← Chapters

အခန်း ၁၈၂

Vol. 16 Ch. 182

အခန်း ၁၈၂

Vol. 16 Ch. 182

အခန်း (၁၈၂) မာနကြီးသော ချီလင်

“နဝမကူနန်းတော် က လူတွေ ရောက်လာကြပြီဟေ့...”

“ဟိုမှာ ကြည့်ကြစမ်း...”

ကျူးယန်တံခါးဝ ၏ အပြင်ဘက်နှင့် အတွင်းဘက် နှစ်နေရာလုံးမှ အံ့အားသင့်စွာ အော်ဟစ်လိုက်သံများက လှိုင်းလုံးကြီးများအလား ရိုက်ခတ်လာတော့သည်။

ကျန်းဟူ သူရဲကောင်းများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ချေ။

လောကတွင် ပြိုင်ဘက်ကင်းသော သိုင်းပညာ နှင့် တောင်ပိုင်းနယ်စပ်၏ အထွတ်အထိပ် ကူလမ်းစဉ် တို့ နောက်ဆုံးတွင်တော့ ထိပ်တိုက် ရင်ဆိုင်ကြရတော့မည်လား။

ကျန်းဟူ တွင် ဤမျှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်လား။

လူငယ်မျိုးဆက်များကြားမှ ပြိုင်ပွဲတစ်ခုမျှသာ ဖြစ်သော်ငြားလည်း ၎င်းက မရေမတွက်နိုင်သော ကျန်းဟူ သိုင်းသမားများ၏ နှလုံးသားများကို လှုပ်ခတ်သွားစေခဲ့သည်။

မရေမတွက်နိုင်သော လူအုပ်ကြီးက ဝန်းရံလျက် ရှိနေစဉ်မှာပင် နဝမကူနန်းတော် ၏ စစ်ကြောင်းကြီးက မြို့တွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။

ကျူးယန်တံခါးဝ ရှိ အထပ်မြင့် အဆောက်အအုံ တစ်ခုပေါ်တွင် ဖြစ်လေ၏။

လက်ဖက်ရည် သောက်ရင်း အနားယူနေသော ရှောင်ချင်အာ သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မျက်လုံးများကို မှေးစင်းလျက် လမ်းမကြီးပေါ်မှ စစ်ကြောင်းကို ငေးကြည့်နေတော့သည်။ ရစ်ပတ်နတ်ဘုရားကူ ကို သန့်စင်ခဲ့သော ချီလင် ဆိုသည်မှာ မည်သူဖြစ်ကြောင်းကို သူမ အလွန်အမင်း သိချင်နေခဲ့သည်။

သူမ၏ အဆင့်အတန်းအရ ဂိုဏ်း၏ လျှို့ဝှက်ချက် များစွာကို သိရှိထားပြီး ဘိုးဘေးကြီး ကိုယ်တိုင်ကပင် သူမကို အမွေဆက်ခံသူအဖြစ် ပျိုးထောင်ကာ မျှော်လင့်ချက်များစွာ ထားရှိခဲ့သည် မဟုတ်လား။

‘ဒီနာမည်မျိုး တစ်ခါမှ မကြားဖူးပါဘူး...’

‘ဘိုးဘေးကြီး ဆီမှာ ချီလင် ဆိုတဲ့ နာမည်နဲ့ တံခါးပိတ် တပည့် တစ်ယောက် ရှိနေတာလား...’

“အချိန်လည်း လင့်နေပြီဆိုတော့... အားလုံးပဲ ပြန်ပြီး အနားယူကြတော့...”

ရထားလုံး အတွင်းမှ ဇရာရနေသော အသံ တစ်သံ ထွက်ပေါ်လာလေ၏။

“နောက် သုံးရက်ကြာရင် မွန်းတည့်ချိန်မှာ... နဝမကူနန်းတော် က ချီလင် ဟာ ကူသခင် လူငယ်မျိုးဆက်တွေကို ကိုယ်စားပြုပြီး... ထျန်းဝေ့ထျန်း က ချင်းချန် နဲ့ သိုင်းလေ့ကျင့်ရေး ကွင်းပြင်မှာ ယှဉ်ပြိုင် တိုက်ခိုက်လိမ့်မယ်...”

“အဲဒီအချိန်ကျရင် မင်းတို့ အားလုံး လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်...”

