အခန်း ၁၈၄
Vol. 16 Ch. 184
အခန်း (၁၈၄) အလွန် မြန်ဆန်လွန်းသော အဆုံးသတ်
လေ့ကျင့်ရေး ကွင်းပြင် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ အော်ဟစ်သံများ ဆူညံသွားလေ၏။
ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မှု၏ ရလဒ်က လူများစွာကို အံ့အားသင့် သွားစေခဲ့သည်။
ချီလင် အလွန် အစွမ်းထက်လိမ့်မည်ဟု လူတိုင်း မျှော်လင့်ထားခဲ့ကြသော်လည်း... မွေးရာပါ ရစ်ပတ်နတ်ဘုရားကူ ၏ စွမ်းအားကို လုံးဝ မသုံးဘဲနှင့်ပင် ချင်းချန်ကို လွှမ်းမိုး အနိုင်ယူနိုင်လိမ့်မည်ဟု... မည်သူကမျှ မထင်ထားခဲ့ကြချေ။
ချီယန် သည် သူ၏ နေရာတွင် ထိုင်လျက် မျက်လုံးများကို မှေးစင်းထား၏။
လီယွမ် ၏ လက်တွေ့ တိုက်ပွဲတွင် မည်မျှ စွမ်းဆောင်နိုင်မည်ကို သူ အမြဲတမ်း စောင့်ကြည့်ချင် နေခဲ့ခြင်း ဖြစ်ပေ၏။
ဤတိုက်ကွက် တစ်ခုတည်းကပင် လီယွမ် ၏ ကူလမ်းစဉ် ကျွမ်းကျင်မှု မည်မျှ နက်ရှိုင်းကြောင်းကို သက်သေပြရန် လုံလောက်နေခဲ့ပြီး... လက်အောက်ခံ ကူကောင်များ အပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ... တကယ့်ကို ပြိုင်ဘက်ကင်းလှသည်။
ဆရာဖြစ်သူ ယွီဟန်ချွမ်း ပြောခဲ့သော စကားများမှာ... လုံးဝ ချဲ့ကား ပြောဆိုထားခြင်း မဟုတ်ကြောင်း သိသာထင်ရှား လှ၏။
“သူက လက်အောက်ခံ ကူကောင် အများကြီးကို မျက်တောင်တစ်ခတ် အတွင်းမှာ... တပြိုင်နက်တည်း အသက်သွင်းနိုင်ပြီး... အဲဒါတွေကို အချိုးကျကျ သေသပ်လှပစွာ တွဲဖက် အသုံးပြုနိုင်တယ်... ငါ ကိုယ်တိုင်တောင် လူငယ်ဘဝတုန်းက... သူ့လောက် အစွမ်းမထက်ခဲ့ဘူး...”
ချီယန် က ပြုံးလျက် ဂုဏ်ယူဝင့်ကြွားစွာ မှတ်ချက်ချလိုက်၏။
ချီယန် ၏ ဘေးတွင် ထိုင်နေကြသော ကူသခင် များမှာ... ဆွံ့အ အံ့ဩသွားကြရတော့၏။
လက်ရှိ ကူလမ်းစဉ် ၏ အထွတ်အထိပ် ဘိုးဘေးကြီး ကိုယ်တိုင်က... ဤကဲ့သို့ သုံးသပ်ချက် ပေးခဲ့ပြီး... သူ လူငယ်ဘဝက ဤလူငယ်လေးလောက် အစွမ်းမထက်ခဲ့ကြောင်း ဝန်ခံခဲ့သည် မဟုတ်လား။ ချီလင် ၏ ပါရမီမှာ... သူတို့ တွေးထင်ထားသည်ထက် ပို၍ပင် ပုံမှန်မဟုတ်ဘဲ ကြောက်မက်ဖွယ် ကောင်းလှသည်။
မူလက 'ချီလင်' ကို မာနကြီးလွန်းပြီး... တခြားသူများကို အထင်သေးလွန်းသည်ဟု ထင်မြင်ခဲ့သော ရှောင်ချင်အာ မှာလည်း... ယခုအခါ လုံးဝကို ယုံကြည် လက်ခံသွားခဲ့ချေပြီ။
ဤမျှလောက် ထူးကဲသော ပါရမီကို ပိုင်ဆိုင်ထားမှတော့... ဤကူသခင် အနေဖြင့် မာနကြီးပိုင်ခွင့် သေချာပေါက် ရှိ၏။
ချီလင် ၏ ဤသို့ စွမ်းဆောင်နိုင်မှုက... သူနှင့် လက်အောက်ခံ ကူကောင်များ ကြားရှိ ဆက်နွှယ်မှု၊ ကူစိတ်ဝိညာဉ် နည်းစနစ်များ အပေါ် သူ၏ နားလည်သဘောပေါက်မှု နှင့်... ကူလမ်းစဉ် ကျွမ်းကျင်မှုတို့မှာ... အမြင့်မားဆုံး အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်။
ပြီးတော့ ဒါတွေ အားလုံးက...
