အခန်း ၁၂၂၇
Vol. 103 Ch. 1227
အခန်း ၁၂၂၇ -
တန်ပေါင်အာနှင့် တွေ့ဆုံခြင်း (၁) ... ။
“ ရှန်းဝူတောင်က ကုန်းမျိုးနွယ်စုရဲ့ မျိုးဆက်က ဘာလို့ထိုက်ချင်းဂိုဏ်းထဲကိုဝင်ပြီး ကျင့်ကြံနေရတာလဲ။ ”
စုရီမှ တွေးတောနေခဲ့သည်။ အတိတ်ဘဝ ဝမ်ယဲ့နှင့် ထိုက်ချင်းဂိုဏ်းတည်ထောင်သူတို့မှာ ရန်သူများဖြစ်၏။
ထာဝရညတိုက်ပွဲတွင် ရွယ်ရှောင်ကျိနှင့် အခြားသော လူများသည် ဝမ်ယဲ့ကို ပူးပေါင်းကာ လုပ်ကြံခဲ့သည်။
တစ်ဖက်တွင် ကုန်းမျိုးနွယ်သည် ဝမ်ယဲ့လက်အောက်ခံ သစ္စာရှိ မျိုးနွယ်စုတစ်ခု ဖြစ်ချေ၏။
“ ဒီကိစ္စရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကိုတော့ သေချာစုံစမ်းရမယ်။ ”
ဝန်ခံရမည်ဆိုလျှင် အချိန်ကာလ ပြောင်းလဲလာပြီးနောက် အင်မော်တယ်မြေရှိ အင်အားစုများ ရပ်တည်ချက်သည် လုံးဝ ပြောင်းလဲနေပြီဖြစ်၏။
များမကြာမီတွင် စုရီသည် ရှေးဟောင်းတန်မျိုးနွယ်စု၏ အိမ်တော်ခြံဝင်းသို့ ရောက်ရှိလာသည်။ ထို့နောက် သူ့ရည်ရွယ်ချက် ကြားသောအခါတွင် တံခါးစောင့်မှ အံ့အားသင့်သွားပြီး၊
“ မင်းလည်း ငါတို့သခင်မလေးပေါင်အာကို လာတွေ့တာလား။ ”
-ဟု ထပ်မံမေးမြန်းလာ၏။ စုရီမှ ခေါင်းညိတ်ပြကာ၊
“ မင်းတို့ သခင်မလေးကို တွေ့ချင်တဲ့သူတွေ အရမ်းများနေလို့လား။ ”
-ဟု ဆိုလိုက်သည်။ တံခါးစောင်မှ ခေါင်းညိတ်လျက်၊
“ များတယ် ... ဂိုဏ်းပေါင်းစုံက သန့်ရှင်းသောသားတော်တွေ ဒါဇင်ပေါင်းများစွာ သခင်မလေးပေါင်အာကိုတွေ့ဖို့ ခြံဝင်းထဲမှာ စောင့်နေကြတယ် ... ဒါနဲ့ မင်းမှာ ဖိတ်စာ ဒါမှမဟုတ် သက်သေပြစရာပါလား။ ”
- ဟု မေးလိုက်သည်။
စုရီက တန်ပေါင်အာ ပေးခဲ့ဖူးသည့် တံဆိပ်တစ်ခုကိုထုတ်ယူကာ ပေးလိုက်သည်။ တံခါးစောင့်သည် အစပိုင်းတွင် ပေါ့ပေါ့တန်တန် သဘောထားနေသော်လည်း ထိုတံဆိပ်ပြားကို မြင်သောအခါတွင် ချက်ချင်းတုန်ရီလျက်၊
“ ဒါဆို ... မင်းက သခင်မလေး ပေါင်အာရဲ့ အရေးကြီးတဲ့မိတ်ဆွေကိုး ကျေးဇူးပြုပြီး အထဲ ကြွပါ။ ”
-ဟု ဖိတ်ခေါ်တော့သည်။
လမ်းတစ်လျှောက်တွင် သက်ဝင်လှုပ်ရှားနေသောအသံများ ဆူညံနေပြီး ဂိုဏ်းပေါင်းစုံမှ ဧည့်သည်တော်များကို အစေခံများက နေရာချပေးနေ၏။
နန်းတော်များနှင့် ဇရပ်များနှင့် နေရာအနှံ့အပြားတွင် ဧည့်ခံများ ပြည့်နှက်နေ ချေပြီ။
ထိုအချင်းအရာများကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းတန်မျိုးနွယ်စုမှ လက်ခံကျင်းပမည့် ဤတစ်ကြိမ်ပွဲတော်သည် စည်ကားကြောင်း မြင်သာချေပြီ။