ထိုအသံကြီးမှာ အိုမင်းပြီး နက်ရှိုင်းလှကာ မည်သူမျှ မဆန့်ကျင်ရဲသော ဩဇာအာဏာ တစ်ခု ပါဝင်နေတော့သည်။

ကျန်းဟူ သိုင်းသမား များစွာက ကူလမ်းစဉ် ကို အထင်သေးကြသော်ငြားလည်း မည်သူကမျှ ကူနန်းတော် ၏ ဘိုးဘေးကြီး ကိုတော့ အထင်မသေးရဲကြပါချေ။

လွန်ခဲ့သော အချိန်များစွာက ညဇီးကွက်ဘုရင် နှင့် ယူဘုရင် လင်းယွဲ့ တို့ နဝမမြင်ကွင်းမြို့တော် တွင် တိုက်ခိုက်ခဲ့ကြစဉ်က နတ်ဆိုးနယ်မြေ မှ ကြာပန်းနက် နတ်ဆိုးဧကရာဇ် က ဝင်ရောက် စွက်ဖက်ရန် ကြိုးစားခဲ့သော်လည်း ဘိုးဘေးကြီး က ဖိအားပေးကာ နောက်ဆုတ်သွားစေခဲ့သည် မဟုတ်လား။

အချိန်တိုလေးသာ ကြာမြင့်ခဲ့သော ထိပ်တိုက်တွေ့ဆုံမှု တစ်ခုမျှသာ ဖြစ်သော်ငြားလည်း လူတိုင်း၏ စိတ်ထဲတွင် နက်ရှိုင်းသော မှတ်မှတ်ရရ ဖြစ်သွားစေခဲ့၏။

လက်ဖက်ရည်ဆိုင် တစ်ဆိုင် အတွင်း၌ ဖြစ်လေ၏။

အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးယောက် သည် ပြတင်းပေါက်နားတွင် ထိုင်နေကြ၏။

လေးယောက်သားသည် လမ်းတစ်ဖက်တွင် ရပ်တန့်နေသော ရထားလုံးကို မျက်လုံးများ ကျွတ်ကျမတတ် ပြူးပြဲကြည့်နေကြကာ သူတို့ အမြဲတမ်း ပြောဆိုနေခဲ့ကြသော ကူလမ်းစဉ် ကို တွေ့မြင်ရရန် စိတ်အားထက်သန် နေကြတော့သည်။

ထို ပါရမီရှင် ၏ ရုပ်သွင်မှာ မည်သို့များ ရှိနေမည်နည်း။

လူတိုင်း၏ စူးစိုက်ကြည့်ရှုခြင်း ခံနေရစဉ်မှာပင် ရထားလုံး၏ လိုက်ကာလေး ဖြည်းညင်းစွာ ပွင့်ဟသွား၏။

တောင့်တင်း ခိုင်မာပြီး ခန့်ညားထည်ဝါသော ရုပ်သွင်ရှိသူ တစ်ဦး ရထားလုံးပေါ်မှ ဆင်းသက်လာခဲ့၏။ သူ ဆင်းလာပြီးနောက် ပထမဆုံး လုပ်ဆောင်လိုက်သည့် အရာကား လက်ဖက်ရည်ဆိုင် အတွင်းမှ သိုင်းသူရဲကောင်း လေးယောက်ကို စူးစိုက် ကြည့်လိုက်ခြင်းပင်။

ထို့နောက် သူက လက်မ ထောင်ပြလိုက်၏။

ပြီးနောက် လက်မကို မြေကြီးဆီသို့ ဖြည်းညင်းစွာ စိုက်ချလိုက်တော့၏။

နောက်ဆုံးတွင်တော့ သူ၏ နှုတ်ခမ်းများပေါ်တွင် အထင်သေး ဟန်ပါသော မဲ့ပြုံးတစ်ခု ပေါ်လာပြီး လှည့်ကာ ဧည့်ရိပ်သာဆီသို့ လျှောက်သွားလေတော့၏။

“သောက်ကျိုးနည်း... မာန ကြီးလှချည်လား...”

ယဲ့ကျင်းဟုန် ၏ မျက်နှာကြီးမှာ လုံးဝကို ရှုံ့မဲ့သွားရတော့သည်။

‘ကူလမ်းစဉ် ရဲ့ တစ်ဦးတည်းသော ပါရမီရှင် ဆိုတာ... နှိမ့်ချပြီး ယဉ်ကျေးတဲ့ ပုံစံမျိုး မဟုတ်ရင်တောင်... အနည်းဆုံးတော့ အခြေခံ လူမှုဆက်ဆံရေး ကို နားလည်တဲ့သူ ဖြစ်သင့်တယ်လို့ ငါ ထင်ခဲ့တာ...’

