အခန်း ၁၂၂၉
Vol. 103 Ch. 1229
အခန်း ၁၂၂၉ -
ချူးပိုင်တန်။
“ ဒေါ်လေးယုယန် မိတ်ဆက်ပေးပါရစေ သူကတာအိုရှန့်မူပဲ။ ”
တန်ပေါင်အာက ရှေ့သို့တိုးကာ ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးလိုက်လေသည်။ တန်ယုယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စုရီထံကြည့်ကာ၊
“ မင်းရဲ့ ကျင့်ကြံမှုက ဘာလဲ။ ”
-ဟု အေးစက်စက် မေးမြန်းလာသည်။ တန်ပေါင်အာက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အခြေအနေကိုရိပ်မိသွားကာ၊
“ တာအိုရှန့်က အမည်ခံအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်ပါ။ ”
-ဟု ဝင်ရောက်ဖြေကြားပေးလေသည်။
“ အမည်ခံ အင်မော်တယ်လား။ ”
တန်ယုယန်က မျက်မှောင်ကြုတ်လျက်၊
“ သူ့ နောက်ခံကော ဘာလဲ။ ”
-ဟု ထပ်မံမေးမြန်းသည်။ သူမလေသံမှ တင်းမာပြီး အေးစက်လာ၏။ ရာဇဝတ်သား တစ်ဦးကို စစ်ဆေးမေးမြန်းနေသကဲ့သို့ ထင်မှားလာစေသည်။
တန်မိသားစု၏ ဤပြိုင်ဘက်ကင်း ပါရမီရှင်မိန်းကလေးသည် အထင်အမြင်သေးစွာ စစ်ဆေးနေခဲ့ခြင်းကို စုရီမှ တုန့်ပြန်ခြင်း မပြုတော့ချေ။
ပေါ့ပေါ့ပါးပါးပင် အရေးမစိုက်ဟန် လက်ဖက်ရည်ကိုသာ ဆက်သောက်နေခဲ့သည်။ တန်ပေါင်အာမှ အခြေအနေကိုထိန်းသိမ်းရန် စုရီကိုယ်စား ဖြေပေးနေရသည်။
“ ဒေါ်လေးယုယန် ... ဘာဖြစ်လို့လဲ၊ တာအိုရှန့်မူက ပေါင်အာရဲ့အလေးစားရဆုံး မိတ်ဆွေပါ။ ”
“ ပေါင်အာ ... မင်းဘယ်တုန်းက ဒီလိုဒီမျိုးတွေနဲ့ အပေါင်းအသင်းဖြစ်လာတာလဲ အင်မော်တယ်မြေရဲ့ ဂုဏ်သိက္ခာရှိတဲ့မျိုးနွယ်မှာ ရှန့်မျိုးရိုးကို မင်းကြားဖူးလား ...
... အမည်ခံ အင်မော်တယ်တစ်ယောက်ကို တန်မျိုးရိုးရဲ့မိန်းကလေးက တကယ်ပဲလေးစား နေတာလား။ ”
ဤစကားများသည် ပွင့်လင်းလွန်းပြီး စုရီအပေါ် အထင်မြင်သေးမှုကို ဖုံးကွယ်ရန်ပင် လုံးဝမကြိုးစားတော့ချေ။ တန်ပေါင်အာခမျာ မကျေမနပ်ဖြစ်သွားပြီး၊
“ ဒေါ်လေးယုယန် ... မင်း ဂုဏ်သိက္ခါအကြောင်း ပြောချင်နေတာလား သတ္တမမြောက်ကောင်းကင်တံခါးမှာ အမည်ခံ အင်မော်တယ်တစ်ပါးက လူတိုင်းကို ဖျက်ဆီးခဲ့တာ မေ့နေပြီလား။ ”
-ဟု ပြန်လည် ထောက်ပြလိုက်သည်။ တန်ယုယန်မှ အံ့အားသင့်သွားပြီး သရော်သလို ရယ်မောလှောင်ပြောင်၏။
“ ဟားဟားဟား ... မင်းက စုရီအကြောင်းပြောနေတာပဲ ငါသိတယ် သူ့ကို ဒါပေမယ့် မင်းရဲ့မိတ်ဆွေလေးက အဲဒီစုရီလို ဒဏ္ဍာရီတစ်ပုဒ်လို့တော့ မပြောနဲ့။ ”
ထိုစကားကြောင့် တန်ပေါင်အာမှာ စကားလုံးများပင် ပျောက်ဆုံးလျက် တိတ်ဆိတ် သွားရတော့သည်။