သူမ အထူး ကျွမ်းကျင်သင့်သည့်... နှလုံးသားမေးခွန်းကူ ကို သန့်စင်ပြီးနောက်... သူမ အားသာသင့်သည့် နယ်ပယ်များ ပင်။။
အခြား တစ်ဖက်တွင်မူ... သိုင်းလောက မှ အင်အားစု အသီးသီး၏ ခေါင်းဆောင်များ မှာလည်း... စိုးရိမ် ပူပန်လာကြတော့၏။
သူတို့သည် ကူလမ်းစဉ် များအကြောင်း နက်နက်ရှိုင်းရှိုင်း နားမလည်ကြသော်ငြားလည်း... ချီလင် ၏ စွမ်းဆောင်ရည်မှာ မည်မျှလောက် အံ့မခန်း ဖြစ်နေကြောင်းကိုတော့... ကောင်းစွာ သဘောပေါက် နားလည်နေကြသည်။ သမိုင်းတွင် မှတ်တမ်းတင် ခံရမည့်... ပါရမီရှင်များ၏ ခေတ်ကြီးတစ်ခု ပင်။။
ယနေ့ ပြိုင်ပွဲတွင်... သိုင်းတာအို အဖွဲ့က ရှုံးနိမ့်သွားရန် ရာခိုင်နှုန်း အလွန်များနေချေပြီ။
သိုင်းတာအို မှ ခေါင်းဆောင်များမှာ... စိတ်ပျက် အားလျော့ သွားကြ၏။
ကွင်းပြင်ပေါ်ရှိ တိုက်ပွဲကတော့... ဆက်လက် ဖြစ်ပွားနေဆဲပင်။
ချင်းချန် ကို လက်သီး တစ်ချက်တည်းဖြင့် လွင့်စင်သွားအောင် ထိုးချလိုက်ပြီးနောက်... လီယွမ် က သူ၏ အသာစီးရမှုကို အသုံးချကာ ဆက်လက် တိုက်ခိုက်လေတော့၏။
သူ၏ လက်ဖဝါးမှ ပင့်ကူမျှင် အမြောက်အမြား... နောက်တစ်ဖန် ထွက်ပေါ်လာပြီး ချင်းချန် ထံသို့ အဆုံးမရှိ ပျံသန်း သွားတော့သည်။ ချင်းချန် က လေထဲတွင် သူ၏ ဟန်ချက်ကို ထိန်းလိုက်ပြီး... လေပြင်း တစ်ခုအလား ပြောင်းလဲကာ... တစ်ဖန် ပြန်လည် ဆုတ်ခွာ ရှောင်တိမ်း လိုက်၏။
သူ ပင့်ကူမျှင် များကို မဖျက်ဆီးရဲပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများတွင် အလွန် ပြင်းထန်သော အဆိပ်များ ပါဝင်နေကြောင်း... သူ အာရုံခံ သိရှိနိုင်သောကြောင့် ပင်။။
ထိုကဲ့သို့သော ပြင်းထန်သည့် အဆိပ်မျိုးကို ခုခံရန်အတွက်... မူလ ချီစွမ်းအင် အမြောက်အမြားကို အသုံးပြုရမည် ဖြစ်ပြီး... အကယ်၍ ပင့်ကူမျှင်များနှင့် ငြိတွယ်သွားပါက... ရှုံးနိမ့် ဆုတ်ခွာရမည့် အခြေအနေ နှင့်... သိပ်ဝေးတော့မည် မဟုတ်ပေ။
“မြန်တော့ မြန်သားပဲ... ဒါပေမဲ့ အလကားပဲ...”
