးကွင်းသို့ ဦးတည်လိုက်သည်။
ယနေ့တွင် လေ့ကျင့်ရေးကွင်းအတွင်း လူသိပ်မများလှဘဲ နှင်းနှင့်ရေခဲ လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ လုံးဝကို ဗလာကျင်းနေသည်။ ကျန်းဟန်သည် မန်ဘာကတ်ကို ကိုင်ဆောင်ကာ လေ့ကျင့်ရေးကွင်း၏ ဝင်ပေါက်သို့ လျှောက်သွားလိုက်သည်။
“ဒါက နှင်းနှင့်ရေခဲ လေ့ကျင့်ရေးကွင်းနော်။ မင်း ဒီပိုးကောင်ကို လေ့ကျင့်ရေးကွင်းထဲ တကယ်ခေါ်သွားမလို့လား။”
ဂိတ်စောင့်ဖြစ်သူက မန်ဘာကတ်ကို ယူ၍ စက်တွင် ဖြတ်လိုက်ပြီး ကျောက်စိမ်းပိုးကောင်ကို ကြည့်ကာ သတိပေးလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တစ်ခုခုဖြစ်လာရင် အချိန်မရွေး အကူအညီတောင်းနိုင်တယ်။”
ဂိတ်စောင့်က ခေါင်းကို ခါယမ်းကာ နားမလည်နိုင် ဖြစ်သွားတော့သည်။ ကျန်းဟန်က ဝင်ရန် ဇွတ်အတင်း အခိုင်အမာ ပြောဆိုနေသဖြင့် သူ့အနေဖြင့် တားဆီးပိုင်ခွင့် မရှိပေ။
“ကျေးဇူးတင်ပါတယ်။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး ပိုင်လင်းနှင့်အတူ လေ့ကျင့်ရေးကွင်းထဲသို့ တိုက်ရိုက် လှမ်းဝင်သွားခဲ့သည်။
အတွင်းသို့ ဝင်လိုက်သည်နှင့် ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင်။ အေးစက်သော အငွေ့အသက်များက သူ့ထံသို့ တိုးဝှေ့လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရေခဲပြင်များနှင့် ကောင်းကင်မှ လွင့်ပျံကျလာသော နှင်းပွင့်များကို တွေ့မြင်ရသည်။
“အရမ်း အေးတာပဲ။ ဒါက နှင်းနှင့်ရေခဲ လေ့ကျင့်ရေးကွင်းပေါ့...။ တကယ် အံ့သြစရာကောင်းတယ်။”
ကျန်းဟန်သည် လေ့ကျင့်ရေးကွင်းအတွင်းရှိ အရာအားလုံးကို စူးစူးစမ်းစမ်း စိတ်ဝင်တစားဖြင့် လိုက်လံကြည့်ရှုနေမိသည်။
သူသိထားသလောက်မူ ဤလေ့ကျင့်ရေးကွင်းများသည် အချို့သော ရေခဲစွမ်းရည် သားရဲများ၏ အမြုတေများကို အသုံးပြုထားခြင်း ဖြစ်သည်။ အထူးစက်ပစ္စည်းများမှတစ်ဆင့် ထိုအမြုတေများအတွင်းရှိ စွမ်းအင်နိယာမများကို ဆွဲထုတ်ကာ နှင်းနှင့် ရေခဲ နယ်ပယ် တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ စွဲမြဲနေသော နှင်းနှင့်ရေခဲနယ်ပယ်ကို ဖန်တီးနိုင်သည့် သားရဲအမြုတေသည် အနည်းဆုံး စတုတ္ထအဆင့် အရှင်သခင်အဆင့် သားရဲထံမှ ရရှိထားခြင်း ဖြစ်ရမည်။ အရှင်သခင်အဆင့် သားရဲ၏ စွမ်းအင်အရှိန်အဝါ ရှိမှသာလျှင် ယခုကဲ့သို့ ရေရှည်တည်တံ့သော နှင်းနှင့်ရေခဲနယ်ပယ်ကို ဖန်တီးနိုင်ခြင်း ဖြစ်သည်။
