အခန်း ၁၈၃
Vol. 16 Ch. 183
အခန်း (၁၈၃) ချင်းချန်နှင့် တိုက်ပွဲ
သုံးရက်ဆိုသော အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့လေပြီ။
ကျူးယန်တံခါးဝရှိ အကြီးဆုံး သိုင်းလေ့ကျင့်ရေး ကွင်းပြင်အပြင်ဘက်တွင် လူအုပ်ကြီးက ပင်လယ်ဒီရေအလား တိုးဝှေ့နေကြလေ၏။ ကွင်းပြင်တစ်ခုလုံး လူများဖြင့် ပြည့်ကျပ်ပိတ်သိပ် နေတော့သည်။
ကူလမ်းစဉ်နှင့် သိုင်းလောက၏ အထူးချွန်ဆုံး လူငယ်ပါရမီရှင်တို့ကြားမှ ယှဉ်ပြိုင်မှုကို သက်သေပြုရန် ကျန်းဟူမှ နာမည်ကြီး အင်အားစုတိုင်းနီးပါး ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။
လီယွမ်သည် အရှေ့ဘက်တည့်တည့်သို့ မျက်နှာမူထားသော ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ကူသခင်များစွာ၏ အလယ်တွင် ကြယ်များခြံရံထားသော လမင်းတစ်စင်းအလား ခမ်းနားစွာ တည်ရှိနေလေ၏။
'တကယ်ကို မလွယ်ပါလား...'
အဒေါ်နှင့် အဘိုးဖြစ်သူကို တွေ့ဆုံနိုင်မည့် အခွင့်အရေးရှာရန်နှင့် ကူအင်မော်တယ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်ရန်အတွက် သူ အစွမ်းကုန် ကြိုးစားနေရခြင်းပင်။
လူများစွာ၏ အာရုံစိုက်မှုကို တစ်ပြိုင်နက်တည်း ခံရခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်တော့သည်။
ရစ်ပတ်နတ်ဘုရားကူ ချီလင် ဆိုသည့် သူ၏ အထောက်အထားသစ်နှင့် ပိုမိုလိုက်ဖက်ညီစေရန်အတွက် လီယွမ်သည် တစ်ခါတစ်ရံ သိုင်းတာအိုဘက်မှ လူများကို လက်ခလယ်ထောင်ပြခြင်းနှင့် သူ၏ လည်ပင်းကို ဖြတ်ပြသည့် ဟန်အမူအရာများကို ပြသလေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသော သွေးဆူနေသည့် လူငယ်သိုင်းသမားများမှာ အံကို တင်းတင်းကြိတ်သွားကြရတော့သည်။
'တောင်ပိုင်းနယ်စပ်က ဒီကူသခင်ဆိုတဲ့ကောင်က တကယ့်ကို ရိုင်းစိုင်းတာပဲ...'
ရှောင်ချင်အာသည် မျက်နှာကို ဖုံးအုပ်ထားပြီး ချီလင်အပေါ် ရွံရှာမှုကို ဖုံးကွယ်ထားရန် လုံးဝ ကြိုးစားမနေပါချေ။
'ဒါ သေချာပေါက် ကိုကိုလီယွမ် မဟုတ်ဘူး... ကိုကိုလီယွမ် လုံးဝ မဖြစ်နိုင်ဘူး...'
