အခန်း ၁၇၇
Vol. 16 Ch. 177
အခန်း (၁၇၇) လူရှေ့မှာ ချီလင်... ကွယ်ရာမှာ လီယွမ်
"ဒီမိန်းကလေးကတော့..."
လီယွမ် ရယ်ချင်မိသွားရသည် တစ်ဖက်တွင်လည်း လူရေခွံမျက်နှာဖုံးက တကယ်အလုပ်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ အာရုံခံစားမှု အင်မတန်ထက်မြက်သည့် ရှောင်ကျောက်ပင်လျှင် သူ၏တည်ရှိမှုကို ချက်ချင်းရိပ်မိခြင်း မရှိချေ။
ကျန်သည့်သူများဆိုလျှင်မူ သာမန်မျက်စိဖြင့် အပြစ်အနာအဆာ ရှာတွေ့နိုင်ရန် လုံးဝမဖြစ်နိုင်။
"အနီးကပ် ထပ်စမ်းကြည့်ရဦးမယ်..."
လီယွမ် ခြေလှမ်းကျဲကြီးများဖြင့် နောက်မှ လှမ်းလိုက်လေသည်။
ထိုအချိန်တွင် ဝမ်ကျောက်ကျောက်၌ အတွေးတစ်ခုသာ ရှိတော့သည်၊ အဝေးဆုံးသို့ အမြန်ဆုံးပြေးပြီး မိမိ၏အစ်ကိုယွမ် အစီအစဉ်ဆွဲနိုင်ရန် အခွင့်အရေး ဖန်တီးပေးရမည်။
နောက်ကွယ်မှ လိုက်ပါလာသည့် ဖိအားပေးချင်စရာ အရှိန်အဝါကမူ လိမ့်တက်လာသည့် မည်းမှောင်သော မိုးတိမ်တိုက်ကြီးများနှယ် အသက်ရှူပင် ကျပ်စေသည်။
သူမ ပြေးလွှားရင်းနှင့် တစ်ခုခုလွဲနေသည်ကို ရိပ်မိလာ၏။
သိုင်းသူတော်စင်တစ်ယောက်က ဒီလောက်အထိ နှေးနှေးလေး ပြေးပါ့မလား။
တကယ်သာ လိုက်ဖမ်းချင်လျှင် သူမကို ဖမ်းမိသည်မှာ ကြာလှပြီ ဖြစ်သည်။
သူမဘက်ကမူ သေချင် သေ အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ပြီး တစ်ဖက်လူ၏အသားကို တစ်လုပ်စာခန့် ကိုက်ခဲသွားရန်အထိ ဆုံးဖြတ်ထားပြီးသားပင်။
'ဒီအငွေ့အသက်က...'
ရင်းနှီးသလိုလိုနှင့် ထူးဆန်းသော အာရုံတစ်ခုက သူမကို လွှမ်းမိုးလာပြီး အတိအကျကြီး အဖြေမထုတ်နိုင်သေးချေ။
'အစ်ကိုယွမ်က ကူ အသစ်တစ်ခုခုကို စမ်းသပ်ရင်း ငါ့ကို တမင်သက်သက် လာစနောက်နေတာများလား...'
ဝမ်ကျောက်ကျောက် တစ်ချက်တွေးတောမိသွားသည်။
သေချာစဉ်းစားကြည့်လျှင် အစ်ကိုယွမ်၏ အလွန်အမင်း သတိကြီးတတ်သော စရိုက်နှင့် သိုင်းသူတော်စင် ပန်ရှန်းကိုပင် သတ်ဖြတ်နိုင်ခဲ့သည့် အစွမ်းအစအရ ဤမျှအစွမ်းထက်သူတစ်ယောက် ဝါးတောထဲ ခိုးဝင်လာသည်ကို သူ မသိဘဲနေစရာ အကြောင်းမရှိ။
ပြီးတော့ သူမ ခံစားရသည်မှာ...
