အခန်း ၁၈၀
Vol. 16 Ch. 180
အခန်း (၁၈၀) အပေးအယူ လုပ်ခြင်း
“ငါ့ရဲ့ တစ်သက်တာမှာ ဒီလို အခွင့်အရေးမျိုး ကြုံရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးဘူး...”
“ဝိညာဉ်ပိုင်းဆိုင်ရာ အထွတ်အထိပ်ဖြစ်တဲ့ နှလုံးသားမေးခွန်းကူ ရယ်... ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အထွတ်အထိပ်ဖြစ်တဲ့ ရစ်ပတ်နတ်ဘုရားကူ ရယ်... နှစ်မျိုးလုံးက ဒီခေတ်ကြီးထဲမှာ တစ်ပြိုင်နက် ပေါ်ထွက်လာတယ်... ကူသခင် မျိုးဆက်ကို တစ်ကျော့ပြန် တောက်ပဖို့ ကောင်းကင်ဘုံက ခွင့်ပြုလိုက်တာပဲ...”
လူတို့၏ အရေးကိစ္စဟူသမျှသည် ကောင်းကင်၏ အလိုတော်အတိုင်းသာ ဖြစ်ချေသည်။
နှလုံးသားမေးခွန်းကူ၏ ယခင်သခင်မ ချန်းလန်မိဖုရား ကွယ်လွန်သွားပြီးကတည်းက ချီယန်သည် ကူသခင်မျိုးဆက်ကို နဝမတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင်သာ အေးအေးချမ်းချမ်း နေထိုင်စေပြီး ဘေးဒုက္ခများကို ရှောင်ရှားရန်သာ စဉ်းစားခဲ့ဖူး၏။
သို့သော်လည်း မထင်မှတ်ဘဲ ညဇီးကွက်ဘုရင်၏ ရည်မှန်းချက်များကြောင့် နတ်ဆိုးများက နယ်စပ်ဒေသတွင် သောင်းကျန်းလာခဲ့ရာ နဝမကူနန်းတော် သည်လည်း လောကထဲသို့ ခြေစုံပစ်ဝင်ရန် ဖိအားပေးခံလိုက်ရတော့၏။
ထိုအချိန်အထိ နှလုံးသားမေးခွန်းကူ ပိုင်ရှင် ရှောင်ချင်အာ ရှိနေလျှင်ပင် ချီယန်၏ အစီအစဉ်မှာ ရေစီးကြောင်းအတိုင်း လိုက်ပါရင်း ကူသခင်မျိုးဆက်၏ အမွေအနှစ်ကို ထိန်းသိမ်းရန်သာ။
ရစ်ပတ်နတ်ဘုရားကူ ပိုင်ရှင် လီယွမ် ပေါ်ထွက်လာချိန်မှသာ သူသည် မျှော်လင့်ချက် အလင်းတန်းကို မြင်တွေ့လိုက်ရခြင်း ဖြစ်တော့၏။
ကူသခင်မျိုးဆက်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် ရွေးချယ်မှုတစ်ခုကို ပြတ်သားစွာ လုပ်ရမည်ဖြစ်ကြောင်း ကောင်းစွာ သိရှိနေသည်။
တောင်ပိုင်းနယ်စပ်ရှိ မြေကွက်လပ်လေးကိုသာ ဆက်လက် ဖက်တွယ်ထားရမည်လား... သို့မဟုတ် ခေတ်ရေစီးကြောင်းကို စီးနင်းလိုက်ပါပြီး ကူသခင်မျိုးဆက်၏ အနာဂတ်အတွက် မျှော်လင့်ချက် မီးပွားကို တောက်လောင်စေရမည်လား။
ကူလမ်းစဉ်၏ အနာဂတ်မှာ သူ၏ လက်ထဲတွင်သာ ရှိနေချေပြီ။
သာမန်လူတစ်ယောက်အဖြစ် အေးတိအေးစက် နေထိုင်သွားမည်လား... သို့မဟုတ် လမ်းသစ်များကို ဖောက်ပြီး တောက်ပသော အနာဂတ်အတွက် ရဲဝံ့စွာ တိုက်ပွဲဝင်မလား။
ဤအခိုက်အတန့်တွင် ချီယန်သည် နောက်ဆုံးတစ်ခုကိုသာ ရွေးချယ်လိုက်တော့သည်။
“သွားကြစို့...”