ထိုသို့သာ မဟုတ်လျှင် သူမ၏ ရင်ထဲမှ အကောင်းဆုံး စံပြအမျိုးသား၏ ပုံရိပ်မှာ ညစ်နွမ်းသွားရပေလိမ့်မည်။
ဘိုးဘေးကြီး ချီယန်ကမူ အားရပါးရ ရယ်မောနေလေ၏။
ဒီကောင်လေးက အရိုက်ခံရအောင် တမင်လုပ်နေသော်ငြားလည်း သူကိုယ်တိုင်ပင် တုတ်ကောက်ဖြင့် ခေါက်ချင်စိတ်များကို မနည်းထိန်းထားရသော်လည်း ဤသို့သော လူမျိုးကသာ ကြီးမားသော ကိစ္စရပ်များအတွက် သင့်တော်ကြောင်း ယုံမှားဖွယ် မရှိပေ။
အရိပ်အယောင် တစ်ခုမျှ မကျန်ရစ်စေဘဲ အထောက်အထားများကို လွတ်လပ်စွာ အပြောင်းအလဲ လုပ်နိုင်စွမ်း ရှိသည်။
ဆယ်စုနှစ်များစွာ တည်ငြိမ်ပြီး သတိကြီးစွာ နေထိုင်တတ်သည့် စရိုက်ကို အလွယ်တကူ ဖုံးကွယ်ကာ ယခုကဲ့သို့ မာနကြီးပြီး ဘဝင်မြင့်နေသည့် ဟန်ပန်ကို ဖန်တီးနိုင်ခြင်းက တကယ့်ကို ထိပ်တန်း စွမ်းရည်တစ်ရပ် ပင်။။
ဆိုရိုးစကား ရှိသည်မဟုတ်လား... ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် လွယ်ကူသော်လည်း စိတ်နှလုံးကို ဖုံးကွယ်ရန် ခက်ခဲသည်တဲ့... ကွေးနိုင်ဆန့်နိုင် သူများသာလျှင် အစစ်အမှန် သူရဲကောင်းကြီးများ ဖြစ်နိုင်ကြသည်။
အနောက်ဘက် တည့်တည့်တွင်ကား...
သိုင်းတာအိုစခန်းတွင် ကျောက်စိမ်းမျက်နှာ အသူရာ ချင်းချန်သည် လေးနက်သော မျက်နှာထားဖြင့် မတ်မတ် ထိုင်နေလေ၏။
သူ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။
အကယ်၍ ဤတိုက်ပွဲတွင် အရေးနိမ့်ခဲ့ပါက သိုင်းလောက၏ လူငယ်မျိုးဆက် တစ်ခုလုံးအတွက် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။ ထိုမျှသာမက ကူသခင်မျိုးဆက်ကလည်း ဤအခွင့်အရေးကို အသုံးချကာ သူတို့၏ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ပြီး ပိုမို အင်အားကြီးမားလာကြမည် ဖြစ်တော့သည်။
“ဦးလေးယဲ့... ဒီကောင်လေးရဲ့ အစစ်အမှန်ကို ဦးလေး မြင်နိုင်လား...”
ချင်းချန်က မေးလိုက်၏။
သူ၏ ဘေးတွင် သံနက်တင်းပုတ် နှစ်ချောင်းကို ကျောတွင် လွယ်ထားသော လူလတ်ပိုင်းတစ်ဦး ထိုင်နေ၏။
ထိုသူကား ထျန်းဝေ့ထျန်း၏ မဏ္ဍိုင်လေးခုထဲမှ တစ်ဦးဖြစ်သူ ယဲ့တွမ့်ကျွမ်း ပင် ဖြစ်၏။ သူသည် တစ်ချိန်က ပြည်နယ်စောင့်တပ်၏ တပ်မှူးတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း နောင်တွင် နန်းတွင်း၏ ထိန်းချုပ်မှုများကို မကျေနပ်သဖြင့် စစ်တပ်မှ အငြိမ်းစားယူကာ ဇာတိမြို့သို့ ပြန်သွားခဲ့သူ ဖြစ်သည်။
ထျန်းဝေ့ထျန်း၏ အရှင်သခင် ကိုယ်တိုင် တောင်ပေါ်မှ ဆင်းလာကာ ထျန်းဝေ့ထျန်းသို့ ဝင်ရောက်ရန်နှင့် မြေကြောများကို ထိန်းချုပ်ရန် သူ့အား ဖိတ်ခေါ်ခဲ့ရခြင်း ဖြစ်၏။
“ငါ မမြင်နိုင်ဘူး...”
ယဲ့တွမ့်ကျွမ်းက ခေါင်းခါလိုက်၏။
“သူ့ရဲ့ သွေးတွေက အရမ်း သိပ်သည်းလွန်းတယ်... သူက လူတစ်ယောက်နဲ့ လုံးဝ မတူဘူး... အသားစိမ်းတွေ စားပြီး ကြီးပြင်းလာတဲ့ တောရိုင်းသားရဲ တစ်ကောင်နဲ့ ပိုတူတယ်...”
