← Chapters

အခန်း ၁၇၉

Vol. 16 Ch. 179

အခန်း ၁၇၉

Vol. 16 Ch. 179

အခန်း (၁၇၉) တဖြည်းဖြည်း ပွင့်ဟလာသော ပိတ်ကား

အလယ်ပိုင်းလွင်ပြင် သူရဲကောင်းလေးယောက်သည် သိုင်းသူတော်စင် နယ်ပယ်သို့ အောင်မြင်စွာ အဆင့် ချိုးဖြတ်သွားကြလေပြီ။

အချိန်တိုလေး အတွင်းမှာပင် ထိုသတင်းက နယ်စပ်ဒေသ တစ်ခွင်လုံးသို့ လေမုန်တိုင်းလို တိုက်ခတ်သွားတော့သည်။

အချိန်အနည်းငယ် ကတည်းက... ကူလမ်းစဉ်၏ ပါရမီရှင် ချီလင်က ထျန်းဝေ့ထျန်း သိုင်းဂိုဏ်းမှ သိုင်းသူတော်စင်ကြီးကို သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းက... သိုင်းသမား အားလုံး၏ မျက်နှာကို မမြင်ရသော လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်ချလိုက်သလိုပင်။

အချို့လူများ ကတော့... နောက်ထပ် နှစ်ပေါင်းသုံးထောင် အကြာတွင် ဒုတိယမြောက် ကူအင်မော်တယ် တစ်ပါး ထွက်ပေါ်လာတော့မည် ဟုပင်... သီကျူး ပြောဆိုနေကြ လေ၏။

တောင်ပိုင်းနယ်စပ်မှ ကူသခင်များသည် ယခင်ကထက် များစွာပို၍ ခါးဆန့်ကာ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်းနေကြ လေတော့သည်။

ယခုအခါတွင် အလယ်ပိုင်းလွင်ပြင်မှ သူရဲကောင်းလေးယောက်စလုံး သူတော်စင်အဖြစ်သို့ ရောက်ရှိသွားကြပြီ ဖြစ်ရာ... ကျန်းဟူမှ လူငယ်သိုင်းသမားများသည် နောက်ဆုံးတွင်တော့ ခေါင်းမော့ကာ သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသ နိုင်တော့မည်။

ယခင်မျိုးဆက်မှ အင်အားကြီး ပညာရှင်များကမူ အတော်လေး တည်ငြိမ်နေကြဆဲပင်။

လူတစ်ယောက်၏ အားနည်းခြင်း၊ အားသာခြင်းကို သိရှိရုံဖြင့် အခြေအနေ အရပ်ရပ်ကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ကြောင်း... သူတို့ ကောင်းစွာ သိထားကြ၏။ ဤအရာက အခြေအနေများနှင့် ဆန္ဒသဘောထားများ၏ ပြိုင်ပွဲတစ်ခုသာ ဖြစ်ပြီး... အချိန်ကာလများ ကုန်လွန်သွားသည်နှင့်အမျှ မေ့ပျောက်သွားကြလေမည်။

ဒုတိယမြောက် ကူအင်မော်တယ် တစ်ပါး... ဤလောကကြီးထဲသို့ အမှန်တကယ် မွေးဖွားလာခြင်း မရှိလျှင်ပေါ့။

အခြားတစ်ဖက် တွင်မူ... ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းများအလား သက်တမ်းရင့်လှပြီ ဖြစ်သော မျိုးဆက်ဟောင်း ပညာရှင်ကြီးများက... မည်သည့် ကျင့်စဉ်လမ်းကြောင်း ဖြစ်ပါစေ အဆင့် (၉) နယ်ပယ် သို့မဟုတ် ထိုထက်မြင့်သော အဆင့်သို့ ရောက်ရှိကာ... ဟင်းလင်းပြင်ကို ခွဲဖြာပြီး တက်လှမ်းနိုင်ခြင်း သာလျှင် တစ်ခုတည်းသော အမှန်တရား ဖြစ်ကြောင်း လက်ခံထားကြ၏။

