အခန်း ၁၂၂၆
Vol. 103 Ch. 1226
အခန်း ၁၂၂၆ -
တန်မျိုးရိုးသို့ ခရီးဆက်ခြင်း ... ။
နှစ်လအကြာတွင် ထာဝရည အကယ်ဒမီအပျက်အစီးများကြားရှိ မြေအောက် နန်းတော်အတွင်းဖြစ်သည်။
ဆုရီတစ်ယောက် တရားထိုင်နေရာမှ နိုးထလာခဲ့ပြီးနောက် ညင်သာစွာ သက်ပြင်းချ လိုက်လေသည်။
သူသည် ဤအချိန်အတောအတွင်း ကျင့်ကြံမှုအုတ်မြစ်ကို ပိုမိုခိုင်မာလာစေရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အဆင့် ချိုးဖြတ်နိုင်စွမ်းမရှိခဲ့ချေ။
တံခါးပိတ်ကျင့်ကြံရုံဖြင့် ထူးခြားသည့် အကျိုးသက်ရောက်မှု ရှိတော့မည်မဟုတ်မှန်း နားလည်လိုက်၏။ ကံကောင်းသည်မှာ သေမျိုး နယ်ပယ်ဓားကို ဤကာလအတွင်း အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းပေပင်။
တစ်ဆက်တည်းမှာပင် ဗလာနယ်ပယ် အင်မော်တယ်အဆင့်အတွက် သင့်လျော်မည့် ဆေးပြားများစွာကိုလည်း ဖော်စပ်ထား၏။
ထို့ကြောင့် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွာရန်ဆုံးဖြတ်လိုက်တော့၏။ လမ်းခရီး တလျှောက် တောင်တန်းများ၊ မြစ်ပြင်များထံ ငေးမောလျက် အလျင်မလိုခဲ့ချေ။
မှောင်ရီပျိုးစပြုချိန်တွင် ကောင်းကင်မှကြယ်တာရာများထံ ငေးမောပြီး ခရီးဆက်၏။
ကောင်းကင်နှင့် မြေကြီးကြား ခမ်းနားထည်ဝါလှသော သဘာဝတရားများထံ ခံစားလျက် မနက်ခင်း နှင်းစက်များကို သောက်သုံးသည်။
သူ့စိတ်ထဲ၌ ခံစားချက်အသစ်များ ပေါ်ပေါက်လာသည့်အခါတွင်မူ ဆူညံနေသော လူအများထဲသို့ တိုးဝင်ပြီး မြို့ပြအတွင်း တိုးဝင်ခဲ့၏။
ဤနည်းဖြင့် နေ့ရက်များ တရွေ့ရွေ့ ကုန်ဆုံးနေသည်။ ထိုကာလအတောအတွင်း နှလုံးသားမှာ တဖြည်းဖြည်း တည်ငြိမ်လာ၏။
အတင်းအကြပ် ချိုးဖြတ်လိုသော ခံစားချက်များကိုဖြတ်တောက်ကာ နှလုံးသား ဦးဆောင်ရာနောက်သို့ လွတ်လပ်စွာ လိုက်ပါနေခဲ့သည်။
တစ်နေ့တွင် မြို့ငယ်လေးတစ်မြို့၏ လမ်းဘေးလက်ဖက်ရည်ဆိုင်၌ ရေနွေးကြမ်း သောက်လျက် တစ်ယောက် ထိုင်နေသည်။
“ အလယ်ပိုင်းဒေသမှာ ကောင်းကင်ဘုံ အမဲလိုက်ပွဲကြီးကို မကြာခင်ကျင်းပတော့မယ် ငါကြားတယ် မင်းတို့ကြားပြီးပြီလား။ ”
“ ဒီကိစ္စကို ဘယ်သူ မကြားဘဲနေမလဲ ... အင်မော်တယ်မြေတစ်ခုလုံး ဒီပွဲကိုအာရုံစိုက် နေကြတာမဟုတ်လား။ ”
“ ထိပ်တန်းဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းလှတဲ့ သူတော်စင်အင်မော်တယ် တွေကို ပါဝင်ဆင်နွှဲဖို့ စေလွှတ်လိုက်ပြီလို့ ကြားတယ်။ ”
“ စိတ်ဝင်စားစရာပဲ ဘယ်သူတွေ ပါဝင်လဲဆိုတာ မင်းအတိအကျ သိနိုင်လား။ ”
“ အတိအကျတော့ မသိသေးဘူး ... ပါဝင်မယ့်သူတွေရဲ့ နာမည်စာရင်းကို တရားဝင် မကြေညာသေးဘူး ဒါပေမယ့် ဂိုဏ်းကြီးတွေက အလေးအနက်ထားတာ မြင်သာပါတယ်။ ”