“ဒါက ဒီနေ့အတွက် ငါတို့ရဲ့ ပထမဆုံး လေ့ကျင့်ရေးတာဝန်ပဲ။ အနှုတ်နှစ်ဆယ်ဒီဂရီ ရှိတဲ့ ပတ်ဝန်းကျင်မှာ အရှိန်ပြင်းတိုက်ခိုက်ခြင်း အကြိမ်ရေ သုံးထောင် ပြည့်အောင် လုပ်ရမယ်။”
ကျန်းဟန်က သူ့ဘေးနားရှိ ပိုင်လင်းကို ပြောလိုက်သည်။ ဤအရာသည် နဂါးအသွင်ပြောင်းလဲခြင်း၏ ပထမဆုံး လေ့ကျင့်ရေးတာဝန် ဖြစ်သည်။
သူ့ဘေးနားရှိ ကျောက်စိမ်းပိုးကောင် ပိုင်လင်းမှာမူ ကြောင်အမ်းအမ်း ဖြစ်သွား၏။ ပိုးကောင်ငယ်လေးတစ်ကောင်အနေဖြင့် ရေခဲနှင့် နှင်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အလွန်အမင်း တုန်လှုပ်အံ့သြသွားခဲ့သည်။
“ငါပြောတာ ကြားလား။”
ကျန်ဟန်က ၎င်းကို စိုက်ကြည့်လိုက်၏။
“ကျိ”
ပိုင်လင်းသည် အသိပြန်ဝင်လာပြီး ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။ ၎င်းက လက်လျှော့မည်မဟုတ်ကြောင်းနှင့် ဤလေပြင်းနှင့်နှင်းမုန်တိုင်းကို အောင်နိုင်ရမည်ဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
နှင်းနှင့် ရေခဲ လေ့ကျင့်ရေးကွင်းသည် အလွန်ကျယ်ဝန်းပြီး အထောက်အကူပြု ပစ္စည်းကိရိယာများစွာ ရှိသည်။ ဗဟိုချက်နှင့် ပိုမိုနီးကပ်လေလေ ပိုမိုအေးစက်လာလေလေ ဖြစ်သည်။ သတ်မှတ်ထားသော အကွာအဝေးတိုင်းတွင် အပူချိန်ကို ဖော်ပြထားသည့် ဆိုင်းဘုတ်များ ရှိနေသည်။
ကျန်းဟန်၏ ရှေ့မှောက်ရှိ ဆိုင်းဘုတ်မှာ ဤနေရာတွင် အနှုတ်ငါးဒီဂရီစင်တီဂရိတ် ရှိကြောင်း ပြသနေခဲ့သည်။ ဤအပူချိန်သည် အနှုတ်နှစ်ဆယ်ဒီဂရီစင်တီဂရိတ်နှင့် အလှမ်းဝေးသေးသော်လည်း ကျောက်စိမ်းပိုးကောင်မှာမူ အနည်းငယ် နေသားမကျ ဖြစ်နေလေဖြစ်သည်။
ပိုးကောင်လေးတစ်ကောင် ဖြစ်သည့်အတွက် ၎င်း၏ အအေးဒဏ်ခံနိုင်ရည်မှာ အလွန်ပင် အားနည်းလှသည်။
“ငါတို့ ဒီနေရာကနေပဲ စံနှုန်းမီ အရှိန်ပြင်းဝင်တိုက်ခြင်း လေ့ကျင့်ခန်းကို စကြမယ်။”
ကျန်းဟန် အလျင်မလိုခဲ့ပေ။ နဂါးအသွင်ပြောင်းလဲခြင်း လေ့ကျင့်မှုကို တစ်ကြိမ်စတင်ပြီးပါက ရက်ပေါင်းသုံးဆယ် ဆက်တိုက် ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သော်လည်း မစတင်ရသေးသရွေ့ လေ့ကျင့်မှု ကျရှုံးသွားခြင်း မရှိနိုင်ပေ။
ယခုအခါတွင် ကျောက်စိမ်းပိုးကောင်သည် ပထမဦးစွာ ခက်ခဲမှု နည်းပါးသော လေ့ကျင့်ခန်းများကို ဖြည်းဖြည်းချင်း ကျင့်သားရအောင် လုပ်ဆောင်နိုင်ပြီးမှ ၎င်းအဆင်သင့်ဖြစ်ပြီဆိုမှ နဂါးအသွင်ပြောင်းလဲခြင်းအတွက် လေ့ကျင့်မှုကို သူ စတင်မည် ဖြစ်သည်။
“ဘုန်း၊ ဘုန်း၊ ဘုန်း”