“ပေါက်ကွဲ စမ်း...”
ပေါက်ကွဲကူကောင် တစ်သိန်းကို ဖောက်ခွဲလိုက်ပြီး ကတည်းက... လီယွမ် သည် 'ပေါက်ကွဲခြင်း' ၏ အရသာကို လုံးဝကို စွဲလန်း နှစ်သက်သွားခဲ့ချေပြီ။
သူ့ကဲ့သို့ ကြွယ်ဝသော သယံဇာတများကို ပိုင်ဆိုင်ထားသူ တစ်ယောက် အတွက်... ပေါက်ကွဲကူကောင် များ ဆိုသည်မှာ ရိုးရှင်းသော အဆင့်နိမ့် လက်အောက်ခံ ကူကောင်များမျှသာ ဖြစ်လေ၏။
“ဖောင်း…”
သွေးပေါက်ကွဲကူကောင် အမြောက်အမြားက... ချင်းချန် ကို အညှာအတာမဲ့စွာ ဗုံးကြဲ တိုက်ခိုက်နေတော့သည်။
လီယွမ် က သွေးမြူခိုးများ ကြားထဲမှ မျက်လုံးများကို မှေးစင်းလျက် စောင့်ကြည့် နေလိုက်၏။
ဒုတိယ အချီ တိုက်ပွဲ စတင်ခဲ့ချေပြီ။
ချင်းချန် ၏ ကိုယ်ပေါ်မှ လွင့်မျောနေသော အရိပ်တစ်ခုကို သူ မြင်လိုက်ရပြီး... ထိုအရိပ်ကို စုစည်းပေးထားသော စွမ်းအားကို... သူ အလွန် ရင်းနှီး ကျွမ်းဝင်နေသည်။ ကောင်းကင်ဖြစ်စဉ် စွမ်းအား ပင်။။
သိုင်းသူတော်စင်ကြီး ၏ ကောင်းကင်ဖြစ်စဉ် စွမ်းအားနှင့် နှိုင်းယှဉ်ပါက... ချင်းချန် ၏ စွမ်းအားက အလွန် ထိန်းချုပ်မှု ရှိနေသည်။
၎င်းက သိုင်းတာအို ကျင့်စဉ်များနှင့်... နီးကပ်စွာ ဆက်စပ်နေလေ၏။
ချင်းချန် သင်ယူထားသော 'လေအရိပ် သတ်ဖြတ်ခြင်း သိုင်းကွက်' မှာ... အလွန်အမင်း ထင်ပေါ် ကြွားဝါသော သိုင်း အရှိန်အဝါ များနှင့်... မလိုက်ဖက် ပါချေ။ တစ္ဆေ သရဲများ အလား သူ့ပတ်ဝန်းကျင်တွင် လွင့်မျောနေသော အရိပ်များက... သူ၏ သိုင်း အရှိန်အဝါ ၏ ရောင်ပြန်ဟပ်မှု တစ်ခုသာ။
“လေရူး... အရိပ် သတ်ဖြတ်ခြင်း နယ်ပယ်...”
သူ၏ နောက်ဆုံး တိုက်ကွက်ကို အရင်ဆုံး အသုံးပြုရန် ဖိအားပေး ခံလိုက်ရသဖြင့်... သူ၏ အနိုင်ရနိုင်ခြေမှာ အလွန် နည်းပါးနေပြီ ဖြစ်ကြောင်း... ချင်းချန် ကောင်းစွာ သိရှိနေသည်။
ချီလင် ၏ မာနကြီးမှုကို အခွင့်ကောင်းယူကာ... သူ အပြည့်အဝ တုံ့ပြန်နိုင်ခြင်း မရှိမီ... လျှပ်တစ်ပြက် အခွင့်အရေး လေးတစ်ခုကို ဆုပ်ကိုင် နိုင်မှသာလျှင်... အနိုင်ရရန် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်ပေမည်။
“ဝှီး... ဝှီး... ဝှီး..”