သိုင်းပညာရှင်တစ်ယောက် ဝါးတောထဲ ဝင်လာခဲ့လျှင်ပင် အစ်ကိုယွမ်က မနိုင်ဘဲ နေမည်မဟုတ်ချေ။
သဲလွန်စအချို့ကို ရိပ်မိသွားသော်လည်း သူမ မစွန့်စားရဲသေးသဖြင့် ဆက်ပြေးနေမိသည်။ အတော်အတန် ဝေးဝေးသို့ ရောက်ရှိသွားမှသာ စိတ်ကို တဖြည်းဖြည်း လျှော့ချလိုက်နိုင်တော့၏။
ဝမ်ကျောက်ကျောက် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
"သွေးစကြာ..."
သွေးကဲ့သို့ နီရဲနေသော သူငယ်အိမ်များထဲတွင် ပန်းပွင့်ဖတ်ပုံစံ အမှတ်အသားများက အဆက်မပြတ် လည်ပတ်နေကြသည်။
သွေးရောင်လွှမ်းသော ကမ္ဘာကြီး မြင်ကွင်းထဲ ဝင်ရောက်လာသည်နှင့်အမျှ သူမ၏ ပါးပြင်နှစ်ဖက်ပေါ်သို့ သွေးမျက်ရည် နှစ်သွယ် စီးကျလာရ၏။ တစ်ဖက်လူ၏ ဝေဝါးသော ပုံရိပ်ကို မြင်လိုက်ရသော်လည်း လုံးဝစိမ်းသက်နေသော သူတစ်ယောက် ဖြစ်နေသည်။
သို့သော် သူမ မကြောက်တော့ဘဲ ရှေ့သို့ ပြန်လည် တိုးကပ်သွားလိုက်သည်။
"ဟီးဟီးဟီး..."
လီယွမ်က ယုတ်မာသောအသံဖြင့် ရယ်မောလိုက်ရင်း ဝမ်ကျောက်ကျောက်၏ ရှေ့မှောက်သို့ ဖျတ်ခနဲ ရောက်ရှိလာပြီး လည်ပင်းကို လှမ်းညှစ်လိုက်လေသည်။
ထိုအခွင့်အရေးကို အသုံးချကာ ဝမ်ကျောက်ကျောက်ကလည်း လီယွမ်၏လက်ကို လှမ်းကိုင်လိုက်ပြီး ပိုမိုနက်ရှိုင်းသော အနံ့အသက်တစ်ခုကို ရှူရှိုက်လိုက်မိ၏။
"အစ်ကိုယွမ်... ဒါ အစ်ကိုပဲ မဟုတ်လား..."
"ဟောဗျာ..."
လီယွမ်၏ လက် လေထဲတွင် တန့်သွားရပြီး ပြန်ချပစ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
"အမလေး ရှောင်ကျောက်... မင်း ဒါကိုတောင် ရိပ်မိတယ်ပေါ့..."
လူရေခွံမျက်နှာဖုံးကို ခွာချလိုက်ပြီး သူ၏ အရှိန်အဝါကို ပြောင်းလဲလိုက်ရာ မူလ 'လီယွမ်' အသွင်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
"အစ်ကိုယွမ်... ဘာလို့ ညီမကို လာစနောက်နေတာလဲ..."
ရင်းနှီးလှသော အနံ့အသက်ကို ရရှိသွားပြီးနောက် ဝမ်ကျောက်ကျောက်က စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့်လိုက်၏။
လီယွမ်က ကသိကအောက်ဖြင့် တဟဲဟဲ ရယ်လိုက်ရင်း
"ခုနက မင်းမြင်တာ အစ်ကိုယွမ် မဟုတ်ပါဘူး... ဘိုးဘေး ရဲ့ တံခါးပိတ်တပည့်... ကူလမ်းစဉ်ရဲ့ ပါရမီရှင် ချီလင် ပါ..."
