← Chapters

အခန်း ၁၂၃၄

Vol. 103 Ch. 1234

အခန်း ၁၂၃၄

Vol. 103 Ch. 1234

အခန်း ၁၂၃၄ -

ဗောဓိတစ်သောင်းကျမ်း ... ။

ထိုမြင်ကွင်းကြောင့် ထွက်မသွားသေးသော လူအုပ်ကြီးမှာ အမူအရာများ ပြောင်းလဲသွား၏။ နောက်ထပ် ကံဆိုးသူတစ်ဦးပေပင်။

“ ဒီကလေး ကံဆိုးပြီ။ ”

ဆွမ်းသပိတ်ဖြင့် ဦးခေါင်းတွင် ဘုကြီးတစ်လုံးထွက်အောင် ထုနှက်ခံရသော သူတော်စင် အင်မော်တယ်မှ ရွှင်မြူးသွား၏။

“ တကယ်မိုက်မဲတာပဲ ... ဘာလို့များမထွက်ပြေးရတာလဲ။ ”

အခြားသော သူတော်စင် အင်မော်တယ်တစ်ဦးသည် သက်ပြင်းချလျက် စကားဆိုလိုက်လေသည်။

တစ်ဖက်တွင် စုရီသည် တည်ငြိမ်စွာဖြင့် ဘုန်းကြီးကျိုးယွင်ကို စောင့်ဆိုင်းနေတော့၏။ ယင်းကြောင့် ဘုန်းကြီးကျိုးယွင်ပင် အနည်းငယ် အံ့အားသင့်သွားရချေပြီ။

ထို့ကြောင့် စုရီနှင့်ဆယ်လှမ်းခန့်အကွာတွင် ခြေလှမ်းများရပ်တန့်လိုက်ကာ နူးညံ့ပျူငှာသော အပြုံးမျိုးဖြင့်၊

“ ဒကာလေး ... ဘာလို့ထွက်မပြေးတာလဲ။ ”

-ဟု စူးစမ်းလေသည်။ စုရီက သူ့ကဲ့သို့ပင် ပြန်လည်ပြုံးပြလိုက်ကာ၊

“ ငါလည်း ကရုဏာတရားကြီးမားတဲ့ တာအိုကျင့်ကြံသူ သူတော်စင်တစ်ယောက်ပါ မင်းကို သနားကရုဏာသက်ပြီး အခွင့်အရေး တစ်ခုပေးမလားလို့ပါ။ ”

-ဟု ပြန်လည်ဖြေကြားလိုက်သည်။ ဘုန်းကြီးကျိုးယွင်တစ်ယောက် အနည်းငယ်မျှ ဆွံ့အသွားပြီး၊

“ ဒါဆို ... ဒကာတော်အနေနဲ့ နတ်ဆိုးသားရဲအမြုတေတွေကို ဒီဘုန်းကြီးဆီ လှူဒါန်းပေးဖို့ဆန္ဒရှိနေတာလား။ ”

-ဟု မေးမြန်းပြန်၏။

“ သဘာဝပါပဲ ... ။ ”

စုရီက ပြုံးပြီး ခေါင်းညိတ်၏။ ထို့နောက် နတ်ဆိုးသားရဲအမြုတေတစ်ခုကို ထုတ်ယူကာ သူ့ခြေထောက်နားထံ ပစ်ချလိုက်သည်။

“ ဘုန်းကြီး ... လှူဖွယ်ပစ္စည်းကို လက်ခံပေးပါ၊ ပြီးရင် ငါ့ကို ဆုတောင်းပေးဖို့ မမေ့ပါနဲ့။ ”

“ ..... ။ ”

ဘုန်းကြီးကျိုးယွင်မှ မြေပြင်ရှိ နတ်ဆိုးသားရဲအမြုတေထံ စိုက်ကြည့်ပြီးနောက် တဖြည်းဖြည်း မျက်မှောင်ကြုတ်သွားခဲ့သည်။

အဆုံး၌ ဒေါသအရိပ်အယောင်များ ယှက်သန်းလာခဲ့ပြီး လက်ထဲရှိ ဆွမ်းသပိတ်ထံ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိ၏။

သည့်နောက် စုရီခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားသည့်အလား ရွှေရောင်မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ၊