ကျန်သည့်အရာများ အားလုံးက အတုအယောင်များသာ ဖြစ်သည်။

အလယ်ပိုင်းလွင်ပြင် သူရဲကောင်းလေးယောက် သိုင်းသူတော်စင် နယ်ပယ်သို့ ဝင်ရောက်သွားခြင်း အပြင်... ကျန်းဟူတွင် နောက်ထပ် ကြီးမားသော အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာခဲ့ပြန်၏။

လောကအရပ်ရပ်မှ အရည်အချင်းရှိသူများ စုပေါင်းကာ မဟာမိတ်အဖွဲ့ တစ်ခုကို ဖန်တီးခဲ့ကြပြီး... နတ်ဆိုး နှိမ်နင်းရေး မဟာမိတ်အဖွဲ့ ဟု အမည်ပေးလိုက်ကြ၏။

နတ်ဆိုးများကို သတ်ဖြတ်မည် ဟူသော အမည်ခံဖြင့် တည်ထောင်ခဲ့သော်ငြား လည်း... အနည်းငယ် အမြော်အမြင် ရှိသူတိုင်းက ထိုမဟာမိတ် အဖွဲ့သည် ညဇီးကွက် အစောင့်တပ်နှင့် နန်းတွင်း၏ ဖိနှိပ်မှုများကို ဆန့်ကျင်တိုက်ခိုက်ရန်နှင့်... အာဏာကို ဆုပ်ကိုင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ကောင်းစွာ သိမြင်နိုင်ကြ သည်။

ဖရိုဖရဲ ဖြစ်နေသော အချိန်ကာလများသည် အခွင့်အရေးများစွာ ပါဝင်နေသည့် ကြီးမြတ်သော အချိန်ကာလများ လည်း ဖြစ်လေ၏။

အရည်အချင်း ရှိသူများက နယ်ရုပ်များအဖြစ် မနေလိုကြဘဲ... ကစားသမားများ ဖြစ်လာရန်သာ မျှော်မှန်းကြသည်။

လက်ဖက်ရည်ဆိုင် တစ်ဆိုင် အတွင်း၌ ဖြစ်၏။

အဟန့်အတားများအား အသီးသီး ချိုးဖြတ်ခဲ့ကြပြီ ဖြစ်သော သူရဲကောင်းလေးယောက် သည်... တစ်ဖန် ပြန်လည် ဆုံစည်းမိကြ ပြန်လေ၏။

“ဒီပြိုင်ပွဲမှာ... ငါတို့ လေးယောက်ထဲက ဘယ်သူ နတ်ဆိုးသတ်တာ အနည်းဆုံးလဲ...”

ယဲ့ကျင်းဟုန်က ကျောက်စိမ်းမျက်နှာ အသူရာ ချင်းချန်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်၏။

“ငါ သွားပြီး စိန်ခေါ်လိုက်မယ်... ယဲ့ကျင်းဟုန်... မင်း ဒီမှာ သူတော်ကောင်းယောင် လာဆောင်မနေနဲ့...”

သူရဲကောင်းလေးယောက် သည် သူတို့ သတ်ဖြတ်ခဲ့သော နတ်ဆိုး အရေအတွက် အလိုက် အဆင့်သတ်မှတ် ခံရခြင်းပင်။ အဆင့် (၇) နတ်ဆိုးများကို အနည်းဆုံး သတ်ဖြတ်နိုင်သူ က နဝမကူနန်းတော် ထံသို့ စိန်ခေါ်စာ ပို့ကာ... ချီလင်နှင့် တိုက်ခိုက်ရန် ဖိတ်ခေါ်ရမည် ဖြစ်လေ၏။

