← Chapters

အခန်း ၁၂၃၂

Vol. 103 Ch. 1232

အခန်း ၁၂၃၂

Vol. 103 Ch. 1232

အခန်း ၁၂၃၂ -

မုဆိုးများကြားမှ မုဆိုး ... ။

စကားပြောဆိုလိုက်သောသူမှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် အပြာရောင် ဝတ်စုံကို ဆင်မြန်းထားပြီး မျက်ဝန်းအစုံ၌ အပြုံးတစ်ပွင့် ရှိနေချေပြီ။

သူ၏ အမူအရာသည် လွန်စွာ နူးညံ့သိမ်မွေ့ပြီး လာရောက်အကူအညီတောင်း သကဲ့သို့ ဖော်ရွေပြနေသည်။

သူ့နောက်ထံပါးမှ သူတော်စင် အင်မော်တယ်နှစ်ပါးသည်လည်း လှေင်ပြောင် သကဲ့သို့ စိုက်ကြည့်လာ၏။

“ ငါ မကူညီဘူးဆိုရင်ကော ... မင်းတို့ ဘာလုပ်မလဲ။ ”

“ မဟုတ်ဘူး မင်း ကူညီချင်သည်ဖြစ်စေ၊ မကူညီချင်သည်ဖြစ်စေ သေချာပေါက်ကို ကူညီ ပေးရမယ်။ ”

ထိုစဉ် ရုတ်တရက်ဆိုသလို အဝေးတစ်နေရာထံမှ စူးရှလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ ဟမ့် ... မကောင်းတော့ဘူး။ ”

သူတော်စင် အင်မော်တယ်တစ်ပါးသည် ငရဲမီးတောက်ရေခဲကြာပန်းကို အတင်းအကျပ် သွားရောက်ယူငင်ရန် ကြိုးစားနေရာမှ လောင်မြိုက်ခံလိုက်ရခြင်းဖြစ်သည်။

“ ခရစ် ... ။ ”

ထိုသို့အရေးကြီးလှသော အချိန်တွင် တံဆိပ်ပြားကို ချေမွလျက် ပြင်ပသို့ ထွက်ခွာ သွား‌တော့၏။

ဤမြင်ကွင်းကြောင့် လူတိုင်း တိတ်ဆိတ်ကုန်သည်။ မည်သူမျှ ပေါ့ပေါ့ဆဆ မလုပ်ရဲကြတော့ချေ။ အပြာရောင်ဝတ်စုံဝတ် အမျိုးသားမှလည်း မျက်မှောင်ကြုတ်လျက်၊

“ မင်း မလှုပ်ရှားသေးဘူးလား။ ”

-ဟု စုရီကို လှည့်ကာ ဖိအားပေး၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် စုရီသည် ပြုံးလျက် ခြေတစ်လှမ်းတိုးလိုက်ပြီး လက်ဖဝါးဖြင့် လေထဲ လှမ်းကုပ်ဆွဲလိုက်သည်။

လက်ချောင်းများသည် နဂါးခြေသည်းကြီးများကဲ့သို့ ဟင်းလင်းပြင်ထဲ၌ ဖြန့်ကျက်ကာ အပြာဝတ်အမျိုးသား၏ လည်ပင်းထံ ကုပ်ဆွဲသွား၏။

လွန်စွာ ရိုးရှင်းပြီး ထိရောက်လှသော ဖမ်းဆီးမှုပေပင်။ အပြာရောင်ဝတ် အမျိုးသားမှာ ကြက်တစ်ကောင်အလား အဖမ်းခံလိုက်ရ၏။

“ မင်း ... ။”

ကျန်ရှိနေသော သူတော်စင် အင်မော်တယ်နှစ်ပါးခမျာ အပြုံးများရုတ်ချည်း အေးခဲသွားပြီး အံ့အားသင့်လွန်းသဖြင့် မှင်သပ်ကုန်တော့သည်။

ထိုအပြာရောင်ဝတ် အမျိုးသားသည် သူတော်စင်အင်မော်တယ် နှောင်းပိုင်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

သူ့ကျင့်ကြံမှုအုတ်မြစ်သည် ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်များနှင့် မယှဉ်နိုင်သေး သော်လည်း ထိပ်တန်းအဆင့် ရှိနေဆဲပေပင်။

ထို့ကြောင့် ဤကဲ့သို့တစ်စုံတစ်ဦးကို မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝဖိနှိပ်ထားပြီး အသက်ရှင်လျက် ဖမ်းဆီးနိုင်လိမ့်မည်ဟု ထင်မှတ်မထားသည်မှာ သဘာဝပေပင်။

“ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ ... ငါမှားပါတယ် သေချာပေါက် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်။”

အပြာရောင်ဝတ်စုံဝတ် အမျိုးသားက တုန်တုန်ယင်ယင်ဖြင့် ချက်ချင်းတောင်းပန်ကာ တိုးလျှိုးလာလေသည်။

သူ့မျက်နှာသည် သေလောက်အောင် ဖြူဖျော့နေပြီး နဖူးထက်တွင် အေးစက်လှသော ချွေးစက်များ စီးကျနေချေ၏။ မိမိသည် လုံးဝ မစော်ကားသင့်သော တစ်စုံတစ်ဦးနှင့် ရင်ဆိုင် လိုက်ရကြောင်း နားလည်လာသည်။

“ ကောင်းပြီ ဒါဆို မင်း ငါ့အတွက် အဲဒီကြာပန်းကို သွားယူပေးပါ။ ”

စကားဆုံးသည်နှင့် ထိုအပြာရောင် ဝတ်စုံဝတ်အမျိုးသားကို ပွက်ပွက်ဆူနေသော ချော်ရည်အိုင်ကြီးထဲသို့ ပစ်ချလိုက်တော့၏။

“ မလုပ်နဲ့ ... ။ ”

အပြာရောင်ဝတ် အမျိုးသားက လေထုအလယ်တွင် ကူကယ်ရာမဲ့စွာ အော်ဟစ် ငိုကြွေးလျက် ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် အရာအားလုံး နောက်ကျသွားချေပြီ။

“ ဝုန်း ... ။ ”

မျက်စိတစ်မှိတ်အတွင်းမှာပင် ချော်ရည်လှိုင်းတစ်ခု လေထဲမြင့်တက်လာကာ ထိုအပြာရောင်ဝတ်စုံဝတ် အမျိုးသားကို တိုက်ရိုက်ဖုံးလွှမ်းသွားတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် အသားများ၊ သွေးများစသည်တို့ ကျုံ့ဝင်လောင်ကျွမ်းသွားပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် လုံးဝပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရတော့သည်။

“ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ အပြာဝတ် အမျိုးသားသည် တံဆိပ်ချိုးဖြတ်ရန် အခွင့်အရေးပင် မရှိခဲ့သည်လော။

ဤကြောက်မက်ဖွယ် မြင်ကွင်းသည် ပတ်ဝန်းကျင်မှ အင်မော်တယ်များကို တုန်လှုပ် ခြောက်ခြားသွားစေရန် လုံလောက်သည်။

စုရီက လှောင်ပြုံးဖြင့် တံဆိပ်ပြားတစ်ခုကို မြှောက်ပြလိုက်သည်။ ထိုအပြာရောင်ဝတ်စုံဝတ် အမျိုးသားကို ဖမ်းဆီးလိုက်သည့် အချိန်တွင် သူနှိုက်ယူထားခြင်းဖြစ်၏။

ဤအချက်ကပင် တစ်ဖက်လူအား ထွက်ပြေးရန်မဖြစ်နိုင်တော့ဘဲ သေဆုံးခြင်းသို့ ရောက်ရှိသွားခြင်းဖြစ်လေသည်။

“ မြန်မြန် ... ။ ”

အပြာရောင်ဝတ် အမျိုးသားနှင့်အတူ လိုက်ပါလာခဲ့သော ကျန်ရှိနေသည့် သူတော်စင် အင်‌မော်တယ်နှစ်ပါးသည် ချက်ချင်းပင် လှည့်ပြေးလေသည်။

“ ဝှစ် ... ။ ”

သို့သော် ကောင်းကင်ပေါ်မှ သက်တံအလင်းတန်းတစ်ခု ကျဆင်းလာကာ သူတို့အပေါ် လွှမ်းခြုံသွားတော့၏။

“ ခရစ် ... ။ ”

“ ခရစ် ... ။ ”

ယင်းကြောင့် တံဆိပ်များကို ချက်ချင်း ချေမွလျက်တွန့်ဆုတ်ခြင်းမရှိ ပြိုင်ပွဲမှထွက်ခွာ သွား‌လေသည်။ စုရီမှ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။

ဤကောင်းကင်ဘုံ အမဲလိုက်ပွဲတွင် တစ်စုံတစ်ဦးကို သတ်ဖြတ်လိုသော်ထိုထက်ပို၍ လျင်မြန်နေရပေတော့မည်။

“ ဝူး ... ။ ”

