အခန်း ၁၂၃၀
Vol. 103 Ch. 1230
အခန်း ၁၂၃၀ -
ကောင်းကင်ဘုံ အမဲလိုက်ပွဲဖွင့်လှစ်ခြင်း။
ချူးရှန်တျန်။ ဤသည်မှာ လေဟာနယ်သတ်ဖြတ်ခြင်း ဧကရာဇ်ဖြစ်သည်။ ထာဝရညတိုက်ပွဲ၌ ဝမ်ယဲ့ကိုတိုက်ခိုက်ခဲ့သော ရန်သူများထဲမှ တစ်ဦးဖြစ်သည်။
အရှေ့ပင်လယ် မိုးပြာနန်းတော်၏ ဘိုးဘေးတစ်ဦးဖြစ်ကာ အင်မော်တယ်နယ်ပယ် အထွတ်အထိပ်တွင် တည်ရှိသူဖြစ်သည်။
နဂါးနက်ဈေးမှ မထွက်ခွာမီ အရှေ့ပင်လယ်သို့ ခရီးထွက်ခဲ့ပါက နဂါးနီကို လိုက်ပါပေးရန် တောင်းဆိုခဲ့ဖူး၏။
ဤသည်မှာ နဂါးနီသခင်၏ မျိုးဆက်သွေးစွမ်းအားဖြင့် မိုးပြာနန်းတော်မှ ထိုအဖိုးကြီးကို ရှာဖွေရန်ဖြစ်သည်။
ဤအဖိုးကြီးသည် နတ်ဘုရား ကပ်ဘေးကိုရှောင်ရှားရန် ပုန်းအောင်နေချေပြီ။ ယခုအချိန်၌ ထိုအဖိုးကြီး၏မျိုးဆက်ဖြစ်သော တစ်စုံတစ်ဦးကို မြင်တွေ့ရခြင်းမှာ ကြီးစွာသော ကံကောင်းမှုပေပင်။
ဤခရီးစဉ်သည် အမှန်ပင်တန်ဖိုးရှိလှ၏။ ထိုအတွေးဖြင့် မေးစေ့ကို သာသာပွတ်သပ်ကာ တိတ်ဆိတ်သွားတော့သည်။
ငါးရက်ကြာပြီးနောက် ကောင်းကင် နတ်ဆိုးတောင်နှင့် မဝေးလှသောအရပ်တွင် တည်ဆောက်ထားရှိသော ယဇ်ပလ္လင်ကြီးပေါ်၌ အတက်အကျလှိုင်းများထွက်ပေါ်လာ၏။
များမကြာခင် လေဟာနယ်ကို ခွဲလျက် ကြီးမားလှသော ရတနာသင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာသည်။ ယင်းသည် ပေတစ်သောင်း ရှည်လျားလှ၏။
အဖွဲ့ကို ဦးဆောင်လာသူများမှာ တန်မျိုးနွယ်စု၊ ထိုက်ချင်းဂိုဏ်း၊ ထိုက်ယီဂိုဏ်း နှင့် လျန်ဟွာဘုံကျောင်းကဲ့သို့သော အင်အားစုများပေပင်။
ကျန်သူများသည် ကောင်းကင်ဘုံ အမဲလိုက်ပွဲသို့ ဝင်ရောက်ကြမည့် ပြိုင်ပွဲဝင်များ ဖြစ်၏။ အရေအတွက်အားဖြင့် တစ်ထောင်ကျော်ချေပြီ။
သူတော်စင်အင်မော်တယ်တစ်ပါးသည် ဒေသကြီးတစ်ခုကိုပင် အုပ်စိုးနိုင်၏။ ထို့ကြောင့် ထိုအဆင့် တန်ခိုးရှင်ကို မြင်တွေ့နိုင်ရန် မလွယ်ချေ။
ဤသို့ သူတော်စင် အင်မော်တယ်ပေါင်း တစ်ထောင်ကျော်ကို တပြိုက်နက်တည်းပင် မြင်တွေ့နေရသည်မှာ မည်မျှ ခမ်းနားကြောင်း ပြောနိုင်ချေပြီ။
စုရီသည် ရိုးရှင်းသော အနက်ရောင် တာအိုဝတ်ရုံကို ဆင်မြန်းထားပြီး၊ ဆံပင်များကို ဦးခေါင်းထက်တွင် စနစ်တကျ ထုံးဖွဲ့ထားသည်။ သူ့သဏ္ဌာန်က သာမန်မျှသာ ဖြစ်ပြီး လူအုပ်ထဲ လုံးဝပျောက်ကွယ်နေ၏။
အဝေးတွင် ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်နေပြီး မျက်စိတစ်ဆုံးကျယ်ပြန့်သော တောင်တန်းကြီးတစ်ခု ရှိနေသည်။ မိုးကြိုးများ တဖျပ်ဖျပ်လက်ခနဲနေပြီး အနက်ရောင်မြူများ ပျံ့နှံ့ဖုံးလွှမ်းနေချေ၏။