“ ဒကာလေး ... ဒီဘုန်းကြီးကို နှိမ့်ချချင်နေတာလား အလှူရှင်က မြေပြင်ကို ပစ်ချပြီ လှူရသလား။ ”

-ဟု မေးမြန်းပြန်၏။

“ ဟားဟားဟား မဟုတ်ပါဘူး ... ငါ တကယ်ပဲ သဒ္ဒါတရားရှိတာမို့ ကရုဏာတရား ကြီးကြီးမားမားနဲ့ ပေးလှူနေတာပါ ... မင်းယူပါ မင်းဒီလို တောင်းစားနေတာကိုမြင်တော့ ငါ့နှလုံးသားက လျစ်လျူမရှုနိုင်ပါဘူး။ ”

“ သူတောင်းစားလား ... ။ ”

စုရီစကားအသုံးအနှုန်းကြောင့် လူတိုင်း အံ့အားသင့်လျက် အချင်းချင်း ပြန်ကြည့်လိုက် ကြလေသည်။

ဤသည်မှာ လုံးဝရန်စခြင်းမည်၏။ ဘုန်းကြီးကျိုးယွင်၏ ထိုဆွမ်းသပိတ်သည် ယင်းကို သည်းခံနေမည်မဟုတ်ချေ။

သို့သော် သူတို့ကိုအံ့အားသင့်စေသည်မှာ ဆွမ်းသပိတ်ကြီးသည် ‌ကျောက်တောင်ကြီးလို ငြိမ်သက်နေဆဲဖြစ်သည်။

ဆိုလိုသည်မှာ ဘုန်းကြီးကျိုးယွင် တစ်ယောက် ဤအကြိမ်တွင်လက်မပါခဲ့ချေ။ ထိုမျှမက စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ လှည့်၍ထွက်ပြေးသွားလေသည်။

“ ရပ်ပါဦး ... မင်းပဲ ငါတို့အချင်းချင်း ဆုံတွေ့တာဟာ အတိတ်ဘဝရေစက်ကြောင့်လို့ ပြောခဲ့တာမဟုတ်ဘူးလား ... ။ ”

စုရီမှ လေထဲလှမ်းတက်ကာ ချက်ချင်းပင် လိုက်လံဖမ်းဆီးတော့၏။ ဘုန်းကြီးကျိုးယွင်မှ တုန့်ဆိုင်းခြင်းမရှိဘဲ၊

“ ဒါက ရေစက်ကြောင့်ဆိုရင်တောင် မကောင်းတဲ့ရေစက်ပါပဲ ငါ့မှာကိစ္စလေးတွေ ရှိနေသေးတာမို အရင်သွားနှင့်ပြီ မင်းသာ ငါ့နောက်ကို ထပ်လိုက်လာရင်တော့ ...

... ငါ့ကို အင်မော်တယ်ဘုရင်အဆင့် လက်နက်တွေနဲ့ အနိုင်ကျင့်မိတော့မှာမို့ အပြစ် မတင်ပါနဲ့။ ”

-ဟု ပြန်လည်အော်ဟစ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူးကုန်၏။ ဤဘုန်းကြီးဓားပြသည် အမှန်ပင် ထွက်ပြေးနေချေပြီ။ လုံးဝလုံးဝ အရှက်မဲ့လွန်း၏။

သူ့အဆင့်အတန်းသည် ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်အဖြစ် သတ်မှတ်ခံ ရသူတစ်ပါးဖြစ်သည်။

ယခုကဲ့သို့ အမည်မရှိ တစ်စုံတစ်ယောက်လက်မှ ခွေးပြေး ဝက်ပြေး ပြေးနေသည်မှာ ယုံနိုင်စရာမရှိချေ။

“ ကလန် ... ။ ”

လူတိုင်း သံသယဝင်နေစဉ် ကောင်းကင်ယံတစ်ခုလုံး တုန်ဟည်းလျက် ဓားမြည်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ ဝုန်း ... ။ ”

မီတာထောင်ပေါင်းများစွာ အကွာတွင် ဓားအလင်းတစ်လက် ဖြတ်သန်းသွားခဲ့သည်ကို မြင်လိုက်ရသည်။ ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွား၏။