"ဩော်... ဒါကြောင့်ကိုး..."
ဝမ်ကျောက်ကျောက် ချက်ချင်း သဘောပေါက်သွားရသည်။
"အစ်ကိုယွမ်က ညီမကို စမ်းသပ်ကွက်အဖြစ် သုံးလိုက်တာပေါ့..."
"ငါ့မှာ အားကိုးစရာဆိုလို့ မင်းပဲ ရှိတာကိုး..."
လီယွမ်က သက်ပြင်းချရင်း မတတ်နိုင်သလို ဆိုလိုက်သည်။
"ငါ့ရဲ့ အထောက်အထား နှစ်ခုစလုံးကို သိတာဆိုလို့ အဘိုးရယ်၊ ရှောင်ကျောက်ရယ်၊ ပြီးတော့ ဒီလူရေခွံမျက်နှာဖုံးကို လုပ်ပေးတဲ့ စီနီယာဒေါ်လေး ယန်ဝူရုန်ပဲ ရှိတာလေ..."
"ဒီမျက်နှာဖုံးက သိပ်ပြီးတော့တော့ သဘာဝမကျသေးဘူး ထင်တယ်... မင်းက တန်းသိနေတာပဲ..."
"ထပ်ပြီး ပြင်ဆင်ရဦးမယ်..."
"ရှောင်ကျောက်... မင်း ငါ့ကို ဘယ်လိုလုပ် အကဲခတ်မိသွားတာလဲ..."
သူ့အနေဖြင့် ပြဿနာများကို ရှာဖွေပြီး အမှားအယွင်းမရှိအောင် လုပ်ဆောင်ရမည်။ အထောက်အထားကို အပြည့်အဝ ပြောင်းလဲနိုင်မှသာ ချီလင် အမည်ကို သုံးပြီး အဘိုး၏ နာမည်ဖြင့် ကိစ္စအချို့ကို လုပ်ဆောင်ရသည်မှာ ပိုမိုလွယ်ကူပေလိမ့်မည်။
"ဟာကွက်တွေက အများကြီးပဲ..."
ဝမ်ကျောက်ကျောက်က ရယ်မောလိုက်သည်။
"ဘာဟာကွက်တွေလဲ…”
လီယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ပထမဆုံးအနေနဲ့ အစ်ကို ပြေးတာ အရမ်းနှေးပြီး သတ်ဖြတ်လိုစိတ်က အရမ်း အားနည်းလွန်းတယ်... ကလဲ့စားချေဖို့ လာတဲ့ ပြင်ပကမ္ဘာက ထိပ်သီးသိုင်းသူတော်စင်တစ်ယောက်နဲ့ လုံးဝမတူဘူး..."
"ဒုတိယအချက်က အစ်ကို ..ကျွန်မလည်ပင်းကို ညှစ်တာ အရမ်းပျော့လွန်းတယ်..."
"နောက်ဆုံးအချက်ကတော့ မိန်းမ တစ်ယောက်ရဲ့ အလိုလိုသိစိတ်ကို အထင်သေးမိတာပဲ... ရှောင်ကျောက်က အစ်ကိုယွမ်နဲ့အတူ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းလာတာလေ... အထင်သေးလို့ ဘယ်ရမလဲ..."
ဝမ်ကျောက်ကျောက်က လက်ချောင်းလေးများကို တစ်ခုချင်းစီ ရေတွက်ပြရင်း လှည့်ကွက်ဆန်သော အပြုံးလေးဖြင့် ဆိုလိုက်၏။
"ဒါဆိုရင်တော့..."
လီယွမ်က ရယ်လည်းရယ်ချင် ..စိတ်လည်း မချမ်းသာ ဖြစ်ရကာ
"မင်းက ခန့်မှန်းရုံတင် ခန့်မှန်းလိုက်တာပေါ့... အငွေ့အသက်ကနေ ဘာမှ မသိသာဘူးလား..."