လေ့ကျင့်ရေး ကွင်းပြင်ပေါ်တွင် အရိပ် အမြောက်အမြား... ပေါ်ထွက်လာပြီး အာရုံငါးပါးစလုံးကို ထိခိုက်စေနိုင်သော... လေပြင်း တစ်ခုနှင့် အတူ ရောနှော လာတော့သည်။
ပင့်ကူအိမ်များက ပင်လယ်ပြင်ကြီး အလား များပြားနေလျှင်ပင်... အဆုံးမရှိသော အရိပ်များကိုတော့ မတားဆီး နိုင်ပါချေ။
အရိပ်များက ခုန်ပျံ ရွေ့လျားကာ... ထိုးဖောက် ဝင်ရောက် လာကြလေ၏။
အရိပ်များမှာ တဖြည်းဖြည်းချင်း လျော့ပါး ပျောက်ကွယ်သွားပြီး... အရေအတွက် ပိုမို နည်းပါးလာကာ လီယွမ် နှင့်... ပို၍ ပို၍ နီးကပ် လာတော့သည်။
'အခုပဲ အခွင့်အရေးက...'
မျက်တောင်တစ်ခတ် အတွင်းမှာပင် အရိပ်များ အားလုံး... တစ်ခုတည်း အဖြစ် ပေါင်းစပ် သွားပြီး... ချင်းချန် သည် လီယွမ် ၏ အနောက်ဘက်တွင် ရုတ်တရက် ပေါ်ထွက်လာလေပြီ။ သူ၏ ဓားမြှောင်က အလင်းတန်း တစ်ခုအလား လျှပ်ခနဲ ဝင်းလက်သွားပြီး... လီယွမ် ၏ သေကွင်းသေကွက်အား လှမ်း၍... ခုတ်ပိုင်းလိုက်တော့သည်။
ထွက်သက် တစ်ဝက်မျှပင် မကြာသော အချိန်တိုလေး အတွင်းမှာပင်... ဓားချက်ပေါင်း ရာချီ၍ လွှဲခုတ် လိုက်ခြင်း ပင်။။
လီယွမ် သည် သူ၏ အသားနှင့် သွေးများကို... အလိုအလျောက် ဖောင်းကား လာစေရန် ပြုလုပ်လိုက်ပြီး... ဓားမြှောင်က သူ၏ ကိုယ်တွင်း အင်္ဂါများကို မထိုးဖောက်နိုင်ရန်... ကာကွယ် လိုက်ရ၏။ ပင့်ကူမျှင် အမြောက်အမြား... နောက်တစ်ဖန် ပျံသန်း ရောက်ရှိလာပြီး... ချင်းချန် က ပထမဆုံး တိုက်ခိုက်မှု အပြီးတွင် ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားကာ... ထိပ်တိုက် ရင်မဆိုင်ရဲတော့ချေ။
“ဟူး…”
ပရိသတ်များ ကြားမှ သက်ပြင်းချသံကြီးများ... နောက်တစ်ဖန် လှိုင်းလုံးကြီးများအလား ထွက်ပေါ်လာပြန်၏။
သိုင်းသူတော်စင် အဆင့်သို့ မရောက်ရှိသေးသော... သိုင်းသမား အများစု၏ အမြင်တွင်... အရာအားလုံးက မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပြီး... သူတို့ မြင်လိုက်ရသည်မှာ အရိပ်များ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက်... 'ချီလင်' ၏ ကိုယ်ပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းသွားသည်ကိုပင်။
ဝါရင့် သိုင်းဂိုဏ်း ခေါင်းဆောင်များ ပင်လျှင်... အလွန်အမင်း စိုးရိမ် ပူပန် နေကြလေ၏။
သူတို့သည် ရစ်ပတ်နတ်ဘုရားကူ နှင့် ပတ်သက်သော သတင်းအချက်အလက် များကို... ကြိုတင် စုဆောင်းထားပြီး ဖြစ်သည်။
၎င်းက တိုက်ပွဲဝင်လေလေ ပိုမို အစွမ်းထက်လာလေလေ ဖြစ်သော ကူကောင် တစ်မျိုးဖြစ်ပြီး... ရုပ်ခန္ဓာ ၏ အထွတ်အထိပ် နှင့်... သွေးချီ စွမ်းအား၏ အမြင့်ဆုံး အဖြစ်... ချီးကျူး ခံထားရသည် မဟုတ်လား။ သွေးများ စွန်းပေလာသည်နှင့် အမျှ... ကူသခင် အား ပိုမို ကြီးမားသော စွမ်းအားများကို... ပေးစွမ်းနိုင်မည် ဖြစ်သည်။