လက်ဖက်ရည်ဆိုင်အတွင်း စကားဝိုင်းများသည် များမကြာမီ ရောက်ရှိလာ တော့မည့် ကောင်းကင်ဘုံအမဲလိုက်ပွဲ အကြောင်း စကားစမြည်များ ပြောကြားနေကြ၏။
စုရီသည် အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားမိသော်လည်း အချိန်ကာလကို ပြန်တွက်ချက်ကြည့်ပြီးနောက် ခေါင်းညိတ် လိုက်လေသည်။
လွန်ခဲ့သော လအနည်းငယ်က တန်လင်းချီနှင့်တန်ပေါင်အာသည် ကောင်းကင် အမဲလိုက်ပွဲကို (၆)လအတွင်း ကျင်းပမည့်ဟု သတင်းပေးခဲ့၏။
ထိုအမဲလိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန်ပင် ဖိတ်ကြားသွားခဲ့လေသည်။ အင်မော်တယ်မြေ၏ သူတော်စင်သခင်များအတွင် ထိပ်တန်းအဆင့် အခမ်းနားဆုံး ပွဲတော်ကြီးတစ်ခုပေပင်။
ဤပွဲတော်၏ သမိုင်းကြောင်းသည် ဓမ္မအဆုံးခေတ်မတိုင်မီတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
သူတော်စင် အင်မော်တယ်များသည် ပြိုင်ဆိုင်ခြင်း၊ ကံတရားများကို ရှာဖွေခြင်းနှင့် ဆွေးနွေးငြင်းခုံခြင်းများအတွက် ထိုပွံသို့ စုရုံးလာကြလေ့ရှိကြသည်။
ယခုတစ်ကြိမ်တွင် ရှေးဟောင်း တန်မိသားစုမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်လေရာ ယခင်အကြိမ်များထက် သာ၍ ကြီးကျယ်ခမ်းနားလာပေမည်။
သူ့ကျင့်ကြံမှုသည် အမည်ခံ အင်မော်တယ်အဆင့်သာဖြစ်သော်လည်း ဆန္ဒရှိပါက စည်းမျဉ်းများကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ရှိကြောင်း ပြောကြားခဲ့ဖူးသည်။
သူ့အတွက် မည်သည့် စမ်းသပ်မှုမျှ ဖြတ်သန်းရန် မလိုအပ်ဘဲ တန်လင်းချီကိုယ်တိုင် နေရာတစ်ခု ပေးအပ်ပေလိမ့်မည်။
ထိုစဉ်အချိန်က သူသည် ၎င်းပွဲတော်ကို စိတ်ဝင်စားခြင်းမရှိချေ။ သို့သော် ဤတစ်ကြိမ်၌ တန်မိသားစုသည် လျှို့ဝှက်နယ်မြေတစ်ခုကို တွေ့ရှိထားကြောင်း အတွင်းသတင်းပေးခဲ့၏။
ထိုနယ်မြေသည် ရှေးဦးခေတ်တည်းက တည်ရှိနေခဲ့သည်ဟု ယူဆရသော ရှေးဟောင်း အပျက်အစီးနယ်မြေတစ်ခုပေပင်။
မူလက ရှေးဟောင်းတန်မိသားစုသည် ထိုတွေ့ရှိမှုအပေါ် လျှို့ဝှက်ကာ အကြီးအကဲများ ဝင်ရောက်စေလိုခဲ့သည်။
သို့သော် အပျက်အစီးနယ်မြေတွင် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း အစီအရင်တစ်ခုရှိနေသည်။
ထိုအစီရင်သည် ဝင်ပေါက်ကို ကာကွယ်ထားကာ မည်သူမျှ ဝင်ရောက်နိုင်ခြင်း မရှိသေးချေ။ ခြောက်လခန့်ကြာမှသာလျှင် အစီရင်သည် သူတော်စင် အင်မော်တယ်များကို ဝင်ခွင့်ပေးနိုင်ကြောင်း သိရှိခဲ့သည်။
ယင်းကြောင့် ကောင်းကင်ဘုံ အမဲလိုက်ပွဲကြီးကို ထိုအပျက်အစီးနယ်မြေတွင် ကျင်းပတော့မည်ဖြစ်ကြောင်း သတင်းပေးခဲ့၏။