ရုတ်ချည်း ဘုန်းကြီးကျိုးယွင်အသွင် ပြန်လည်ထွက်ပေါ်လာသည်။ အကြောင်းမှာ ဓားအလင်းသည် သူ့ရှေ့မှ လေဟာနယ်ကို ပိုင်းဖြတ်ထားသောကြောင့် ပေပင်။

ဆိုလိုသည်မှာ သူသည်သာ အချိန်မီ မရပ်တန့်သော် ထိုအက်ကြောင်းသည် သူ့ခန္ဓာ ဖြစ်သွားပေမည်။

“ သေချာ‌ပေါက် ဝက်ယောက်ဆောင်နေတဲ့ ကျားပဲ။ ”

ဓားချက်အတွင်း၌ ပါရှိသော စွမ်းပကားများကို အာရုံခံမိလိုက်သည့်အခါတွင် ဘုန်းကြီးကျိုးယွင်သည် ကျောပြင်တစ်ခုလုံး အေးစက်လာတော့သည်။

ထိုစဉ်က တစ်ဖက်လူနှင့် စကားပြောဆိုနေစဉ်အတွင်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ဗီဇအသိအရ ခန့်မှန်းနိုင်ခဲ့၏။

ယင်းကြောင့် တွန့်ဆုတ်မနေဘဲ ချက်ချင်း ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်းပေပင်။ ဤဓားမှာ သူ့ခန့်မှန်းချက် လုံးဝမမှားကြောင်း သက်သေပြနေသည်။

“ ငါက မင်းကို သဒ္ဒါတရားအပြည့်နဲ့ လှူဒါန်းနေတာကို ... မင်းက ကျေးဇူးမတင်တဲ့ အပြင် ထွက်ပြေးသွားတာက ငါ့ကို မျက်နှာ မပျက်စေလွန်းဘူးလား။ ”

စုရီပုံရိပ်က ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ရှိနေချေပြီ။

“ ငါ ... အခု အဲဒီလှူဖွယ်ပစ္စည်းကို ငြင်းပယ်ချင်ရင် ... အဆင်ပြေနိုင်ဦးမလား။ ”

“ မဟုတ်ဘူး ... အလှူရှင်က လှူဖွယ်ပစ္စည်းတွေကို ပေးအပ်လာရင် လုံးဝ မငြင်းပယ်ရဘူး ... ဝမ်းမြောက်ဝမ်းသာ လက်ခံသင့်တယ် ... ။ ”

ဘုန်းကြီးကျိုးယွင်ခမျာ ကူကယ်ရာမဲ့သွားသည်။ ထို့နောက်အေးစက်စွာ ပြန်ကြည့်လျက်၊

“ အစ်ကိုကြီး ... တာအိုက ကောင်းကင်လိုကျယ်ပြောပါတယ် ငါတို့တွေ ကိုယ့်လမ်းကိုယ် လျှောက်သင့်ပြီ မဟုတ်ရင်။ ”

“ မဟုတ်ရင် ဘာဆက်ဖြစ်မလဲ။ ”

“ ဒါဆက်ဖြစ်မယ်။ ”

ကျိုးယွင်က ဆွမ်းသပိတ်ကို ပင့်မြှောက်ကာစုရီထံ ချက်ချင်းရိုက်ချလိုက် လေသည်။

စုရီက သူ့အင်္ကျီလက်ကောက်ဝတ်ထံ ဝှေ့ယမ်းလျက် တာအိုအကာအကွယ်အလွှာကို ဖန်တီးလိုက်၏။

“ ဘုန်း ... ။ ”

ဆွမ်းသပိတ်ခမျာ ချက်ချင်း လွင့်ကန်သွားလေသည်။ ထိုအချိန် ကျိုးယွင်မှ ရွှေရောင်အလင်းအလား ပြေးဝင်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

“ သေလိုက်တော့ ... ။ ”

ကောင်းကင်၌ ရွှေခန္ဓာဖြင့် ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာသည်။ သို့သော် စုရီမှလက်ဓားဖြင့် ပြန်လည်ထိုးသွင်းပစ်လိုက်၏။

“ ခရစ် ... ။”

“ ဘန်း ... ။ ”

