← Chapters

အခန်း ၁၂၃၅

Vol. 103 Ch. 1235

အခန်း ၁၂၃၅

Vol. 103 Ch. 1235

အခန်း ၁၂၃၅ -

အခွင့်အရေး လုယူခံရခြင်း ... ။

ရှေးဟောင်း တောင်တန်းတစ်ခုအတွင်း မြူနှင်းများ ဖုံးလွှမ်းနေသည်။ ထိုမြူနှင်းများ၏ အလယ်တွင် တစ်ပေခန့်မြင့်သော အနက်ရောင် သစ်ပင်လေးတစ်ပင်ပေါက်ရောက်နေ၏။

ပင်စည်သည် ကြေးနီနှင့်သံများ သွန်းလောင်းထားသည့်အလား ရောင်ဝါများ တောက်ပနေပြီး အကိုင်းအခက်များမရှိဘဲ ချိုးဥအရွယ် အနီရောင်သစ်သီးသုံးလုံး သီးနေသည်။

ထိုအသီးများထံမှ လှပဆန်းကြယ်သော အလင်းမှုန်များ ဖြာထွက်နေ၏။ သစ်ပင်ငယ်၏ ပတ်ဝန်းကျင်၌ မြက်တစ်ပင်ပင် မပေါက်ချေ။

ရုတ်တရက် သွယ်လျလှပသော ပုံရိပ်တစ်ခုသည် မြူများကြားမှ တိတ်တဆိတ် ထွက်ပေါ်လာသည်။

ဤသည်မှာ တန်ယုယန်ဖြစ်၏။ ညာဘက်လက်တွင် ခရမ်းရောင်ဓားတစ်လက် ကိုင်ဆောင်ထားပြီး အရှိန်အဝါကိုဖုံးကွယ်လျက် သစ်ပင်ငယ်ဆီသို့ ချဉ်းကပ်သွားနေသည်။

အဝေးတစ်နေရာတွင် တန်မိသားစုမှ သူတော်စင်အင်မော်တယ် ခြောက်ဦး ပုန်းကွယ် ချောင်းမြောင်းနေ၏။

“ ဝှစ် ... ။ ”

သစ်ပင်ငယ်နှင့် ဆယ်လှမ်းခန့်အကွာသို့ ရောက်သောအခါ တန်ယုယန်မှရပ်တန့်လိုက်ပြီး ကြိုးမျှင်တစ်ချောင်းကို ပစ်လွှတ်လေသည်။

“ ခရစ် ... ။ ”

သို့သော် ထိုခဏမှာပင် သူမ၏ ခြေဖျားအောက်မှမြေပြင်သည် ကွဲအက်သွားပြီး၊ ဖြူဖွေးနေသော အရိုးလက်ကြီးတစ်ဖက် ထွက်ပေါ်လာ၏။

တန်ယုယန်မှ တုန့်ဆိုင်းခြင်းမရှိ ဓားဖြင့် အောက်သို့ခုတ်ပိုင်းလိုက်ရာ ထိုအရိုးစုလက်မှာ အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။

“ ဟမ့် ... ။ ”

တစ်ပြိုင်နက်တည်းမှာပင် လေထဲ ပျံတက်လျက် သစ်ပင်ငယ်လေးကို ဆွဲနှုတ်ယူ လိုက်လေသည်။

“ ဘောင်း ဘောင်း ဘောင်း။ ”

ထိုစဉ် မြေအောက်မှ နောက်ထပ် မရေတွက်နိုင်သော အရိုးလက်များတစ်ပြိုင်နက် ထွက်ပေါ်လာချေပြီ။ လက်တစ်ဖက်စီတိုင်းတွင် သွေးဆာနေသော ရောင်ဝါများ ပြည့်နှက်နေပြီး သူတော်စင် အင်မော်တယ်တစ်ပါးကိုပင် အလွယ်တကူ ဆွဲဖြဲနိုင်စွမ်းရှိနေ၏။

“ ချိုးဖြတ် ... ။ ”