ရှေးဦးခေတ်ဆိုသည်မှာ အင်မော်တယ်နယ်မြေ၏ သမိုင်းကြောင်းတွင် အစောဆုံးနှင့် ရှေးအကျဆုံးသော နေ့ရက်များ ဖြစ်ချေသည်။
ထိုစဉ်အချိန်ကနှင့် ဆက်စပ်နေသည်ဟု ယူဆရသော လျှို့ဝှက်နယ်မြေကြီးတစ်ခုသည် ကောင်းကင်ဘုံတောင်တန်းကြီးတွင် ဤသို့ ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ မည်သူမဆို စိတ်လှုပ်ရှားမည်မှာ သဘာဝပေပင်။
စုရီအနေဖြင့်လည်း ယခုအချိန်၌ ဝင်ရောက်စမ်းသပ်လိုသည့် ဆန္ဒများရုတ်တရက် ဝင်ရောက်လာလေသည်။
စင်စစ်သော်ကား ဝမ်ယဲ့သည် အင်မော်တယ်မြေတွင် မြင့်မြတ်သူတစ်ပါးအဖြစ် အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့ခြင်းသည် ထိုသို့သော အခွင့်အလမ်းများကြောင့် ဖြစ်၏။
“ ကြည့်ရတာ အလယ်ပိုင်းဒေသကို ခရီးထွက်ရတော့မယ့်ပုံပဲ။။ ”
နေ့ရက်များကို ရေတွက် ကြည့်လိုက်သောအခါတွင် ကောင်းကင်ဘုံ အမဲလိုက်ပွဲ စတင်ရန်အတွက် များစွာမလို တော့ချေ။
လက်ရှိတွင် သူ့ကျင့်ကြံမှုသည် မကြာမီအဆင့်ချိုးဖြတ်မည့် အရိပ်အယောင်မျိုး ပြသခြင်းမရှိသဖြင့် ထိုပွဲတော်၌ အခွင့်အရေး ရှာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေ့မှာပင် စုရီသည် သူ့ရုပ်သွင်ကို ပြောင်းလဲစေသည့်နည်းစနစ်ဖြင့် အသွင်အပြင် ပြောင်းလဲလျက် ခရီးဆက်လာခဲ့သည်။
ဆံပင်များကို တာအိုဆံညှပ်ဖြင့် ညှပ်တင်ထားကာ အဝေးမှကြည့်သော် သာမန် တာအိုဘုန်းကြီးငယ်တစ်ပါးနှင့် ထင်မှားစေ၏။
ကျောက်စိမ်းရောင် ဝတ်လုံများကိုပင် ရိုးရှင်းပြီးနက်မှောင်သောဝတ်လုံဖြင့် လှဲလှယ် ဝတ်ဆင်လိုက်၏။
လအနည်းငယ်အကြာတွင် အဖြူရောင် မျက်ခင်းပြင်ဒေသ၊ လေပြည်နယ်၊ ရေပြည်နယ် နှင့် ဆင်ပြည်နယ်များကို ဖြတ်ကျော်ခဲ့သည်။
ဤခရီစဉ်သည် မည်သည့် ပြဿနာ အနှောင့်အယှက်မျှမရှိခဲ့ဘဲ ချောမွေ့လှသော ခရီးစဉ်တစ်ခုပေပင်။ အဆုံးတွင် အလယ်ပိုင်း ဒေသကြီးသို့ ရောက်ရှိလာခဲ့တော့၏။
ရွှေရောင်ရေလှိုင်း အင်မော်တယ် တောင်တန်း၊ ရှေးဟောင်း တန်မိသားစု အိမ်တော်။
မွန်းလွဲပိုင်းဖြစ်ပြီး ဂုဏ်သရေရှိ ဧည့်သည်တော်များသည် တောင်တံခါးဝသို့ အဆက်မပြတ် ရောက်ရှိလာနေ၏။ အချို့သည် ရတနာသင်္ဘောများ စီးနင်းလာပြီး၊ အချို့သည် အင်မော်တယ်ငှက်များနှင့် နတ်သားရဲများ ဆွဲယူသော ရထားလုံးများဖြင့် ရောက်ရှိလာသည်။
ဤကဲ့သို့ စည်ကားနေသည်မှာ ရက်အတော်ကြာချေပြီ။ သူတို့အားလုံးသည် တန်မိသားစုတွင်စုဝေးကာ ကောင်းကင်ဘုံ တောင်တန်းထံသို့ ခရီးဆက်မည်ဖြစ်၏။
စုရီ ရောက်ရှိလာချိန်တွင် တောင်တံခါးပြင်ပ၌ ဧည့်သည်အမြောက်အမြား စုဝေးရောက်ရှိနေသည်။ ဤမြင်ကွင်းမျိုးသည် လွန်စွာ သက်ဝင်လှုပ်ရှားပြီး စည်ကားလှ၏။