ထိုစဉ် ချော်ရည်ကန်ကြီးမှာ ပြင်းစွာ တုန်ခါလျက် ပတ်ဝန်းကျင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်လာချေပြီ။

ငရဲမီးတောက်ရေခဲကြာပန်းသည်လည်း ချော်ရည်ကန်ကြမ်းပြင်သို့ တဖြည်းဖြည်းနှစ်မြုပ် လာတော့၏။ ဤသည်ကို မြင်လျှင် စုရီသည် တွန့်ဆုတ်မနေတော့ဘဲ လှုပ်ရှားလိုက်သည်။

ကောင်းကင်ဆန္ဒ ဆေးမီးဖိုးသည် လေထဲထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းများ ထုတ်လွှတ်လိုက်တော့၏။

ထိုအလင်းမှုန်များသည် ငရဲမီးတောက် ရေခဲကြာပန်းကို လုံးလုံးလျားလျားဖုံးလွှမ်းကာ ပိုက်ကွန်အလား ဆွဲယူလိုက်လေသည်။

“ ဝုန်း ... ။ ”

အကျိုးဆက်အနေဖြင့် ချော်ရည်များသည် လေထဲမြင့်တက်လာပြီး စုရီအပေါ် လောင်မြိုက် ပြာချရန် ကြိုးစားတော့၏။

“ ထွက်သွား ... ။ ”

“ ဝုန်း ... ။ ”

သို့သော် စုရီမှ ဂရုမစိုက်ဘဲ လက်လှိုင်းဖြင့် ထိုချော်ရည်များကို ဆုတ်ခွာသွားစေလိုက်သည်။ သာမန်အင်မော်တယ်များကို ပြာချနိုင်သော ချော်ရည်များသည် လုံးဝဆုတ်ခွာကုန်၏။

အချိန်တွင် ကောင်းကင်ဆန္ဒမီးဖိုသည် ငရဲမီးတောက်ရေခဲကြာပန်းကို သိမ်းဆည်းရန် ပြင်ဆင်နေတော့၏။

“ ဗွက် ... ဗွက် ဗွက်။ ”

သို့သော် ရုတ်တရက် ချော်ရည်ကန်ကြီး တစ်ခုလုံး ဆူပွက်လာကာ သားရဲတစ်ကောင် အလား သောင်းကျန်းလာချေပြီ။

မီးဥပဒေများက ကောင်းကင်ပေါ် ထိုးတက်လာပြီး လေဟာနယ်ကိုပြိုကျစေ၏။ ပတ်ဝန်းကျင်ရှိ သူတော်စင်အင်မော်တယ်များ ထိတ်လန့်တုန်လှုပ်ကုန်ပြီး အလျင်အမြန်ပင် နောက်သို့ဆုတ်ခွာသွားကြတော့သည်။

စုရီတစ်ယောက် တုန်လှုပ်ခြင်း မရှိဘဲ ဓားအလင်းတစ်လက်ဖြင့် ထိုမီးဥပဒေများထံ ပစ်ခတ်ဖျက်ဆီးလိုက်သည်။ ကောင်းကင်ဆန္ဒ ဆေးမီးဖိုသည်လည်း တုန်ခါညည်းညူလာပြီး ခရမ်းရောင်အလင်းများ ပိုမိုထုတ်လွှတ်ခဲ့၏။

“ ဝှစ် ... ။ ”

ထိုစဉ် ချော်ရည်ကန်ကြမ်းပြင်ထံမှ မိုးကြိုးလျှပ်စီးတစ်စကဲ့သို့ လျင်မြန်လွန်းသော အနက်ရောင်အလင်းတန်းတစ်ခု စုရီထံသို့ ပြေးဝင်လာတော့သည်။

သို့သော် ကောင်းကင်ဆန္ဒ‌ဆေးမီးဖိုသည် ခရမ်းရောင်အလင်းများ ချက်ချင်းတိုးမြင့်လာပြီး စုရီအပေါ်သို့ ကာကွယ်ရေးတံတိုင်းတစ်ခုလို ဖုံးအုပ်ပေးသွား၏။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုအနက်ရောင်အလင်းတန်း ပုံရိပ်မှာ ထွက်ပေါ် လာလေသည်။ ဤသည်မှာ မြွေတစ်ကောင် ဖြစ်၏။

လက်မလုံးပတ်မျှ ရှိကာ ချွန်ထက်သော ဦးခေါင်းနှင့် ပါးလွှာထက်မြက်လှသည့် သွားများ ပါးစပ်အပြည့် ရှိနေသည်။ မေးရိုးအောက်တွင်မူ မုတ်ဆိတ်မွှေးများ လွင့်မျောနေချေ၏။