"အင်း..."
ဝမ်ကျောက်ကျောက်က ခေါင်းညိတ်ပြသည်။
"ဒီလိုဆိုရင်တော့ စီနီယာဒေါ်လေးယန်ရဲ့ လူရေခွံမျက်နှာဖုံးက အတော်လေး စိတ်ချရတယ်လို့ ပြောလို့ရတာပေါ့... မင်းတောင် အကဲမခတ်မိဘူးဆိုရင်တော့ အထောက်အထား ပေါက်ကြားမှာကို ပူစရာမလိုတော့ဘူး..."
လီယွမ် စိတ်အေးသွားရတော့၏။
"အစ်ကိုယွမ်... နောင်ကျရင် ချီလင် ဆိုတဲ့ နာမည်နဲ့ လောကအလယ်မှာ ကျင်လည်တော့မယ်ဆိုရင် သတိထားဦးနော်... မကြာသေးခင်ကပဲ အဲဒီနာမည်က အရမ်းကျော်ကြားနေပြီး ကျန်းဟူ တစ်ခုလုံး ပျံ့နှံ့နေပြီ..."
ဝမ်ကျောက်ကျောက်က ဆက်လက်ပြောပြလာသည်။
"အလယ်ပိုင်းလွင်ပြင်ရဲ့ သူရဲကောင်းလေးဦးက လောကအရပ်ရပ်က သိုင်းပညာရှင်တွေကို စုစည်းပြီး အချင်းချင်း ပညာဖလှယ်ဖို့..ပြီးတော့ အစ်ကိုယွမ်ကို စိန်ခေါ်ပြီး သိုင်းလောကရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ လူတစ်ယောက် ရွေးချယ်မယ်လို့ ကြားတယ်..."
"အစ်ကိုက လူလုံးမပြသေးပေမဲ့ ကူလမ်းစဉ်က တပည့်ငယ်တွေအားလုံးက အစ်ကို့ကို ထောက်ခံနေကြတယ်... အစ်ကို့ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး ဝူတောက်ရဲ့ လမ်းစဉ်ကို ယှဉ်ပြိုင်ချင်နေကြတာ..."
"ဒီကိစ္စက ကြီးထွားလာနေပြီဆိုတော့ ရှောင်လွှဲရခက်လိမ့်မယ် ထင်တယ်..."
'ဘိုးဘေးကိုယ်တိုင်ကလည်း ဒီလိုတိုက်ပွဲမျိုးကို မျှော်လင့်နေတာ ဖြစ်နိုင်တယ်... သိုင်းပညာရှင် ပါရမီရှင်တွေကို အပြတ်အသတ် နှိမ်နင်းပစ်ပြီး ဒီခေတ်ကြီးထဲမှာ ကူလမ်းစဉ်အတွက် လမ်းသစ်ဖောက်ချင်နေတာ...'
လမ်းစဉ်နှစ်ခုက ထိပ်တိုက်တွေ့ရန် ရေစက်ပါလာပြီးသားဖြစ်ရာ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကတော့ မလွဲမသွေ ဖြစ်ပွားပေဦးမည်။
"နောက်မှပဲ ပြောကြတာပေါ့... အချိန်လိုပါသေးတယ်..."
လီယွမ်က .. ဘိုးဘေး သူ့ထံ လာရောက်မည့်အချိန်ကို စောင့်ဆိုင်းနေပြီး ပွဲထွက်ခအချို့ တောင်းခံရန်နှင့် အင်မော်တယ် လျှို့ဝှက်နယ်မြေ၏ အခွင့်အရေးထဲသို့ တစ်ခေါက်ထပ်ဝင်ရန် ကြံစည်နေ၏။
"အလယ်ပိုင်းလွင်ပြင်ရဲ့ သူရဲကောင်းလေးဦးစလုံးက အဆင့်ချိုးဖြတ်ပြီး (၈)ဆင့်မြောက် သိုင်းသူတော်စင်အဆင့်ကို ရောက်သွားကြပြီလို့လည်း ကြားတယ်..."