တန်ယုယန်မှ ဓားကိုဝှေ့ယမ်းကာ မုန်တိုင်းတစ်စင်းကို ဖန်တီးလျက် ဖယ်ရှားရန် ကြိုးစားတော့သည်။

“ ဝူး ... ။ ”

သို့သော် အရိုးပွတ်တိုက်သံကဲ့သို့ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဆယ်မီတာခန့် မြင့်မားသော အရိုးစုကြီးက သစ်ပင်ငယ်လေးကို ဖမ်းဆွဲလာ၏။

၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် လွှမ်းမိုးသွားလေသည်။

တန်ယုယန်တစ်ယောက် လေးနက်သွား၏။ ဤသည်မှာ သူတော်စင် အင်မော်တယ်အဆင့် အလောင်းမိစ္ဆာကြီးပေပင်။ သူ့ခန္ဓာအတွင်း၌ နတ်ဆိုးအမြုတေ ဖွဲ့စည်းထားနိုင်၏။

အလောင်းမိစ္ဆာကြီးက သွေးမြူများကို သံကြိုးများအဖြစ်ပြောင်းလဲကာ တန်ယုယန်ထံ ပစ်လွှတ်တိုက်ခိုက်လာသည်။

တန်ယုယန်ခမျာ တွန့်ဆုတ်မနေဘဲ သစ်ပင်ငယ်လေးကို လွှတ်ချပြီး ပြန်လည်၍ တိုက်ခိုက်လိုက်တော့၏။

တိုက်ပွဲမှာ ချက်ချင်းပြင်းထန်လာသည်။ တန်ယုယန်သည် ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်တစ်ပါးဖြစ်ရာ ဓားချက်တိုင်းမှာ ကောင်းကင်နှင့် မြေပြင်ကို ခွဲပစ်နိုင်စွမ်းရှိ၏။

သို့သော် အလောင်းမိစ္ဆမှာ ပို၍ ကြောက်စရာကောင်းနေသည်။ ခဏအကြာတွင် တန်ယုယန်ပင် ဒဏ်ရာများရရှိကာ မျက်နှာမှာ ဖြူဖျော့လာခဲ့၏။

အလောင်းအဆိပ်သင့်နေချေပြီ။ ထို့ကြောင့်တန်မိသားစုဝင်များက သူမကို ကူညီရန်ပြေးထွက်လာကြသည်။

“ သတ် ... ။ ”

“ မိစ္ဆာကောင် နောက်ဆုတ် ... ။ ”

“ ဝူး ... ။ ”

ရုတ်ချည်း တိုက်ပွဲမှာ အသင့်သစ်သို့ ဆိုက်ရောက်သွားသည်။ အလောင်းမိစ္ဆာခမျာ မခံနိုင်တော့ဘဲ ထွက်ပြေးရန်ကြိုးစား၏။

“ ထွက်ပြေးချင်နေတာလား ... မင်းအတွက် လမ်းမရှိဘူး။ ”

တန်ယုယန်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမအတွက် ဒဏ်ရာများ ပေးအပ်ထားသည့် ထိုရန်သူကို အလွတ်မပေးနိုင်ချေ။

“ ဝှစ် ... ။”

“ ဘန်း ... ။ ”

သို့သော် ထိုအချိန်တွင် ကောင်းကင်မှ အနက်ရောင်လှံရှည်တစ်စင်း ကျဆင်းလာပြီး ထိုအလောင်းမိစ္ဆာကြီးကို ဖောက်ထွင်း ဝင်ရောက်သွားတော့သည်။

အလောင်းမိစ္ဆာကြီးခမျာ အပိုင်းပိုင်းကွဲကြေလျက် အနီရောင်တောက်ပ နေသော လက်သီးဆုပ်အရွယ် အမြုတေ ပြုတ်ကျလာတော့၏။

တစ်ဆက်တည်းမှာပင် လေထုအလယ် သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးသည် ထွက်ပေါ်လာသည်။

“ ဝှစ် ... ။ ”