ဤသည်မှာ အင်မော်တယ်မြေထံ တန်မျိုးနွယ်စု၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းအပေါ် ပြသနေချေ၏။
များမကြာမီ တံခါးစောင့်သည် စုရီကို တောင်ခါးပန်းအလယ်ရှိ ခြံဝင်းငယ်တစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုခြံဝင်းအတွင်း၌ နားနေဆောင်များ၊ ရေတံခွန်ငယ်များနှင့် ငြိမ်သက်သော လေထုရှိနေ၏။
သို့သော် စုရီ ရောက်ရှိသွားချိန်တွင် ခြံဝင်းအတွင်း၌ အဆင့်အတန်းမြင့်မားလှသော အမျိုးသားကျင့်ကြံသူ အမြောက်အမြားဖြင့် ပြည့်နှက်နေချေပြီ။
“ သခင်လေး ... မင်းမြင်တဲ့အတိုင်းပဲ သူတို့အားလုံးဟာ အင်အားစုအသီးသီးကနေ လာကြတဲ့ ပါရမီရှင်တွေပဲ ငါတို့သခင်မလေးကို တွေ့ဖို့စောင့်နေကြတာ။ ”
တံခါးစောင့်က တိုးတိုးလေး ရှင်းပြသည်။ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်မိသော်လည်း စကားမဆိုခဲ့ချေ။ ရှေးဟောင်းတန်မျိုးနွယ်သည် အင်အားကြီးမားပြီး တန်ပေါင်အာသည် မျိုးနွယ်စုခေါင်းဆောင်၏ အချစ်ဆုံး သမီးဖြစ်၏။
ထို့ကြောင့် ဂိုဏ်းပေါင်းစုံမှ မျက်နှာသာရရှိနိုင်ရန် ရည်ရွယ်လျက် သူမထံ လာရောက်တွေ့ဆုံးပုံပေပင်။
“ ဒါပေမယ့် သခင်လေး ... စိတ်မပူပါနဲ့ သခင်လေးက သခင်မလေးပေါင်အာကိုယ်တိုင် အသိအမှတ်ပြုဖိတ်ကြားထားတဲ့ မိတ်ဆွေပဲ ငါသွားပြီး သတင်းပို့နေတုန်း ဒီမှာ ခဏစောင့်ပေးပါ။ ”
ထို့နောက် တံခါးစောင့်သည် ချက်ချင်း ထွက်ခွာသွားတော့၏။ စုရီက စင်္ကြံလက်ရန်းကို မှီလျက် အဝေးမှ ကျောက်ဆောင်အတုများနှင့် စမ်းချောင်းငယ်ထံ ငေးကြည့်နေခဲ့သည်။
စောင့်ဆိုင်းနေကြသည့် အင်အားစုအသီးသီးမှ အထက်တန်းစား လူငယ်များသည် စုရီကို သတိထားမိသွားကြ၏။
“ ဟမ့် ... ဒီကောင်လေးပဲ။ ”
ရုတ်တရက် အမျိုးသားတစ်ယောက်မှ စုရီကိုမှတ်မိသွားသည်။ သူ့ဘေးရှိလူငယ်သည် ထိုမှတ်ချက်ကြောင့် လှည့်ကြည့်လာကာ၊
“ ဦးလေးကျောက် ... ဘယ်သူလဲ။ ”
-ဟု မေးမြန်းလာသည်။
ဤသည်မှာ ရှန့်ယွီနှင့် သူ့အစေခံဖြစ်၏။ အစေခံအမျိုးသားက နှာခေါင်းရှုတ်လျက်ဖြင့်၊
“ သခင်လေးရှန့် ... စီနီယာကုန်းနန်ဖန်ရဲ့ နာမည်ကိုတောင် မကြားဖူးတဲ့ လူမိုက်ဆိုတာ အဲဒီကောင်လေးပါ။ ”
-ဟု ဖြေကြားလိုက်သည်။
ရှန့်ယွီတစ်ယောက် အံ့အားသင့်သွားကာ၊
“ ဒါဆို ... သူက တကယ်ပဲလူမိုက်လေးပေါ့။ ”
-ဟု ခေါင်းညိတ်လိုက်၏။
“ တာအိုရှန့် သူ့ကို မင်းသိနေတာလား။ ”
အနီးနားရှိ အခြားသော လူငယ်အချို့က စပ်စုချင်စိတ်ဖြင့် မေးမြန်းလာကြသည်။ ရှန့်ယွီမှ ပြုံးလျက်၊