စုရီက ထိုအနက်ရောင်မြွေဦးခေါင်းကို လျင်မြန်စွာ ဖမ်းလှမ်းဆွဲလိုက်သည်။ ထို့နောက် အားစိုက်ပြီး ညှစ်ချပစ်လိုက်ရာ အနက်ရောင် မြွေလေးသည် ချက်ချင်းမေ့မျောသွား၏။

ထိုအချိန်မှာပင် ကောင်းကင်ဆန္ဒ ဆေးမီးဖိုသည် ငရဲမီးတောက်ရေခဲကြာပန်းကို အောင်မြင်စွာ သိမ်းယူနိုင်ပြီဖြစ်သည်။

သောင်းကျန်းလှိုင်းထန်နေသော ချော်ရည်ကန်ကြီးတစ်ခုလုံးမှာလည်း ရုတ်ချည်း ပြန်လည်ငြိမ်သက်သွား၏။

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်သွားချေပြီ။ အဝေးမှ ကြည့်ရှုနေကြသော သူတော်စင် အင်မော်တယ်များမှာ ဆွံ့အကုန်၏။

“ ဒီတာအိုလူငယ်က ဘယ်သူလဲ ... သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ။ ”

လူတိုင်း သို့လောသို့လော ဖြစ်နေစဉ် စုရီသည် အနက်ရောင်မြွေကို စစ်ဆေးလိုက်၏။ ဤမြွေသည် ဒဏ္ဍာရီလာဆင်စားမြွေ မျိုးဆက် သွေးကို ပိုင်ဆိုင်ထားချေပြီ။

သူတော်စင် အင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်နိုင်ချေ၏။

ဤမြွေ၏ နတ်ဆိုးအမြုတေသည် ဆေးဘက်ဝင်တစ်မျိုးဖြစ်သည်။ ထို့ကြောင့်ပင် ကောင်းကင်ဆန္ဒဆေးမီးဖိုအတွင်း ပစ်ထည့်လိုက်တော့၏။

“ ရွှီး ... ။ ”

ထိုစဉ် ထက်ရှပြီး လွှမ်းမိုးနိုင်စွမ်းရှိသော မြားတစ်စင်းက ရုတ်တရက် ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်လာချေပြီ။

အဟုန်သည် လျှပ်စီးအလား လျင်မြန်ကာ မိုးကြိုးကဲ့သို့ ပြင်းထန်၏။ စုရီအတွက် အချိန်မီ ရှောင်တိမ်းရန် အခွင့်အရေး မရှိခဲ့ချေ။

“ ရွှပ် ... ။ ”

စုရီမှလည်း ရှောင်တိမ်းရန် ဆန္ဒ မရှိသောကြောင့် လက်ညှိုးကိုဓားတစ်စင်းကဲ့သို့ လွှဲခုတ်ကာ တုန့်ပြန်ဟန့်ထားလိုက်သည်။

“ ကလန် ... ။ ”

“ ဘန်း ... ။ ”

ထိုမြားသည် လေထုအလယ်၌ပင် အပိုင်းပိုင်းကွဲကြေသွားခဲ့ရသည်။ မြားအတွင်း၌ ပါရှိသော လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအားမှာ စုရီထံ အနည်းငယ် စီးဝင်လာတော့၏။

လက်ချောင်းထိပ်များ လျှပ်စီးများထိမှန်သကဲ့သို့ တုန်ခါသွားသည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိချေ။

“ သတ် ... ။ ”

ဤအချိန်မှာပင် အဝေးတစ်နေရာမှ သူတော်စင်အင်မော်တယ်များ ဆယ်ဂဏန်းခန့် သူ့ထဲ ပြေးဝင်တိုက်ခိုက်လာတော့၏။

ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ ထိုက်ချင်းဂိုဏ်းမှ မာခွန်ပေပင်။ ဤနယ်မြေသို့ ဝင်ရောက်သည့်အချိန်တွင် စုရီနှင့် ဆုံဖူး၏။

“ ဝုန်း ... ။ ”

များမကြာခင် နှစ်ဦးနှစ်ဖက် စကားတစ်ခွန်းမျှ မပြောကြဘဲ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဆင်နွှဲလိုက်ကြသည်။

“ အား ... ။ ”

“ ဘန်း ... ။ ”

နေရာတိုင်းတွင် သွေးမြူများ ပေါက်ကွဲလျက်ဖြင့် သနားစဖွယ်ကောင်းအောင် နာကျင်ညည်းတွားသံများ ကြားလာရသည်။

