အခန်း ၂၈
Vol. 3 Ch. 28
အခန်း ၂၈
ချင်းယွမ် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာပြီးနောက် ကျန်းဟန်သည် သူ၏အရင်ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း ချေးယူထားခဲ့သော ချေးငွေများကို စစ်ဆေးရန် ပထမဦးစွာ ဖုန်းကို ဖွင့်ကြည့်လိုက်သည်။
စုစုပေါင်း ချေးငွေအက်ပလီကေးရှင်းသုံးခုရှိပြီး တစ်ခုစီတွင် ငွေကျပ်တစ်သိန်းစီ ချေးထားကာ ယခုလတွင် သူ ပြန်ဆပ်ရမည့်ပမာဏမှာ သုံးသောင်း ဖြစ်သည်။ ထိုပမာဏမှာ အတိုးသက်သက်သာ ရှိသေးပြီး အရင်းအကြွေးမှာမူ တစ်သိန်းအတိုင်း ကျန်ရှိနေဆဲပင်။
“ဒါတွေအကုန်လုံးက အတိုးကြီးစားတဲ့ ခေါင်းပုံဖြတ်ချေးငွေတွေပဲ။”
ကျန်းဟန် ဖုန်းကိုကြည့်ရင်း ဆွံ့အသွားခဲ့၏။
သူသည် ယခုကဲ့သို့သော အတိုးကြီးစားသည့် ကုမ္ပဏီများကို ပိုက်ဆံအလကား ပြန်မဆပ်ချင်ပေ။
ငါ့အနေအထားကြီးနဲ့ ငါချေးထားတဲ့ပိုက်ဆံကို ငါက ဘာလို့ ပြန်ဆပ်ရမှာလဲ။
သို့သော်လည်း ဤသားရဲထိန်းချုပ်သူ လူ့အဖွဲ့အစည်းတွင် ပိုက်ဆံပြန်မဆပ်ခြင်း၏ အန္တရာယ်မှာ သေးငယ်လှသည်တော့ မဟုတ်ပေ။ ထိုအကြွေးရှင်ကုမ္ပဏီများတွင် အကြွေးတောင်းရန် နည်းလမ်းပေါင်းစုံ ရှိကြသည်။
“နေဦး... ဒါက မဟုတ်သေးဘူး။ ငါ့မှာ မိဘလည်းမရှိ၊ ဆွေမျိုးမိတ်ဆွေလည်း မရှိဘူး။ ငါသာ ကျောင်းထဲမှာပဲ အောင်းနေမယ်ဆိုရင် သူတို့ အကြွေးလာတောင်းချင်ရင်တောင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။”
ကျန်းဟန်သည် ချက်ချင်းပင် အကြွေးမဆပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
အကြွေးဆပ်ရမယ်ဟုတ်လား။ လစ်လိုက်စမ်း။ အရင်လူချေးထားတဲ့ ပိုက်ဆံက ငါကျန်းဟန်နဲ့ ဘာဆိုင်လို့လဲ။
ဒီပိုက်ဆံတွေကို ယူပြီး သူ့ရဲ့ သားရဲတွေကို ပိုမိုသန်မာလာစေမယ့် သားရဲပစ္စည်းတွေ ဝယ်လိုက်ပေးတာကမှ ပိုကောင်းဦးမယ်။
မိမိသာ သန်မာမည်ဆိုလျှင် ဘာပြဿနာမှ ရှိလာမည်မဟုတ်ပေ။ ဤကမ္ဘာတွင် သန်မာသူကသာ အလေးအမြတ်ပြုခြင်း ခံရသည်။
ကျန်းဟန်သည် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ သားရဲဈေးကွက်ဆီသို့ ဦးတည်လိုက်ပြီး သူ၏ သားရဲနှစ်ကောင်အတွက် ကောင်းမွန်သောအရာအချို့ ဝယ်ယူရန် ပြင်ဆင်လိုက်သည်။
“နောက်ထပ် ကျောက်စိမ်းပိုးကောင်က လျှပ်စစ်ရှော့တိုက်ခြင်း လေ့ကျင့်ခန်းကို ဖြတ်သန်းရမှာဆိုတော့ ထုံကျင်မှုကို သက်သာစေမယ့် လိမ်းဆေးတစ်ဘူးနဲ့ သစ်သားဒြပ်စင်ကနေ မိုးကြိုးဒြပ်စင်ခံကို ကူးပြောင်းပေးမယ့် လိမ်းဆေးတစ်ဘူး လိုတယ်။”