“ ဟမ့် ... အဲဒါ ... ကုန်းနင်ဖုန်ရဲ့ မိုးကြိုးနဂါးရတနာသင်္ဘော မဟုတ်လား။ ”
ထိုစဉ် ရုတ်တရက် လူအုပ်ကြီးကြားတွင် ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားလာလေသည်။ စုရီမှ မျှော်ကြည့်လိုက်သောအခါ အဝေးတွင် မိုးကြိုးမုန်တိုင်းများ ရစ်သိုင်းနေသည့် ရတနာ သင်္ဘောကြီးတစ်စင်းကို မြင်လိုက်ရ၏၊
ပေတစ်သောင်းခန့် ရှည်လျားလှသော ဧရာမနဂါးကြီးလေးကောင်မှ ရတနာသင်္ဘောကို ရှေ့သို့ဆွဲယူလာသည်။ ထိုအသွင်အပြင်သည် လွန်စွာ မျက်စိကျစရာကောင်း၏။
“ ရှန်းဝူတောင်က ကုန်းမျိုးရိုးလား ... ။ ”
အင်မော်တယ်မြေတွင် ကုန်းမျိုးရိုးသည် လွန်စွာရှားပါးလှပြီး ရှေးဟောင်းမျိုးနွယ်စုတစ်ခု အဖြစ် ရှန်းဝူတောင်တွင်သာ တည်ရှိသည်။
စုရီ၏ မှတ်ဉာဏ်များအရ နဂါးခြင်္သေ့ မျိုးရိုးကဲ့သို့ပင် ကုန်းမျိုးနွယ်ဘိုးဘေးအချို့သည် ဝမ်ယဲ့လက်အောက်တွင် သစ္စာရှိစွာ အမှုထမ်း ခဲ့ကြဖူးသည်။
သည့်ပြင် ၎င်းတို့သည် ဝမ်ယဲ့၏ အရည်အချင်းအရှိဆုံးနှင့် အားကိုးရဆုံးသော လက်အောက်ငယ်သားများ စာရင်းထဲတွင် ပါဝင်ခဲ့ကြ၏။
သို့သော် ယခုအခါတွင်မူ ကုန်းနန်ဖန်အမည်ရှိ ကုန်းမျိုးရိုးပြိုင်ဘက်ကင်း ပါရမီရှင်သည် ထိုက်ချင်းဂိုဏ်းတွင်ထံ ဝင်ရောက်လေ့ကျင့်နေခဲ့ချေပြီ။
“ တာအိုမိတ်ဆွေ... အနှောင့်အယှက်ပေးမိတာကို ခွင့်လွှတ်ပါ အဲဒီလူက ရှန်းဝူတောင်ရဲ့ကုန်းမျိုးနွယ်စုက တိုက်ရိုက်မျိုးဆက်တစ်ယောက်လား။ ”
စုရီက သူ့အနားတွင်ရပ်နေသော မီးခိုးရောင်ဝတ်ရုံဝတ် ကျင့်ကြံသူတစ်ဦးထံသို့ ချဉ်းကပ်ကာ မေးမြန်းလိုက်သည်။
မီးခိုးရောင်ဝတ်ရုံဝတ် ထိုအမျိုးသားက စုရီကိုတစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လျက် လှောင်ပြောင်လာသည်။
“ ဒီနေ့ခေတ် လူငယ်တွေများ ... စီနီယာဂုံးနန်ဖန်နာမည်ကိုတောင် မကြားဖူးဘူး ကောင်းပြီ ... ဒီနေ့ ငါစိတ်ကောင်းဝင်နေတာမို့ မင်းကို အလင်းပြပေးမယ်
... သခင်လေးကုန်းနန်ဖန်းဆိုတာ ရှန်ဝူတောင်ကုန်းမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ပဲ အင်မော်တယ်မြေတစ်ခုလုံးမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်အဖြစ် လူသိများတယ် ...
... တစ်ချိန်က အမည်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်မှာ တတိယနေရာကို ရရှိ ထားပြီးတော့၊ ဗလာနယ်ပယ်အင်မော်တယ် အဆင့်မှာ ...
... ပဉ္စမနေရာရထားတယ် ... ထိုက်ချင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်က သူ့ကို ဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့တယ် ...