“ဒါပေမဲ့ မင်း အရမ်း စိုးရိမ်နေစရာ မလိုပါဘူး...”
“ချီလင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူက အဆင့် (၇) မှာပဲ ရှိသေးတာလေ... ကောင်းကင်စွမ်းအားတွေကို ထိန်းချုပ်နိုင်စွမ်း မရှိသေးတာ ကလွဲရင် ကျန်တဲ့ အပိုင်းတွေမှာ ပန်ရှန်းထက် မင်းက ဘယ်နေရာမှ အားနည်းမနေပါဘူး...”
“စိတ်ကို သေချာ ပြင်ဆင်ထားပါ... မင်း သေချာပေါက် နိုင်မှာပါ...”
စီနီယာ ပညာရှင်၏ အားပေးစကားကြောင့် ချင်းချန်လည်း အနည်းငယ် စိတ်အေးသွားရ၏။
စင်မြင့်ထက်ဝယ်...
အမွှေးတိုင်လေးမှာ တဖြည်းဖြည်း လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်၏။
အမွှေးတိုင် ကုန်ဆုံးသွားသည့် အခိုက်အတန့်တွင် လီယွမ်နှင့် ချင်းချန်တို့သည် သူတို့၏ နေရာအသီးသီးမှ တစ်ပြိုင်နက်တည်း ခုန်ပျံထွက်လာကြပြီး သိုင်းစင်မြင့်ပေါ်သို့ ရောက်ရှိသွားကြတော့သည်။
လေ့ကျင့်ရေးကွင်းပြင် အတွင်းရှိ လေထုမှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့ချေပြီ။
“ဟေး..ဟေး..”
“သိုင်းတာအို သေချာပေါက် နိုင်ရမယ်...”
“သိုင်းအဖွဲ့က သေချာပေါက် အောင်ပွဲခံမှာ..”
သိုင်းတာအို စခန်းမှ အားပေးသံများက လှိုင်းလုံးကြီးများအလား ရိုက်ခတ်လာပြီး ကျယ်ပြန့်လှသော သိုင်းလေ့ကျင့်ရေး ကွင်းကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုအရာနှင့် နှိုင်းယှဉ်လိုက်ပါက ကူလမ်းစဉ်ဘက်မှ အားပေးသံများမှာ များစွာ တိုးညင်းနေပြီး လုံးဝ ဖုံးလွှမ်းသွားခဲ့ရ၏။
အရှိန်အဝါမှာ သိုင်းတာအိုထက် များစွာ နိမ့်ကျနေသည်။
လူဦးရေ ကွာဟချက်ကြောင့် ထောက်ခံအားပေးမှုတွင် အပြတ်အသတ် ရှုံးနိမ့်သွားရခြင်း ပင်။။
လီယွမ်သည် လှိုင်းလုံးကြီးများ ငြိမ်သက်သွားမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။ ထိုအခါမှသာ သူသည် လက်မောင်းများကို ကျယ်ကျယ် ဆန့်ထုတ်လိုက်ပြီး လှည့်ပတ်ကာ လူတိုင်းကို ကြည့်၍ ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်၏။
“သိုင်းပညာ လေ့ကျင့်နေကြတဲ့ အကောင်ပေါက်စလေးတွေ... အသံကျယ်ကျယ် အော်နေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး... ခဏနေလို့ ငါက ချင်းချန်ကို ရိုက်နှက်လိုက်တဲ့ အခါကျရင် မင်းတို့လည်း အခုလိုပဲ အသံကျယ်ကျယ်နဲ့ ငိုကြလိမ့်မယ်လို့ ငါ မျှော်လင့်တယ်...”
သူက သွားဖြဲကာ သရော်ပြုံး ပြုံးပြလိုက်ရာ ပါရမီရှင်တစ်ဦး၏ မာနကြီးမှုကို ပြီးပြည့်စုံစွာ ပုံဖော်လိုက်နိုင်၏။
“သောက်ကျိုးနည်း...”