ကျန်းဟန်သည် အနည်းငယ် စဉ်းစားလိုက်ပြီး သက်ဆိုင်ရာ ဗဟုသုတအချို့ကို ရှာဖွေစစ်ဆေးကာ ကျောက်စိမ်းပိုးကောင်အတွက် ခရမ်းရောင် လျှပ်စီးသစ်စေး လိမ်းဆေးနှစ်ပုလင်းကို ငွေနှစ်သောင်း အကုန်အကျခံကာ ဝယ်ယူလိုက်သည်။
ထိုဆေးကို ခန္ဓာကိုယ်အနှံ့ လိမ်းကျံပေးထားခြင်းဖြင့် လျှပ်စစ်ရှေ့တိုက်ခြင်းကို လေ့ကျင့်နေစဉ်အတွင်း သားရဲအား ထုံကျင်မသွားအောင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ၎င်း၌ သားရဲ စုပ်ယူနိုင်မည့် မိုးကြိုးဒြပ်စင် ဝိညာဉ်စွမ်းအင်များစွာ ပါဝင်ပြီး ဘေးထွက်ကောင်းကျိုးအနေဖြင့် သားရဲ၏ မိုးကြိုးဒြပ်စင် စွမ်းရည်များအပေါ် ခံနိုင်ရည်ကိုလည်း တိုးမြင့်ပေးနိုင်သည်။
၎င်းအပြင် သူသည် သစ်သားဒြပ်စင်ပစ္စည်းနှင့် မိုးကြိုးဒြပ်စင်ပစ္စည်း အနည်းငယ်ကို ရောစပ်ထားသည့် ကျောက်စိမ်းမှုန့် အမျိုးအစားအသစ်ကိုလည်း ဝယ်ယူခဲ့သည်။
ထိုကျောက်စိမ်းမှုန့်မှာ တန်ဖိုး နှစ်ထောင်ရှိပြီး ကျန်းဟန်က နှစ်ပုလင်း ချက်ချင်းဝယ်လိုက်သည်။
နောက်တစ်ခုမှာ မျက်နှာဝိုင်း ကြက်ဝတုတ်ကြီး ဟုတ်ဟုတ်အတွက် အစာဖြစ်သည်။ ကျန်းဟန်အနေဖြင့် တစ်ကောင်ကိုမျက်နှာလိုက်ပြီး တစ်ကောင်ကို ပစ်ထား၍မရပေ။
အတန်ကြာ လေ့လာစုံစမ်းပြီးနောက် ကျန်းဟန်သည် ၎င်းအတွက် အမှောင်သွေးသစ်သီးတစ်ဘူးကို ဝယ်ယူခဲ့လိုက်သည်။ တစ်ဘူးတွင် အလုံးသုံးဆယ်ပါဝင်ပြီး တစ်လစာ စားသုံးရန် လုံလောက်ကာ တန်ဖိုးမှာ နှစ်သောင်းငါးထောင် ဖြစ်သည်။
“အမှောင်နဲ့ သွေးဒြပ်စင်ပါတဲ့ ပစ္စည်းတွေက တကယ် ဈေးကြီးတာပဲ။”
ကျန်းဟန် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ ဤအရာသည် အဆင့် ၂ အစောပိုင်းအဆင့် အမှောင်သွေးသစ်သီးမျှသာ ဖြစ်သော်လည်း ဤမျှအထိ ဈေးကြီးနေခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် ဓာတ်ကြီးငါးပါး ရောနှောထားသည့် အဆင့် ၂ ဝိညာဉ်သစ်သီး တစ်ဘူးလျှင် အများဆုံး တစ်သောင်းခန့်သာ ကျသင့်သော်လည်း ယခုကဲ့သို့ ရှားပါးဒပ်စင်ရှိသော အရာများမှာမူ နှစ်ဆမက ပိုမိုဈေးကြီးသည်။
သားရဲများကို မွေးမြူရခြင်းမှာ အမှန်တကယ် ငွေကို မီးရှို့နေရသကဲ့သို့ပင်။ ပါရမီရှင် သားရဲထိန်းချုပ်သူများအားလုံး ချမ်းသာသော နောက်ခံအသိုင်းအဝိုင်းမှ လာကြခြင်းမှာ မဆန်းတော့ပေ။ သာမန်လူများတွင် ကောင်းမွန်သော သားရဲများ ရှိနေလျှင်ပင် ၎င်းတို့ကို ကျွေးမွေးရန် ကောင်းမွန်သော သားရဲပစ္စည်းများကို မတတ်နိုင်ကြသဖြင့် သားရဲ၏ ပါရမီကို အလကားသာ ဖြုန်းတီးပစ်သကဲ့သို့ ဖြစ်နေတတ်သည်။