... သခင်လေးကုန်းနင်ဖန် သူတော်စင် အင်မော်တယ်အဆင့်ကို တက်လှမ်းခဲ့တုန်းက ကောင်းကင်မှာ မကြုံစဖူးထူးခြားဆန်းပြားတဲ့ ဖြစ်စဉ်တွေတောင် ဆင့်ခေါ်နိုင်ခဲ့တာမို့ ...
... ထိုက်ချင်းဂိုဏ်းရဲ့ သူတော်စင် အင်မော်တယ်ဘုရင်တွေအားလုံးရဲ့ ချီးကျူးမှုကို တညီတညွတ်တည်း ရရှိခဲ့တယ် သူတို့က ကုန်းနန်ဖန်ဟာ အနာဂတ်မှာ ...
... အင်မော်တယ် ဘုရင်အဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်ပြီး ဒဏ္ဍာရီလာ အထွတ်အထိပ်နယ်ပယ်ကို ရရှိနိုင်မယ်လို့ ယုံကြည်နေကြတယ်။ ”
ထို့နောက် မီးခိုးရောင်ဝတ်ရုံဝတ် အမျိုးသားသည် မျက်ဝန်းများ၌ရိုသေလေးစားမှု အရိပ်အယောင်များပေါ်လာပြီး စုရီထံ လှောင်ပြုံးနှင့် လှည့်ကြည့်ကာ၊
“ ဟမ့် ... ဒီလို ကျော်ကြားတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ပါးကို မသိရအောင် မင်းဘယ်မှာ အိပ်ပျော်နေတာလဲ။ ”
-ဟု ပြန်လည်မေးမြန်းလိုက်သည်။
“ ဟမ့် ... ဘယ်ရောက်သွားတာလဲ။ ”
သို့သော် ထိုအချိန်တွင် စုရီသည် သူ့စကားများကို အဆုံးထိနားမထောင်တော့ဘဲ ထွက်ခွာသွားနေပြီဖြစ်၏။
ဤမြင်ကွင်းကြောင့် မီးခိုးရောင်ဝတ် အမျိုးသားသည် မကျေမနပ်ဖြင့် အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
“ ဒီခေတ်လူငယ်တွေများ ... ကျင့်ကြံမှုဗဟုသုတကင်းမဲ့ရုံသာမကဘူး စီနီယာ အပေါ် ယဉ်ကျေးရမှန်း မသိကြဘူး။ ”
“ ဦးလေးကျောက် ... ဘယ်သူ့ကို ပြောနေတာလဲ။ ”
ထိုစဉ် လူအုပ်အတွင်း စကားပြောနေသော ငွေရောင်ဝတ်လူငယ်သည် ထိုနေရာမှဖယ်ခွာပြီး သူ့ထံလျှောက်လှမ်းလျက် မေးမြန်းတော့၏။
မီးခိုးရောင်ဝတ်အမျိုးသားက ချက်ချင် ပြုံးရယ်လိုက်ပြီး၊
“ သခင်လေး ... ဘာမှ မဟုတ်ပါဘူး အရေးမပါတဲ့ လေလွင့်ကျင့်ကြံသူ အမှိုက်လေး တစ်ယောက်ပါ ... သူက စီနီယာကုန်းနန်ဖန်ရဲ့ နာမည်ကိုတောင် မသိဘဲ လာမေးနေတာ။ ”
-ဟု ဖြေကြားလိုက်၏။၊
ငွေရောင်ဝတ်လူငယ်မှ ခဏမျှ အံ့အားသင့်သွားပြီး အဆုံးတွင် သရော်သံဖြင့်၊
“ ဒီလိုဆိုရင် တကယ့်ကို မသိနားမလည်တဲ့ လူမိုက်တစ်ယောက်ပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်တော့သည်။
“ သွားရအောင် ... မိန်းကလေး တန်ပေါင်အာကို နှုတ်ဆက်ရမယ်။ ”
သူ ပြောကြားနေစဉ်အတွင်း မျက်ဝန်းထဲ မျှော်လင့်ချက်အလင်းရောင်များ ထင်ဟပ်လျက် ခြေလှမ်းကျဲကျဲဖြင့် လှမ်းထွက်သွားသည်။
သူ့အမည်ကား ရှန်ယွီဖြစ်ချေ၏။ အလယ်ပိုင်းဒေသကြီးတွင် ဩဇာအာဏာ ကြီးမားသော အင်မော်တယ်ဘုရင်မျိုးရိုးပေပင်။
***