ချင်းချန် လည်း ဤအချက်ကို သိရှိထားပြီး... သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပြင်ဆင်ထားပြီး ဖြစ်လေ၏။
ယခုလေးတင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုက... ရန်သူကို တစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်မည် မဟုတ်ကြောင်း သူ့ကို နားလည်သွားစေခဲ့ပြီး... သူ၏ ပြိုင်ဘက်ကင်း အမြန်နှုန်းကို အသုံးချကာ... ရစ်ပတ်နတ်ဘုရားကူ ၏ စွမ်းအားများ ကုန်ခမ်းသွားသည် အထိ... ခုခံ တိုက်ခိုက်ရန်သာ ရှိတော့သည်။
“မင်းက ယားတာကို လာကုတ်ပေး နေတာလား...”
လီယွမ် က မဲ့ပြုံး ပြုံးလိုက်၏။
သွေးစွန်းသွားခြင်း၏ စိတ်လှုပ်ရှားဖွယ် ခံစားချက်က... ရစ်ပတ်နတ်ဘုရားကူ အား အရသာ တွေ့သွားစေခဲ့ပြီး... နောက်ဆုံးတွင်တော့ သူ့အား အပြည့်အဝ လွှမ်းမိုးသွားတော့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လီယွမ် ၏ သွေးနှင့် ချီစွမ်းအင် များက... မီးတောက်များ အလား တောက်လောင်လာပြီး... သူ၏ ဆံပင်များက အထက်သို့ ထောင်မတ်သွားကာ... မူလကတည်းက မာနကြီးသော မျက်နှာပေါ်တွင် ယခုအခါ... ရူးသွပ်မှု အရိပ်အယောင် များပါ ရောနှော လာတော့သည်။
“အခု... ငါ့အလှည့် ပဲ...”
သူက အထက်သို့ ခုန်တက်လိုက်ပြီး... သွေးနီရောင် အရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားကာ... ချင်းချန် ထံသို့ အဟုန်ပြင်းစွာ တိုးဝင် သွားတော့သည်။
“ဝီ…”
ချင်းချန် မှာ ပြတ်သားသော ပစ်မှတ်တစ်ခု ရှိနေပြီး... ကောင်းကင်ယံ သို့ တည့်တည့်မတ်မတ် ပျံတက် သွားလေရာ... ထိုနေရာတွင် သူ၏ အားသာချက်များကို... အပြည့်အဝ အသုံးချ နိုင်မည် ဖြစ်သည်။
သူတို့ နှစ်ဦးမှာ အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကြပြီး... ကောင်းကင်ယံ တွင် တစ်ယောက်နောက် တစ်ယောက်... လိုက်လံ တိုက်ခိုက် နေကြတော့သည်။
အခြေအနေများကြောင့် လီယွမ် သည် ရှောင်ချိုက် နှင့်... ဓားနတ်သမီး တို့၏ စွမ်းအားများကို အသုံးမပြုနိုင်ပါချေ။
“လေစီး လိပ်ပြာ...”
နောက်ထပ် ဘူးသီးခြောက် တစ်လုံး ပွင့်သွားပြီး... လေစီး လိပ်ပြာ အမြောက်အမြား ပျံသန်း ထွက်လာကာ... လီယွမ် အား လေပေါ်တွင် သယ်ဆောင် သွားကြ၏။ လေစီး လိပ်ပြာ များ၏ အကာအကွယ် အောက်တွင်... ဆန်းကြယ်ပုံရိပ်ကူ ၏ လေကို စီးနင်းနိုင်သော စွမ်းရည်ကိုလည်း... ပြီးပြည့်စုံစွာ ဖုံးကွယ် ထားနိုင်ခဲ့သည်။
လီယွမ် ၏ အမြန်နှုန်းက ရုတ်တရက် မြင့်တက် သွားတော့၏။
“ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ...”