သာမန်လူများ အန္တရာယ်များသော တားမြစ်နယ်မြေဖြစ်ပြီး ကျင့်ကြံသူများအတွက် အခွင့်အလမ်းရှာဖွေရာအရပ်ကြီးပေပင်။
စုရီတစ်ယောက် ဝေးလံလှသော ထိုကောင်းကင်နတ်ဆိုးတောင်ကြီးကို စူးစမ်း နေခဲ့သည်။ သူ့အတိတ်ဘဝတုန်းက ဤသို့သော ကောင်းကင်ဘုံအမဲလိုက်ပွဲကို ပါဝင်ခဲ့ခြင်း မရှိခဲ့ချေ။
သို့သော် ဤတောင်၏ အကြောင်းကိုမူ ကောင်းစွာ ကြားဖူးထားသည်။ ဤတောင်ကြီး အောက်ခြေတွင် ရှေးဦးခေတ်နတ်ဘုရားများနှင့် နတ်ဆိုးကြီးများ၏ ရုပ်ကြွင်းများ ရှိနေသည်။
တောင်တန်းတစ်ခုလုံးသည် ထိုနတ်ဘုရားနှင့် နတ်ဆိုးများ၏ သွေးများဖြင့် စွန်းထင်းနေခဲ့ပြီး အင်မော်တယ်များ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ပျက်စီးစေလောက်အောင် ပြင်းထန်သော မကောင်းဆိုးဝါးချီများရှိသည်။
ထို့ကြောင့် တောင်တန်းကြီးအတွင်း၌ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲများ ရှင်သန်နေထိုင်ကြသည်။
အရေအတွက်အားဖြင့် များပြားလွန်းသောကြောင့် ထိုသားရဲကြီးများကို အမြစ်ပြတ်ချေမှုန်းရန် မဖြစ်နိုင်သလောက်ပင်။
ဤမျှကြောက်စရာကောင်းသော နတ်ဆိုးကြီးများ၏ ဂူများသည် မရဏဇုန်များ ဖြစ်ချေ၏။ သို့သော် တစ်ဖက်တွင် ရှားရှားပါးပါး နတ်ဆေးပင်များနှင့် ရတနာပစ္စည်းများစွာလည်း ထွက်ရှိလာတတ်ပေသည်။
သည်ပြင် ကျင့်ကြံသူများအမြင်တွင် ဤနတ်ဆိုးသားရဲကြီးများသည် ခေါင်းမှသည် ခြေဖျားအထိ ရတနာများ ဖြစ်နေချေပြီ။
၎င်းတို့၏ အရိုး၊ အရေပြား၊ သွား၊ ကိုယ်တွင်းအင်္ဂါနှင့် ခြေသည်းများစသည်တို့မှာ အလွန်ကောင်းမွန်သော နတ်ဆိုးလက်နက် ပြုလုပ်ရန် ပါဝင်ပစ္စည်းများ ဖြစ်ကြ၏။
နတ်ဆိုးအမြုတေနှင့် ရှားပါးသော မျိုးဆက်သွေးများသည်လည်း ရရှိနိုင်ပေမည်။ ကောင်းကင်ဘုံအမဲလိုက်ပွဲ၏ ရည်ရွယ်ချက်မှာ ထိုနတ်ဆိုးများကို အမဲလိုက်ရန် ဖြစ်သည်။
၎င်းအမဲလိုက်ပွဲမှ ရရှိလာမည့် နတ်ဆိုးသားရဲအမြုတေများ အရေအတွက်နှင့် အရည်အသွေးတို့သည် ပြိုင်ပွဲဝင်တစ်ဦး၏ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ပေးသည်။
ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်သူများကို မြောက်မြားစွာသော ဆုလာဘ်များပေးအပ်မည် ဖြစ်သည်။
“ ဦးလေးတန်က မင်းနောက်ကို လိုက်ဖို့ ပြောထားပေမယ့် တကယ်ဆို မင်းငါ့စကားကို နားထောင်သင့်တာမဟုတ်လား။ ”
ရုတ်တရက် တန်ယုယန်က စုရီထံ အသံပေးပို့လာသည်။ ထို့ကြောင့် ပြုံးလိုက်ပြီး စုရီမှ၊