ထိုဆယ်မီတာခန့် မြင့်မားသော ရွှေရောင်ဗုဒ္ဒအဖြစ် ထွက်ပေါ်လာနေသည့် ဖြစ်စဉ်မှာ ထက်ခြမ်းကွဲသွားလေသည်။

သို့တိုင် ဘုန်းကြီးကျိုးယွင်သည် အသက် ပြင်းပြင်းရှူလျက် ခေါင်း(၃)လုံးနှင့်လက်(၆)ဖက် ပါရှိသော အသွင်သို့ပြောင်းလဲကာ ဆွမ်းသပိတ်၊ ရွှေတံဆိပ်၊ ကျောက်စိမ်းပေတံ၊ ကြေးမီးအိမ်၊ တောင်ဝှေးနှင့် စိပ်ပုတီးတို့ကိုထုတ်ယူ၏။

ဤသည်မှာ သူသတိပေးခဲ့သော အင်‌မော်တယ်ဘုရင်အဆင့် ဗုဒ္ဓရတနာများ ပေပင်။

လက်နက်တစ်ခုကို ပိုင်ဆိုင်ထားလျှင်ပင် ပြိုင်ဘက်တစ်ရာ ရင်ဆိုင်နိုင်၏။ ဆိုလိုသည်မှာ လက်ဗလာနှင့် တစ်ဦးချင်းတိုက်ပွဲတွင် တုတ်-ဓားများကိုင်လျက် နောက်ထပ်လူငါးယောက် ဝင်ရောက်အနိုင်ကျင့်နေသလိုပေပင်။

တစ်ဆက်တည်းမှာပင် ပဒုမ္မာရွှေကြာပန်းပလ္လင်ကိုစီးနင်းကာ ပြေးဝင် လာတော့သည်။ နှစ်ဦးသားတိုက်ပွဲကြီးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပြိုကျလာကုန်၏။

ရွှေရောင်အလင်းတန်းများနှင့် ဓားစွမ်းအင်များသည် နေရာအနှံ့အပြားသို့ ပြန်ကား ရိုက်ခတ်လာသည်။

“ အဲဒီလူက ဘယ်သူလဲ ဘာလို့ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ။ ”

အဝေးမှ လူအုပ်ကြီးသည် တိုက်ပွဲထံငေးကြည့်လျက် မှင်သပ်သွားရသည်။ သူတို့သည်လည်း သူတော်စင်အင်မော်တယ်များ ဖြစ်ချေ၏။ သို့သော် ဤတိုက်ပွဲကိုမြင်ချိန်တွင် သူတို့ကိုယ်သူတို့ သံသယများ ပြန်ဝင်လာသည်။

ဤအဆင့် တိုက်ပွဲကြီးတွင် သူတို့၏ ဖြစ်တည်မှုများသည် ပုရွက်ဆိတ်များထက် မပို နိုင်တော့ချေ။ မယုံနိုင်စရာပေပင်။

ဓားမိုးရေစက်များသည် ရေတံခွန်ကြီးတစ်ခုအလား ကောင်းကင်ထက်မှ စီးဆင်းလာသည်။ ရွှေရောင်အလင်းများမှာ ထိုမိုးရေစက်များအောက်တွင် ကြေမွနေ၏။

ကျိုးယွင်တစ်ယောက် ပူပန်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်အပေါ် ပြင်းထန်လှသော ဗုဒ္ဓမီးတောက်များနှင့် ပိတ်ဆို့ထားလိုက်ရ၏။

ထို့နောက်တွင် အရေပြားများသည် ကျောက်စိမ်းအလားတောက်ပလျက် တိုက်ပွဲ အဟုန်ကို မြှင့်တင်လိုက်သည်။ သို့တိုင်အောင် တိုက်ပွဲထံ အသာစီးမရခဲ့ချေ။

ရင်ထဲ လှိုင်းတံပိုးကြီးများ အတိုင်းအဆမဲ့ပြိုကျလာသည်။ ဤသည်မှာ မည်သို့သော ဘီလူးတစ်ကောင်နည်း။

ယခင်အချိန်များ၌ တစ်ဖက်လူကို အဘယ့်ကြောင့် သူ မသိရသနည်း။ စုရီမှ ပြုံးပြီး သူ့အတွေးများကို သိနေဟန်ဖြင့်၊