ချင်းချန် မှာ အလွန်အမင်း ထိတ်လန့် တုန်လှုပ် သွားရ၏။
ဤ အမြန်နှုန်းမှာ သူ ကောင်းကင်ဖြစ်စဉ် စွမ်းအားများကို... ထုတ်ဖော် အသုံးပြုခဲ့စဉ်က ထက်ပင် ပိုမို မြန်ဆန်နေပြီး... လုံးဝကို ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်နေသည်။ သွေးလှိုင်းလုံး ကြီးတစ်ခုက... သူ့ထံသို့ အဟုန်ပြင်းစွာ ရိုက်ခတ် လာနေချေပြီ။
“အသေအလဲ တိုက်ရုံပဲ ရှိတော့တယ်...”
ချင်းချန် က လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး... ရုတ်တရက် လှည့်ကာ သူ၏ နောက်ဆုံး တိုက်ကွက်ကို... နောက်တစ်ဖန် အသုံးပြုလိုက်ပြန်၏။
“အရိပ် သတ်ဖြတ်ခြင်း...”
သူ စုစည်း၍ ရနိုင်သမျှ ကောင်းကင် စွမ်းအား များ အားလုံးကို... သူ၏ လက်ဖဝါးထဲရှိ ဓားမြှောင် ထဲသို့ ပေါင်းထည့် လိုက်တော့သည်။
အရိပ်များ ရွေ့လျားသွားသည့် အခိုက်အတန့် တွင်... ကောင်းကင်ယံ သို့ ထိုးတက်လာသော အလင်းတန်း မပျောက်ကွယ်မီမှာပင်... ဓားမြှောင်က လီယွမ် ၏ လည်ပင်းနှင့် နီးကပ်နေပြီ ဖြစ်ကာ... ရုတ်တရက် ဝုန်းခနဲ ထိုးစိုက် ချလိုက်တော့သည်။
“ဇွပ်…”
လီယွမ် ၏ ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင်အလင်းများ ဝင်းလက် သွားလေ၏။
ဤသည်ကား ကာကွယ်ရေး ကူကောင် တစ်မျိုး ဖြစ်သော... ရွှေဝတ်ရုံကူ ပင် ဖြစ်ပြီး... အပြင်ဘက်တွင် သွေးနီရောင် အလွှာတစ်ခု ဖုံးအုပ်ထားရာ... ၎င်းမှာ ရစ်ပတ်နတ်ဘုရားကူ ၏ စွမ်းအားပင်။
“ကွဲစမ်း...”
တစ်ခဏမျှသာ တားဆီးနိုင်လိုက်ပြီးနောက်... ထက်မြက်လှသော ဓားမြှောင်က ရွှေဝတ်ရုံကို ထိုးဖောက်သွားကာ... လီယွမ် ၏ လည်ပင်းဆီသို့ နောက်တစ်ဖန်... ဖိကပ် လာပြန်တော့သည်။
ရွှေရောင် အလင်းတန်းများ နောက်တစ်ဖန် ဝင်းလက် သွားပြန်လေ၏။
ယခုတစ်ကြိမ်တွင်မူ လီယွမ် သည် ရွှေဝတ်ရုံကူ ကိုးဆယ့်ကိုးကောင်ကို... တိုက်ရိုက် ဆင့်ခေါ်လိုက်ခြင်း ပင်။။
ချင်းချန် ၏ မျက်နှာသွင်ပြင် လုံးဝ ပြောင်းလဲသွားပြီး... ချီလင် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို... သူ သဘောပေါက် သွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လက်အောက်ခံ ကူကောင်များကို... အစားစား ရေသောက် သကဲ့သို့ လွယ်ကူစွာ အသက်သွင်းနိုင်ပြီး... ချောမွေ့စွာဖြင့် တစ်ချက်မျှပင် တုံ့ဆိုင်းမသွားပါချေ။
အစစ်အမှန် စွမ်းအားဆိုတာ ရစ်ပတ်နတ်ဘုရားကူ ဆီက လာတာ မဟုတ်၊ ချီလင် ကိုယ်တိုင်ဆီက လာသည်ပင်။
“ဖောက်…”
လုပ်ကြံမှု ကျရှုံးသွားသည့် အခိုက်အတန့် တွင်ပင်... လီယွမ် ၏ လက်သီးက နောက်တစ်ကြိမ် ထိုးကျလာပြန်ပြီး... ယခုတစ်ကြိမ်တွင်မူ သွေးစွန်းနေသော ရစ်ပတ်နတ်ဘုရား လက်သီး ပင် ဖြစ်၏။ မည်သည့် လှည့်ကွက်မှ မပါဝင်ဘဲ... ရိုးရှင်းသော လက်သီးချက် က ချင်းချန် ၏ ဗိုက်ကို ထိုးဖောက် ဝင်ရောက်သွားတော့သည်။
“ရပ်လိုက်... ငါတို့ အရှုံးပေးတယ်...”