ဝမ်ကျောက်ကျောက်က ထပ်မံဆိုသည်။
"သူတို့ရဲ့ ပါရမီနဲ့ဆိုရင် (၈)ဆင့်ကို ရောက်တာနဲ့ ပန်ရှန်း သိုင်းသူတော်စင်ကြီးထက် မနိမ့်လောက်ဘူး... အစ်ကိုယွမ် သတိထားမှ ဖြစ်မယ်နော်..."
သိုင်းကျင့်ကြံသူများ၏ အဆင့်တက်လှမ်းမှုနှုန်းက ကူ လမ်းစဉ်သမားများထက် အဆမတန် မြန်ဆန်လှသည်။
ကူဆရာများသည် အသက်ကြီးလေလေ ပိုမိုစွမ်းအားကြီးမားလေလေဟု ဆိုကြသော်လည်း သိုင်းလောကကမူ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာခဲ့ပြီး ကျင့်ကြံခြင်းစနစ်က ရင့်ကျက်နေကာ အင်အားကြီးမားသော စီနီယာအစဉ်အဆက်များကလည်း မရေမတွက်နိုင်အောင် ရှိနေကြ၏။
မည်မျှပင် အစွမ်းထက်သော ကူသခင်ဖြစ်ပါစေဦးတော့... လူအင်အား အဆမတန် များပြားမှုကိုမူ တောင့်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
"(၈)ဆင့်မြောက်နဲ့ (၇)ဆင့်မြောက်... တကယ့်ကို မျှတတဲ့ လက်ရည်ယှဥ်ပွဲပဲ..."
ကူသခင်လမ်းစဉ် ဖိနှိပ်ခံထားရသည့် နှစ်ပေါင်းများစွာတွင် အကြောင်းရင်းများ ရှိခဲ့သည် ငယ်ရွယ်စဉ်အခါ၌ ကျင့်ကြံခြင်းအဆင့်က မလိုက်နိုင်ခြင်းနှင့် စီနီယာမျိုးဆက်များ၏ အင်အားက မလုံလောက်ခြင်းတို့ကြောင့်ပင်။
အစွမ်းအစအရှိဆုံး ပုဂ္ဂိုလ်များအတွက်မူ...
ကြီးမားလှသော လမ်းစဉ်လိုက်ပါသူ အခြေခံလူထုမရှိဘဲနှင့် ဤကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာရန် အလွန်ခက်ခဲလှပေသည်။
နှစ်ပေါင်းသုံးထောင်အတွင်း ကူ အင်မော်တယ် တစ်ပါးသာ ထွက်ပေါ်ဖူးခဲ့သည်။
သို့သော် လီယွမ် မကြောက်ရွံ့ချေ။
ခြေကျင်လျှောက်သူသည် လမ်းကြမ်းသည်ကို မကြောက်။
ဂုဏ်သတ္တိချင်း တူညီနေချိန်တွင် နိမ့်ပါးသော အဆင့်တစ်ခုက မြင့်မားသော အဆင့် တစ်ခုကို အသာစီးရယူနိုင်သည်ကို မြင်တွေ့ရခြင်းက ပိုမိုစိတ်လှုပ်ရှားစရာကောင်းပြီး ကူလမ်းစဉ်၏ စွမ်းအားကို ပိုမိုသက်သေပြရာ ရောက်ပေလိမ့်မည်။
ထိုအခါမှသာ ပိုမိုကြီးမားသော လှိုင်းလုံးကြီးကို ဖန်တီးနိုင်မည်။
'ဒီလောက်အထိ စည်ကားနေမှတော့ ငါသာ နိုင်ခဲ့ရင် ကူသခင် အစုအဖွဲ့ထဲကို တပည့်သစ်တွေ ဘယ်လောက်တောင် ဆွဲခေါ်လာနိုင်မလဲ...'