‘စစချင်း ကတည်းက ရန်စ လိုက်တာလား...’

‘ဒီလိုမျိုးကို ဘယ်သူကများ သည်းခံနိုင်မှာလဲ...’

“မိုက်တယ်ကွာ...”

ယဲ့ကျင်းဟုန် က သူ၏ ခေါင်းကို ကုတ်လိုက်ပြီး…

“ငါက သူ့ကို နှုတ်ဆက်မလို့ လုပ်နေတာ... တခါတည်း သူ့လည်ပင်းကို ဓားနဲ့ လှီးပစ်လိုက်ရမှာ...”

“သူတို့က တိုက်တော့မှာလေ... အစွမ်းထက်တဲ့ သူနှစ်ယောက် တိုက်ခိုက်ကြမှာကိုး... မင်းက သူနဲ့ ချင်းချန် နှစ်ယောက်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်နေမယ်လို့ မျှော်လင့်နေသေးတာလား...” ဟု ခနဲ့တဲ့တဲ့ ပြုံးရင်း ပြောလိုက်၏။

“သွား ဆွဲချလိုက်စမ်းပါ... အဲဒါမှ သူ လိမ်မာသွားမှာ...”

လျူချင်း မှာ တိုက်ခိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့ချေပြီ။

ရွှီရှောင်ယောင် က ဝင်ပြောလိုက်၏။

“ကူသခင် တွေတောင် သူတို့ရဲ့ သက်စောင့်ကူကောင် တွေရဲ့ လွှမ်းမိုးမှုကို ခံရတယ်လို့ ငါ ကြားဖူးတယ်... ဒါဆို ရစ်ပတ်နတ်ဘုရားကူ ကရော ဘယ်လိုနေမလဲ... သွေးတွေ ဆူပွက်နေပြီး သွေးချီစွမ်းအားတွေ ကောင်းကင်အနှံ့ ပျံ့လွင့်နေတဲ့ ရစ်ပတ်နတ်ဘုရားကူ ကို သန့်စင်ထားတဲ့ ကူသခင် ဟာ သေချာပေါက် လိမ်လိမ်မာမာ နေမှာ မဟုတ်ဘူး... နည်းနည်း မာနကြီးတာက မျှော်လင့်ထားသင့်တဲ့ အရာပဲလေ...”

“အဲဒါက ယုတ္တိ ရှိပါတယ်...”

ယဲ့ကျင်းဟုန် က ခေါင်းညိတ် ထောက်ခံလိုက်ပြီး...

“ဖြစ်နိုင်တာက ကူနန်းတော် ရဲ့ ဘိုးဘေးကြီး က သူ့ကို အရင်တုန်းက တောင်ပေါ်မှာပဲ သိမ်းထားခဲ့တာက... သူ အရမ်း ရိုင်းစိုင်းပြီး အပြင်ထွက်လာရင် အရိုက်ခံရပြီး သေသွားမှာ စိုးလို့ နေမှာပါ...”

အခြားသူများ ကလည်း ပြိုင်တူ ခေါင်းညိတ် လိုက်ကြပြီး သူတို့၏ အပြည့်အဝ ထောက်ခံမှုကို ပြသလိုက်ကြ၏။

မည်သို့ပင် ဖြစ်စေ ဤအကောင်ကို သတ်ပစ်ချင်စိတ် များကိုတော့ သူတို့ မထိန်းချုပ်နိုင်ကြတော့ချေ။

အခြားသော စားသောက်ဆိုင် တစ်ခု အတွင်း၌ ဖြစ်လေ၏။

အန်းထိုယွမ် နှင့် သူ၏ သမီးဖြစ်သူ အန်းမူယောင် တို့သည် လည်း ‘ချီလင်’ ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။

လုံးဝ စိမ်းသက်နေသော မျက်နှာ... ရှောင်လင်းအာ နှင့် လုံးဝ ကွဲပြားခြားနားနေသော အရှိန်အဝါ... နှင့် သွေးမျိုးဆက် မှော်ပညာနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိနေခြင်း တို့က သားအဖ နှစ်ဦး၏ ရင်ထဲရှိ သေးငယ်သော မျှော်လင့်ချက်လေးများကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်တော့သည်။

“ဖေဖေ... စိတ်မပူပါနဲ့...”