ရလဒ်အနေဖြင့် သတ်ဖြတ်ခြင်း ကို အထူးလေ့ကျင့် ထားသော ချင်းချန်က အနည်းဆုံး သတ်ဖြတ်ခဲ့ရခြင်း ပင်။။

“ငါ မင်းကို အစောကြီးကတည်းက ပြောသားပဲ... မင်းနဲ့ ချီလင်က ရေစက်အပါဆုံး လို့... ဆက်ပြီး ကြိုးစားစမ်းပါ... ပန်ရှန်း သိုင်းသူတော်စင် အတွက် လက်စားချေပြီး ထျန်းဝေ့ထျန်း ရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ပေးရမယ် နော်...”

ယဲ့ကျင်းဟုန်က ခွီခနဲ ရယ်မောလိုက်၏။

ထျန်းဝေ့ထျန်း တွင် ဂိုဏ်းဆိုသော သဘောတရားက သိပ်ပြီး မခိုင်မာလှပါချေ။ သိုင်းသူတော်စင် သည် စီနီယာ တစ်ဦး ဖြစ်သော်ငြား လည်း... တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရခြင်း ဖြစ်ရာ ထိုက်တန်သော သေဆုံးခြင်း ဟုပင် သတ်မှတ်နိုင်သည်။ မည်သူကမျှ သူ့အတွက် ပူဆွေးဝမ်းနည်း နေမည် မဟုတ်ပေ။

“ပါးစပ် ပိတ်ထားစမ်း... မင်း ဘာမှ ထပ်ပြောနေစရာ မလိုဘူး... ထျန်းဝေ့ထျန်းရဲ့ နာမည်ကို ငါ ထိန်းသိမ်းပြီး... သိုင်းတာအိုရဲ့ ဂုဏ်ကျက်သရေကို ပြန်ယူပေးမယ်...”

ချင်းချန်မှာ မသေချာမှုများ ရှိနေသော်လည်း ကြောက်ရွံ့ခြင်း လည်း အလျှင်းမရှိပါချေ။

ချီလင်သည် ပန်ရှန်း သိုင်းသူတော်စင် ကို အနိုင်ရခဲ့လျှင်ပင်... ၎င်းမှာ မြေပြင်အနေအထား၏ အားသာချက်ကို ရယူကာ ကြိုတင် ချုံခိုတိုက်ခိုက် ခဲ့ခြင်းကြောင့် သာ ဖြစ်ရမည် ဟု တွေးထင်ထားကြသည်။ တမင် ကြံရွယ်ထားသူ အား သတိမထားမိဘဲ အငိုက်မိသွားခဲ့ရသည့် အခြေအနေ တစ်ရပ် သာလျှင် ဖြစ်ပေ၏။

ဤခေတ်သစ်ကြီး ထဲတွင် ကူလမ်းစဉ်ကို ပြန်လည် အသက်သွင်းရန်... နဝမကူနန်းတော်၏ သခင်ကြီးက ဤကိစ္စကို တိတ်တဆိတ် အကွက်ချပြီး... တမင်သက်သက် စီစဉ်ခဲ့ခြင်း လည်း ဖြစ်နိုင်ခြေ ရှိသည်။ အမှန်တရား ကိုကား မည်သူမျှ မသိရှိကြချေ။

ယခုအခါတွင် သူသည်လည်း သိုင်းသူတော်စင် နယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ရာ... ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရမည် ဆိုပါက ချီလင်ထက် အားနည်းနေမည် မဟုတ်ကြောင်း ယုံကြည်ထား၏။

အလယ်ပိုင်းလွင်ပြင် သူရဲကောင်းလေးယောက် အချင်းချင်း မကြာခဏ လက်ရည်စမ်းကြ သကဲ့သို့ ပင်... တစ်ယောက်ကို တစ်ယောက် လိုက်လံ ကျော်ဖြတ်ကာ အနိုင်အရှုံး အသီးသီး ရှိခဲ့ကြပြီး... မည်သူကမျှ သေချာပေါက် အနိုင်ရမည်ဟု မပြောရဲကြပါချေ။