ထျန်းဝေ့ထျန်း မှ အကြီးအကဲ က ချက်ချင်းပင် အော်ဟစ် လိုက်၏။
လီယွမ် က အသေသတ်ရန် ဆက်မလုပ်တော့ပါချေ။ ဘိုးဘေးကြီး ၏ မူလ ရည်ရွယ်ချက်မှာ ကူလမ်းစဉ် ၏ အာဏာကို တည်ဆောက်ရန်နှင့်... ဂုဏ်သတင်းကို ချဲ့ထွင်ရန်သာ ဖြစ်ပြီး... တာအို လမ်းစဉ် နှစ်ခုကြားမှ ပဋိပက္ခများကို... လုံးဝ ပေါက်ကွဲထွက်သွားစေရန် မဟုတ်ပါချေ။
ထို့အပြင် နှစ်ဖက်စလုံးရှိ အကြီးအကဲများတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိကြရာ... သူက ချင်းချန် ကို အနိုင်မယူနိုင်လျှင်ပင်... အသတ်ခံရမည် မဟုတ်ပေ။
“အရှုံးပေးတာ ကောင်းပါတယ်...”
လီယွမ် က မဲ့ပြုံး ပြုံးလိုက်ပြီး... ဗိုက်ပွင့်နေသော ချင်းချန် ကို သိုင်းစင်မြင့် ပေါ်မှ လွှင့်ပစ်လိုက်ကာ... လက်နှစ်ဖက်ကို ဆန့်ထုတ်၍ မျက်လုံးများကို အနည်းငယ် မှိတ်လျက်... ကောင်းကင်ယံ သို့ မော့ကြည့် နေလိုက်၏။
ကွင်းပြင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားတော့၏။
လပေါင်းများစွာ ပြင်ဆင်လာခဲ့ရသော ဤ တာအို နှစ်ခုကြားမှ တိုက်ပွဲကြီးမှာ... ဤမျှ မြန်ဆန်စွာ အဆုံးသတ်သွားလိမ့်မည်ဟု... မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။
သူရဲကောင်း လေးယောက် ထဲမှ တစ်ဦးဖြစ်သော ချင်းချန် မှာ... အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ပြီး ချီလင် ၏ အစစ်အမှန် စွမ်းအားကိုပင်... ထုတ်ဖော်ပြသရန် ဖိအားမပေးနိုင်ခဲ့ပါချေ။ သူတို့ နှစ်ဦးကြားမှ ကွာဟချက်က... အလွန် ကြီးမား လွန်းလှသည်။
“ဟေး...”
လီယွမ် က ဆက်လက် သရုပ်ဆောင်နေဆဲ ဖြစ်ပြီး... ကျယ်လောင်စွာ အော်ဟစ် လိုက်၏။
“သိုင်းသမားတွေ ဘာဖြစ်သွားကြတာလဲ... မင်းတို့ဆီမှာ ဒီလောက်လေးတောင် စည်းကမ်း မရှိဘူးလား... လက်ခုပ်တီးကြလေ... အားပေးကြလေ...”