အန်းမူယောင် က တိုးညင်းစွာ ပြောလိုက်၏။

“ရှောင်လင်းအာ ဆီမှာ သူရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ပြီး သွေးမျိုးဆက် မှော်ပညာရဲ့ ထောက်လှမ်းမှုကိုပါ ရှောင်ကွင်းနိုင်တဲ့ ရတနာတစ်ခု ရှိနေတယ်... သူသာ တမင်သက်သက် ဖုံးကွယ်ထားမယ်ဆိုရင်... အမြွှာ ကျောက်စိမ်းဆွဲကြိုး ကတောင် သူ့ကို အာရုံခံနိုင်မှာ မဟုတ်ဘူး...”

“သူ ကိုယ်တိုင် ထွက်မလာသရွေ့... သမီးတို့ သူ့ကို ရှာတွေ့ဖို့ အရမ်း ခက်ခဲပါလိမ့်မယ်...”

“သမီးတို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရအောင်ပါ... သူသာ သမီးတို့ကို တွေ့ချင်တယ်ဆိုရင်... အချိန်တန်ရင် သေချာပေါက် ရောက်လာမှာပါ...”

သိပ်မဝေးလှသော နေရာတစ်ခုတွင် ဖြစ်လေ၏။

အရိပ်ဝှက် ဓားအင်မော်တယ် ယူရှန်းယင်း သည် နံရံပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး ပါးစပ်တွင် မြက်ပင်တစ်ပင်ကို ကိုက်ထားကာ... ရင်ခွင်ထဲတွင် သုံးပေရှည်လျားသော ဓားစိမ်းတစ်လက်ကို ပိုက်ထားလျက်... နဝမကူနန်းတော် မှ အုပ်စုကို ရဲတင်းစွာပင် အကဲခတ်နေတော့သည်။

“သူတို့ထဲက တစ်ယောက်မှ မဟုတ်ဘူး...”

သူက အရက်တစ်ငုံ မော့သောက်လိုက်ပြီး ခေါင်းခါပြလိုက်၏။

ထိုမင်းသားလေး က ဘာတွေများ ပုန်းကွယ်နေရသနည်း ဟူသည်ကို သူ တကယ် နားမလည်နိုင်အောင် ဖြစ်နေမိ၏။

ဘုရင်ကြီး သည် သစ္စာရှိသည်၊ တိုင်းပြည်ကို ကာကွယ်လိုသော သူ၏ စိတ်ထားက နေရောင်လို ရှင်းလင်း ထင်ရှားနေသည် မဟုတ်ပါလား။

ဘာကြောင့်များ ဘုရင်ကြီး ကို ထီးနန်းလုရန် ကြံစည်နေသော သစ္စာဖောက် အမတ် တစ်ယောက်ဟု မြင်နေရသနည်း။

သူသည် ဘုရင်ကြီး ၏ ဘေးတွင် ငယ်စဉ်ကတည်းက ရှိနေခဲ့သူ ဖြစ်ရာ... ဘုရင်ကြီး ၏ ရည်ရွယ်ချက် များကို သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

‘ထားလိုက်ပါတော့... ရှာမတွေ့တာပဲ ပိုကောင်းပါတယ်...’

ယူရှန်းယင်း က စိတ်ထဲမှ တွေးလိုက်လေ၏။

‘အကယ်၍ တာ့ယန် အင်ပါယာ ကြီးက ဒီလိုပဲ ဆက်သွားနေမယ် ဆိုရင်... ဖြုတ်ချပစ်ပြီး ညဇီးကွက်ဘုရင် ကို ဧကရာဇ် အသစ် လုပ်ခိုင်းတာက ပိုတောင် ကောင်းဦးမယ်...ဒါဆိုရင်လည်း ကြီးပွားတိုးတက်တဲ့ ခေတ်ကြီးတစ်ခု ဖြစ်လာမှာပဲလေ...’

‘ဒီလောကကြီးကို လီ မိသားစု ကပဲ အုပ်ချုပ်ရမယ်လို့ ဘယ်သူများ ပြဋ္ဌာန်းထားလို့လဲ...’