အမှန်တကယ် တော့... ဤအခိုက်အတန့် တွင် အချိန်အခါ မသင့်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ လေ၏။

“သိုင်းပညာတွေ ကျဆင်းလာသလား.. မကျဆင်းဘူးလား ဆိုတာတော့ မသိဘူး... ဒါပေမဲ့ ငါတို့ မျိုးဆက်ရဲ့ စွမ်းအားကတော့ အမှန်တကယ် ကို မလုံလောက်တာ သေချာတယ်...”

“ကျိုးဝူပင်း... နင် ဘာကို ဆိုလိုတာလဲ...”

ဆူရှင်းစံအိမ် မှ ဆရာမ လျူချင်းက ဒေါသတကြီး ဆဲရေးလိုက်၏။

“ဒီလူပျင်း... ဘာမှလည်း ဝင်မကူဘူး... ခနဲ့တဲ့တဲ့ စကားတွေပဲ ဆက်တိုက် ပြောနေတယ်...”

“အမှန်တရားကို ပြောပြတာပါ...”

ကျိုးဝူပင်းက လှောင်ပြောင် သကဲ့သို့ ပြောဆိုလိုက်လေ၏။

“စဉ်းစားကြည့်စမ်းပါ... အတိတ်က ရွှေခေတ်တွေတုန်းက ဘယ်လို လူမျိုးတွေ ပေါ်ထွက်ခဲ့ကြလဲ လို့... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်တုန်းက ဆိုရင်... ဓားနတ်သမီးက ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်က နတ်မိမယ် တစ်ပါးပဲ... သူက နယ်စပ်မှာ နတ်ဆိုးတွေကို သတ်ပြီး သူ့ရဲ့ ဓားစွမ်းရည်ကို သက်သေပြခဲ့တာ...”

“လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်တုန်းက ဆိုရင် ဆူရှင်းစံအိမ်က ကျွမ်းပုယွီ လေ... စကားနည်းတဲ့ ပညာရှင် တစ်ယောက်က သူ့ရဲ့ လက်သီးတွေနဲ့ ကျန်းဟူရဲ့ အိပ်မက်တွေကို အစိတ်စိတ် အမွှာမွှာ ခွဲပစ်ခဲ့တာ...”

“လွန်ခဲ့တဲ့ နှစ်တစ်ထောင် တုန်းကတော့ ထျန်းဝေ့ထျန်းက အရူးလေး က... ပင်လယ်လေးစင်းနဲ့ အရပ်ရှစ်မျက်နှာရဲ့ လမ်းတွေကို လိုက်ခေါက်ပြီး... ဘယ်သူမှ အာဏာ မပြရဲတဲ့ အထိ သတ်ဖြတ်ပြခဲ့တာ ပဲ...”

“လွန်ခဲ့တဲ့ နှစ်ငါးရာ တုန်းကလည်း ပိုင်လျန်ဂိုဏ်းက ချီထျန်း ဆိုရင်... နန်းတွင်းရဲ့ စစ်ဆေးရေးဂိတ် ဆယ့်ရှစ်ခုကို ဖောက်ထွက်ပြီးတော့... နတ်ဘုရားသိုင်း နန်းတော်ထဲမှာ ကြီးမားတဲ့ ဆူပူအုံကြွမှုကြီး ဖြစ်အောင် လုပ်ခဲ့သေးတာပဲ...”

ကျိုးဝူပင်း ပြောပြခဲ့သော လူများ အားလုံးသည် ထိုကြီးမြတ်သော ခေတ်ကာလများ၏ ထူးကဲသော ပါရမီရှင်များ ဖြစ်ကြပြီး... သူတို့၏ ခေတ်ကို လွှမ်းမိုးကာ သမိုင်းတွင် မှတ်တမ်း တင်ခံရသော ပုဂ္ဂိုလ်ကြီးများ ဖြစ်လာခဲ့ကြ သည်။

“ဒီစကားတွေ အကုန် ပြောနေတာက ဘာအကျိုး ရှိမှာမို့လို့လဲ...”