လေ့ကျင့်ရေး စတင်လိုက်သည်နှင့် ကျောက်စိမ်းပိုးကောင်သည် ယခင်ကကဲ့သို့ပင် ဇွဲနပဲကြီးစွာဖြင့် အားသွန်ခွန်စိုက် ကြိုးစားမှုကို ချက်ချင်း ပြသခဲ့၏။ ၎င်းသည် ဤအေးစက်လှသော ပတ်ဝန်းကျင်နှင့် ဖြည်းဖြည်းချင်း ကျင့်သားရလာပြီး အနှုတ်တစ်ဆယ်ဒီဂရီရှိသော ဧရိယာဆီသို့ တရွေ့ရွေ့ ချဉ်းကပ်သွားခဲ့သည်။
ယခုကဲ့သို့ အေးခဲနေသော ပတ်ဝန်းကျင်တွင် လေ့ကျင့်ခြင်းက အမှန်တကယ်ပင် အအေးဒဏ်ခံနိုင်ရည်နှင့် တုံ့ပြန်မှုအရှိန်ကို မြှင့်တင်ပေးနိုင်သည်။ ကျန်းဟန် ကိုယ်တိုင်လည်း အလွန်အေးစက်နေသဖြင့် အပူရှိန်ထွက်လာစေရန် ခန္ဓာကိုယ်ကို အမြဲတမ်း လှုပ်ရှားနေခဲ့ရသည်။
“ဟူး... ငါပဲ ခေတ်နောက်ကျကျန်နေခဲ့တာလား။ အခုခေတ် လူငယ်တွေက ဒီလိုမျိုး လေ့ကျင့်ကြနေကြပြီလား။”
ဂိတ်စောင့်ဖြစ်သူက အတွင်း၌ လေ့ကျင့်နေသော ကျန်းဟန်ကို ကြည့်ပြီး ခေါင်းခါယမ်းနေမိသည်။ သစ်သားဒြပ်စင် အိမ်မွေးသားရဲတစ်ကောင်ကို နှင်းနှင့် ရေခဲ လေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာပြီး လေ့ကျင့်ခိုင်းခြင်းမှာ အမှန်တကယ်ပင် ဆန်းကြယ်လှသည်။
ရေခဲ စိတ်ဝိညာဉ်စွမ်းအင်တွေက သားရဲရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မှာ သူ မစိုးရိမ်ဘူးလား။
သို့သော်လည်း ဂိတ်စောင့်ကို ပို၍ပင် မယုံနိုင်လောက်အောင် ဖြစ်သွားစေသည့်အချက်မှာ ဤလူသားနှင့် ပိုးကောင်သည် ဤနေရာတွင် အမှန်တကယ်ပင် လေးနာရီကြာအောင် နေထိုင်သွားခဲ့ခြင်း ဖြစ်သည်။
“သွားကြစို့။ အပြင်ထွက်ပြီး ထမင်းစားကြမယ်။”
နေ့လယ် တစ်နာရီဝန်းကျင်တွင် ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ လေ့ကျင့်ရေးကွင်းထဲမှ ထွက်လာခဲ့၏။ လေးနာရီကြာ အကြိုလေ့ကျင့်မှု ပြုလုပ်ပြီးနောက် ပိုင်လင်းသည် အနှုတ်တစ်ဆယ်ဒီဂရီတွင် လေ့ကျင့်ရာ၌ ကျင့်သားရနေပြီ ဖြစ်သည်။ နောက်ထပ် ရက်အနည်းငယ်ဆိုလျှင် ၎င်းသည် အနှုတ်နှစ်ဆယ်ဒီဂရီတွင် လေ့ကျင့်ရန်အတွက် ကျင့်သားရသွားနိုင်မည် ဖြစ်သည်။
ထမင်းစားပြီးနောက် မွန်းလွဲပိုင်းတွင် ကျန်းဟန်သည် မီးဒြပ်စင် လေ့ကျင့်ရေးကွင်းသို့ သွားခဲ့သည်။ သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပေါင်းအိုးတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
အပြင်ဘက်ဆုံး ပတ်ဝန်းကျင်၏ အပူချိန်မှာပင် ပြင်းအား ငါးဆယ်ဒီဂရီနီးပါး ရှိနေ၏။ ယခုကဲ့သို့ အပူချိန်မျိုးသည် မီးဒြပ်စင် သားရဲများအတွက် ဘာမှမဟုတ်သော်လည်း ကျောက်စိမ်းပိုးကောင်အတွက်မူ အလွန် နေရထိုင်ရ ခက်ခဲလှသည်။