“ ဒီလောကမှာ ပါရမီရှင် လူငယ် အင်မော်တယ်တွေ မရေမတွက်နိုင်အောင် များပြားနေပေမယ့် ... စုရီကသာ စစ်မှန်သော ပါရမီရှင်တစ်ယောက်ပဲ ... ငါတောင် သူ့ကို မလေးစားဘဲ မနေနိုင်ဘူး။ ”
ဤတစ်ကြိမ်တွင် တန်ပေါင်အာသည် မသက်မသာဖြင့် စုရီထံ မော့ကြည့်လိုက်သည်။ သူမ၏ဒေါ်လေးယုယန်သည် ပွင့်ပွင့်လင်းလင်း သမားတစ်ယောက်ပေပင်။
သို့သော် တန်ပေါင်အာသည် လျှို့ဝှက်ချက်ကို အောင့်အည်း သိမ်းဆည်းထား လိုက်ရသည်။ တန်ယုယန်က ယင်းကို သတိပင် မထားမိဘဲ စုရီထံပြန်လှည့်ကာ၊
“ ပြောစမ်းပါဦး ... မင်းရဲ့နောက်ခံနဲ့ ပေါင်အာကို ဘယ်လိုသိကျွမ်းခဲ့တာလဲ မင်းမှာ ဘာရည်ရွယ်ချက်တွေရှိလဲ မင်းအမှန်အတိုင်း ဝန်ခံရင် သက်ညှာပေးမယ်၊ မပြောဘဲ ငါ့ဘာသာ စုံစမ်းလို့ သိသွားရင်တော့ မင်းရဲ့ ကံကြမ္မာက အရမ်း ကြောက်စရာကောင်းလိမ့်မယ်။ ”
ဟု ခြိမ်းခြောက်လိုက်သည်။
“ ဒေါ်လေးယုယန် ...။ ”
တန်ပေါင်အာက ဒေါသတကြီးဖြင့် ခြေထောက်ကို ဆောင့်လျက်၊
“ တာအိုရှန့်က ပေါင်အာရဲ့ မိတ်ဆွေပဲ သဘောထားက အရမ်းရိုင်းစိုင်းတယ် ဒေါ်လေး ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ဒီနေရာကနေ ထွက်သွားပေးပါ။ ”
-ဟု နှင်ထုတ်လိုက်တော့သည်။
သိုတိုင် တန်ယုယန်မှ သက်ပြင်းတစ်ချက်ချကာ၊
“ပေါင်အာ ... မင်းမှတ်ထားပါ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကိုသာ မြင်နိုင်ရုံနဲ့ သူတို့နှလုံးသားကိုတော့ မမြင်နိုင်ဘူး ငါက မင်းရဲ့ ဘေးကင်းရေးကို စိုးရိမ်လို့ပဲ ...
... မင်းအတွက် လှည့်စားပြီး အသုံးချခံရတာမျိုးကို ကာကွယ်ပေးနေတာ မဟုတ်ရင် ငါ ဘာလို့ ဒီလိုကိစ္စတွေကို ဝင်ပြီး ပတ်သက်နေမှာလဲ။ ”
-ဟု ဆိုလေသည်။
စုရီက သကားမဆိုဘဲ ငြိမ်သက်နေ၏။ တန်ယုယန်သည် တန်ပေါင်အာကို ချဉ်းကပ်ပြီး တစ်စုံတစ်ခု အကျိုးအမြတ်ရယူသွားမည်အပေါ် စိုးရိမ်နေပုံပေပင်။
“ ဒေါ်လေး ... ဒီနေရာက ငါတို့ တန်မိသားစုရဲ့နယ်မြေပဲ တစ်စုံတစ်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့ပေါ့ဆဆ ပြုမူဝံ့မယ်လို့ ထင်နေတာလား။ ”
“ ယုယန် ... မင်းက အရမ်းကို မာနထောင်လွှားပြီး မရူးသွပ်သင့်တာတွေ ရူးသွပ်နေပြီ။”
ထိုစဉ် တန်လင်းချီသည် မျက်နှာ မည်းမှောင်လျက် အလျင်အမြန် ဝင်ရောက်လာ တော့သည်။ တန်ယုယန်က မျက်မှောင်ကြုတ် သွားပြီး၊
“ ဦးလေးခုနစ် ... မင်း ဘာကို ဆိုလိုတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