သို့သော်လည်း ဤအမှောင်သွေးသစ်ပင်မှာ အမှန်ပင် ထူးဆန်းလှ၏။ ၎င်းသည် အမှောင်ဒြပ်စင် စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသောနေရာတွင်သာ ကြီးထွားရပြီး ၎င်း၏ ကြီးထွားမှုဖြစ်စဉ်တစ်လျှောက်တွင် သားရဲများ၏ သွေးဖြင့် အမြဲမပြတ် ရေလောင်းပေးရကာ နောက်ဆုံးတွင် သွေးဗောဓိသီး ကဲ့သို့သော အသီးများ သီးပွင့်လာခြင်း ဖြစ်သည်။
ဤအသီးများသည် အမှောင် သို့မဟုတ် သွေးဒြပ်စင်ရှိသော သားရဲများ၏ အမြုတေများ စုစည်းမှုအရှိန်ကို မြှင့်တင်ပေးနိုင်ပြီး ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင် ပုံရိပ်ထုတ်လွှတ်မှု နည်းလမ်းများကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် အကူအညီ ပေးနိုင်သည်။
လက်ရွေးစင်အဆင့် သားရဲများသည် အမြုတေများကို စတင်စုစည်းကာစသာ ဖြစ်ပြီး အမြုတေများမှာ မတည်ငြိမ်သေးသည့် အခြေအနေတွင် ရှိနေသဖြင့် စိတ်ဝိညာဉ်စွမ်းအင်ပုံရိပ် ထုတ်လွှတ်မှုကို ဖော်ဆောင်ရန် အလွန်ခက်ခဲကြောင်း သိထားရမည်ဖြစ်သည်။
ယေဘုယျအားဖြင့် ပါရမီရှင် သားရဲများသာလျှင် လက်ရွေးစင်အဆင့်တွင် စိတ်ဝနညာဉ်စွမ်းအင် ပုံရိပ်ထုတ်လွှတ်မှုကို ဖော်ဆောင်နိုင်ကြခြင်း ဖြစ်သည်။
သို့သော်လည်း စွမ်းအင်အမြုတေ၏ စုစည်းမှုအရှိန်ကို လူလုပ်နည်းဖြင့် မြှင့်တင်ပေးပြီး လျင်မြန်စွာ တည်ငြိမ်သွားအောင် ပြုလုပ်ကာ သတ်မှတ်ထားသော လေ့ကျင့်မှုအချို့နှင့် ပေါင်းစပ်ပေးနိုင်မည်ဆိုပါက ၎င်းကို လုပ်ဆောင်နိုင်ဆဲပင်။
လက်ရွေးစင်အဆင့်တွင် စိတ်ဝိညာဉ်စွမ်းအင် ပုံရိပ်ထုတ်လွှတ်မှုကို ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သားရဲတစ်ကောင်၏ အင်အားကို တိုင်းတာသည့် အဓိကမှတ်တိုင်တစ်ခု ဖြစ်သည်။ ၎င်းကို စောစောစီးစီး ဖော်ဆောင်နိုင်လေလေ အလားအလာ ပိုမိုအားကောင်းလေလေ ဖြစ်သည်။
ကျန်းဟန်အနေဖြင့် ဤအမှောင်သွေးသစ်သီးကို ဝယ်ယူခဲ့ရသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုလည်း ရှိသေးသည်။ ထိုအကြောင်းမှာ သူ အင်တာနက်ပေါ်တွင် ကောလာဟလတစ်ခု ဖတ်ခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။