၎င်းသည် သစ်သားဒြပ်စင်ဖြစ်သဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်သို့ ရောက်ရှိလာခြင်းက ခြေတစ်လှမ်း လှမ်းရန်ပင် ခက်ခဲစေပေသည်။
“လာခဲ့...။ ငါတို့ ဒီမှာထိုင်ပြီး အသက်ရှူလေ့ကျင့်ခန်း စလုပ်ကြမယ်။”
ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ကာ အပြင်ဘက်ဆုံး ဧရိယာတွင် ထိုင်ခိုင်းပြီး အသက်ရှူလေ့ကျင့်ခန်းကို စတင်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းသည် အသက်ရှူလေ့ကျင့်ခန်းမျှသာ ဖြစ်သဖြင့် ကျောက်စိမ်းပိုးကောင်အနေဖြင့် အောင့်အည်းသည်းခံကာ လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော်လည်း အေးခဲနေသော ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက ဤအပူချိန်မြင့်မားလှသော ပတ်ဝန်းကျင်က ၎င်းအတွက် အလွန်ခက်ခဲလွန်းနေသေးသည်။ တစ်မွန်းလွဲလုံးတွင် ကျောက်စိမ်းပိုးကောင်သည် ခြောက်ဆယ်ဒီဂရီ ဧရိယာကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ဘဲ အသက်ရှူလေ့ကျင့်ခန်း အကြိမ်ရေမှာလည်း ငါးရာကျော်မျှသာ ရှိခဲ့သည်။
ဤအခြေအနေသည် နဂါးအသွင်ပြောင်းလဲခြင်း၏ လေ့ကျင့်ရေး လိုအပ်ချက်များနှင့် အလွန်အလှမ်းဝေးနေသေးသည်။
သို့သော် ထူးခြားသည်မှာ ကျန်းဟန်ကိုယ်တိုင်သည်မူ ဤအစွန်းရောက် ပတ်ဝန်းကျင်နှစ်ခုအတွင်း သူ၏ စိတ်တည်ငြိမ်မှုရယူခြင်း အချိန်ကို သိသိသာသာ တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့သည်။
“လမ်းကြောင်း (၂) ကို ကျော်ပြီး နဂါးအသွင်ပြောင်းလဲခြင်းဆီကို တန်းသွားဖို့ ကြိုးစားတာက နည်းနည်း ခက်ခဲရုံတင် မဟုတ်ဘူးပဲ။”
လေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာရင်း ကျန်းဟန် သက်ပြင်းချလိုက်မိသည်။
လက်ရှိ လေ့ကျင့်ရေး ရလဒ်များကို ကြည့်ခြင်းအားဖြင့် သူသည် အကောင်းမြင်လွန်းပြီး မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခဲ့သည်။ အချို့သောအရာများသည် ကြိုးစားအားထုတ်ရုံမျှဖြင့် အောင်မြင်နိုင်သည်မဟုတ်ပေ။
ယနေ့ လေ့ကျင့်ရေးပန်းတိုင်ကဲ့သို့ပင် ကျောက်စိမ်းပိုးကောင်၏ လက်ရှိ ရုပ်ခန္ဓာနှင့်ဆိုလျှင် ဘာပဲလုပ်လုပ် မအောင်မြင်နိုင်ပေ။ ဤအရာသည် ပိုးကောင်ငယ်လေးအတွက် အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်
အနှုတ်နှစ်ဆယ်ဒီဂရီ ဖြစ်စေ၊ တစ်ရာ့ငါးဆယ်ဒီဂရီ ဖြစ်စေ ၎င်းအတွက် ငရဲတစ်ခုကဲ့သို့ပင် ဖြစ်ပြီး နောက်ပိုင်းတွင် ဖိအားပုံဆောင်ခဲအောက်၌ အကြိမ်ရေ သုံးထောင် ခုန်ရမည့် လေ့ကျင့်ခန်းကိုမူ ဆိုဖွယ်ရာမရှိတော့ပေ။
“ကျိ (. • ́ ︿ • ̀.)”