ထိုသူက လက်သီးဆုပ်အရွယ် အမြုတေကိုဖမ်းယူလျက်ဖြင့် လှံရှည်ကြီးထံ ပြန်လည် ခေါ်ယူလိုက်တော့၏။

“ ချူးပိုင်တန် ... ။ ”

လူတိုင်း မှင်သပ်ကုန်သည်။ ဤသည်မှာ ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးပေပင်။ သို့သော် တစ်ဖက်လူသည် ရည်ရွယ်ချက်ရှိရှိ ပုန်းအောင်းကာ ထွက်ပေါ်လာကြောင်း မြင်သာနေချေ၏။

“ ချူးပိုင်တန် ... မင်းအရှက်မဲ့လား မင်လိုလူတစ်ယောက်က ဒီလောက်တောင်မှ အောက်တန်းကျလား။ ”

တန်ယုယန်မှ လုံးဝပေါက်ကွဲလာသည်။ သူမသည် ဒဏ်ရာများစွာခံစားခဲ့ရသည်အထိ တိုက်ပွဲဝင်ပြီးနောက် လုယူခြင်းခံလိုက်ရ၏။

“ ဟားဟားဟား ... ။ ”

ချူးပိုင်တန်မှ ဂရုမစိုက်ဘဲ နတ်ဆိုးအမြုတေကို သိမ်းဆည်းလိုက်ကာ အော်ဟစ်ရယ်လိုက်သည်။

“ ငါက စေတနာနဲ့ မင်းရဲ့အသက်ကို ကယ်ပေးလိုက်တာပါ ... ဒါကိုကျေးဇူးမတင်ဘဲ အပြစ်တင်နေတာလား။ ”

“ ဟမ့် ... မင်း ဝန်မခံဘူးပေါ့။ ”

“ အိုး ... ဒါဆို ငါမင်းအသက်ကို ကယ်ခဲ့တာကို ဘာလို့ဝန်မခံရတာလဲ ဒါဟာ အသက်တစ်ချောင်းရဲ့ကျေးဇူးပဲ ... မင်းက ကျေးဇူးမဆပ်ချင်ရင်တောင် လက်ခံရမယ်။ ”

တန်ယုယန်တစ်ယောက် ပြောစရာ စကားများပျောက်ဆုံးသွားသည်။ ထို့ကြောင့် အသက်ကို ပြင်းပြင်းရှူလျက် မိမိကိုယ်ကိုမိမိ တည်ငြိမ်အောင်ထိန်းယူလျက်၊

“ ဒီကိစ္စကို ငါ မှတ်ထားလိုက်မယ် ... ။ ”

-ဟုဆိုကာ ထွက်ခွာရန် ပြင်တော့သည်။

သူမသည် လက်ရှိအချိန်တွင် ဒဏ်ရာများပြင်းထန်နေသဖြင့် ချူးပိုင်တန်နှင့် ရင်မဆိုင်လိုသေးချေ။

“ ခဏနေဦးပါ ... ။ ”

ချူပိုင်တန်မှ ဟန့်တားလိုက်၏။

“ ငါ မင်းအသက်ကို ကယ်ခဲ့တာဆိုတော့... မင်းဆီက တစ်ခုခု ပြန်ရသင့်တယ် မဟုတ်လား။ ”

တန်ယုယန်မှ ဒေါသတကြီး မော့ကြည့်လိုက်သည်။

“ အဲဒီ ... အနက်ရောင် သစ်ပင်ကို ငါ့ဆီပေးပါ ဒါဆိုငါတို့ကြားက ကျေးဇူးကြွေးပေါ် မေ့ပစ်လိုက်မယ်။ ”

“ မင်း ... ချူးပိုင်တန် ... ။ ”

တန်ယုယန်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားလေသည်။ သို့သော် အနည်းငယ် တိတ်ဆိတ်သွားပြီး အနက်ရောင်သစ်ပင်ကို ကောက်ယူကာ ပစ်ပေးလိုက်တော့၏။