သို့သော် တန်လင်းချီက သူမကို လုံးဝ လျစ်လျူရှုလိုက်ပြီး အားနာရှက်ရွံ့သော မျက်နှာ အမူအရာဖြင့် စုရီထံသို့တည့်တည့်သွားကာ ဦးညွှတ်လျက်၊
“ တာအိုစု ... မင်းကို ရယ်စရာဖြစ်အောင် လုပ်မိလို့ တကယ်ပဲ စိတ်မကောင်းပါဘူး ဒီကိစ္စ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့။ ”
- ဟု တောင်းပန်တော့၏။
စုရီမှ လက်ကိုဝှေ့ယမ်းပြလိုက်ပြီး၊
“ ကိစ္စမရှိပါဘူး ... မသိနားမလည်တာ အပြစ်မဟုတ်ဘူး။ ”
- ဟု ပေါ့ပေါ့ပါးပါးတုန့်ပြန်လိုက်သည်။
တန်ယုယန်တစ်ယောက် ဘေးမှ နားထေင်နေရာမှ အံ့အားသင့်ပြီး အခြေအနေ တစ်ခုခု ကြီးကြီးမားမား မှားယွင်းနေပြီကို ခံစားမိလိုက်လေသည်။
“ ယုယန် ... ငါ မင်းကို သတိပေးမယ် တာအိုမိတ်ဆွေဟာ ငါတို့ တန်မိသားစုကနေ အတင်းအကျပ် ဖိတ်ကြားရင်တောင်မှ လာရောက်ဖို့ဆန္ဒမရှိရင် ...
... ဘာမှ လုပ်လို့မရဘူး ...သူက ဂုဏ်သရေရှိဧည့်သည်တော်ပဲ ... အခု မင်းရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူအတွက် ချက်ချင်း သူ့ကို တောင်းပန်လိုက်ပါ။ ”
“ အဓိပ္ပါယ်မရှိဘူး ... ။ ”
တန်ယုယန်မှ ခါးခါးသီးသီး ငြင်းဆန်လေသည်။ ဤမြင်ကွင်းကိုကြည့်ကာ စုရီမှ ပျင်းရိလာပြီး၊
“ မလိုပါဘူး ... ဒီအတိုင်းပဲ ထားလိုက်ရအောင် ဒီလို အသေးအဖွဲကိစ္စကို ငါ ဂရုမစိုက်ဘူး။ ”
- ဟု ဝင်ပြောလိုက်သည်။
တန်လင်းချီမှ ခေါင်းကိုက်သွား၏။ ဤတန်ယုယန်သည် အရည်အချင်းကောင်းမွန် လှသော်လည်း မာနကြီးလွန်းချေပြီ။ စိတ်ပျက်စရာပေပင်။
“ ဒါဆို မင်းအခု ထွက်သွားလို့ရပြီ။ ”
တန်လင်းချီက စကားမပြောချင်တော့ဟန်ဖြင့် လက်ပြကာ နှင်လိုက်လေသည်။
တန်ယုယန်တစ်ယောက် ချက်ချင်း လှည့်ထွက်လာခဲ့သည်။ ဤသို့အငြင်းပွားမှုမှာ ထိုနည်းဖြင့် လျင်မြန်စွာပြီးဆုံးသွား၏။
ထို့နောက်တွင် စုရီ၊ တန်ပေါင်အာနှင့် တန်လင်းချီသည် အေးအေးလူလူ ထိုင်လိုက်ပြီး စကားစမြည်များ ပြောကြားလာနေကြသည်။
စုရီမှ ယနေ့တန်မိသားစုထံ ရောက်ရှိလာခြင်းကို တန်လင်းချီတစ်ယောက် အလွန်ပင် ဝမ်းမြောက်နေခဲ့ချေသည်။
“ ဒါနဲ့ ငါ့မှာမေးစရာရှိတယ်။ ”
စုရီမှ စကားစလိုက်သည်။ ထို့နောက် ရှန်းဝူတောင်ကုန်းမျိုးနွယ်မှ ထိုက်ချင်ဂိုဏ်းနှင့် မည်သို့ပူးပေါင်းခဲ့သည်ကို မေးမြန်းလိုက်၏။ တန်လင်းချီက သက်ပြင်းချကာ၊
“ ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ဘူး ဓမ္မအဆုံးခေတ်တုန်းက ရှန်ဝူတောင်ကုန်းမျိုးရိုး မိသားစုဝင်တွေအားလုံး ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ် ...
