← Chapters

အခန်း ၁၂၃၆

Vol. 103 Ch. 1236

အခန်း ၁၂၃၆

Vol. 103 Ch. 1236

အခန်း ၁၂၃၆ -

ကြယ်တာရာမူလကျောက်တုံး ... ။

“ ဟမ့် ... မင်းက မိန်းကလေးယုယန် ကိုယ်စား လက်စားချေဖို့ ကူညီချင်နေတာလား။ ”

သူ‌တော်စင် အင်မော်တယ်တစ်ပါးမှ အံ့အားသင့်စွာ မေးလိုက်သည်။ စုရီမှမငြင်းဘဲ၊

“ ဘာလို့မဖြစ်ရမှာလဲ။ ”

-ဟု ခပ်အေးအေး ပြန်ပြော၏။

သူသည် ချူးပိုင်တန်ကို ဖမ်းဆီးရန် ရည်ရွယ်ထားပြီး လမ်းတလျှောက် ရှာဖွေနေခဲ့ မိလေသည်။

သို့သော် တစ်ဖက်တွင် တန်မိသားစုဝင်များသည် လှောင်ပြုံးများဖြင့် တိတ်ဆိတ်သွား၏။

တစ်ဖက်လူသည် သူတို့တန်မိသားစု၏ အဆက်အသွယ်များကြောင့်သာ ကောင်းကင်ဘုံ အမဲလိုက်ပွဲသို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ သို့သော် အလွန်ပင် မာနကြီးလွန်းနေ၏။

ချူးပိုင်တန်သည်သာ ကိုင်တွယ်ရလွယ်ကူပါက မည်သူမျှဒေါသကို မြိုသိပ်ထားမည် မဟုတ်ချေ။

“ တာအိုရှန့် ... ချူးပိုင်တန်က မာနကြီးပြီး အစွမ်းထက်သလို ရက်လည်း ရက်စက်တတ်တဲ့ လူပါ သူ့ဆီကိုသွားတာက ကိုယ့်ကိုယ်ကိုယ် သေမင်းဆီ ပို့လိုက်တာနဲ့ မခြားဘူး။ ”

တစ်စုံတစ်ဦးမှ သတိပေးလာ၏။

“ ငါ နားလည်ပြီ ... ။ ”

စုရီမှ ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤရှန့်မူ၏စကားများက သူတို့ကိုကျေနပ်သွားစေ၏။ အထူးသဖြင့် တန်ယုယန်ဖြစ်သည်။ သူမမျက်နှာသည် သိသိသာသာ နူးညံ့သွားခဲ့သည်။

တစ်ဖက်တွင် စုရီသည် ကုလားထိုင်ထုတ်ယူကာ သက်တောင့်သက်သာ ထိုင်ချလိုက်ပြီး ဝိုင်အိုးကိုမော့သောက်နေ၏။

နောက်တစ်ကြိမ်သည်သာတွေ့ရှိပါက ချူးပိုင်တန်ကိုဖမ်းဆီးရန်အတွက် အစီစဉ်များ ချမှတ်နေခဲ့သည်။

တန်မိသားစု၏ သူတော်စင် အင်မော်တယ်ခြောက်ပါးသည် စုဝေးချက် စကားပြောနေကြ၏။

စုရီတစ်ယောက် ကုလားထိုင်ဖြင့် ဇိမ်ခံနေသည်ကိုမြင်သောအခါ သူတို့အားလုံး အံ့အားသင့်သွား‌သည်။ ဤလူငယ်သည် အနည်းငယ် ပေါ့လျော့လွန်းချေပြီ။

ကောင်းကင်ဘုံ အမဲလိုက်ပွဲကို အပျော်ခရီးစဉ်တစ်ခုအဖြစ် မှတ်ယူနေချေ၏။ နာရီအနည်းငယ် ကြာပြီးနောက် တန်ယုယန်၏ ဒဏ်ရာများသက်သာသွားကာ ချက်ချင်းပင် ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။