“ ဟားဟားဟား ... ။ ”

ချူးပိုင်တန်မှ အားရပါးရ ရယ်မောလျက် ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ပုံမှန် အချိန်များတွင် ဤအမျိုးသမီသည် မောက်မာ အေးစက်လွန်းချေ၏။

ယခုကဲ့သို့ နာခံမှုရှိနေသည့် အချိန်သည် ကျေနပ်စရာပေပင်။ တစ်ဖက်တွင် တန်မိသားစု ဝင်များသည် ဒေါသတကြီးဖြင့် ကျန်ရစ်ခဲ့၏။

“ ဒီကောင်ချူးပိုင်တန်ကို ... အဲဒီလောက်တောင်မှ ယုတ်မာနေလိမ့်မယ်လို့ မထင်ထားဘူး။ ”

“ တကယ့် လူယုတ်မာပဲ ... ငါတို့ တိုက်ပွဲဖြစ်နေတုန်းမှာမကူညီဘဲ အကျိုးအမြတ် ရိပ်သိမ်းခါနီးမှ လုယူဝံ့တယ်။ ”

လူတိုင်း ပွစိပွစိဖြင့် စိတ်ပျက်လက်ပျက် ဖြစ်လာတော့သည်။ တန်ယုယန်က ‌ဆေးလုံး တစ်လုံးမော့သောက်လျက်၊

“ ဒါက အခွင့်အရေးအတွက် တိုက်ပွဲတစ်ခုပါပဲ ... ငါ့ဒဏ်ရာတွေကို အမြန်ဆုံး ကုသပြီးရင် အကြွေးပြန်တောင်းမယ်။ ”

- ဟု တည်ငြိမ်စွာ ပြောကြားလိုက်တော့၏။

ထိုစဉ် မြူများအတွင်းမှ ပုံရိပ်တစ်ရိပ် ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။ လူတိုင်း သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်ကြ၏။

“ ရှန့်မူ ... ။ ”

တန်မိသားစုဝင်တစ်ယောက်မှ မှတ်မိသွားသည်။ လက်နှစ်ဖက်နောက်ပို့ကာ သူ့ခြံဝင်းအတွင်း လမ်းလျှောက်နေသည့်အလား ပေါ့ပေါ့ပါးပါးနိုင်သော အသွင်ကြောင့် လူတိုင်း မျက်မှောင်ကြုတ်လိုက်၏။

သူတို့အမြင်တွင် ဤရှန့်မူသည် တန်မိသားစုပုံရိပ်ဖြင့် ပြိုင်ပွဲဝင်ခွင့်ရထားသော သခင်လေးတစ်ယောက်သာဖြစ်သည်။ အထင်ကြီးစရာ မရှိချေ။

“ ဘာလို့ ဒဏ်ရာတွေ ရနေတာလဲ။ ”

စုရီက တန်ယုယန်ကို သတိထားမိကာ အံ့အားသင့်စွာမေးလိုက်၏။ တန်ယုယန်သည် ပြန်ဖြေရန် ဆန္ဒမရှိသောကြောင့် ချက်ချင်း တရားထိုင်ကာ ကုသခြင်းစတင်တော့သည်။

စုရီမှ ပြုံးလျက် စကားမဆိုတော့ချေ။ ထိုစဉ်တန်မိသားဝင်တစ်ဦးသည် ချူးပိုင်တန်မှ သူတို့ကို အခွင့်အရေးယူသွားကြောင်း ပြောပြလာခဲ့၏။

“ ဟမ့် ... ချူးပိုင်တန်လား ... သူ ထွက်သွားတာကြာပြီလား ။ ”

အဖြစ်အပျက်ကို ကြားပြီးနောက် စုရီမှ မျက်ဝန်းများတောက်ပကာ အဝေးသို့မျှော်ကြည့် လိုက်လေသည်။ သူသည် တစ်ဖက်လူအပေါ် အသက်ရှင်လျက် ဖမ်းဆီးလိုနေ၏။

***

All Chapters