... အတွင်းအပြင် ပြဿနာတွေကြောင့် အဲဒီအချိန်တုန်းက ထိုက်ချင်းဂိုဏ်းက ကြားဝင် ကူညီပေးခဲ့တယ် ဒါကြောင့်မို့ ကုန်းမျိုးရိုးက ထိုက်ချင်းဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်သွားရတာပဲ။ ”
-ဟု ရှင်းပြလာလေသည်။
“ ထိုက်ချင်းဂိုဏ်းက အဲဒီလောက် ကြင်နာတတ်တာလား။ ”
စုရီမှ အံ့အားသင့်သွား၏။
“ ဘယ်ဟုတ်မလဲ ... ။ ”
တန်လင်းချီ၏ မျက်လုံးများက သိမ်မွေ့သွားပြီး အသံကိုနှိမ့်ချကာ တိုးတိုးလေး ဆက်ပြောပြလာ၏။
“ ဒါက ကမ္ဘာကြီးကို လှည့်စားထားတဲ့ ကောလဟာလတစ်ခုပဲ တကယ့်လျှို့ဝှက်ချက် ကြီးက ကုန်းမျိုးရိုးကပ်ဘေးကြုံနေရချိန်မှာ ထိုက်ချင်းဂိုဏ်းက သူတို့ကို အခွင့်ကောင်းယူပြီး ရိုက်ချဖို့ ရွေးချယ်ခဲ့ကြတယ် ... ။ ”
စုရီမှ မျက်ဝန်းများ မှေးစင်းသွား၏။
“ အဲဒီအချိန်တုန်းက ထိုက်ချင်းဂိုဏ်းက ကုန်းမျိုးနွယ်စုကို အပြီးတိုင် နှိမ်နင်းသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ကုန်းမျိုးနွယ်စုရဲ့ ပြင်းထန်တဲ့ ခုခံမှုကိုခံခဲ့ရတယ် ...
... နောက်ဆုံးမှာတော့ ထိုက်ချင်းဂိုဏ်း တစ်ခုလုံးက အလုံးအရင်းနဲ့ ကျူးကျော်လာပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ် ...
... မရေမတွက်နိုင်တဲ့ အလောင်းတွေနဲ့ သွေးမြစ်ကြီးတွေ ထွက်ပေါ်တာမို့ နောက်ဆုံးမှာ တောင့်မခံနိုင်တော့ဘဲ ... ထိုက်ချင်းဂိုဏ်းထံ လက်နက်ချအညံ့ခံဖို့ ရွေးချယ်ခဲ့ရတယ်။”
“ ဒါဆို ဒီလိုပဲပေါ့။ ”
ထိုက်ချင်းဂိုဏ်းသည် ကုန်းမျိုးနွယ်ကို အဘယ်ကြောင့် ရက်စက်စွာသတ်ဖြတ်ခဲ့သည့် ဖြစ်စည်ကို ကောင်းစွာ နားလည်လိုက်၏။
ဤသည်မှာ ဝမ်ယဲ့နှင့် သက်ဆိုင်ချေပြီ။ ထိုစဉ်ကကုန်းမျိုးရိုးသည် ဝမ်ယဲ့လက်အောက်၌ သစ္စာရှိစွာ အမှုထမ်းခဲ့ဖူး၏။
ဤအချက်တစ်ခုတည်းနှင့်ပင် ထိုက်ချင်းဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေသည်။
ထို့နောက် တန်လင်းချီက ကျောက်စိမ်းတံဆိပ် အမှတ်အသားတစ်ခုကို ထုတ်ယူပြီး စုရီထံပေးလိုက်သည်။
“ တာအိုမိတ်ဆွေ ... ဒါက ကောင်းကင်ဘုံအမဲလိုက်ပွဲမှာ ပါဝင်ခွင့်ရမယ့် ပြိုင်ပွဲဝင်လက်မှတ်ပါ ...
... ဒီတံဆိပ်ကို အသုံးပြုပြီး ကောင်းကင်ဘုံနတ်ဆိုးတောင်ကို ဝန်းရံထားတဲ့ အတားအဆီးအလွှာထဲ ဝင်ရောက်နိုင်ပါတယ် ...