တစ်ခါက သားရဲတစ်ကောင်သည် ဤသစ်သီးကို စားသုံးပြီးနောက် အမှောင်သွေးသစ်ပင်၏ စကေးတစ်ခုဖြစ်သည့် သွေးအမြုတေ စုစည်းခြင်းစွမ်းရည်ကို နားလည်သဘောပေါက်သွားခဲ့ဖူးသည်ဟု ဆိုကြသည်။
သွေးအမြုတေ စုစည်းခြင်းဆိုသည်မှာ အမှောင်သွေးသစ်ပင်က ၎င်း၏ အသီးများကို စုစည်းရန် အသုံးပြုသည့် နည်းလမ်းဖြစ်ပြီး ၎င်း၏ တိုက်ခိုက်ရေးနည်းလမ်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ ၎င်းသည် အမှောင်ဒြပ်စင် ဝိညာဉ်စွမ်းအင်နှင့် သွေးဒြပ်စင် ဝိညာဉ်စွမ်းအင်တို့ကို အတူတကွ ပေါင်းစပ်စုစည်းခြင်းဖြင့် အသီးတစ်ခုနှင့် အလွန်တူသော သွေးအမြုတေတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
သားရဲတစ်ကောင်က ထိုသွေးအမြုတေကို မျိုချလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် အတွင်းမှ ပေါက်ကွဲသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အမှောင်သွေးသစ်ပင်အတွက် အာဟာရဓာတ်များ ဖြစ်လာမည်ဖြစ်သည်။
ထိုသွေးအမြုတေကို စုစည်းပြီးနောက် ၎င်း၏ ပုံသဏ္ဌာန်မှာ အလွန်သေးငယ်ပြီး တရုတ်ဆီးသီး အလုံးခန့်သာ ရှိသော်လည်း အလွန်အမင်း မာကျောမှုရှိပြီး ၎င်း၏ ပြင်းအားမှာ သာမန် အရိပ်စွမ်းအင်ဘောလုံး စွမ်းရည်များထက် နှစ်ဆမက ပိုမိုပြင်းထန်လှသည်။
အရေးကြီးဆုံးအချက်မှာ ၎င်းက အလွန်ပင် လှည့်စားရလွယ်ကူခြင်း ဖြစ်သည်။
“ဒီပစ္စည်းနှစ်ခုကို ဝယ်လိုက်ရုံနဲ့ ငါတော့ တစ်ပြားမှမရှိတဲ့ ငမွဲတစ်ယောက် ပြန်ဖြစ်သွားတာပဲ။”
ကျန်းဟန် သက်ပြင်းချလိုက်မိသည်။ သားရဲများကို မွေးမြူရခြင်းမှာ တကယ်ကို ကုန်ကျစရိတ်များလှသည်။ သူ ငွေလေးသောင်းဖိုး ဝယ်ယူခဲ့သောအရာများသည် ၎င်းတို့ တစ်လစာ သုံးစွဲရန်အတွက်ပင် မနည်းလောက်ငှရုံမျှသာ ရှိသည်။
သူ့ထံတွင် ကျန်ရှိသော ပိုက်ဆံမှာ သူကိုယ်တိုင် စားသောက်ရန်အတွက်သာ လုံလောက်တော့သည်။
အိမ်သို့ ပြန်ရောက်သောအခါ ကျန်းဟန်သည် ဟုတ်ဟုတ်ကို အပြင်ထုတ်လိုက်ပြီး ၎င်းအတွက် အမှောင်သွေးသစ်သီးတစ်လုံး ထုတ်ပေးလိုက်သည်။
“ဟုတ်ဟုတ်၊ မင်းအတွက် ကောင်းတာလေး ငါ ဝယ်လာပေးတယ်။”
“ဟုတ်”
ဟုတ်ဟုတ်သည် မျက်လုံးကို အပေါ်သို့ ပင့်တင်ကာ အသီးကို သေသေချာချာ စိုက်ကြည့်လိုက်၏။ ပထမဦးစွာ ၎င်းကို ကျန်းဟန်၏လက်ထဲမှ အောက်သို့ ပုတ်ချလိုက်ပြီးနောက် အပြင်းအထန် နှုတ်သီးဖြင့် အချက်အနည်းငယ် ဆိတ်ကြည့်ကာ ရုတ်တရက် အနောက်သို့ ခုန်ဆုတ်သွားခဲ့သည်။ ဤသို့ အကြိမ်အနည်းငယ် ထပ်ခါတလဲလဲ ပြုလုပ်ပြီးနောက် နောက်ဆုံးမှာသာ ပါးစပ်ကိုဖွင့်ကာ မျိုချလိုက်တော့သည်။