“ ရှေးဦးခေတ်က တည်ရှိခဲ့တဲ့ လျှို့ဝှက်နယ်မြေက ကောင်းကင်ဘုံ နတ်ဆိုး တောင်ရဲ့ ဘယ်နေရာမှာရှိလဲဆိုတာ မင်း သိလား။ ”
- ဟု ပြန်လည်မေးလိုက်၏။
“ ငါ သိတယ်။ ”
တန်ယုယန်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
“ ဒီပွဲကို မပါဝင်ခင်တည်းက ငါ အချက်အလက်တွေ စုဆောင်းထားတယ် ငါ့ရဲ့ မျိုးနွယ်စုအကြီးအကဲတွေကလည်း အတိတ်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲရဲ့ အချက်အလက်တွေကို ပေးအပ်ထားတယ် ... ။ ”
သူမ၏ စကားလုံးများထဲတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် မာနတရားများ ရောယှက်နေတော့၏။ စုရီက ခေါင်းညိတ်ပြလျက်၊
“ ကောင်းပြီ ... ဒါဆိုရင် အားလုံး အဆင်ပြေပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
စုရီထံမှ ပူးပေါင်းဆောင်ရွက်လိုသော သဘောထားကိုမြင်ချိန်တွင် တန်ယုယန်၏ အမူအရာမှာ သိသိသာသာ နူးညံ့သွား၏။ သူမက ဆက်သွယ်ရေး သင်္ကေတတစ်ခု ထုတ်ယူကာ ပေးအပ်လျက်၊
“ ဟိုရောက်ရင် ဒီသင်္ကေတကိုသုံးပြီး ငါ့ကိုချက်ချင်း ရှာဖွေနိုင်တယ် ... မှတ်ထားပါ သုံးရက်အတွင်း ငါနဲ့လာပြီးပူးပေါင်းရမယ်။ ”
-ဟု မှာကြာလိုက်သည်။
စုရီက တံဆိပ်ပြားကို လက်ခံ၏။ သူမ၏စကားများအရ အစီရင်သည် သူတို့ကို ကျပန်းပို့ဆောင်မည့်ပုံပေပင်။
များမကြာခင် လူအုပ်ကြီးသည် ကောင်းကင်နတ်ဆိုးတောင်နှင့် မဝေးလှသော ကျယ်ပြန့်လှသည့် လေ့ကျင့်ရေးကွင်းပြင်ကြီးသို့ ရောက်ရှိလာခဲ့ကြသည်။
ဤနေရာတွင် စုရီ၏ အကြည့်သည် လူအုပ်ကြီးကို ဖြတ်ကျော်လျက် လူတစ်ဦးထံသို့ လျင်မြန်စွာ ကျရောက်သွားခဲ့သည်။
အရပ်ရှည်ရှည်ပိန်ပိန်၊ ဆံပင်နှင့် မုတ်ဆိတ်မွှေးများ သန်မာလှသော လူရွယ် တစ်ဦး ပေပင်။
ကျောပေါ်တွင် လှံရှည်ကြီးတစ်စင်းကို ပိုးထားကာ မျက်ဝန်းများသည် ရွှေရောင်မီးခွက် တစ်စုံအလား ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ဖြာထွက်နေသည်။
ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသော သွေးနှင့်ချီ၏ ကြောက်မက်ဖွယ် ဖိအားကြောင့် ပတ်ဝန်းကျင်လေဟာနယ်မှာ တုန်ခါနေချေပြီ။
ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားသည့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ပါးကဲ့သို့ပေပင်။
သူ့အနားသို့ ဘေးပတ်ဝန်းကျင်ရှိ အခြားသော သူတော်စင်အင်မော်တယ်များမှ ချဉ်းကပ်ရန် မဝံ့မရဲဖြစ်စေသည်။