“ဒီကောင် တကယ့်ကို အရိုက်ခံချင်နေတာပဲ... ငါ တကယ် သွားပြီး သူ့ကို ဆွဲထိုးပစ်ချင်လာပြီ...”
“ဒီလောက် မာနကြီးတဲ့ ကောင်မျိုးကို ငါ တစ်ခါမှ မတွေ့ဖူးသေးဘူး...”
“ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့တဲ့ အစွမ်းထက်လှတဲ့ ပါရမီရှင်တွေတောင် ဒီလောက်ထိ မာနမကြီးခဲ့ကြဘူးကွ...”
လီယွမ်၏ စကားများက သိုင်းတာအို စခန်းကို တိုက်ရိုက်ပင် မီးရှို့ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
အထူးသဖြင့် လူငယ်သိုင်းသမားများမှာ ထိုတိုက်ခိုက်မှုကြောင့် မျက်နှာများ ရှုံ့မဲ့သွားကြပြီး ချီလင်နှင့် သွားရောက် တိုက်ခိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြတော့၏။
“မင်းတို့ အားလုံး ဟောင်နေတာ ရပ်လိုက်ကြစမ်းပါကွာ...”
လီယွမ်က ဆက်ပြောလိုက်၏။
“ငါ ချင်းချန်ကို အဆုံးသတ်ပြီးသွားတာနဲ့ မင်းတို့လို အသုံးမကျတဲ့ ကောင်လေးတွေကို ပညာပေးဦးမယ်...”
“သောက်ကျိုးနည်း... ငါ မင်းကို သတ်မယ်...”
“ငါတို့ အားလုံး အတူတူသွားပြီး သူ့ကို အရင် ဝိုင်းထိုးကြရအောင်...”
သိုင်းသမား တစ်ယောက်က မခံမရပ်နိုင်ဖြစ်ကာ မတ်တပ်ရပ်လိုက်ပြီး လက်သီးကို ဆုပ်လျက် မကြာမီ ကျရောက်လာတော့မည့် ဘေးဒုက္ခတစ်ခုအလား ကြိမ်းဝါးလိုက်တော့သည်။
လီယွမ်က တစ်ဖန် ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြန်ပြီး...
“ငါက ဘယ်သူ့ကိုမှ သီးသန့်ရည်ရွယ်ပြီး ပြောနေတာ မဟုတ်ဘူး... ငါ ဆိုလိုချင်တာက ဒီမှာ ရှိနေတဲ့ လူငယ်သိုင်းသမားတိုင်းက အမှိုက်တွေချည်းပဲလို့ ပြောတာ...”
ပရိသတ်များကြားတွင်...
ဘိုးဘေးကြီး ချီယန်သည် သူ၏ တုတ်ကောက်ကို မှီလျက် လက်များ တုန်ယင်နေတော့၏။
'ဒီကောင်လေးက လူတွေရဲ့ အမုန်းကို ဆွဲဆောင်တဲ့နေရာမှာ တကယ့်ကို ထူးချွန်တာပဲ...'
သူ့ရှေ့တွင် ရပ်နေသော ချီလင်သာလျှင် ထိုကောင်လေး၏ အစစ်အမှန်ဖြစ်ပြီး တစ်နေကုန် တောင်ပေါ်မှာ ပုန်းနေခဲ့သည့် လီယွမ်ကသာ အတုအယောင် ဖြစ်မည်ဟု သူ လုံးဝကို သံသယဝင်သွားမိ၏။
အခွင့်အရေးကို ဆုပ်ကိုင်ပြီး မိမိ၏ မူလစရိုက်ကို အပြည့်အဝ ထုတ်ဖော်ပြသနေခြင်းပင် ဖြစ်ရမည်။
“ဘိုးဘေးကြီး... ကျွန်မတို့ သူ့ကို တားသင့်လားဟင်...”
ရှောင်ချင်အာ၏ မျက်နှာက မည်းမှောင်သွား၏။
“သူသာ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် အခြေအနေက ထိန်းချုပ်လို့ မရတော့ဘူး ဖြစ်သွားလိမ့်မယ်...”
“အဲဒါ အမှန်ပဲ...”