“မင်း ဒီအရာကို အရင်က စားဖူးလို့လား။”
ကျန်းဟန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဟုတ်ဟုတ်သည် အမှောင်သွေးသစ်သီးအတုအချို့ ရှိတတ်သည်ကို သိရှိနေပုံရသည်။
“ဟုတ်”
ဟုတ်ဟုတ်က ခေါင်းခါပြလိုက်သည်။ ၎င်းသည် ယခင်က မစားဖူးဘဲ သတိကြီးစွာ ထားနေခြင်းသာ ဖြစ်သည်။
အသီးကို မျိုချလိုက်သည်နှင့်အမျှ ဟုတ်ဟုတ်၏ ခန္ဓာကိုယ်မှ ခပ်မှိန်မှိန် အနီရောင်အလင်းတန်းများ ဖြာထွက်လာပြီး ၎င်းက အမှောင်နှင့် သွေးဒြပ်စင် ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေသည့်ပုံစံ ပေါ်ထွက်လာခဲ့သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤအမှောင်သွေးသစ်သီးသည် အမှန်ပင် ထူးခြားဆန်းကြယ်ကြောင်း သိသာထင်ရှားပေသည်။
“ဟုတ်ဟုတ်”
ထိုအရာက ဟုတ်ဟုတ်ကို အလွန်ပင် ပျော်ရွှင်သွားစေခဲ့သည်။ ၎င်းက ကျန်းဟန်သည် အလွန်အလိုက်သိတတ်သည်ဟု ခံစားလိုက်ရပြီး အလွန်ပင် စိတ်ကျေနပ်သွားခဲ့သည်။
“ဟားဟား မင်း သဘောကျရင် ပြီးတာပဲ။ ဒီနေ့ညလည်း အစေခံအဆင့် သားရဲ သုံးရာကို အပြတ်ရှင်းဖို့အတွက် မင်း ကြိုးစားရဦးမယ်နော်။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ကျန်းဟန်သည် ပိုင်လင်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင် ထဲသို့ ထည့်လိုက်ပြီး ရေမိုးချိုး သန့်စင်ကာ အိပ်ရာဝင်ရန် ပြင်ဆင်လိုက်တော့သည်။
မအိပ်ခင်၌ သူသည် စိတ်တည်ငြိမ်မှုရယူခြင်းကို နောက်ထပ် သုံးနာရီကြာအောင် ပြုလုပ်ပြီးနောက်မှသာ အိပ်ပျော်သွားခဲ့သည်။
ဤရက်ပိုင်းအတွင်း စိတ်တည်ငြိမ်မှုရယူခြင်းကို ဆက်တိုက်လုပ်ဆောင်ပြီးနောက် သူ၏ မျက်လုံးများသည် ပိုမိုအသုံးဝင်လာကြောင်း၊ စိတ်ဝိညာဉ်စွမ်းအင်များ၏ လှိုင်းထန်မှုများနှင့် ရွေ့လျားမှုလမ်းကြောင်းများကိုပါ ဖြည်းဖြည်းချင်း မြင်တွေ့လာနိုင်ပြီဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းဟန်သည် အိပ်ရာထကာ ပထမဦးစွာ စိတ်တည်ငြိမ်မှုရယူခြင်း လေ့ကျင့်ခန်းကို တစ်နာရီကြာ လုပ်ဆောင်ခဲ့ပြီးနောက် ဧည့်ခန်းထဲတွင် အိပ်ပျော်နေသော ဟုတ်ဟုတ်ကို လှမ်းကြည့်လိုက်သည်။
“ဟုတ်”
ကျန်းဟန်ကို သတိပြုမိသွားသောအခါ ဟုတ်ဟုတ်သည် ၎င်း၏မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ၎င်း၏ ရှေ့ရှိ သလင်းကျောက်တစ်ခုကို ၎င်း၏ ခြေသည်းများဖြင့် ပွတ်ဆွဲပြကာ ဤအရာက ကျန်းဟန်အတွက် လက်ဆောင်ဖြစ်ကြောင်း ပြသလိုက်သည်။