ချင်းချန်က မျက်မှောင်ကုတ်ကာ မေးလိုက်လေ၏။

“ငါ ဆိုလိုချင်တာက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း နေတာ ပိုကောင်းမယ် လို့... တစ်ကြိမ် ရှုံးတာက ရှက်စရာ မဟုတ်ဘူး... ပြဿနာတွေ ဆက်လုပ်နေရင် နောက်ဆုံးကျတော့ တခြားသူတွေကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်...”

ကျိုးဝူပင်းက ဖြည်းညင်းစွာ ပင် ရှင်းပြလိုက်၏။

သိုင်းတာအို နှင့် ကူလမ်းစဉ် ကြားမှ ပဋိပက္ခ ကို နောက်ကွယ်မှ တစ်စုံတစ်ယောက်က သွေးထိုးလှုံ့ဆော် နေကြောင်း သိသာထင်ရှား လှသည်။ မည်သူက မည်သူ့၏ ကျော်ကြားမှုကို အခွင့်ကောင်း ယူချင်နေကြောင်း ရှင်းလင်းနေပေ၏။

“ကျိုးဝူပင်း... တာအိုလမ်းစဉ် မတူရင် အတူတူ အကြံအစည် ထုတ်လို့ မရဘူး...”

လျူချင်းက အသံကို နှိမ့်ကာ လေးနက်စွာ ပြောလိုက်၏။

“သိုင်းပညာ ဆိုတာ တိုက်ခိုက် ရယူရမှာ... လောကကြီးကို လည်း တိုက်ခိုက် ရယူရမှာ... ငါတို့ သိုင်းသမား တွေမှာ ဘယ်တော့မှ မရှုံးနိမ့်နိုင်တဲ့ ယုံကြည်ချက် ရှိရမယ်... မနိုင်ခင် ကတည်းက အရှုံးပေးတဲ့ သူတွေက ဘယ်တော့မှ သူရဲကောင်း ဖြစ်လာမှာ မဟုတ်ဘူး...”

ရှူတောင်မှ မဟာသခင်ကြီး ရွှီရှောင်ယောင် ကလည်း ဝင်ရောက် ပြောဆိုလိုက်၏။

“တစ်ခါမှ လူလုံး မထွက်ဖူးတဲ့ ကူသခင် ဆိုတာ... ကောလာဟလ တွေထဲ ကလောက် အစွမ်းထက်ချင်မှ ထက်မှာပါ... ငါတို့ အရှုံးပေးစရာ အကြောင်းကို မရှိတာ... အထူးသဖြင့် အခုလို အခြေအနေမျိုး ရောက်နေမှတော့ ငါတို့အတွက် နောက်ဆုတ်စရာ လမ်း မရှိတော့ဘူး...”

လွန်ခဲ့သော နှစ်များစွာက သူသည် ကျိုးဝူပင်းအား သိုင်းကွက် တစ်ဝက်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ကတည်းက... အနိုင် ပြန်ယူရန် အခွင့်အရေး ကို အမြဲတမ်း ရှာဖွေနေခဲ့သည်လေ။ သို့သော်လည်း ကျိုးဝူပင်းမှာ အလွန် ပါးနပ်လွန်းလှပြီး... မည်သို့ပင် ဖြစ်စေ သူ့အား ပြန်လည် တိုက်ခိုက်ရန် လုံးဝ ငြင်းဆန်ခဲ့လေ၏။

ထိုသိုင်းကွက် တစ်ဝက် ရှုံးနိမ့်ခဲ့ရခြင်း က သူ၏ တစ်ဘဝလုံးကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားရစေပြီး... ယင်ကောင် တစ်ကောင်ကို အရှင်လတ်လတ် မြိုချလိုက်ရ သည်ထက်ပင် ပို၍ နာကျင်စေခဲ့တော့သည်။

“မင်းတို့ သဘောပါပဲ...”