“ အမှန်အတိုင်းပြောရရင် ငါ မသိဘူး ... အဲဒီလူငယ်က ထိုက်ချင်းဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ကုန်းနန်ဖန်နာမည်ကိုတောင် တစ်ခါမှ မကြားဖူးတဲ့ လူမိုက်လေးပဲ။ ”
-ဟု ပြန်ဖြေလိုက်သည်။
သူ့စကားကြောင့် လူတိုင်းသည် အံ့သြသွားကြပြီးနောက် အဆုံး၌သဘောကျစွာ ရယ်မောကြတော့၏။
ထိုက်ချင်းဂိုဏ်း၏ ပြိုင်ဘက်ကင်း ပါရမီရှင်ကုန်းနန်ဖန်ကိုပင် မသိသည်လော။ ဤသူကား မည်သူနည်း။ မည်သည့် ခေတ်၌ အိပ်ပျော်နေသနည်း။
ထို့ကြောင့် လူအများသည် စုရီကို ပိုးမွှားလေးကဲ့သို့ ရှုမြင်လာပြီး ဆက်လက် အာရုံမစိုက်တော့ချေ။ ထိုစဉ် လူငယ်တစ်ဦးမှ ဝင့်ကြွားစွာ လှမ်းထွက်လာကာ၊
“ နေဦး ... သူ ဘယ်ခေတ်ကနေ လာတာလဲဆိုတာ ငါ သွားပြီး စုံစမ်းကြည့်မယ်။ ”
-ဟု ပြောကြားလိုက်၏။
ဤသည်မှာ စူးယွမ်ရှဖြစ်ပြီး၊ အလယ်ပိုင်းဒေသကြီး၏ ရှေးဟောင်းအင်အားစု တစ်ခုမှဖြစ်သည်။ နက်ပြာရောင် ပိုးဖဲဝတ်ရုံကို ဆင်မြန်းလျက် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးပေပင်။
စူးယွမ်ရှ၏ ဘိုးဘေးတစ်ဦးသည် ရှေးဟောင်းတန်မျိုးနွယ်စုနှင့် ဆွေမျိုးတော်စပ် သဖြင့် ရာထူးအဆင့်အတန်းအရ သူသည် တန်ပေါင်အာ၏ မောင်ဝမ်းကွဲဖြစ်၏။
ထို့ကြောင့် စုရီရှိရာဆီသို့ မောက်မာစွာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။ လူအုပ်ကြီးခမျာ ပျင်းရိနေသဖြင့် ဇာတ်လမ်း ကောင်းကိုကြည့်ရန် စိတ်ဝင်စားလာ၏။
“ မင်းက ငါ့ရဲ့ဝမ်းကွဲကို လာတွေ့တာလား။ ”
စူးယွမ်ရှမှ စုရီအနားချဉ်းကပ်ကာ မေးမြန်းလိုက်သည်။ စုရီက လက်နှစ်ဖက်ကို နောက်ပို့ထားလျက် အဝေးမှ စီးဆင်းနေသော ရေတံခွန်ကိုသာ စိုက်ကြည့်နေ၏။
တစ်ဖက်လူကို လှည့်ပင်မကြည့်ချေ။ ယင်းအစား ပေါ့ပါးသော လေသံမျိုးဖြင့်၊
“ ငါ စကားပြောရတာ မကြိုက်ဘူး ... ပြောစရာရှိရင်ပြော ... ပြောစရာမရှိရင် မြန်မြန် ထွက်သွား ... ။ ”
-ဟု မောင်းထုတ်လိုက်သည်။
စူးယွမ်ရှတစ်ယောက် ချက်ချင်း မျက်နှာရဲတွတ်သွားကာ ဒေါသတကြီးဖြင့်၊
“ ငါ ဘယ်သူလဲဆိုတာ သိလား။ ”
-ဟု အံကြိတ်လျက် မေးမြန်း၏။
“ မသိဘူး ... ဒါပေမယ့် မင်းသာ ငါ့ကိုဒီလိုဆက်ပြီး နှောင့်ယှက်နေရင် ဒီနေ့ မင်း အရှက်ရလိမ့်မယ်။ ”
ဤသည်မှာ ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ခြင်းပေပင်။ ယင်းကြောင့် စူးယွမ်ရှ တစ်ယောက် အံ့အားသင့်သွားလေသည်။
တစ်စုံတစ်ဦးသည် ဤအရပ်တွင် သူ့ကဲ့သို့လူမျိုးကို ထိုသို့ဆက်ဆံဝံ့သည်လော။ သူ့နားကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရလေသည်။