“ဒါက ဝိညာဉ်ပုံဆောင်ခဲအစိတ်အပိုင်းလား။”
ကျန်းဟန်သည် ၎င်းကို ကောက်ယူကြည့်ရှုလိုက်ပြီး အနည်းငယ် ဝမ်းသာသွားခဲ့သည်။ ဤအရာမှာ သစ်သားဒြပ်စင် ဝိညာဉ်ပုံဆောင်ခဲ အပိုင်းအစတစ်ခုဖြစ်ပြီး ငွေ ၁၀၀၀ ခန့်ဖြင့် ပြန်လည်ရောင်းချနိုင်သည်။
ဤမျက်နှာဝိုင်း ကြက်ဝတုတ်ကြီးသည် ၎င်း၏ လေ့ကျင့်ရေးတာဝန်ကို ပြီးမြောက်အောင်မြင်ရုံသာမကဘဲ သူ့အတွက်ပါ ပုံဆောင်ခဲ အပိုင်းအစတစ်ခုကို ကောက်ယူလာပေးခဲ့သည်။ ၎င်းသည် တကယ်ကို ကောင်းမွန်သော သားရဲလေးတစ်ကောင်ပင် ဖြစ်သည်။
ဝိညာဉ်ပုံဆောင်ခဲ ဆိုသည်မှာ စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစုကာ ပုံဆောင်ခဲဖြစ်သွားခြင်းမျှသာ ဖြစ်ပြီး ဝိညာဉ်စွမ်းအင် ကြွယ်ဝသောနေရာများတွင် ဖြစ်တည်လာတတ်ကာ ယေဘုယျအားဖြင့် သတ္တုကြောများအသွင်ဖြင့် ပေါ်ထွက်လာတတ်သော်လည်း အချို့မှာမူ တစ်ခုချင်းစီ သီးခြားစုစည်းဖြစ်တည်လာတတ်သည်။
ဥပမာအားဖြင့် အချို့သော သစ်ပင်များသည် ယခုကဲ့သို့သော အပိုင်းအစများကို စုစည်းဖြစ်ပေါ်စေတတ်သည်။
“ဟုတ်”
ဟုတ်ဟုတ်သည် ကျန်းဟန်ကို တစ်ချက်လှမ်းကြည့်ကာ ‘တကယ့်ငကြောင်ပဲ’ ဟု တွေးလိုက်၏။
ပုံဆောင်ခဲအပိုင်းအစလေး တစ်ခုတည်းကို ဘာတွေ ဒီလောက်တောင်ပျော်နေတာလဲ။
ဤအရာသည် မနေ့ညက ၎င်းသတ်ခဲ့သော အမြီးဖြူရှဥ့်၏ အသိုက်ထဲတွင် တွေ့ရှိခဲ့သည့် အရာ ဖြစ်သည်။
“ကျေးဇူးပဲ ဟုတ်ဟုတ်။ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။”
ကျန်ဟန်က ချီးမွမ်းစကား ဆိုလိုက်သည်။
“ဟုတ်”
ဟုဟွတ်သည် တည်တံ့အေးစက်သော မျက်နှာပေးအတိုင်းပင် ဆက်ရှိနေပြီး ၎င်းအိပ်ချင်နေပြီဖြစ်၍ ဤနေရာတွင် လာပြီး စကားများမနေရန် အရိပ်အယောင်ပြလိုက်သည်။
“ဟားဟား ဒါဆိုလည်း ကောင်းကောင်း အနားယူလိုက်ပါဦး။”
ကျန်းဟန်က ရယ်မောလိုက်ပြီး ပိုင်လင်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲမှ အပြင် ထုတ်လိုက်ကာ ဟုတ်ဟုတ်ကိုမူ အတွင်းသို့ ပြန်ထည့်လိုက်သည်။
“သွားကြစို့။ ငါတို့ ကျောင်းသွားကြမယ်။”
ကျန်းဟန်သည် ပုံဆောင်ခဲ အပိုင်းအစကို သေချာသိမ်းဆည်းပြီးနောက် ကျောက်စိမ်းပိုးကောင် ပိုင်လင်းကို ခေါ်ဆောင်ကာ ပျော်ရွှင်စွာဖြင့် ကျောင်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။ သားရဲများကို မွေးမြူရခြင်းမှာ တကယ်ကို ပျော်စရာကောင်းလှသော အရာတစ်ခုပင်။