ချီယန်သည် တုတ်ကောက်ကို အားပြုကာ ကုန်းကုန်းကွကွဖြင့် ထွက်လာခဲ့လေ၏။
“လီယွမ်... မဟုတ်ဘူး... အဲဒီကောင်လေး ချီလင် ဆီကို သွားဖို့ အချိန်တန်ပြီ...”
“ဘိုးဘေးကြီး...”
ယန်ဝူရုန်သည် ချီယန်၏ နောက်ကွယ်မှ ရိုသေစွာ လိုက်ပါရင်း ပြောလိုက်၏။
“ချီလင်ရဲ့ စရိုက်က နည်းနည်းတော့ ခက်မယ် ထင်တယ်... သူက အကျိုးအမြတ် မမြင်ရင် မလှုပ်ရှားချင်ဘူးလေ... အခုလည်း ဘိုးဘေးကြီး ကိုယ်တိုင် သွားခေါ်ခိုင်းနေတာပဲ...”
“လူငယ်တွေပဲ... သူတို့ရဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက် ရှိတာက သဘာဝကျပါတယ်...” ချီယန်က ပြုံးလျက် ဆိုလိုက်၏။
“သူ့ရဲ့ တိုက်ခိုက်လိုစိတ်က သိပ်ပြီး မပြင်းထန်ဘူး... သိုင်းသူတော်စင်ကို ချုံခိုတိုက်နိုင်ခဲ့တာကလည်း တခြား အကြောင်းရင်းတွေ အများကြီး ရှိဦးမှာပါ...”
ယန်ဝူရုန်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး...
“တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုမှာ ကြိုတင် အကွက်ချထားတာ မရှိရင် ကူသခင်က သိုင်းပညာရှင်ကို ယှဉ်ဖို့ ခက်ခဲတာ သဘာဝပဲလေ...”
“ရပါတယ်...”
ချီယန်က လက်ကို မြှောက်ကာ တားလိုက်လေ၏။
“ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်...”
ထိုအခါမှ ယန်ဝူရုန်လည်း ဆက်မပြောတော့ပေ။
သို့သော်လည်း ဆဌမကူနန်းတော်၏ အရှင်သခင်ဖြစ်ပြီး သတင်းထောက်လှမ်းရေးကို ထိန်းချုပ်ထားသူဖြစ်သည့်အတိုင်း သူသည် ယုတ္တိကျကျ ဆန်းစစ်မှုကိုသာ ပို၍ နှစ်သက်သည်။
အဆင့် (၈) သိုင်းသူတော်စင် နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော ကျောက်စိမ်းမျက်နှာ အသူရာ ချင်းချန်ကို လီယွမ် အနိုင်ရနိုင်ခြေမှာ အလွန် နည်းပါးလှကြောင်း အချက်အလက်များက ညွှန်ပြနေသည်။
သို့သော်လည်း သူ၏ အာရုံခံစားမှုကမူ ဘိုးဘေးကြီး ရွေးချယ်လိုက်သော လူနှင့် သူ၏ ဆုံးဖြတ်ချက်မှာ မှားယွင်းလိမ့်မည် မဟုတ်ဟု ပြောနေပြန်၏။
ဝါးတောငယ်လေး အတွင်း၌ ဖြစ်၏။
လီယွမ်သည် သူ မျှော်လင့်ထားသည့် သတင်းကို ရရှိလိုက်ချေပြီ။
ဘိုးဘေးကြီး ချီယန် တစ်ဖန် ရောက်ရှိလာပြန်သည်။
သူသည် ပင်မတောင်ထိပ်သို့ အေးအေးဆေးဆေး တက်လာခဲ့ပြီး ကူနန်းတော်သခင် နှစ်ဦးနှင့် ဆုံတွေ့လိုက်၏။ လီယွမ်သည် ဘိုးဘေးကြီးနှင့် ဦးလေးရန်တို့ကို အရိုအသေ ပေးလိုက်၏။
“ဟန်ဆောင်ပန်ဆောင်တွေ လုပ်မနေပါနဲ့တော့...”
ချီယန်သည် လူငယ်လေးအသွင်ရှိသော လီယွမ်ကို ကြည့်ကာ အလွန် ကျေနပ်နေသည်။
နေဝင်ရိုးရီ အချိန်ကာလတွင် ရပ်တည်နေရသော ပညာရှင်အိုကြီးတစ်ဦးအနေဖြင့် ထွက်ပေါ်လာသော ကြယ်သစ်လေးကို ငေးကြည့်ရခြင်းမှာ အလွန်ပင် စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။
ကူလမ်းစဉ် အတွက် ဘဝသစ် မျိုးစေ့များကို ပေးစွမ်းနိုင်မည့် ဤလူငယ်လေးကား အားကျစရာပင်။
“အလယ်ပိုင်းလွင်ပြင် သူရဲကောင်း လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျောက်စိမ်းမျက်နှာ အသူရာ ချင်းချန် က ငါတို့ ကူသခင်မျိုးဆက်ဆီကို စိန်ခေါ်စာ ပို့ထားတယ်... သူက မင်းနဲ့ တိုက်ချင်နေတာ...”
“အခုဆိုရင် နယ်စပ်ဒေသတစ်ခုလုံးနဲ့ ကျန်းဟူ တစ်ခွင်လုံးက စောင့်ကြည့်နေကြပြီ... ဒါက ငါတို့ ကူသခင်မျိုးဆက် လောကထဲကို ခြေဆန့်ပြီး အာဏာတည်ဆောက်ဖို့ အကောင်းဆုံး အချိန်ပဲ...”
“မင်းသာ အနိုင်ရခဲ့ရင် ကူသခင်မျိုးဆက် လောကထဲ ခြေဆန့်ဖို့အတွက် ရှေ့ဆောင်လမ်းပြ ဖြစ်လာလိမ့်မယ်... ဂိုဏ်းကလည်း မင်းကို ဘယ်တော့မှ ပစ်မထားပါဘူး...”
ချီယန်က သူလာရင်း ရည်ရွယ်ချက်ကို တည့်တိုးပင် ပြောဆိုလိုက်၏။
လီယွမ်က ချက်ချင်းပင် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်သည်။
“ကူသခင် မျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ...”
ထိုသို့ပြောပြီးနောက် သူက ရိုကျိုးစွာဖြင့် ဆက်ပြောလိုက်၏။
“ဒါပေမဲ့... ဘိုးဘေးကြီး... ကျွန်တော့်မှာ ကူလမ်းစဉ်နဲ့ ပတ်သက်ပြီး မေးစရာတွေ အများကြီး ရှိနေသေးလို့ပါ... အရင်တုန်းက ဘိုးဘေးကြီးရဲ့ ကျင့်ကြံမှု အတွေ့အကြုံတွေကို ဖတ်ခွင့်ရခဲ့တာက ကျွန်တော့်အတွက်တော့ အမှောင်ထဲမှာ အလင်းရောင် ရလိုက်သလိုပါပဲ...”
“ကျွန်တော်ကတော့ အရှက်မရှိ တောင်းဆိုချင်တာက... ကူလမ်းစဉ်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သွားအောင်... ဘိုးဘေးကြီးရဲ့ စာအုပ်တွေကို နောက်ထပ် ဆင့်ပွား တစ်ခုလောက် ပေးသနားပါဦး...”
“ကျွန်တော့်ရဲ့ ကူလမ်းစဉ်တွေ ပိုပြီး တိုးတက်လာမယ်ဆိုရင်... ချင်းချန် ကို သေချာပေါက် အနိုင်ယူပြီး ကူလမ်းစဉ် ရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်မှာပါ...”
လီယွမ်၏ အေးဆေးလှသော အမူအရာကို မြင်လိုက်ရသောအခါ ချီယန်မှာ မတတ်သာဘဲ ပြုံးလိုက်မိတော့၏။ ယနေ့ခေတ်တွင် ဤမျှ အရှက်မရှိသော လူငယ်မျိုးမှာ အလွန် ရှားပါးလှလေသည်။
“ရော့... ဒါ မင်းအတွက်...”
ကူကောင် သန့်စင်ခြင်း အတွေ့အကြုံများမှာ မူလကတည်းက လီယွမ်နှင့် ရှောင်ချင်အာတို့အတွက် ရည်ရွယ်ထားခြင်းပါ။
“ဒီမှာ စာအုပ် သုံးအုပ် ရှိတယ်...”
ချီယန်က ထူထဲသော စာအုပ် သုံးအုပ်ကို ပစ်ပေးလိုက်ရင်း ပြောလိုက်၏။
“နောက်ထပ် သုံးအုပ် ကျန်သေးတယ်... ချင်းချန် နဲ့ တိုက်ပွဲပြီးမှ အဲဒါတွေကို ပေးမယ်... ဘယ်လိုလဲ...”
လီယွမ်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်၏။
“စိတ်ချပါ ဘိုးဘေးကြီး... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်... ဒါပေမဲ့...”
ချီယန်၏ မျက်နှာ တွန့်သွားရသည်။
“တစ်ခါတည်း အကုန်ပြောစမ်းပါ...”
ဤကလေးမှာ အရာရာ ကောင်းသော်လည်း ကိစ္စများကို သူ့ရင်ထဲမှာသာ သိမ်းထားတတ်ပြီး အလွန် ပါးနပ်လွန်းလှသဖြင့် စကားပြောရသည်မှာ တကယ့်ကို မောစရာ ကောင်းလှသည်။
“ဘိုးဘေးကြီး သိတဲ့အတိုင်း... ကျွန်တော်က ကျွန်တော့်ရဲ့ အသက်နဲ့ စည်းစိမ်ကို အရမ်း တန်ဖိုးထားတာပါ... လူလုံးထွက်ပြရတာတို့ တခြားသူတွေရဲ့ ပစ်မှတ် ဖြစ်ရတာမျိုးကို သိပ်မကြိုက်လို့ပါ...” လီယွမ်က ရှင်းပြလိုက်၏။
“စိတ်မပူပါနဲ့... လောကကြီးမှာ ငါ့ကို အနိုင်ယူနိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး...”
ချီယန်က ပြတ်သားစွာ ပြောဆိုလိုက်၏။
“ငါ အသက်ရှင်နေသရွေ့တော့... ငါတို့ ကူလမ်းစဉ် ရဲ့ ပါရမီရှင်ကို... ဘယ်သူကမှ အရှက်မရှိ လာမသတ်ရဲဘူး... ဒီတိုက်ပွဲက လမ်းစဉ်နှစ်ခုကြားက ပြိုင်ပွဲလို့ အမည်တပ်ထားပေမဲ့... သိုင်းလောကက အဖိုးကြီးတွေကတော့ ဝင်ပါမှာ မဟုတ်ပါဘူး...”
“ဘေးကင်းတာက အကောင်းဆုံးပါပဲ...”
လီယွမ်က ပြုံးလျက် တုံ့ပြန်လိုက်၏။
“ရှောင်ချင်အာ က လူရှေ့မှာ ပေါ်ပေါ်ထင်ထင် ရှိနေမှတော့... ကျွန်တော်က အမှောင်ထဲကနေပဲ လှုပ်ရှားပါ့မယ်... တစ်ယောက်က လူရှေ့မှာ၊ တစ်ယောက်က အရိပ်ထဲမှာ... အချင်းချင်း ပံ့ပိုးပေးတာက ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းပါပဲ...”
“ဟဲဟဲ...”
ဒါက ဘယ်လိုမျိုး မှန်ကန်တဲ့ ယုတ္တိလဲ။ သေမှာ ကြောက်တာကို ဤမျှ ခမ်းနားအောင် ပြောဆိုနိုင်ခြင်းမှာ တကယ့်ကို ထူးခြားလှသည်။
လီယွမ်ကတော့ နည်းနည်းလေးမှ အရှက်မရှိဘဲ ဆက်ပြောလိုက်၏။
“ဘိုးဘေးကြီး... ကျွန်တော့်မှာ နောက်ထပ်...”
ချီယန်သည် သူ၏ တုတ်ကောက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး သွားမရှိသော ပါးစပ်ဖြင့် သွားဖုံးများကို အံကြိတ်ထားရသလို... ယန်ဝူရုန်၏ နှုတ်ခမ်းများမှာလည်း ပြင်းထန်စွာ တွန့်သွားရတော့သည်။
ဒါက ဘယ်လိုမျိုး တပည့်မျိုးလဲ။
တကယ့်ကို ကောက်ကျစ်စဉ်းစားတတ်တဲ့ မြွေတစ်ကောင်လိုပဲ။
အမှန်ပင်... ထူးကဲသော ပါရမီ ရှိနေခြင်းက မိမိ အလိုရှိရာကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုထားသကဲ့သို့ပင်။ ဘိုးဘေးကြီးမှာ အသက်ကြီးလာပြီး လောကဓံကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသူဖြစ်သဖြင့် ယခုအခါ စိတ်ထား နူးညံ့သိမ်မွေ့နေခြင်း ဖြစ်၏။
အကယ်၍ အရင်တုန်းက ဘိုးဘေးကြီးသာ ဆိုလျှင် ဤကလေးကို ဖမ်းဆီးပြီး ချက်ချင်းပင် ကူကောင်အဖြစ် သန့်စင်ပစ်လိုက်လောက်ပြီပင်။
“နောက်ထပ် ဘာရှိသေးလဲ...”