ချီယန်မှာ ကြောက်လန့်သွားပြီး ကူကောင်မှတစ်ဆင့် ချက်ချင်းပင် အသံလွှင့်လိုက်၏။
“မင်း လုပ်တာ လွန်နေပြီ ကောင်လေး... မင်းရဲ့ သရုပ်ဆောင်မှုကို နည်းနည်းလောက် လျှော့လိုက်ဦး... မင်း ဒီအတိုင်း ဆက်လုပ်နေရင် ငါလည်း အခြေအနေကို ဆက်ပြီး မထိန်းထားနိုင်တော့ဘူး..”
ဘိုးဘေးကြီး၏ စိတ်ချင်းဆက်သွယ်လာသော အသံကို ကြားလိုက်ရသောအခါ လီယွမ်လည်း အနည်းငယ် ငြိမ်ကျသွားတော့၏။
သူ ဤသို့ ပြုလုပ်ရခြင်းတွင် အကြောင်းရင်း တစ်ခု ရှိ၏။ ဤကျန်းဟူ သိုင်းသမားများနှင့် တိုက်ခိုက်ရန် သက်သက်မဟုတ်ဘဲ သူ၏ နောက်ထပ် အစီအစဉ်တစ်ခုအတွက် ကြိုတင် ပြင်ဆင်နေခြင်းသာ။
“ချီလင်... အသုံးမကျတဲ့ စကားတွေ ပြောနေလည်း အလကားပါပဲ... ငါတို့ တိုက်ကြည့်လိုက်ကြတာပေါ့... အမှန်တရားက အရာအားလုံးကို သက်သေပြသွားလိမ့်မယ်...”
ချင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေလေ၏။
"ကျောက်စိမ်းမျက်နှာ အသူရာ" ဟု ခေါ်ဆိုခံရရန်အတွက် သူ၏ ရုပ်ရည် ချောမောမှုကို အကျယ်တဝင့် ဖော်ပြနေရန်ပင် မလိုအပ်တော့ချေ။ ထိုနေရာတွင် ရပ်နေသော ချင်းချန်ကား အချစ်ကို မက်မောသော ငယ်ရွယ်သည့် မိန်းကလေးများစွာ၏ အိပ်မက်ထဲမှ စံပြချစ်သူပင် ဖြစ်၏။
သို့သော်လည်း သူသည် သတ်ဖြတ်ခြင်း နည်းပညာများကို လေ့ကျင့်ထားသူဖြစ်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမှောင်ထု အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
လူများကို အလွန်အမင်း အန္တရာယ်ကြီးမားသည့် ခံစားချက်မျိုးကို ပေးစွမ်းနေတော့၏။
မာနကြီးသော ကြွေးကြော်သံများကို အော်ဟစ်နေသော်ငြားလည်း လီယွမ်သည် သူ၏ ပြိုင်ဘက်ကို ဘယ်သောအခါမှ အထင်မသေးခဲ့ဘဲ ဖြစ်ပေါ်လာနိုင်သော တိုက်ပွဲ အခြေအနေများကို သူ၏ စိတ်ထဲတွင် မရေမတွက်နိုင်အောင် တွက်ချက် ပြင်ဆင်နေခဲ့၏။
သူ အကြောက်ဆုံးအရာ ဆို၍ တစ်ခုတည်းသာ ရှိပေသည်... ကောင်းကင်စွမ်းအားများပင်။
သိုင်းသူတော်စင်သည် သိုင်းတာအို၏ ကောင်းကင်ဖြစ်စဉ်များကို အဆက်မပြတ် ဆင့်ခေါ်နိုင်ပြီး ထိုစွမ်းအားများကို အသုံးပြုကာ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းများကို ပြုလုပ်နိုင်စွမ်း မရှိခဲ့ပါက သူသည် ပြိုင်ဘက်ကို ချုံခိုတိုက်ခိုက်ရန် ဤမျှလောက် အားထုတ်ရမည် မဟုတ်ချေ။
ချင်းချန်၏ ကောင်းကင်ဖြစ်စဉ်အပေါ် ထိန်းချုပ်နိုင်စွမ်းက ပန်ရှန်းထက် များစွာ အားနည်းလိမ့်မည် သာတည်း။
သူတို့၏ မျက်လုံးများ အချင်းချင်း ဆုံတွေ့သွားကြပြီး တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာတော့မည်။
ချင်းချန်က တိုက်ပွဲဝင် အခြေအနေသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ အရှိန်အဝါက ကောင်းကင်နှင့် မြေကြီး အတူတကွ ပေါင်းစပ်သွားပြီး သူ၏ အမြန်နှုန်းမှာ ရုတ်တရက် မြင့်တက်သွားကာ မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်သွားပြီး ရှောင်တိမ်း ရွေ့လျားလာတော့သည်။
သူ၏ လက်နက်ကား တစ်လက်မခန့်သာ ရှည်လျားသော လေခွဲဓားမြှောင်ပင် ဖြစ်ပြီး စုစုပေါင်း ဓားမြှောင် (၃၆) ချောင်းကို ခန္ဓာကိုယ်အနှံ့တွင် ဖုံးကွယ်ထားလေ၏။
“အရိပ်တွေရဲ့ အဆုံးစွန်... လျှပ်တစ်ပြက် ပျက်သုဉ်းခြင်း...”