သူ ထပ်မံ၍ ကြောင်အသွားရပြန်၏။

ထို့နောက် သူ၏ ပါးကို ပြင်းပြင်းထန်ထန် တစ်ချက် ရိုက်ချလိုက်တော့၏။

‘ငါ ဘာလို့ အဲဒီလို တွေးလိုက်မိတာလဲ...’

တိမ်လွှာများထက်မှ လင်းယုန်ငှက် တစ်ကောင်အလား လွတ်လပ်သည်... ထင်ပေါ်ကျော်ကြားသည်... ကောင်းကင်ယံတွင် ပျံသန်းကာ အတားအဆီးမဲ့ လွတ်လပ်သူ ဖြစ်သော်ငြားလည်း... စည်းမျဉ်းများကို ကျော်လွန် ဖောက်ဖျက်ရန် တစ်ကြိမ် တစ်ခါမျှ မတွေးတော ခဲ့ဖူးပါချေ။

ဘုရင်ကြီး အပေါ် အလွန်အမင်း ရိုသေလေးစားမှု ရှိနေလျှင်ပင်... တာ့ယန် အင်ပါယာ ကြီးက သူ၏ ရင်ထဲတွင် ကောင်းကင်ဘုံ ထက်ပင် ပိုမို အရေးပါ နေဆဲပင် ဖြစ်၏။

လှောင်ချိုင့်ထဲမှ ငှက်ကလေး ပေါ်လာပြီးနောက်ပိုင်းမှ သူ၏ အတွေးများ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။

ဤ သိမ်မွေ့ပြီး မသိမသာ ပြောင်းလဲလာမှုက ယူရှန်းယင်း အား ထိတ်လန့်တုန်လှုပ် သွားစေခဲ့ပြီး... တစ်စုံတစ်ခုက သူ့ထံမှ လွတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

ဧည့်ရိပ်သာ အတွင်း၌ ရှောင်ချင်အာ သည် ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့သည်။

ဘိုးဘေးကြီး ချီယန် သည် သူ၏ ဘယ်နှင့် ညာဘက်တွင် ထိုင်နေကြသော လူငယ် နှစ်ဦးကို ကြည့်ကာ... လောကကြီးက ဤမျှ တောက်ပနေလိမ့်မည်ဟု တစ်ခါမျှ မခံစားခဲ့ဖူးချေ။

ကူလမ်းစဉ် သည် အမှောင်ထုထဲမှ ရုန်းထွက်ပြီး ပြာပုံထဲမှ တစ်ဖန် ပြန်လည် ရှင်သန်လာတော့မည် ဖြစ်၏။

“ချီလင်... ချင်အာ... မင်းတို့ နှစ်ယောက်က ငါတို့ ကူသခင် မျိုးဆက် ကြီးပွားတိုးတက်ဖို့အတွက် မျှော်လင့်ချက်တွေပဲ...”

“ကူလမ်းစဉ် ရဲ့ ကြီးပွားတိုးတက်မှု ပထမဆုံး ခြေလှမ်းကို သက်သေပြဖို့ ဒီနေ့ ဒီမှာ ဆုံတွေ့ရတာပဲ... နောင်အနာဂတ်မှာလည်း မင်းတို့ နှစ်ယောက် အတူတကွ လက်တွဲပြီး... အေးအတူ ပူအမျှ ပူးပေါင်းဆောင်ရွက် ကြဖို့ ငါ မျှော်လင့်ပါတယ်...”

ချီယန် က ဝမ်းသာအားရ ပြုံးလျက် ပြောဆိုလိုက်၏။

ရှောင်ချင်အာ က ‘ချီလင်’ ကို စူးစိုက် ကြည့်နေပြီး... သူ၏ အတွင်းစိတ်ကို လုံးဝ ထိုးဖောက် မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ ပင်။

ချီလင် သည် အစစ်အမှန် လူတစ်ယောက် မဟုတ်ဘဲ... သူမ ကြည်ညို လေးစားရသော သူတစ်ယောက် နှင့် ပိုတူနေသည်ဟု သူမ အမြဲတမ်း ခံစားနေရသည်။

‘ချင်အာ... ဂျူနီယာ ညီမလေး... ကိုယ့်ကို အဲဒီလို လာမကြည့်နဲ့... ကိုယ်က ဒေါသကြီးတယ်... အလွယ်တကူ စိတ်တိုတတ်တယ်...’