ဤအခြေအနေ ကို မြင်လိုက်ရသဖြင့် ကျိုးဝူပင်းက ဘာမှ ထပ်မပြော တော့ချေ။ မတူညီသော ယုံကြည်ချက် ရှိသူများမှာ အတူတကွ ထိုင်ကာ စကားပြောဆိုရန် ခက်ခဲလှသည်။ သူ၏ စရိုက်သဘာဝ အရ သူရဲကောင်း လေးယောက်နှင့် ကွဲပြားနေရန် ကံကြမ္မာက ဖန်တီးထားပြီး ဖြစ်လေ၏။

သူ ဝင်ရောက် ပြောဆိုခဲ့ခြင်းမှာ တစ်စုံတစ်ယောက်က ရေကို ပို၍ နောက်ကျိစေချင် နေသောကြောင့် ပင်။။ ကူလမ်းစဉ် ဂိုဏ်းကသာ အခြေအနေ ကို အခွင့်ကောင်း ယူချင်နေခြင်း မဟုတ်ဘဲ... နတ်ဆိုး နှိမ်နင်းရေး မဟာမိတ်အဖွဲ့ တည်ထောင်ခြင်း ၏ နောက်ကွယ်မှ ကြိုးကိုင်သူ တွင်လည်း လျှို့ဝှက် ရည်ရွယ်ချက်များ ရှိနေခဲ့သည်။

ကုန်းမြေ၏ မြောက်ဘက် ဆုံး အပိုင်း... မြောက်ပိုင်း ရေခဲ နယ်မြေ။ ယင်းမင်းသား ၏ စံအိမ်တော်။

စံအိမ်တော် ကို မီးပုံးများ ရောင်စုံ ပိတ်စများဖြင့် အလှဆင်ထားပြီး... ခမ်းနား ကြီးကျယ်သော အောင်ပွဲခံ ပွဲတော်ကြီးကို ကျင်းပနေကာ ပျော်ရွှင်ဖွယ် ကောင်းသော အရှိန်အဝါများ လွှမ်းခြုံနေတော့သည်။

စံအိမ်တော် အတွင်း ၌ကား အင်အား ကြီးမား ဩဇာညောင်းသော ယင်းဘုရင် ဖုန်းလီ သည် ကုလားထိုင် ပေါ်တွင် ထိုင်နေပြီး... သူ၏ မျက်နှာ အမူအရာမှာ ရှုပ်ထွေးနေလေ၏။

မြောက်ပိုင်း နှင့် အရှေ့ပိုင်း တောရိုင်းနယ်မြေ များမှ နတ်ဆိုး အင်အားစု များကို... လုံးဝ အမြစ်ပြတ် ရှင်းလင်း ပြီးနောက် သူ၏ အသုံးဝင်မှု လည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယခုပွဲတော် သည် အောင်ပွဲခံ ညစာစားပွဲ ဖြစ်သင့် သော်ငြားလည်း... အမှန်တကယ် တွင်မူ ညဇီးကွက် ဘုရင်က သူ၏ စစ်သူကြီး များကို အာဏာမှ ဖယ်ရှားပေးရန် တောင်းဆိုသည့် ညစာစားပွဲ တစ်ခု သာလျှင် ဖြစ်နေတော့သည်။

ဧည့်သည်များ ပွဲတော်သို့ ပို၍ ပို၍ ရောက်ရှိလာကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေသော်လည်း... တကယ်တမ်း တွင်မူ သူတို့သည် အလွန် အနေအထိုင် ဆင်ခြင်ကာ သတိကြီးစွာ ထားနေကြရ သည်။