“ဝှီး…”
အရိပ်ခုနစ်ခုက ကောင်းကင်နှင့် မြေကြီးထက်တွင် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာပြီး သူတို့၏ လက်ချောင်းထိပ်ဖျားများတွင် သွေးစွန်းနေသော ဓားမြှောင်များကို ဖုံးကွယ်ထားလျက် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် မတူညီသော အရပ်မျက်နှာများမှ လီယွမ်၏ သေကွင်းသေကွက်များကို လှမ်း၍ ထိုးစိုက်လိုက်တော့သည်။
'ဝူမေ့...'
လီယွမ်က စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီး လက်ချောင်း ငါးချောင်းစလုံးကို ဖြန့်ကားလျက် လက်မောင်းများကို ကျယ်ကျယ် ဆန့်ထုတ်လိုက်၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှ ပင့်ကူမျှင် အမြောက်အမြား ဖြာထွက်လာတော့၏။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဘူးသီးခြောက် တစ်လုံး ပွင့်သွားပြီး သွေးပေါက်ကွဲကူကောင် အမြောက်အမြား ထွက်ပေါ်လာကာ ပင့်ကူမျှင်များပေါ်တွင် ကပ်တွယ်သွားကြ၏။
ပင်လယ်ပြင်ကြီးအလား ပင့်ကူမျှင်များသည် မျက်ကွယ်ထောင့် လုံးဝ မရှိဘဲ အရပ်မျက်နှာ အသီးသီးသို့ လှိုင်းလုံးကြီးများအလား လွင့်စင်ထွက်သွားတော့သည်။
ပင့်ကူမျှင်နှင့် ထိတွေ့သမျှ အရာအားလုံးကို အာရုံခံနိုင်စွမ်း ရှိလေရာ လီယွမ်သည် ချင်းချန်ထက် များစွာ သာလွန်သော သူ၏ စိတ်စွမ်းအားဖြင့် ချင်းချန်၏ အစစ်အမှန် တည်ရှိနေသော နေရာကို အလွယ်တကူပင် ရှာဖွေ တွေ့ရှိသွားတော့၏။
“ပေါက်ကွဲစမ်း...”
ပင့်ကူမျှင်များပေါ်တွင် ကပ်တွယ်နေသော သွေးပေါက်ကွဲကူကောင် များက ချက်ချင်းပင် ပေါက်ကွဲထွက်သွားကြ၏။
အုန်း...
ချင်းချန်သည် သူ၏ ပုန်းအောင်းနေသော နေရာကို အတင်းအဓမ္မ ဖော်ပြလိုက်ရပြီး လီယွမ်က သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာကာ သူ၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
ဧရာမ အားအင်ကြီးဖြင့် ရိုက်ခတ်ခံလိုက်ရသဖြင့် ချင်းချန်မှာ နောက်သို့ လွင့်စင်ထွက်သွားရ၏။
ပထမဆုံးအကြိမ် အစမ်းသဘော ထိပ်တိုက် ရင်ဆိုင်မှုတွင် ချင်းချန်မှာ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရချေပြီ။