← Chapters

အခန်း ၁၈၁

Vol. 16 Ch. 181

အခန်း ၁၈၁

Vol. 16 Ch. 181

အခန်း (၁၈၁) အားလုံး စုဝေးရာ ကျူးယန်တံခါးဝ

တောင်ပိုင်းနယ်စပ်၏ နယ်နိမိတ် တစ်နေရာ။

ကျူးယန်တံခါးဝ။

တောင်ပိုင်းနယ်စပ်၏ ဒုတိယမြောက် တံခါးဝအဖြစ် ကျော်ကြားသော ဤရှေးဟောင်း မြို့တော်ကြီးကား ယခုအခါ လူသူအများဖြင့် စည်ကားသိုက်မြိုက်လျက် ရှိချေသည်။ အလယ်ပိုင်းလွင်ပြင် သူရဲကောင်းလေးဦးထဲမှ တစ်ဦးဖြစ်သော ချင်းချန်က ကူသခင်မျိုးဆက်ထံသို့ စိန်ခေါ်စာ ပေးပို့ပြီးနောက်တွင် ကျူးယန်တံခါးဝသို့ ရောက်ရှိလာကြသော လူအုပ်ကြီးမှာ ပိုမို များပြားလာခဲ့ရတော့၏။

အင်အားစု အသီးသီးတို့သည် ဤကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးကို သက်သေပြုရန်အတွက် ဤနေရာသို့ စုပြုံရောက်ရှိလာကြသည်။ သိုင်းပညာ အထွတ်အထိပ် ရောက်နေသော ဤလောကတွင် ကူသခင် မျိုးဆက်သည် တောင်ပိုင်းနယ်စပ်၏ အစစ်အမှန် အရှင်သခင်ကြီးများ ဖြစ်ကြလေရာ ဤအင်အားကြီး နှစ်ရပ်၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ရင်သပ်ရှုမောဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တော့သည်။

ယနေ့ကား ကူသခင် ဂိုဏ်းသားတို့က စိန်ခေါ်မှုကို လက်ခံ ဆင်နွှဲမည့် နေ့ပင် ဖြစ်၏။ မြို့တံခါးရှေ့တွင် လူအုပ်ကြီး စုဝေးနေကြပြီး ဤကိစ္စကို စိတ်ဝင်တစား ဆွေးနွေးနေကြ၏။

ထိုစဉ် အဝေးတစ်နေရာမှ ဧရာမ ဝက်ဝံဖြူကြီးများကို စီးနင်းလာသော စစ်ကြောင်းတစ်ခု ချီတက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ အရှိန်အဝါမှာ ခန့်ညားထည်ဝါလှ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသော အမျိုးသမီးကား နှင်းခဲရောင် ဆံပင်များကို ပိုင်ဆိုင်ထားပြီး သေသပ်လှပသော မျက်နှာသွင်ပြင်နှင့်အတူ အေးစက်သော အလှတရားတို့ လွှမ်းခြုံထား၏။ သူမသည် လေပေါ်တွင် ခြေဗလာဖြင့် လျှောက်လှမ်းနေပြီး ဝတ်စုံပေါ်မှ ဆည်းလည်းလေးများမှာ နတ်ဘုရား တေးသွားသဖွယ် သာယာကြည်လင်စွာ မြည်ဟည်းနေတော့၏။

“အဲဒါက...”

တစ်ယောက်က အံ့အားသင့်တကြီးဖြင့် အော်ဟစ်လိုက်၏။

“မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စုက လူတွေပဲ... ရှေ့ဆုံးက မြင်နေရတာ အန်းမူယောင် မဟုတ်လား... သူမက တကယ့်ကို မအိုမင်းတဲ့ နတ်သမီးတစ်ပါးလို လှပလွန်းတယ်...”

“ဒါပေါ့... ချီလင် ရတနာ ကျင့်စဉ်ကို ကျင့်ကြံတဲ့သူတွေက ဒီလိုပဲ ဖြစ်နေမှာပဲလေ...”

“ရေခဲပြင်က လူတွေက သွေးမျိုးဆက် မှော်ပညာမှာ ကျွမ်းကျင်ကြတယ်လို့ ငါ ကြားဖူးတယ်... သူတို့က အထွတ်အထိပ် အဆင့်ကို မရောက်မချင်း လူငယ်ရုပ်သွင်ကို ထိန်းထားနိုင်ကြတာတဲ့... ဒါပေမဲ့ အဲဒီ အဆင့်ကို ကျော်သွားတာနဲ့ နတ်ဘုရားရဲ့ အပြစ်ပေးမှု ခံရသလိုမျိုး ရုတ်တရက် အိုမင်းသွားကြတာပဲ...”

“ချီလင်ဘုရင် အန်းထိုယွမ် ဆိုရင် နတ်ဘုရားရဲ့ အပြစ်ပေး ခံထားရတာလေ... အဆင့် (၈) ပြီးပြည့်စုံခြင်း နယ်ပယ်ကို ရောက်နေပေမဲ့ သူ့သက်တမ်းကတော့ အဆင့်တူ သိုင်းပညာရှင်တွေထက် အများကြီး လျော့နည်းနေတာ...”

“ရှူး... တိုးတိုးနေကြ... သူတို့ ရောက်လာပြီ...”

မရေမတွက်နိုင်သော ကျန်းဟူ သိုင်းသမားများ၏ စူးစိုက်ကြည့်ရှုခြင်း ခံနေရစဉ်မှာပင် မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု စစ်ကြောင်းကြီးမှာ ခမ်းနားကြီးကျယ်စွာဖြင့် မြို့အတွင်းသို့ ဝင်ရောက်လာခဲ့၏။ လူဦးရေ (၁၀၀၀) ထက်ပင် လျော့နည်းသော်လည်း ၎င်းတို့၏ အရှိန်အဝါမှာ စစ်သည် တစ်သောင်း တပ်မကြီးတစ်ခုအလား ပြင်းထန်လှသည်။

“ဖေဖေ.. သမီးတို့ ကျူးယန်မြို့ကို ရောက်ပြီ..”

အန်းမူယောင်သည် နတ်သမီးတစ်ပါးကဲ့သို့ သူမ၏ ဆံဖြူများကို လွင့်ဝဲစေလျက် ရထားလုံးအတွင်းသို့ ဝင်ရောက်လာခဲ့၏။ ချီလင်ဘုရင် အန်းထိုယွမ်မှာကား ပင့်ကူမျှင်လေး တစ်မျှင်အလား အားအင်ကုန်ခမ်းနေချေပြီ။ တောင်ပိုင်းနယ်စပ်သို့ ရောက်ရှိလာပြီးနောက် ချီလင် နတ်ဘုရားအရိုး၏ ကာကွယ်မှု မရှိတော့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် အားနည်းလာခဲ့ရ၏။ သာမန်နေ့ရက်များတွင် စွမ်းအား အစအနမျှပင် သူ မသုံးရဲတော့ပါချေ။

“မူယောင်.. သမီး.. ငါတို့ ရှောင်လင်းအာ ကို ပြန်တွေ့ရပါဦးမလား..”

သူက မျှော်လင့်ချက် ကင်းမဲ့နေသော မျက်နှာထားဖြင့် မေးလိုက်၏။

“သေချာပေါက် တွေ့ရမှာပေါ့..”

အန်းမူယောင်က ပြတ်သားစွာပင် ပြောဆိုလိုက်သည်။

“ယူရှန်းယင်း က သမီးတို့ကို တိတ်တဆိတ် စောင့်ကြည့်နေရင်တောင်.. သူတို့ မျက်ခြေပြတ်သွားမယ့် အချိန်ဆိုတာ ရှိမှာပါ..”

“အင်း.. ကောင်းပြီလေ..”

အန်းထိုယွမ်နှင့် သူ၏ သမီးဖြစ်သူတို့သည် ရှောင်လင်းအာ ကို တိတ်တဆိတ် တွေ့ဆုံနိုင်မည့် အခွင့်အရေးများ ရှိမလားဟူသော မျှော်လင့်ချက်ဖြင့် ကျူးယန်တံခါးဝသို့ အပြေးအလွှား လာခဲ့ကြခြင်းပင်။

ဒါက အလွန် ရှားပါးသော အခွင့်အရေး တစ်ခုပင်။

တွေးကြည့်လျှင် အန္တရာယ်ရှိသည်ဟု ထင်ရသော်လည်း ရှောင်လင်းအာ နေထိုင်ရာ နေရာသို့ ခိုးဝင်ရန် ကြိုးစားခြင်းထက်စာလျှင်ကား များစွာ ပို၍ ဘေးကင်းလှသည်။

“မူယောင်.. ရှောင်လင်းအာ က ငါ့ကို အပြစ်တင်နေမလား.. သူ အခက်ခဲဆုံး ဖြစ်နေတဲ့ အချိန်မှာ ငါ မကူညီနိုင်ခဲ့သလို.. သူ့အမေ ကိုလည်း ငါ မကာကွယ်နိုင်ခဲ့ဘူးလေ..”

အန်းထိုယွမ်မှာ အပြစ်မကင်းသလို ခံစားနေရ၏။ သူ၏ သမီးဖြစ်သူသည် ရေခဲပြင်မျိုးနွယ်စုအတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့သော်လည်း သူက သူမ၏ တစ်ဦးတည်းသော သားလေးကိုပင် မကာကွယ်ပေးနိုင်ခဲ့သလို တွေ့ဆုံ စကားပြောရန်ပင် ဤမျှ ခက်ခဲနေရသည် မဟုတ်လား။

“အမေ က ကောင်းကင်ဘုံကနေ ကြည့်နေမယ်ဆိုရင်.. သမီးတို့ရဲ့ အခြေအနေကို နားလည်မှာပါ.. အဖေ ကိုလည်း အပြစ်မတင်ပါဘူး..”

အန်းမူယောင်က ညင်သာစွာပင် ချော့မော့ ပြောဆိုလိုက်၏။

မြို့တွင်းသို့ ဝင်ရောက်လာသည့် အခါတွင်လည်း မြင်ကွင်းမှာ အလွန် စည်ကားဆူညံနေဆဲပင်။ အလယ်ပိုင်းလွင်ပြင်၏ အင်အားကြီး ဂိုဏ်းခုနစ်ခုလုံးမှ ခေါင်းဆောင်များ ရောက်ရှိနေကြပြီး ၎င်းတို့သည် ကျူးယန်တံခါးဝ၏ အကြီးဆုံးသော လေ့ကျင့်ရေးကွင်းပြင်တွင် နေရာယူထားကြပြီ ဖြစ်သည်။

ထျန်းဝေ့ထျန်း၊ ဆူရှင်းစံအိမ်၊ လင်းရှောင် ဓားဂိုဏ်း၊ ပိုင်လျန်ဂိုဏ်း၊ ရှူတောင်၊ ချင်းချန်တောင် နှင့် နဂါးကျားတောင် တို့မှ ဝါရင့် ပညာရှင်ကြီးများစွာ ရောက်ရှိနေကြသည်။ ၎င်းတို့အပြင် ကြီးကျယ်လှသော ဓားအင်မော်တယ် လေးဦးထဲမှ နှစ်ဦးဖြစ်သော ‘အရိပ်ဝှက် ဓားအင်မော်တယ်’ ယူရှန်းယင်း နှင့် ‘ကြာပန်း ဓားအင်မော်တယ်’ ဖူးချူ တို့ပင် ရောက်ရှိနေကြလေပြီ။

“ယနေ့ စုဝေးမှုကတော့ တကယ့်ကို အစွမ်းထက်ဆုံးသူတွေရဲ့ ဆုံစည်းမှုပဲ..”

ချီလင်ဘုရင်သည် လူအသီးသီးထံမှ ပြင်းထန်သော အရှိန်အဝါများကို ခံစားနေရ၏။ အလယ်ပိုင်းလွင်ပြင်၏ အရှင်သခင် ခုနစ်ဦးကြားမှ မိစ္ဆာအိုကြီးများကို ထည့်မတွက်လျှင်ပင် ထင်ထင်ပေါ်ပေါ် ထိုင်နေကြသော ဓားအင်မော်တယ် နှစ်ဦးမှာ သူ့ထက် အားနည်းသူများ မဟုတ်ကြချေ။

ထိုစဉ် အဝေးတစ်နေရာမှ သာယာနာပျော်ဖွယ်ကောင်းသော ပုလွေသံတစ်ခု ပဲ့တင်ထပ်လာ၏။ ပုလွေသံ ထွက်ပေါ်လာသည်နှင့်အမျှ ပန်းပေါင်း တစ်ရာတို့ ကြွေလွင့်သွားသည့်အလား ခံစားလိုက်ရ၏။

လူလေးဦးသည် သွေးနီရောင် ဝေါယာဉ် တစ်စီးကို ထမ်းပိုးလျက် ကျူးယန်တံခါးဝဆီသို့ ဦးတည် လာနေကြလေသည်။

“ဒါက နေလမင်းဂိုဏ်း လား.. သူတို့တောင် ရောက်လာကြတယ်ပေါ့..”

ကျန်းဟူ သိုင်းသမား အများစု၏ စိတ်ထဲတွင် နေလမင်းဂိုဏ်းသည် မိမိကိုယ်ကို သန့်စင်သောဂိုဏ်းဟု ခေါ်ဆိုသော်ငြားလည်း မိစ္ဆာဂိုဏ်း တစ်ခုကဲ့သို့ ပြုမူတတ်သဖြင့် ကျန်းဟူတွင် လူကြိုက်နည်းလှသည်။ ၎င်းတို့သည် ရှူတောင် နှင့်လည်း သွေးစွန်းသော ရန်ငြိုးများ ရှိနေကြသည် မဟုတ်လား။ ယနေ့ကဲ့သို့ ကြီးကျယ်သော ပွဲတော်သို့ မည်သို့သော သတ္တိဖြင့် လာရောက်ရဲကြသနည်း။

လူအုပ်ကြီးမှာ အလျင်အမြန်ပင် လမ်းဖယ်ပေးလိုက်ကြ၏။ နေလမင်းဂိုဏ်း၏ နာမည်မှာ မကောင်းလှသော်လည်း ၎င်းတို့၏ ဂိုဏ်းချုပ်မှာ နတ်ဘုရားကျင့်စဉ်ကို အောင်မြင်စွာ တတ်မြောက်ထားသူဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိနေခဲ့သူ ဖြစ်လေ၏။ ယခုအခါတွင်မူ ထိုအဆင့်ကို ကျော်လွန်သွားပြီလား ဆိုသည်ကိုကား မည်သူမျှ အသေအချာ မပြောနိုင်ကြချေ။

ဘယ်သူမှလည်း စမ်းသပ်ရန် မဝံ့ရဲကြပါချေ။

သွေးနီရောင် ဝေါယာဉ်ကြီးမှာ မြို့တွင်းသို့ ဝင်ရောက်လာပြီး မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု၏ ရထားလုံးများနှင့် တစ်တန်းတည်း ရောက်ရှိချိန်တွင် ရပ်တန့်သွားတော့၏။

“နေလမင်းဂိုဏ်းက လူတွေက ဘာကို ဆိုလိုချင်တာလဲ..”

အန်းမူယောင်က သတိကြီးစွာဖြင့် မေးလိုက်၏။

သွေးနီရောင် ဝေါယာဉ်၏ လိုက်ကာမှာ ပွင့်ဟသွားပြီး လူတစ်ယောက် ထွက်ပေါ်လာ၏။

သူသည် ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားပြီး ဝတ်စုံ၏ လက်ပတ်နှင့် ရင်ဘတ်တို့တွင် ငွေရောင် ချည်မျှင်များဖြင့် ရှေးဟောင်း စာလုံးများ သို့မဟုတ် ကြယ်တာရာ ပုံစံများကို သေသပ်လှပစွာ ထိုးနှံထား၏။ ခါးတွင်လည်း ရှေးဆန်သော တန်ဆာပလာများ ချိတ်ဆွဲထားသည့် ခါးပတ်ပြားကြီးကို ပတ်ထား၏။ သူ၏ ခြေလှမ်းတိုင်းမှာ တည်ငြိမ်ပြီး အသံတစ်ချက်မျှ မထွက်ပေ။

ဤလူကား နေလမင်း သန့်စင်သောဂိုဏ်း၏ အရှင်သခင်ဖြစ်ပြီး ယနေ့ ကျန်းဟူတွင် လျှို့ဝှက်ဆန်းကြယ်ကာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးပင် ဖြစ်တော့သည်။

“ချီလင်ဘုရင်.. မင်းရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ.. ဒီနေ့ ဒီမှာ ဆုံတွေ့ရတာ ဝမ်းသာပါတယ်..”

နေလမင်းဂိုဏ်းချုပ်က စတင် စကားဆိုလိုက်၏။

ထိုအခါမှသာ အန်းမူယောင်သည် သူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ နေလမင်းဂိုဏ်းချုပ်မှာ အေးစက်ပြီး ပြတ်သားသော မျက်နှာထား ရှိလှ၏။ ထင်ရှားသော မျက်ခုံးရိုး၊ ပင့်တက်နေသော မျက်ခုံးထူထူများနှင့်အတူ သူ၏ မျက်လုံးများမှာ သာမန်လူသားတို့နှင့် ကင်းကွာနေသည့်အလား ခံစားရစေပြီး လူသားတစ်ဦးထက် နတ်ဘုရားတစ်ပါးနှင့် ပိုတူနေတော့သည်။

အန်းမူယောင်မှာ တစ်ဖက်လူထံမှ ဖော်ပြ၍မရနိုင်သော ဖိအားများကို ခံစားလိုက်ရ၏။

သူမ၏ အာရုံက ဤလူသည် သူမ၏ အဖေထက် ပိုမို အစွမ်းထက်ကြောင်း သတိပေးနေ၏။ သူသည် သူမ တွေ့ဖူးသမျှ လူများထဲတွင် ညဇီးကွက်ဘုရင် ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံးသူ ပင် ဖြစ်တော့မည်။

“နေလမင်းဂိုဏ်းချုပ်.. ကျွန်တော်တို့က သူစိမ်းတွေပါ.. ရေခဲပြင်မျိုးနွယ်စု က နေလမင်းဂိုဏ်း နဲ့ ဘာပတ်သက်မှုမှ မရှိဘူးလေ.. ကျွန်တော့်ဆီက ဘာအလိုရှိလို့လဲ..”

ရထားလုံးအတွင်းမှ ချီလင်ဘုရင်က အေးဆေးတည်ငြိမ်စွာပင် ခွန်းတုံ့ပြန်လိုက်၏။

“ငါ့ရဲ့ ဂိုဏ်းမှာ တာအို စောင့်ရှောက်သူ အဖြစ် မင်းကို ဖိတ်ခေါ်ချင်လို့ပါ..”

နေလမင်းဂိုဏ်းချုပ်က ဆိုလိုက်၏။

“ကျွန်တော့်မှာ အဲဒီအတွက် စိတ်ဝင်စားမှု မရှိဘူး..”

ချီလင်ဘုရင်က ပြတ်သားစွာပင် ငြင်းဆန်လိုက်၏။

“မင်းကို ငါ ဘဝသစ် ပေးနိုင်တယ်..”

နေလမင်းဂိုဏ်းချုပ်က ထပ်မံ ပြောဆိုလိုက်ပြန်သည်။

“မင်း လူမှားနေပြီ ထင်တယ်..”

ချီလင်ဘုရင်သည် နေလမင်းဂိုဏ်းချုပ်၏ စကားများကို လုံးဝ မယုံကြည်ပါချေ။ သူ၏ အဆင့်အတန်းအရ အဆင့် (၉) နယ်ပယ်သို့ မရောက်ရှိသေးလျှင်ပင် သူ၏ အမြင်က အလွန် ကျယ်ပြန့်လှသည်။

ဘဝသစ် ဟုတ်လား..။

အကယ်၍ ထိုအရာက ဤမျှ လွယ်ကူနေမည်ဆိုပါက တစ်လောကလုံးတွင် မိစ္ဆာအိုကြီးများနှင့် ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းများဖြင့် ပြည့်နှက်နေလောက်ပြီ မဟုတ်လား။

နေလမင်းဂိုဏ်းချုပ်မှာ ဒေါသထွက်ခြင်း မရှိဘဲ သူ၏ အသံမှာ တည်ငြိမ်နေဆဲပင်။

“အကယ်၍ တစ်နေ့ကျလို့ ချီလင်ဘုရင် ရဲ့ စိတ်ကူး ပြောင်းလဲသွားမယ်ဆိုရင်.. နေလမင်းဂိုဏ်း က အချိန်မရွေး ကြိုဆိုနေမှာပါ..”

ထိုသို့ ပြောပြီးနောက် သွေးနီရောင် ဝေါယာဉ်ကြီးမှာ မြို့တွင်းရှိ နေရာတစ်ခုဆီသို့ ဦးတည် ထွက်ခွာသွားတော့၏။

“ဖေဖေ.. ဒီနေလမင်းဂိုဏ်းချုပ်က တကယ့်ကို အစွမ်းထက်တာပဲ..”

အန်းမူယောင်က သက်ပြင်းရှည်ကြီး ချလိုက်မိတော့သည်။

“သူ့ကို ဂရုမစိုက်ပါနဲ့..”

အန်းထိုယွမ်က ဆိုလိုက်၏။

“သူသာ ငါတို့ ရေခဲပြင်မျိုးနွယ်စုကို ရန်စဖို့ ကြိုးစားမယ်ဆိုရင်.. နတ်ဘုရားရဲ့ အပြစ်ပေးခြင်း ဆိုတာ ဘာလဲဆိုတာကို ငါ ကိုယ်တိုင် သင်ခန်းစာ ပေးလိုက်မယ်..”

သားအဖ နှစ်ဦးလုံး ရထားလုံးပေါ်မှ ဆင်းသက်လိုက်ကြရာ မြောက်ဘက် ကျန်းဟူမှ အင်အားစု အသီးသီးတို့၏ ခေါင်းဆောင်များက ပြုံးရွှင်စွာဖြင့် လာရောက် ဆီးကြိုကြပြီး နေရာယူရန် ဖိတ်ခေါ်လာကြသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်နှင့်အမျှ ကျူးယန်တံခါးဝသို့ ရောက်ရှိလာသော အင်အားစုများမှာ ပို၍ ပို၍ များပြားလာခဲ့ချေပြီ။

ကန္တာရထဲမှ မီးခိုးလုံးကြီး တစ်ခုမှာ လေထဲသို့ တည့်တည့်မတ်မတ် မြင့်တက်နေပြီး မြစ်ကြီးပေါ်တွင် နေဝင်ရိုးရီ အလှတရားတို့ လွှမ်းမိုးထား၏။

ထိုလှပလှသော ညနေခင်း အလှတရားအောက်တွင် အုပ်စုတစ်စု၏ ဆိုက်ရောက်လာမှုက နောက်ဆုံးသော ရူးသွပ်မှုများကို မီးထိုးပေးလိုက်သည့်အလားပင်။

နဝမကူနန်းတော်မှ လူတွေ ရောက်လာကြချေပြီ။

All Chapters