... အကယ်၍ ပြိုင်ပွဲအတွင်းမှာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရရင် ဒီတံဆိပ်ကို ချေမှုန်းလိုက်တာနဲ့ ပြင်ပကို ချက်ချင်း ပို့ဆောင်ပေးလိမ့်မယ်။ ”
ထို့နောက် ဝတ်ရုံတစ်ထည်ကို ထပ်မံထုတ်ယူကာ စုရီထံသို့ ပေးအပ်ပြန်သည်။
“ ဒါက ကောင်းကင်ပုံရိပ်ရေခဲပိုးချည်နဲ့ ရက်လုပ်ထားတဲ့ တာအိုဝတ်ရုံပါ တာအိုစုရဲ့ ရောင်ဝါကို မြင့်တင်ပေးနိုင်ပါတယ် ဒါကို ဝတ်ဆင်ထားသရွေ့ ...
... သူတော်စင်ဘုရင်တွေတောင်မှ မင်းရဲ့ကျင့်ကြံမှုအဆင့် အစစ်အမှန်ကို မြင်ခွင့် မရှိနိုင်တော့ပါဘူး။ ”
ထိုစကားကြောင့် စုရီမှ မျက်ခုံးပင့်လိုက်သည်။
“ ဒါဆို မင်းက ငါ့ကို သူတော်စင်အင်မော်တယ်အဖြစ် စာရင်းပေး ထားတာလား။ ”
“ ဟုတ်ပါတယ် ... စည်းမျဉ်းတွေအရ သူတော်စင်အင်မော်တယ်ကသာ စမ်းသပ်မှုကို ခံယူစရာမလိုပဲ တိုက်ရိုက် ဝင်ခွင့်ရမှာပါ ...
... ဒီအဖိုးကြီးအမြင်အရတော့ ... တာအိုစုဟာ ဒါကို လုံးဝ ဂရုစိုက်စရာမလိုပါဘူး မင်းရဲ့ခွန်အားက သူတော်စင်အင်မော်တယ်ကို အလွယ်တကူ သတ်ဖြတ်နိုင်တာပဲ။ ”
ဤစကားကြောင့် စုရီမှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ ပုံမှန်အားဖြင့် ကျင့်ကြံမှုမြင့်မားသူများသည် သူတို့၏အဆင့်ကို နိမ့်ချကာ ဟန်ဆောင်၏။
ဝက်ယောင်ဆောင်ကာ ကျားသားစားကြသည်။ ယခုမူ တန်လင်းချီမှ အမည်ခံအင်မော်တယ်တစ်ပါးကို သူတော်စင် အင်မော်တယ်အဖြစ် အယောင်ဆောင်စေ၏။
အနည်းငယ် ထူးဆန်းပြီး ရယ်စရာကောင်းနေချေသည်။ သို့သော် ဤသို့ အသေးအဖွဲကိစ္စများကို သူ ဂရုမစိုက်ချေ။ တန်ပေါင်အာက ဘေးမှဝင်၍၊
“ အဖိုး ... ဒေါ်လေးယုယန်က တာအိုစုတစ်ယောက် အမည်ခံအင်မော်တယ် အဆင့်မှာပဲ ရှိတယ်ဆိုတာ သိထားတယ် ... တကယ်လို့ သူမကသာ ... ။ ”
“ စိတ်မပူနဲ့ ... နောက်မှ သူမနဲ့ ငါ သေသေချာချာ စကားပြောပြီး သူမနှုတ်လုံနေဖို့ သေချာစေလိုက်မယ်။ ”
ထိုနောက် ခဏမျှ ဆက်လက် စကားစမြည်ပြောဆိုပြီးနောက် တန်လင်းချီက စုရီကို ခေါ်ဆောင်ကာ တည်းခိုရန်စီစဉ်ပေး လာတော့သည်။
တန်လင်းချီပြန်သွားချိန်၌ စုရီသည် ကုလားထိုင်ထုတ်ယူကာ သက်တောင့်သက်သာ လှဲလျောင်းလျက် စားပွဲပေါ်မှကျောက်စိမ်းပြား တစ်ချပ်ကို ကောက်ယူစစ်ဆေးလိုက်၏။
ဤသည်မှာ ကောင်းကင်ဘုံ အမဲလိုက်ပွဲသို့ ဝင်ရောက်ကြမည့် လူငယ်များအမည်စာရင်းနှင့် နောက်ခံအချက်အလက်များပေပင်။
ထိုအမည်စာရင်းအတွင်း လူငယ်တစ်ယောက်အမည်ကို သတိထားမိကာ မျက်မှောင်ကြုတ်လိုက်တော့သည်။
“ ချူးပိုင်တန် ... ။”
***