မည်သည့် မိတ်ဆက်မှုမျှ မလိုဘဲ ထိုလူရွယ်၏သွေးနှင့်ချီအပေါ် ကြည့်ရုံမျှဖြင့် ချက်ချင်း မှတ်မိလိုက်သည်။ ဤသည်မှာ ချူးပိုင်တန်ဆိုသူပေပင်။ အရှေ့ပင်လယ် မိုးပြာ နန်းတော်၏ မျိုးဆက်တစ်ယောက်ဖြစ်သည်။
ချူးပိုင်တန်သည် စုရီက အကြည့်ကိုလက်ခံရရှိသဖြင့် လှည့်ကြည့်လာ လေသည်။ ထိုခဏ၌ လွှမ်းမိုးချုပ်ကိုင်လိုသော ဖိအားလှိုင်းကိုလည်း ထည့်သွားထားခဲ့၏။
သို့သော် စုရီရောင်ဝါသည် သူ့အတွက် ထိုက်တန်သော ပြိုင်ဘက်မဟုတ်ကြောင်းကို ပြသနေသဖြင့် ပြန်လည်ရုတ်သိမ်းသွားသည်။
စုရီက ဝိုင်တစ်ငုံသောက်လျက်၊
“ ဒီကလေးရဲ့ အရှိန်အဝါက အဲဒီရွံ့စရာအဘိုးကြီးချူးနဲ့ တကယ်ကို ဆင်တူတယ် ... ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
များမကြာမီ စုရီ အကြည့်များသည် အခြားတစ်ဖက်ရှိ ကုန်းနန်ဖန်းထံ ကျဆင်းသွား လေသည်။ ရွှေရောင်ဝတ်ရုံနှင့် မြင့်မားသော သရဖူကို ဆင်မြန်းထားပြီး မျက်နှာသွင်ပြင်မှာ အားမန်အပြည့်ပေပင်။
ထိုနေရာတွင် ပေါ့ပေါ့ပါးပါး ရပ်နေသော်လည်း ရောင်ဝါမှာ ကောင်းကင်နှင့် မြေကြီးကြားချိတ်ဆက်လျက် တောင်ကြီး တစ်လုံးကဲ့သို့ ခိုင်မာခမ်းနားနေပေသည်။
ကြက်အုပ်ထဲမှ ကြိုးကြာငှက် တစ်ကောင်ကဲ့သို့ ထူးခြားထင်ရှားနေစေသည်။
“ တကယ်ပဲ ကျင့်ကြံမှုအခြေခံ နက်ရှိုင်းလွန်းပြီးခိုင်မာတာပဲ သူ့ရဲ့အနှစ်သာရ၊ စွမ်းအင်နဲ့ စိတ်ဓာတ်က လုံးဝ ပြီးပြည့်စုံစွာ ပေါင်းစည်းနေပြီ ...
... အင်မော်တယ်မြေမှာ ကျော်ကြားတဲ့ ပြိုင်ဘက်ကင်း ... သူတော်စင်အင်မော်တယ် တစ်ပါးဖြစ်ဖို့ တကယ်ထိုက်တန်တယ်။ ”
စုရီမှ တိတ်တိတ်လေး မှတ်ချက်ပေးလိုက်သည်။ ရှန်ဝူတောင်တန်းမှ ကုန်းမျိုးနွယ်စု၏ ကိစ္စနှင့်ပတ်သက်၍ သူ၏ ရင်ထဲတွင် သံသယများစွာ ရှိနေဆဲပေပင်။
“ အချိန်တန်ပြီ ... အားလုံးပဲ ကောင်းကင်နတ်ဆိုးတောင်ထဲကို ကိုယ်တိုင် ဝင်ရောက်နိုင်ပါပြီ။ ”
ထိုစဉ် ရှေးဟောင်းတန်မျိုးနွယ်စုမှ အကြီးအကဲတစ်ပါးက ကျယ်လောင်စွာ ကြေငြာ လိုက်တော့သည်။
“ ဝှစ် ... ။ ”
ချက်ချင်းဆိုသလိုပင် အလင်းတန်းများအလား ပြိုင်ပွဲဝင်များမှာ အပြေးအလွှား ပျံသန်းကုန်သည်။
“ မှတ်ထားပါ သုံးရက်အတွင်း ငါ့ကိုလာတွေ့ပါ ... မဟုတ်ရင် ငါမင်းကို ထားခဲ့လို့ အပြစ်မတင်နဲ့။ ”
ထိုစဉ် တန်ယုယန်သည် စုရီထံ အသံပေးပို့လျက် လေထံလှမ်းတက်လိုက်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူမ နောက်တွင် အခြားသော တန်မျိုးရိုးမှ သူတော်စင်အချို့ လိုက်ပါသွားချေ၏။
***