“ မကောင်းတော့ဘူး ... ။ ”

“ မြန်မြန် ပြန်ဆုတ် ... ။ ”

မာခွန်က ချက်ချင်း အမိန့်ပေးလိုက်သည်။ ဤမြင်ကွင်းက ပတ်ဝန်းကျင်မှ လူအုပ်ကြီးကို အံ့အားသင့်စေ၏။

ဤမာခွန်သည် ထိုက်ချင်းဂိုဏ်း၏ အမာခံတပည့်တစ်ဦးဖြစ်သည်။ သူတော်စင် အင်မော်တယ်များကြား အထက်တန်းစား ရာထူးကိုရရှိထား၏။

ယခုမူ အမည်မသိသော တာအိုလူငယ်တစ်ဦးထံတွင် ကြီးစွာသော အရှုံးကို ခံစားနေရ၏။

“ ရပ် ... မင်း ငါတို့ထိုက်ချင်းဂိုဏ်းကို ဆန့်ကျင်ရဲတယ်လား ဂိုဏ်းရဲ့လက်စားချေမှုကို မကြောက်ဘူးလား။ ”

မာခွန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။ သူ့ပတ်ဝန်းကျင်ရှိ မဟာမိတ် သူတော်စင်အင်မော်တယ်များခမျာ ကြက်နှင့်ငှက်များသဖွယ် ပေါက်ကွဲပျောက်ကုန် နေချေ၏။

ယင်းက သူတို့သည် အထိန်းအကွပ်မဲ့သော နတ်ဆိုးတစ်ကောင်ကို ရန်စမိကြောင်း နားလည် လိုက်ချေပြီ။ ထို့ကြောင့် ဂိုဏ်း၏ပုံရိပ်ဖြင့် ခြိမ်းခြောက်လိုက်တော့၏။

သို့သော် စုရီသည် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အလင်းတန်းသဖွယ် ရွေ့လျားကာ ကျန်ရှိနေသူများကို ဆက်၍သတ်ဖြတ်၏။

နေရာအနှံ့ ပေါက်ကွဲနေသော အသံများကိုသာ ကြားလာရသည်။ ထို့ကြောင့် ကျန်ရှိနေသူများသည် တံဆိပ်များကို ချေမှုန်းရန် ကြိုးစားလာတော့၏။

သို့သော် မအောင်မြင်ချေ။ ဓားအလင်းတစ်လက်သည် ကောင်းကင်မှ လှိုင်းလုံးကြီးအလား ကျဆင်းလာပြီး သူတို့ကို အမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။

( ဒီကောင် နတ်ဆိုးလား ... ။ )

ဤသို့ဖြင့် တိုက်ပွဲပြီးဆုံးသွားရ၏။ ရပ်ကြည့်နေမိသော လူအုပ်ကြီးမှာ တုန်လှုပ်စွာ အသံမထွက်ဝံ့ခဲ့ချေ။ ကျောရိုးတစ်လျှောက် အေးစက်မှုများ ဝင်ရောက်လာသည်။

( ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ )

( ငါသိပြီ ဒီလူက ရှန့်မူပဲ ... တန်မျိုးရိုးရဲ့ အထူးတံဆိပ်ပြားနဲ့ ဝင်ရောက်လာတာ။ )

( ရှန့်မူ ... ဒီနာမည်ကို ငါဘာလို့ မကြားဖူးရတာလဲ။ )

လူအုပ်ကြီးမှာ အသံမထွက်ဝံ့ဘဲ နတ်အာရုံများဖြင့် ဆက်သွယ်ကာ စုရီ၏မူလ အပေါ် ဆွေးနွေးလာကြသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် စုရီသည် မြေပြင်ပေါ် ကျန်ရစ်ခဲ့သော ရတနာများကို လက်ဝှေ့ရမ်းကာ သိမ်းဆည်းလိုက်၏။ အကြမ်းဖျင်းစစ်ဆေးရုံဖြင့် သားရဲအမြုတေ တစ်ရာခန့် ရှိနေကြောင်းကို သတိထားမိလိုက်လေသည်။

နတ်ဆိုးသားရဲများကို အမဲလိုက်ခြင်းထက် ပြိုင်ပွဲဝင်များအပေါ် အမဲလိုက်ခြင်းသည် မည်မျှ ကောင်းမွန်မှန်း မြင်သာနေ၏။

ထို့ကြောင့်ပင် ဤကောင်းကင်ဘုံ အမဲလိုက်ပွဲကြီးတွင် အသေအပျောက်များပြား နေကြခြင်းဖြစ်လေသည်။

***

All Chapters