'အဘိုးကြီးဆီကနေ ကူမွေးမြူနည်း မှတ်စုတွေ အားလုံးကို တောင်းလိုက်ရင် အရမ်းများသွားမလား...'
လီယွမ် စိတ်ကူးယဉ် တွက်ချက်နေမိသည်။
သူ့တွင် ပိုမိုရဲတင်းသော အတွေးတစ်ခုပင် ရှိသေး၏။
သူသာ ကူလမ်းစဉ်ကို ကိုယ်စားပြုပြီး ချီလင် အဖြစ် တိုက်ခိုက်မည်ဆိုပါက လောကအရပ်ရပ်က သူရဲကောင်းများနှင့် ဆုံတွေ့ရမည်ဖြစ်ပြီး တောင်ပိုင်းနယ်စပ်ဒေသရှိ သူ၏ အဒေါ်နှင့် အဘိုးတို့ကို သွားရောက်တွေ့ဆုံရန် အခွင့်အရေး ရရှိပေလိမ့်မည်။
သို့သော် ဤအစီအစဉ်အားလုံးမှာ တစ်ခုတည်းသော အချက်ပေါ်တွင် အခြေခံထားသည်။
ထိုအချက်ကမူ... ညဇီးကွက် ဘုရင် ရှိမနေခြင်းနှင့် ဘိုးဘေး ကိုယ်တိုင် သူ့အတွက် အရပ်လေးမျက်နှာလုံးကို စောင့်ရှောက်ပေးထားခြင်းပင် ဖြစ်၏။
'ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်...'
ပန်ရှန်းကို နှိမ်နင်းခဲ့သည့် ချီလင်က တောနက်တောင်နက်ထဲတွင် လူသူမသိ ပုန်းအောင်းနေထိုင်သည်။
‘ချီလင် ဘာလုပ်လုပ်...
ငါ လီယွမ် နဲ့ ဘာဆိုင်လို့လဲ…’
...
ရှောင်ကျောက်၏ စိတ်ကို တည်ငြိမ်အောင် လုပ်ပေးပြီးနောက် လီယွမ်က ဝါးတောလေးဆီသို့ ပြန်လာခဲ့ပြီး လျှို့ဝှက်နယ်မြေထဲသို့ ပျောက်ကွယ်သွားတော့သည်။
လွန်ခဲ့သောရက်အနည်းငယ်က အဘိုးဖြစ်သူ ပေးထားခဲ့သည့် ကူလမ်းညွှန်ချက်များကို သူ အပြည့်အဝ နားလည်သဘောပေါက်နေပြီ ဖြစ်ရာ လက်တွေ့စမ်းသပ်ရန် အချိန်ကျရောက်လာပြီ ဖြစ်၏။
သူ့တွင် ကံကောင်းခြင်းများ ရှိနေမည်ဆိုပါက လုံးဝဆန်းသစ်သော ရှားပါးကူ အချို့ကို ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်ပေလိမ့်မည်။
သူသာ (၈)ဆင့်မြောက်သို့ ရောက်ရှိသွားပါက ဤကမ္ဘာကြီး၏ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းသော နေရာများကို လွတ်လပ်စွာ စူးစမ်းနိုင်ပြီ ဖြစ်သည်။ ကျန်ရှိသော ၀.၂ ရာခိုင်နှုန်းအတွက်မူ... ညဇီးကွက် ဘုရင်ကို ရှောင်ကွင်းသွားရုံမျှပင်။
တွေးတောရင်းနှင့် လီယွမ်က ဘိုးဘေး ပေးခဲ့သော ဘူးသီးခြောက်ကို ထုတ်ယူကာ စတင်၍ ကူအဖြစ် သန့်စင်မွမ်းမံလိုက်လေတော့၏။