“ ငါတို့ ဥက္ကာပျံတောင်ကြားကိုသွားမယ် ကံကောင်းရင် အလွန်ရှားတဲ့ ကြယ်တာရာ မူလ ကျောက်တုံးကိုတောင် ရှာတွေ့နိုင်တယ်။ ”

တန်ယုယန်က သူမအစီအစဉ်ကို ပြောကြားလာသည်။ ဤမတိုင်မီလွန်ခဲ့သော နှစ်ပေါင်းတစ်ရာကကျင်းပသည့် ကောင်းကင်ဘုံ အမဲလိုက်ပွဲတွင် သူမ ပါဝင်ခဲ့ဖူး၏။

ထို့ကြောင့် ဤနတ်ဆိုးတောင်တန်း၏ အခြေအနေ၊ ရတနာရှိမည့်နေရာနှင့် အန္တရာယ် အပေါ် အတော်အတန် တွက်ဆနိုင်သည်။

“ ဒါပေမယ့် ဥက္ကာပျံတောင်ကြားက အရမ်းအန္တရာယ်များတယ် နတ်ဆိုးသားရဲတွေနဲ့ ချုံခိုတိုက်ခိုက်မဲ့သူတွေကို လမ်းခရီးမှာ တွေ့နိုင်တယ် သတိထားရမယ်။ ”

တန်ယုယန်မှ ညွှန်ကြားချက်များ ပေးပြီးနောက် အဖွဲ့ကိုဦးဆောင်ထွက်ခွာလာ၏။ လမ်းခရီးတွင် နတ်ဆိုးအချို့ကို ကြုံရကာ တန်ယုယန်မှပင် ဦးဆောင်နှိမ်နင်းခဲ့သည်။

စုရီသည် တိုက်ပွဲများတွင် ပါဝင်ခြင်းမရှိသဖြင့် နတ်ဆိုးအမြုတေများကို ဝေစုမရရှိချေ။ တန်မိသားစုဝင်များအတွက်မူ စုရီသည် တိုက်ပွဲမဝင်ဘဲ အခွင့်အရေးယူသော လူတစ်ယောက်အဖြစ် ရှုမြင်လာသည်။

သို့သော် တန်ယုယန်သည်ပင် စကားမဆိုသဖြင့် လူတိုင်းလျစ်လျူရှုထား ကြတော့၏။ နေ့တစ်ဝက်ခန့် ခရီးနှင်ပြီးနောက် ဥက္ကာပျံတောင်ကြားကို မြင်လာကြသည်။

ထိုဒေသကြီးသည် ကျယ်ပြန့် ခြောက်သွေ့နေသော တောင်ကြားလွင်ပြင်ကြီး ဖြစ်ပြီး မြေပြင်တွင်အပေါက်နှင့် ကျင်းများ ပြည့်နှက်နေသည်။

ကောင်းကင်တွင် မိုးကြိုးမုန်တိုင်းများ လှည့်ပတ်နေပြီး သွေးဆာသောရောင်ဝါများက လေထုအတွင်းပါရှိနေ၏။ တောင်ကြားသို့ ခြေချလိုက်သည်နှင့် နတ်ဆိုးအုပ်စုတစ်စု၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလာရသည်။

ထိုနတ်ဆိုးများသည် အမွေးထူထူ၊ သွေးရောင်မျက်ဝန်းများနှင့် ကြမ်းကြုတ်သော မျောက်ဝံကြီးများပေပင်။

သူတို့၏ ခွန်အားသည် သာမန် သူတော်စင်အင်မော်တယ်များကို အလွယ်တကူ သတ်ဖြတ်နိုင်လောက်အောင် ကြောက်စရာ ကောင်းလှလေသည်။