စံအိမ်တော်၏ ဘယ်နှင့် ညာဘက်တွင် အဓိက နေရာ နှစ်ခု ရှိလေ၏။ ဧည့်သည် ဖြစ်သော ညဇီးကွက်ဘုရင် က ညာဘက်တွင် ထိုင်နေပြီး... ယင်းဘုရင် ဖုန်းလီ ကတော့ ဘယ်ဘက်တွင် နေရာယူထား သည်။

ညဇီးကွက်ဘုရင် သည် တိတ်ဆိတ်စွာ ပင် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေပြီး... ဝင်ထွက် သွားလာနေကြ သော လူများကို စောင့်ကြည့်နေလေ၏။ မည်သူကမျှ သူ၏ အကြည့်ကို ရင်ဆိုင်ရန် မဝံ့ရဲကြသလို... ကြေးဝါ မျက်နှာဖုံး အောက်တွင် မည်သို့သော အမူအရာ ရှိနေမည် ကိုလည်း မည်သူမျှ မခန့်မှန်း နိုင်ကြချေ။

ယင်းဘုရင် ဖုန်းလီ မှာမူ သိပ်မဝေးလှ သော နေရာတွင် ဧည့်သည် များကို နှုတ်ဆက်နေကြ သော သူ၏ ဇနီးနှင့် သားသမီး များကို လည်းကောင်း... ခြံဝင်းထဲတွင် ဆော့ကစား နေကြသော မြေးလေး များကို လည်းကောင်း ကြည့်ကာ ထိန်းမရအောင် တုန်ယင် နေမိတော့သည်။ သူ ခံစားနေရသော ဖိအားများ ကလည်း တဖြည်းဖြည်း ပို၍ ပို၍ ကြီးမားလာခဲ့ချေပြီ။

အချိန် အတန်ကြာ ပြီးနောက် သူသည် ညဇီးကွက် ဘုရင်ထံသို့... ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့် လိုက်ပြီး ခါးသီးသော မျက်နှာထားဖြင့် စကားဆိုလိုက် ၏။

“ညဇီးကွက် ဘုရင်... ကျွန်တော်မျိုး မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်...”

ညဇီးကွက် ဘုရင်က တည်ငြိမ်စွာ ပင် ပြန်လည် ဖြေကြား လိုက်၏။

“ယင်းဘုရင် မှာ ဘာကိစ္စများ ရှိလို့လဲ...”

“အရှေ့ပိုင်း တောရိုင်းနဲ့ မြောက်ပိုင်း မြေတွေမှာ နတ်ဆိုး နှိမ်နင်းရေး တိုက်ပွဲတွေ ပြီးတဲ့ နောက်မှာတော့... ကျွန်တော်မျိုး ရဲ့ စွမ်းဆောင်ရည် တွေက မလုံလောက် ဘူးလို့ ခံစားလာရတယ်... ဖုန်းမိသားစု ရဲ့ မျိုးဆက်တွေ ကလည်း အားလုံး သာမန်တွေချည်း ပဲမို့ ကြီးမားတဲ့ အောင်မြင်မှုတွေ မရနိုင်တော့ဘူး ထင်တယ်... တည်ထောင်သူ ဧကရာဇ်ကြီး ပေးသနားခဲ့တဲ့ မိရိုးဖလာ ဘုရင်ရာထူး အတွက် လည်း ကျွန်တော်မျိုး အရှက်ရမိ ပါတယ်...”

ဖုန်းလီက လက်နှစ်ဖက်ကို ယှက်ကာ တောင်းဆို လိုက်၏။

“ကျွန်တော်မျိုး ကို ရာထူးနဲ့ ဘွဲ့နာမ တွေကနေ လျှော့ချပေးဖို့ တော်ဝင် အမိန့်ကို နှိမ့်ချစွာ တောင်းဆို ပါရစေ... တာ့ယန် အင်ပါယာကြီး အတွက် ဆက်လက် အလုပ်အကျွေး ပြုနိုင်ဖို့ ကျွန်တော်မျိုး စွမ်းဆောင်နိုင်တဲ့ နေရာလေးတစ်ခု လောက်ပဲ တောင်းဆို ပါရစေ..”