ချီယန်က တုတ်ကောက်ကို တိတ်တဆိတ် မြှောက်လိုက်၏။
“ဒါက တကယ့်ကို နောက်ဆုံးကိစ္စပါ...”
လီယွမ်က အနေခက်စွာ ပြုံးပြလိုက်ပြီး...
“အဲဒါက... ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ ပါ... ကျွန်တော် အဲဒီထဲကို နောက်တစ်ခေါက်လောက် ဝင်ပြီး စမ်းကြည့်ချင်လို့ပါ...”
“ကောင်းပြီလေ... ငါ သဘောတူတယ်...”
လူငယ်လေးမှာ တကယ့်ကို ဇွဲကောင်းလှသည်။ တစ်ခါက ကောင်းမွန်သော အရာများကို ကြုံတွေ့ခဲ့ဖူးသဖြင့် ဘယ်သောအခါမှ မေ့ပျောက်နိုင်ခြင်း မရှိဘဲ ကျားတစ်ကောင်၊ ဝံပုလွေတစ်ကောင်အလား တောင့်တနေခြင်းပင်။
ချီယန်သည် ထိုခံစားချက်ကို နားလည်သည်။
တစ်ခါတုန်းက သူသည်လည်း လီယွမ်ကဲ့သို့ပင် ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ ကို လုံးဝ စွဲလန်းခဲ့ဖူးလေ၏။
နောက်ပိုင်းမှသာ အလွန် ရိုးရှင်းသော အမှန်တရားတစ်ခုကို သူ နားလည်သွားခဲ့ရ၏။
ကူအင်မော်တယ် တစ်ပါး ဖြစ်လာရန်အတွက် ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ မိမိကိုယ်ကို ဖောက်ထွက်ပြီး ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်ရန်သာ ဖြစ်ကြောင်း ပင်။။
ဘိုးဘေးများကို ကျော်လွန်သွားမည့် ခံယူချက် ရှိရမည်။
မည်သည့်လမ်းစဉ်ကိုပဲ ရွေးချယ်ပါစေ... ပြင်ပအရာများကိုသာ အားကိုးနေသူများမှာ ဘယ်သောအခါမှ အဆုံးတိုင် ရောက်ရှိနိုင်မည် မဟုတ်ပေ။
ထိုသို့သာ မဟုတ်လျှင် သမိုင်းတစ်လျှောက်တွင် သိုင်းနတ်ဘုရားများစွာ ပေါ်ထွက်ခဲ့သော အင်အားစုများသည် ၎င်းတို့၏ အမွေအနှစ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းခဲ့ကြရာ နောင်လာနောင်သားများအတွက် ထိပ်ဆုံးသို့ တက်လှမ်းရန် အခွင့်အရေး ရှိလာတော့မည် မဟုတ်ပါချေ။
တစ်နေ့နေ့တွင် လီယွမ်သည်လည်း ဤအမှန်တရားကို နားလည်လာလိမ့်မည်။
“ဆရာ... ကျွန်တော်တို့ ဘယ်တော့ စထွက်ကြမလဲ...”
အရာရာ အဆင်ပြေသွားသည်နှင့် လီယွမ်သည် စကားတစ်လုံးမှ မပြောတော့ဘဲ သူ၏ စိတ်ကူးကို ပြောင်းလဲလိုက်ကာ လူ့အရေခွံမျက်နှာဖုံးကို ချက်ချင်း တပ်ဆင်လျက် ချီလင် ၏ ရုပ်သွင်သို့ ပြောင်းလဲလိုက်တော့သည်။
“ဒီ ကောင်စုတ်လေးကတော့...”
ချီယန်သည် နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ လီယွမ်၏ ခေါင်းကို တုတ်ကောက်ဖြင့် တစ်ချက် ခေါက်လိုက်၏။
“မင်းကတော့ တကယ့်ကို ဉာဏ်များလွန်းတယ်... အကြောင်းရင်း မရှိဘဲနဲ့ ဘာမှ မလုပ်ချင်တဲ့ကောင်ပဲ... မင်း အနေနဲ့ ဟန်ဆောင်ပန်ဆောင်လေးတောင် မလုပ်နိုင်ဘူးလား…”