အုပ်စုလိုက် ရဲရဲဝံဝံ တိုက်ခိုက်တတ်ကြ၏။ တန်ယုယန်နှင့် အဖွဲ့သည် အချိန်အနည်းငယ်မျှ အစွမ်းကုန် ကြိုးစားတိုက်ခိုက်ပြီးနောက်မှသာ ထိုနတ်ဆိုးအုပ်စုကို သတ်ဖြတ်နိုင်ခဲ့သည်။

တန်ယုယန်မှတပါး လူတိုင်း မောဟိုက်ကုန်ကြသည်။ သို့သော်ဆုလာဘ်မှာ အရည်အသွေးမြင့်မားသည့် နတ်ဆိုး အမြုတေများ ဖြစ်ကြသဖြင့် ထိုက်တန်ချေပြီ။

လူတိုင်းရှေ့ဆက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရသော်လည်း အသက်အန္တရာယ်မရှိခဲ့ချေ။

တစ်ကြိမ်တွင်မူ ရက်စက်သော တစ္ဆေလိပ်ပြာအုပ်စုနှင့်ကြုံရသဖြင့် အခြားသော တန်မိသားစုဝင်များမှာ ဒဏ်ရာများရရှိကုန်၏။

သို့တိုင် စုရီမှ ဝင်ရောက်ကူညီခြင်း မပြုခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲ၏ ရလာဒ်ကို သူ ခန့်မှန်းနိုင်သောကြောင့်ဖြစ်သည်။

ဤအပြုအမူသည် တန်မိသားစုဝင်များကို ပို၍ပင်စိတ်ပျက်သွားစေသည်။ သူတို့အမြင်တွင် စုရီသည် ခရီးတလျှောက်အကူအညီမရချေ။ သက်တောင့်သက်သာ လိုက်ပါနေ၏။

ထို့ကြောင့် စုရီနှင့် စကားပြောချင်စိတ် ကုန်ခမ်းသွားသည်။ စုရီမှာမူ အနှောင့်အယှက် ကင်းနေသဖြင့် ဝမ်းသာအားရဖြစ်နေခဲ့၏။

“ ဟိုမှာကြည့်စမ်း ... ။ ”

တန်ယုယန်မှ တောင်ကြားတစ်နေရာကို ညွှန်ပြလိုက်၏။ ကောင်းကင်တခွင် သွေးရောင် မြူများဖုံးလွှမ်းနေသည်။ ထိုမြူများထဲတွင် ကြယ်ပွင့်များ တောက်ပနေ၏။

ဤသည်မှာ လက်သီးဆုပ်အရွယ် ကြယ်တာရာ မူလကျောက်တုံးများ ဖြစ်သည်။ အင်မော်တယ်ဘုရင်များပင် မက်မော်ဖွယ် သဘာဝရတနာဖြစ်၏။

အင်‌မော်တယ်ဘုရင်အဆင့် ရတနာများ၊ ကျင့်ကြံမှုရင်းမြစ်များအဖြစ် သန့်စင်ရာတွင် အသုံးပြုနိုင်သည်။

လူတိုင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားလေသည်။ အရေအတွက်အားဖြင့် တစ်ရာကျော်ပေမည်။ ထိုစဉ်တန်ဟန်ဖန်းဟု အမည်ရသော တန်မိသားစုဝင်တစ်ယောက်က စုရီကိုလှည့်ကြည့်ကာ၊

“ မင်း လှုပ်ရှားဖို့ မကြိုးစားနဲ့ဦး။ ”

-ဟု အေးစက်စွာ သတိပေးလာသည်။

တစ်ဖက်လူသည် လမ်းတလျှောက် မည်သည့်တိုက်ပွဲတွင်မျှ ဝင်ရောက်ကူညီခြင်း မရှိချေ။ ယခု အကျိုးအမြတ်ရရှိချိန်တွင် လက်ဦးမှု ရယူမည်ကို စိုးရိမ်၏။

“ မင်းတို့ပဲ သတိထားပါ ငါမမှားရင် အဲဒီသွေးမြူတွေထဲမှာ နတ်ဆိုးသားရဲပုံရိပ်တွေ အများကြီး ပုန်းအောင်းနေတယ်။ ”