“ ငါ့နာမည်က ရှန့်မူ ... ဒီနေ့ မင်းရဲ့ဆွမ်းသပိတ်ကို ပြည့်ဝသွားအောင်လို့ လှူဒါန်းပေမယ်။ ”

-ဟု ပြောကြားလိုက်သည်။

စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်လေရာ မိုးအောက်မြေပြင် တစ်ခုလုံး တုန်ခါလာတော့၏။

များမကြာမီ ကျိုးယွင်တစ်ယောက် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ မျက်နှာထက်၌ ထိတ်လန့်မှုများ ထွက်ပေါ်လာခဲ့ပြီး မဆိုင်းမတွ ဝှက်ဖဲကို ထုတ်သုံးလိုက်၏။

ကြာပလ္လင်တစ်လုံး ပျံတက်လာပြီး ကြာပန်းချပ်ပေါင်း (၂၄)ချပ်ပွင့်လာကာ တာအို သုံးထောင်၏ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။

တစ်ဆက်တည်းမှာပင် လေထုအလယ် ကျမ်းစာရွတ်ဆိုသံများ ပဲ့တင်ထပ်လာတော့၏။ မျက်စိတစ်မှိတ်အတွင်း ဓားမိုးရေများသည် ထိုကြာပလ္လင်၏ စုပ်ယူခြင်းခံလိုက်ရသည်။

“ (၂၄)ဆင့်ကြာပလ္လင် လျှို့ဝှက်မန္တန်။ ”

စုရီမှ ပြုံးလိုက်သည်။ ထို့နောက် ဓားအလင်းများစုစည်းကာ ခုတ်ပိုင်းချလိုက်၏။ ကောင်းကင်ပွင့်လာကာ ကြယ်မြစ်ကြီးတစ်စင်း ပြိုကျလာလေသည်။

“ ဘောင်း ... ဘောင်း ... ။ ”

ထိုမြစ်အတွင်း တာအိုဥပဒေများသည် ကြယ်တာရာများကဲ့သို့ စီးဆင်းနေ၏။ ရလာဒ် အနေဖြင့် ကြာပလ္လင်ခမျာ ကြေမွသွားသည်။

တစ်ဖက်တွင် ကျိုးယွင်သည် တိုက်ပွဲအတွင်းရှိမနေတော့ချေ။ လျှပ်စီးအလား ထွက်ပြေးသွားပြီဖြစ်၏။

ထိုမြင်ကွင်းကြောင့် စုရီမှ လိုက်လံဖမ်းဆီးခြင်းမပြုဘဲ ဓားတံဆိပ်တစ်ခု ထပ်မံဖော်ကျူးလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ဓားချက်ကို ကျိုးယွင်ထံပါးသို့ ခုတ်ပိုင်းခြင်း မပြုတော့ဘဲ ဆန့်ကျင်ဘက် ကောင်းကင်ထံ ပစ်ချလိုက်၏။

“ ဘန်း ... ။ ”

ထိုအရပ်တွင် လေဟာနယ် ပြင်းစွာ တုန်ခါလျက် ပေါက်ကွဲမှုနှင့်အတူ ပုံရိပ်တစ်ခု ပြန်လည်ဆုတ်ခွာလာသည်။

ယင်းသည် အခြားတစ်ဖက်သို့ ထွက်ပြေးသွားသော ဘုန်းကြီးကျိုးယွင်ဖြစ်၏။ အလင်းတန်းသဖွယ် ထွက်ပြေးနေသော ဘုန်းကြီးကျိုးယွင်မှာ လေထုအလယ် ချက်ချင်း ပျက်ပြယ်သွားလေသည်။

“မင်း ... ဗောဓိတစ်သောင်း ဖန်ဆင်းခြင်းခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်တွေကို တကယ်ပဲ သိနေတာလား။ ”

ကျိုးယွင်မှ လုံးဝ တုန်လှုပ်လာ၏။

“ မင်း ဘယ်လိုထင်လဲ။ ”