ပိုင်လင်းသည် စိတ်ဓာတ်ကျနေသည့်ပုံစံဖြင့် ကြည့်နေခဲ့၏။ ၎င်းသည်လည်း ယနေ့တွင် မိမိ၏ စွမ်းဆောင်ရည် အလွန်ညံ့ဖျင်းခဲ့သည်ကို သိရှိနေပေသည်။
“ဒါ မင်းအပြစ်မဟုတ်ပါဘူး။ ငါ့ရဲ့ ပြဿနာပါ။”
ကျန်းဟန်က ၎င်းကို နှစ်သိမ့်ပေးလိုက်သည်။ သူသည် ပိုင်လင်းကို နဂါးအသွင်ပြောင်းလဲခြင်း အဆင့်သို့ အလွန်အမင်း အလျင်စလို အောင်မြင်စေချင်ခဲ့မိသည်ဟု ခံစားလိုက်ရသည်။
အံ့ဖွယ်ဆင့်ကဲဖြစ်စဉ်မှ ပေးထားသော လမ်းကြောင်း (၂) သည် လျှပ်စီးပိုးကောင်အဖြစ် ပြောင်းလဲခြင်းဖြစ်သောကြောင့် ပြီးပြည့်စုံသော ရုပ်ခန္ဓာရှိသည့် ကျောက်စိမ်းပိုးကောင်တစ်ကောင်၏ အခြေအနေနှင့် နဂါးအသွင်ပြောင်းလဲခြင်းကို ပြီးမြောက်အောင်မြင်ရန် မဖြစ်နိုင်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။
ပထမဦးစွာ ၎င်း၏ အလားအလာကို မြှင့်တင်ပေးရန် လိုအပ်ပေသည်။
ယခုအခါ သူ၏ရှေ့မှောက်တွင် လမ်းနှစ်လမ်း ရှိနေသည်။ ပထမတစ်လမ်းမှာ ကျောက်စိမ်းပိုးကောင်၏ အင်အားကို မြှင့်တင်ရန်ဖြစ်ပြီး ၎င်း လက်ရွေးစင်အဆင့်သို့ ရောက်ရှိသွားပါက နဂါးအသွင်ပြောင်းလဲခြင်း လေ့ကျင့်မှုကို ပြီးမြောက်နိုင်ခြေ ရှိပေသည်။
ဒုတိယတစ်လမ်းမှာမူ လမ်းကြောင်း (၂) ရှိ လျှပ်စီးပိုးကောင် အသွင်ပြောင်းလဲခြင်းကို အရင်ပြီးမြောက်အောင် လုပ်ဆောင်ပြီး အလားအလာကို ဦးစွာမြှင့်တင်ကာ ထိုမှတစ်ဆင့် နဂါးအသွင်ပြောင်းလဲခြင်းကို ပြီးမြောက်စေရန် ဖြစ်သည်။
“ငါ လျှပ်စီးပိုးကောင် အသွင်ပြောင်းလဲခြင်းကိုပဲ အရင် ဆက်လုပ်ရမယ့်ပုံပဲ။”
ကျန်းဟန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လျှပ်စီးပိုးကောင် အသွင်ပြောင်းလဲခြင်းကို အရင်လုပ်ဆောင်ခြင်းက ပိုမိုကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။
အမှန်စင်စစ် ကျောက်စိမ်းပိုးကောင်အနေဖြင့် လက်ရွေးစင်အဆင့် ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာ ပိုမိုရိုးရှင်းသော်လည်း ၎င်း၏ အလားအလာမှာ ကြယ်တစ်ပွင့်တည်းသာ ရှိသဖြင့် လက်ရွေးစင်အဆင့်သို့ ရောက်ရှိသွားခြင်းသည် ၎င်းကို ကြီးထွားခြင်းအဆင့်မှ အရွယ်ရောက်ခြင်းအဆင့်သို့ ကူးပြောင်းသွားစေမည်ဖြစ်ရာ ၎င်းအတွက် ရေရှည်တွင် အကျိုးမရှိနိုင်ပေ။
အကြောင်းမှာ သားရဲတစ်ကောင်သည် အရွယ်ရောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက ၎င်း၏ ကြီးထွားမှုနှုန်းမှာ သိသိသာသာ ကျဆင်းသွားတတ်သောကြောင့်ပင်။ ထို့အပြင် ကျောက်စိမ်းပိုးကောင်သည် လက်ရွေးစင်အဆင့်သို့ ရောက်ရှိပါက ကျောက်စိမ်းဖီးနစ်လိပ်ပြာအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားရန် ရာခိုင်နှုန်းအလွန်များပြီး ထိုအချိန်တွင် အံ့ဖွယ်ဆင့်ကဲဖြစ်စဉ် လမ်းကြောင်း၌ နဂါးအသွင်ပြောင်းလဲခြင်း လမ်းကြောင်း ရှိ၊ မရှိ ဆိုသည်မှာလည်း မသေချာတော့ပေ။
ထို့ကြောင့် လောလောဆယ်တွင် ထိုသို့မပြုလုပ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။