စုရီက ပြုံးလျက် သတိပေးလိုက်သည်။ တန်ဟန်ဖန်းမှ လှောင်ပြုံးများဖြင့်၊

“ မင်း စိတ်ပူစရာမလိုပါဘူး။ ”

- ဟု တုန့်ပြန်သည်။

သို့သော် တန်ယုယန်မှ မျက်မှောင်ကြုတ်လိုက်ပြီး၊

“ ရှန့်မူပြောတာ မှန်တယ် ... အဲဒီသွေးမြူတွေထဲမှာ အန္တရာယ်ပေးနိုင်တဲ့ နတ်ဆိုးတွေ ရှိတယ် အချို့က ငါ့အတွက်တောင် အသက်အန္တရာယ်ရှိနေတယ်။ ”

-ဟု ဝန်ခံလိုက်သည်။ သို့မှသာ လူတိုင်းလန့်ဖျန့်သွားပြီး တိတ်ဆိတ်ကုန်၏။

“ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး ... ဒီတစ်ခါတော့ ငါ ကြိုတင်ပြင်ဆင်လာတယ်။ ”

ထို့နောက် တန်ယုယန်က လက်မခန့် ထူထဲသော နှင်းဖြူရောင် ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။

“ ဒါက ဝိညာဉ်ချည်နှောင်ကြိုးပဲ ... ငါ ကြယ်တာရာမူလကျောက်တုံးတွေ သိမ်းဆည်း နေအချိန်မှာ မင်းတို့ ငါ့ကို ကာကွယ်ပေးပါ။ ”

လူတိုင်း လွယ်လွယ်ကူကူပင် သဘောတူလိုက်ကြသည်။ ထိုစဉ် စုရီသည် ရုတ်တရက် အဝေးသို့လှမ်းကြည့်ကာ၊

“ တစ်ယောက်ယောက် လာနေပြီ။ ”

-ဟု သတိပေးလိုက်၏။

များမကြာခင် တောက်ပသော အလင်းတန်းများ ကောင်းကင်မှကျဆင်းပြီး လူရိပ်များ တန်းစီသွား၏။

ထိုအဖွဲ့ခေါင်းဆောင်မှာ ဝါဂွမ်းရောင် ဝတ်ရုံရှည်ကြီးဝတ်ဆင်လျက် ချောမောသော မျက်နှာနှင့် ဖြူဖွေးလွန်းသည့် ဆံပင်ရှည်များ ပိုင်ဆိုင်ထားသည်။

“ ကူသွမ့်လျူ ... နတ်မီးတောက်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်။ ”

တန်ဟန်ဖန်းတစ်ယောက် မျက်နှာ ပျက်ယွင်းသွား၏။ ကောင်းကင်ဘုံအမဲလိုက်ပွဲ ထံပါးသို့ နတ်မီးတောက်ဂိုဏ်းမှ ထိပ်တန်း သူတော်စင် အများအပြား စေလွှတ်ခဲ့သည်။

ထိုထဲတွင် ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ် သုံးပါးပါဝင်နေပြီး ကူသွမ့်လျူမှာ တစ်ဦးအပါအဝင်ဖြစ်၏။

ယခုအခါတွင် ကူသွမ့်လျူသည် သူတော်စင်အင်မော်တယ် အပေါင်းအပါများနှင့် အတူ ရောက်ရှိလာသဖြင့် လေထုမှာ ချက်ချင်း တင်းမာသွားချေပြီ။

တန်ယုယန်သည်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်တစ်ပါးအနေဖြင့် ကူသွမ့်လျူ၏ ကြောက်မက်ဖွယ် စွမ်းပကားကို သူမ သိရှိထားသည်။

စုရီတစ်ဦးတည်းသာလျှင် မသိနားမလည်သည့်အလား တည်ငြိမ်စွာဖြင့် ရပ်မြဲအတိုင်း ရပ်နေခဲ့လေသည်။