စုရီက ပြုံးလျက် လက်နှစ်ဖက်နောက်ပို့ကာ လေထဲလျှောက်လှမ်းလာချေပြီ။ ကျိုးယွင်ခမျာ သက်ပြင်းချလိုက်ပြီး၊

“ ငါ အရှုံးပေးတယ် ပြောပါ ... မင်းငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ နတ်ဆိုးအမြုတေတွေကို လိုချင်တာလား ဒါမှမဟုတ် တခြား ရတနာတွေ လိုချင်တာလား။ ”

- ဟု မေးမြန်းလေသည်။

“ ငါ မင်းကို တိုက်ခိုက်တာ ... လုယက်ဖို့မဟုတ်ဘူး မင်းရဲ့ဘိုးဘေးဘယ်သူလဲ သိချင်လို့ပဲ ... အဲဒီ ဘုန်းကြီးအိုကြီးရဲ့ မျိုးဆက် ဟုတ်-မဟုတ် အတည်ပြုချင်တာပါ။”

ကြာပန်းကျောင်းတိုက်တွင် နိတ္ထိကိုယ်တော်ဟူ ဘွဲ့အမည်ခံထားသော ဘုန်းကြီးတစ်ပါးရှိသည်။

ဗုဒ္ဓအမြင့်မားဆုံး ကျမ်းဖြစ်သော ဗောဓိတစ်သောင်းကျမ်းကို ဖန်တီးခဲ့သူဖြစ်၏။ ဘုန်းကြီးကျိုးယွင် ထွက်ပြေးခဲ့သော နည်းစနစ် ဟူသည် ထိုကျမ်းထဲမှ တစ်ခုဖြစ်သည်။

ထိုစဉ်က နိတ္ထိကိုယ်တော်သည် နဝမမြောက်ကောင်းကင်တံခါးကို နှစ်ပေါင်း တစ်သိန်းခန့် စောင့်ကြပ်ပေးခဲ့၏။

သူ့ထံမှ ဗုဒ္ဓအလင်းရောင်သည် နတ်ဆိုးမျိုးနွယ်ကို လုံးဝဖိနှိမ်ထားနိုင်သည်။ ဝမ်ယဲ့သည်ပင် လေးစားအားကျခဲ့ဖူး၏။

“ ငါ ဗောဓိတစ်သောင်းကျမ်းကို ကျင့်ကြံထားတာတော့ဟုတ်ပါတယ် ဒါပေမယ့် ငါက ဘိုးဘေးနိတ္ထိရဲ့ တိုက်ရိုက်တပည့်တော့ မဟုတ်ဘူး ...

... အဲဒီအဘိုးကြီးက ... လွန်ခဲ့တဲ့ အချိန်အတော်ကြာတည်းက တပည့်အသစ်တွေ မခေါ်ယူတော့ဘူး။ ”

“ အခု သူ ဘယ်မှာလဲ။ ”

“ မသိဘူး ကြာပန်းကျောင်းတိုက်ကနေ ထွက်ခွာသွားခဲ့တာ အခုအချိန်ထိ ဘာသတင်းမှ မကြားရတော့ဘူး ... ဖြစ်နိုင်တာကတော့ ဘေးအန္တရာယ်တွေကနေ ရှောင်ရှားဖို့ ပုန်းအောင်းနေတာ ဖြစ်လိမ့်မယ် ...

... ခွင့်လွှတ်ပါ ... ငါ မေးခွန်းတစ်ခုလောက် မေးပါရစေ တာအိုအစ်ကို မင်းဘယ်သူမို့လို့ ငါ့ရဲ့ ဗောဓိတစ်သောင်း ဖန်ဆင်းခြင်း ခန္ဓာကိုယ်ကို မြင်နိုင်ရတာလဲ။ ”

“ မင်းပြောသလိုပဲ တွေ့ဆုံခြင်းမှာ ရေစက်ဆိုတာရှိတယ် အကြောင်းနဲ့အကျိုးဟာ ဆက်စပ်နေတယ် တစ်နေ့မင်းသိလာမှာပါ။ ”

စကားဆုံးသည်နှင့် ဝတ်ရုံကို ဟန်ပါပါလွင့်ပျံစေလျက် စုရီတစ်ယောက် အဝေးသို့ ထွက်ခွာသွားခဲ့တော့သည်။

***

All Chapters