ထိုစဉ် စူးယွမ်ရှ၏ အစေခံသည် ချက်ချင်းလှမ်းတက်လာကာ၊
“ လူမိုက်လေး ... မင်းရဲ့စကားကို သတိထားပါ ငါတို့သခင်လေးက ကြင်နာတတ် သူဖြစ်တာမို့ မင်းနဲ့ စကားပြောနေတာ ဒါက မင်းရဲ့ရှစ်ဘဝအတွင်းမှာ တစ်ကြိမ်သာရမဲ့ ကောင်းချီးမျိုးပဲ ... ။ ”
-ဟု တုန့်ပြန်လာ၏။
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားလာသည်။ သူတို့အားလုံးသည် ပြိုင်ဘက်များ ဖြစ်နေသဖြင့် မည်သူအရှက်ရသည်ဖြစ်စေ ယနေ့ ဝမ်းသာစရာပေပင်။
စုရီက နားခေါင်းကို အသာအယာ ပွတ်လိုက်သည်။ ဤသည်မှာ မည်သို့သော စိတ်ပျက်စရာပေမည်။ သူ့ငြိမ်းချမ်းမှုကို အမှန်ပင်ဖျက်ဆီးနေသည်။
စုရီတိတ်ဆိတ်သွားသည်ကို မြင်သောအခါ စူးယွမ်ရှမှ ကြောက်ရွံ့သွားသည်ဟု ထင်မှတ်ပြီး ပိုမိုရဲတင်းလာ၏။
“ လူမိုက် အခုချက်ချင်းဒူးထောက်ပြီး ငါ့ကိုတောင်းပန်စမ်း မင်းရဲ့မသိနားမလည်မှုကို ငါ ခွင့်လွှတ်ပေးမယ်။ ”
“ ဖြန်း ... ။ ”
သို့သော် စူးယွမ်ရှတစ်ယောက် စကားမဆုံးခင်မှာပင် စုရီ၏ပါးရိုက်ခြင်းကို ခံလာရလာ၏။ ပြင်းထန်သောအဟုန်ကြောင့် ချက်ချင်း လွင့်စင်သွားလေသည်။
ပါးပြင်တစ်ခုလုံး နီရဲရောင်ရမ်းလျက် ဝက်တစ်ကောင်ကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်ကာ မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။
ခြံဝင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်းမှမယုံကြည်နိုင်စွာ ပြန်ကြည့်လာကြသည်။
“ မင်း ... ။ ”
အစေခံအမျိုးသားသည် ဒေါသတကြီး အော်ဟစ်လျက် ဓားဆွဲရန် ပြင်လိုက်သည်။
“ ဖြန်း ... ။ ”
နောက်ထပ် ပါးရိုက်သံ ထပ်မံ ထွက်ပေါ်လာပြီး ထိုအမျိုးသားသည်ပင် လေထဲ လွင့်ကျသွားတော့သည်။ သူ့အခြေအနေသည် သူ့သခင်လေးထက် ပိုမိုဆိုးရွားလှချေ၏။
နှာခေါင်းရိုး ကျိုးသွားပြီး မျက်နှာတွင် သွေးချင်းချင်းနီလျက် သွားအမြောက်အမြား ကျွတ်ထွက်ကုန်ချေပြီ။
“ ဒီခြံဝင်းထဲရှိတဲ့ လူတွေထဲမှာ မင်းတို့နှစ်ယောက်က အမိုက်မဲဆုံးပဲ ... ။ ”
စုရီမှ စိတ်ပျက်လက်ပျက် ပြောကြားလိုက်သည်။ လူတိုင်း စကားမဆိုနိုင် တော့ချေ။ ဤနေရာသည်ကား ရှေးဟောင်း တန်မျိုးနွယ်စု၏ နယ်မြေဖြစ်၏။ မည်သူသည် ရဲရင့်သောအမှုကို ပြုမူဝံ့သနည်း။
“ ဒီမှာ ဘယ်သူရမ်းကားနေတာလဲ။ ”
ထိုစဉ် လေထုသည် ချက်ချင်း အေးစက်လာပြီး တန်မိသားစုဝင်အစောင့်များ ရောက်ရှိလာကာ စုရီကို ဝိုင်းရံလိုက်တော့၏။
***