“အို...”

ညဇီးကွက် ဘုရင်က တည်ငြိမ်စွာ မေးလိုက်၏။

“မင်း တကယ်ပဲ အဲဒီလို စဉ်းစားထားတာ လား...”

ဖုန်းလီက ချက်ချင်း ပင် ခေါင်းငုံ့ လိုက်ပြီး...

“ကျွန်တော်မျိုး ဆီမှာ သစ္စာ ဖောက်ချင်တဲ့ စိတ် လုံးဝ မရှိပါဘူး ”

“တာ့ယန် နိုင်ငံတော် ကြီးအတွက် မင်း ဒီလောက်တောင် စဉ်းစားပေးပြီး ပင်ပန်းခံ နိုင်တာက တကယ့်ကို ရှားပါးလွန်းပါတယ်... ယင်းဘုရင် အတွက် တော်ဝင် အမိန့်တစ်ခု နန်းတော်ကနေ သေချာပေါက် တောင်းဆိုပေးပါ့မယ်...”

ညဇီးကွက် ဘုရင်က ရယ်မော လိုက်၏။

“ကျန်းနန် က မြို့ဝန်ကို သင့်တော်တဲ့ နေ့တစ်နေ့မှာ ရာထူး တိုးပေးမလို့ စီစဉ်ထားတယ်... မင်း သူ့နေရာကို ယူလိုက်ရင်ကော ဘယ်လိုလဲ...”

“အရှင်မင်းကြီး... ကျွန်တော်မျိုး ဆန္ဒရှိပါတယ်...”

ဖုန်းလီ၏ ရင်ထဲတွင် ကြောက်ရွံ့ တုန်လှုပ်မှုများ ဖြင့် ပြည့်နှက်သွားတော့သည်။

လင်းယွဲ့ ယူဘုရင် ၏ ကံကြမ္မာ ကို သူ ကောင်းကောင်းကြီး မှတ်မိနေသေး၏။

ယခုလို အသက်ဘေး မှ လွတ်မြောက်ပြီး သူ၏ မိသားစု ကိုပါ ကယ်တင် နိုင်ခဲ့ခြင်း ကိုပင် သူ အတော်လေး ကျေနပ်နေခဲ့ပြီ ဖြစ်၏။

နဝမ ကူနန်းတော်... အတွင်းစည်း တံခါးဝယ်

ချီယန်သည် ခေါင်းတလား ထဲမှ တစ်ဖန် ပြန်လည် နိုးထလာခဲ့လေ၏။

ယန်ဝူရုန်သည် အားနည်းလှသော အဘိုးအို ဘေးတွင် ရိုသေလေးစားစွာ ရပ်နေခဲ့သည်။

“ဘိုးဘေးကြီး... ဆဌမ ကူနန်းတော် ကနေ တိကျတဲ့ သတင်း အချက်အလက် တွေ ရထားပါတယ်... ညဇီးကွက် ဘုရင်က ယင်းဘုရင် ဖုန်းလီ ရဲ့ အောင်ပွဲခံ ညစာစားပွဲမှာ ပေါ်လာခဲ့တယ် တဲ့... အခု လောလောဆယ် တော့ သူ နယ်စပ်ကို လာမှာ မဟုတ်သေးပါဘူး...”

“သိုင်းလောက ဘက် ကလည်း အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးယောက် ထဲက ချင်းချန် က စိန်ခေါ်စာ ပို့ထားပါပြီ...”

“ကျွန်မတို့တွေ... လှုပ်ရှားလို့ ရပါပြီ…”

All Chapters