“ မိန်းကလေးတန် ... ဒီနေ့အခွင့်အရေးကို ငါတို့နှစ်ဖွဲ့ ခွဲယူကြမလား။ ”

ကူသွမ့်လျူမှ ပြုံးလျက် ကမ်းလှမ်းလာ၏။ သူသည်လည်း တန်ယုယန် ခွန်အားကို သိရှိထား သောကြောင့် သတိထားနေရသည်။

မဟုတ်သော် ဤသို့ ကမ်းလှမ်းနေမည် မဟုတ်ချေ။ တိုက်ရိုက် တိုက်ခိုက်မောင်းထုတ် မိပေမည်။

“ ဘာလို့ ခွဲဝေရမှာလဲ ... ငါတို့က အရင်ရောက်တာ။ ”

တန်ယုယန်မှ အေးစက်စွာတုံ့ပြန်သည်။ ကူသွမ့်လျူက သွေးမြူများထံ မော့ကြည့်လျက် လက်ညှိုးထိုးပြကာ၊

“ အဲဒီ သွေးမြူတွေထဲမှာ အလွန် ကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲကြီးတွေ ပုန်းအောင်းနေကြတယ် ငါတို့သာ ဒီနေရာမှာ အချင်းချင်းတိုက်ခိုက်ကြရင် ဖြစ်လာမဲ့ ...

... ဆူညံသံတွေကြောင့် အဲဒီနတ်ဆိုးတွေ နိုးကြားလာကုန်လိမ့်မယ် ဒါဘယ်သူ့အတွက်မှ အကျိုးမရှိဘူးမဟုတ်လား ...

... ဆန့်ကျင်ဘက်အနေနဲ့ ... ငါတို့နှစ်ဖွဲ့ ပူးပေါင်းလိုက်ရင် အကျိုးအမြတ်ကို အညီအမျှ ခွဲဝေနိုင်ပါတယ်။ ”

-ဟု သုံးသပ်ပြလိုက်သည်။

ဤစကားကြောင့် တန်မိသားစုမှ သူတော်စင်အင်မော်တယ်များမှာ တိတ်ဆိတ် သွားသည်။ ဤသည်မှာ အမှန်တရားဖြစ်၏။

“ ဒီအခွင့်အရေးကို ငါမျှဝေလို့ရတယ် ... ဒါပေမယ့် ငါတို့အဖွဲ့က (၇၀)ရာခိုင်နှုန်းယူမယ်။ ”

တန်ယုယန်က ပြတ်သားစွာ ပြောကြားလိုက်သည်။

“ ဒါကို သဘောမတူရင်တော့ ဆွေးနွေးစရာ မလိုတော့ဘူး။ ”

“ (၇၀)ရာခိုင်နှုန်းလား။ ”

ကူသွမ့်လျူမှ မျက်မှောင်ကြုတ်လျက် မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွား တော့သည်။

“ မဟုတ်ဘူး ... ငါးဆယ်စီပဲဖြစ်ရမယ် မိန်းကလေးတန်ကို ငါလေးစားမှုရှိလို့ ညှိနှိုင်း နေတာပါ ... ငါ့ကို စကားပြောရလွယ်တဲ့ လူလို့တော့ မထင်စေချင်ဘူး။ ”

လေထုသည် ချက်ချင်းတင်းမာလာပြီး တိုက်ပွဲတစ်ခုစတင်တော့မည့်အလား လှုပ်ခတ် သွားတော့သည်။

“ ဒီလိုကြီးမားတဲ့ အခွင့်အရေးမျိုးက မြင်တွေ့ရတဲ့သူတိုင်းနဲ့ဆိုင်တာပဲ ဒီဘုန်းကြီးကို ထည့်တွက်ပေးပါ။ ”

ရုတ်တရက် အေးချမ်းပြီး ကြည်လင်လွန်းသော ခေါင်းလောင်းသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာတော့၏။

***

All Chapters