“တစ်ယောက်ချင်းစီ... ရှုံးရင် အရှုံးပေးလိုက်... မစွမ်းရင် ပိုလေ့ကျင့်ကြပေါ့...”
ကွင်းပြင်ရှိ လေထုမှာ တဖြည်းဖြည်း ထူးဆန်းလာတော့၏။
သိုင်းတာအို ခေါင်းဆောင်များ အကြားတွင်... တစ်ယောက်က အမှန်တကယ် ဒေါသထွက်လာပြီး... ဖိနှိပ်ထားသော အရှိန်အဝါများက တဖြည်းဖြည်း လွင့်စင်လာတော့သည်။ သို့သော်လည်း စင်မြင့်ပေါ်ရှိ 'ချီလင်' မှာ... ဘာမှ မသိသည့်အလား ဆက်လက်၍ အဆက်မပြတ် ရန်စ နေတော့သည်။
“ကူလမ်းစဉ် က ကောင်လေး... မင်း ပြဿနာရှာနေတာ တော်လောက်ပြီ မဟုတ်လား...”
ထိုအခိုက်အတန့်တွင် ဆံပင်ဖြူ မုတ်ဆိတ်ဖြူ များနှင့် အဘိုးအို တစ်ဦးက... စားပွဲကို လက်သီးဖြင့် ထုကာ မတ်တပ် ရပ်လိုက်၏။
ဤသူကား ပိုင်လျန်ဂိုဏ်း ၏ မဟာ အကြီးအကဲ ဖြစ်ပြီး... နက်ရှိုင်းသော ကျင့်ကြံမှု ရှိကာ အထွတ်အထိပ် သူတော်စင် နယ်ပယ်နှင့်... အဆုံးမရှိ နီးကပ်နေသူ ပင် ဖြစ်တော့သည်။
“ဟေ့... အဘိုးကြီး...”
လီယွမ် က ချက်ချင်းပင် ပြန်လည် တုံ့ပြန်လိုက်၏။
“ဘာလဲ... ခင်ဗျားက အသက်လည်း ကြီးပြီ... အရှက်လည်း မရှိတော့ဘူးလား... အရှုံးကို လက်မခံနိုင်ဘူးလား... ကျွန်တော့်ကို အောင်ပွဲခံ စကားတောင် ပြောခွင့်မပေးတော့ဘူးလား...”
“လာကြပါဦး... အားလုံးပဲ တရားသူကြီး လုပ်ပေးကြပါဦး..”
သူက ဆူရှင်းစံအိမ် ရှိရာ ဘက်သို့ လှမ်းကြည့် လိုက်၏။
“ပညာရှင်တွေက အကျိုးသင့် အကြောင်းသင့် အရှိဆုံးလို့ ကျွန်တော် ကြားဖူးတယ်... ခင်ဗျားတို့ တစ်ခုခု တရားမျှတအောင် ပြောပြကြပါဦး...”
ဆူရှင်းစံအိမ် မှ လူများက ချီလင် သည် သိုင်းတာအို ကို... တမင်သက်သက် ရန်စကာ ပြဿနာ ဖန်တီးနေသည်ဟု ယူဆကြသဖြင့်... သူတို့ အားလုံး ခေါင်းကို တစ်ဖက်သို့ လွှဲသွားကြ၏။
ထို့နောက် လီယွမ် က နေလမင်းဂိုဏ်း ရှိရာ ဘက်သို့... လှမ်းကြည့် လိုက်ပြန်၏။
“ခင်ဗျားတို့ကရော ဘာလို့ မထောက်ခံပေးကြတာလဲ...”
တိတ်ဆိတ်မှုကသာ သူ့ကို ဆီးကြို နေတော့သည်။
လီယွမ် က အကြည့်ကို နောက်တစ်ဖန် လွှဲလိုက်ပြီး... မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု ထံသို့ လှမ်းကြည့်ကာ... သူ၏ အကြည့်များက အန်းမူယောင် ထံတွင် ရပ်တန့် သွားတော့သည်။
“ဒီ သူရဲကောင်းမလေးက အရမ်းလှသလို... သဘောထားလည်း ပြည့်ဝပုံရတယ်... လူအများရှေ့မှာ တစ်ခုခုလောက် ပြောပေးပါလား…”