လီယွမ် ၏ နှုတ်ခမ်းထောင့်များက မဲ့ပြုံးတစ်ခု အဖြစ် ကွေးတက်သွား၏။

ကွဲပြားခြားနားသော ဇာတ်ရုပ် တစ်ခုဖြင့် ကစားရခြင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းလှသည်။

သို့သော်လည်း ညဇီးကွက်ဘုရင် ရောက်လာခဲ့ပါက အခြေအနေများ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူ အမြန်ဆုံး အဆုံးသတ်ချင် နေသေး၏။

အစောပိုင်းက လူအုပ်ကြီးထဲတွင် သူ၏ ဒေါ်လေးနှင့် နောက်ထပ် ဆင်တူသော အရှိန်အဝါ တစ်ခုကို သူ ခံစားလိုက်ရသည်။ ၎င်းမှာ ချီလင်ဘုရင် အန်းထိုယွမ် ပင် ဖြစ်ရပေမည်။

ကူအိမ်တော် ‘သွေးနတ်အိမ်တော်’ မှ ထုတ်လုပ်လိုက်သော “သွေးနတ် မျက်ရည်” များ အားလုံးကို လီယွမ် ယူဆောင်လာခဲ့သည်။

အဘိုးဖြစ်သူ အသက်ဆက်ရှင်နိုင်ရန်နှင့် အနည်းဆုံးတော့ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ရရှိစေရန်အတွက်... အချိန်ကိုက် ပေးအပ်နိုင်ရန်သာ သူ မျှော်လင့်နေမိတော့သည်။

“စီနီယာအစ်ကို ချီလင်... စီနီယာအစ်ကို... မနက်ဖြန် အစ်ကို အနိုင်ရဖို့ ကျွန်မ မျှော်လင့်ပါတယ်...”

ရှောင်ချင်အာ ၏ အသံမှာ အေးစက်စက် ဖြစ်သွားလေ၏။

ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်တဲ့သူက... အစ်ကို လီယွမ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လီယွမ် က ဂရုမစိုက်ဘဲ ခွီခနဲ ရယ်မောလိုက်၏။

“မနက်ဖြန်... မင်း အစ်ကို ရဲ့ စွမ်းဆောင်ရည်ကို သေချာ ကြည့်ထား... ချင်းချန် ရဲ့ ခေါင်းကို လက်သီး တစ်ချက်တည်းနဲ့ ခွဲပစ်ပြီး... ပန်ရှန်း နဲ့ သူ့အဘွားဆီ ရောက်အောင် ပို့ပေးလိုက်မယ်... ပြီးတော့ အဲဒီ အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးယောက် ဆိုတဲ့ ကောင်တွေကို... ခေတ်တွေ ပြောင်းသွားပြီ ဆိုတာကို နားလည်အောင် လုပ်ပြမယ်...”

“အခုက...”

“ကူသခင် တွေရဲ့ ခေတ်... ငါ့ရဲ့ ခေတ်...”

“ဟား ဟား ဟား ဟား...”

မာနကြီးပြီး ရိုင်းစိုင်းလှသော ရယ်သံကြီးက ဧည့်ရိပ်သာ တစ်ခုလုံးကို တုန်ခါသွားစေပြီး... အရပ်မျက်နှာ အသီးသီးမှ ကျန်းဟူ သိုင်းသမား များကို ဒေါသတကြီး လက်သီးဆုပ်သွားစေတော့သည်။

သူတို့ စိတ်ထဲမှ ကြိမ်းဝါး ဆဲရေးလိုက်ကြ၏။

'အကျိုးနည်း... ဒီ ချီလင် ဆိုတဲ့ကောင်က တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့ ကောင်ပဲ ဘိုးဘေးကြီး ကိုယ်တိုင်တောင် အဲဒီလို မပြောရဲဘူး’

ကံကောင်းထောက်မစွာဖြင့် ချီယန် သည် လောကဓံကို ကျွမ်းကျင်စွာ ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ရာ ချက်ချင်းပင် ထအော်မရယ်မိအောင် ထိန်းထားနိုင်ခဲ့သည်။

ဒီကောင်လေးက သရုပ်ဆောင်တာ လုံးဝကို အပိုတွေချည်း လုပ်နေတော့တာပဲ။

မင်းသာ ဇာတ်သဘင် အဖွဲ့ထဲ ဝင်လိုက်ရင်... နာမည်ကြီး သရုပ်ဆောင် တစ်ယောက်တောင် ဖြစ်သွားဦးမယ်။

All Chapters