← Chapters

လာခဲ့စမ်းပါ … ငါ ဖန်ချန်းက မကြောက်တတ်ဘူးကွ

Vol. 6-10 Ch. 117

လာခဲ့စမ်းပါ … ငါ ဖန်ချန်းက မကြောက်တတ်ဘူးကွ

Vol. 6-10 Ch. 117

အခန်း (၁၁၇) : လာခဲ့စမ်းပါ … ငါ ဖန်ချန်းက မကြောက်တတ်ဘူးကွ

ကျန်းယွင်ထင်၏ ဖျောင်းဖျမှုက ဖန်ချန်း၏ ဒေါသကို မဖြေဖျောက်စေနိုင်သည့်အပြင် မျက်နှာအထက်၌ ဒေါသအရိပ်အယောင်တို့ ပိုမိုထင်ရှားလာသည်။

“ ဂိုဏ်းတူညီလေး ငါ့ကို မတားနဲ့။ ဒီကောင်လေးက စည်းမျဉ်းတွေကို အသုံးချပြီးတော့ မင်းရဲ့ သူတော်စင်ရာထူးကို ခိုးယူရုံတင်မကပဲ ဂိုဏ်းတူညီမလေး ယွင်ရှီးကိုပါ သိမ်းပိုက်ဖို့ ကြိုးစားရဲတယ်။

ကျင့်ကြံရေးလောကမှာ လက်တွဲဖော်ရှာဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် သေချာသိထားဖို့ လိုအပ်တယ်လေ။ သူက စည်းမျဉ်းတွေကို အသုံးချပြီးတော့ ဂိုဏ်းတူညီမလေး ယွင်ရှီးကို သူ့ရဲ့ တာအိုကျင့်ကြံဖော် ဖြစ်လာအောင် ဖိအားပေးခဲ့တာလေ….သူ့ကိုယ်သူ ယောက်ျားလို့ရော ခေါ်နိုင်သေးရဲ့လား။

ဒီနေ့ ငါ ဖန်ချန်းက ဒီတဏှာရူးကို သင်ခန်းစာပေးပြီးတော့ ဂိုဏ်းတူညီမလေး ယွင်ရှီးကို အနိုင်ကျင့်ရင် ဖြစ်လာမဲ့အကျိုးဆက်ကို သိအောင် လုပ်ပေးရမယ်”

ဖန်ချန်းက စကားပြောနေရင်း ရွှေနီရောင်ဥက္ကာပျံနှင့်တူသော သူတော်စင်တောင်၏ ကာကွယ်ရေးအစီအရင်ဆီသို့ ဦးတည်သွားလိုက်သည်။

ကာကွယ်ရေးအစီအရင်၏ မှေးမှိန်သော အလင်းတန်းနှင့် မျက်နှာချင်းဆိုင်မိချိန်တွင် မရပ်တန့်ဘဲ ဆက်ပြီး ဝင်တိုးနေသည်။

ပုံမှန်အခြေအနေတိုင်းဆိုလျှင် ဖန်ချန်း အခုလိုမျိုး ကာကွယ်ရေးအစီအရင်ထဲ တိုးဝင်နေတာကို ရှန်ထျန်းအနေနှင့် လက်ပိုက်ပြီး ကြည့်နေနိုင်မည် မဟုတ်ပေ။

သာမာန်အဆင့် ကာကွယ်ရေး အစီအရင်၏ ခုခံနိုင်စွမ်းက အရမ်းအားကောင်းသော်လည်း ဖန်ချန်းက အထွတ်အမြတ်မြေ၏ အကျော်ဇေယျ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။

သူ တကယ် တိုးဝင်လာရင် ဘယ်လိုဖြစ်မလဲ

ရှန်ထျန်းက ထိုကဲ့သို့ တွေးမိရင်း ဓမ္မစွမ်းအားများကို သူတော်စင် အမှတ်အသားပြားထဲသို့ ဖြည်းဖြည်းချင်း ပို့လွှတ်ကာ ကာကွယ်ရေးအစီအရင်၏ စွမ်းအားကို ဒုတိယအဆင့်သို့ လျှို့ဝှက်စွာ ပြောင်းလဲလိုက်သည်။

အစတုန်းက ဖောက်ထွင်းမြင်နေရသော ကာကွယ်ရေးအစီအရင်က ချက်ချင်း တောက်ပလာကာ သူတော်စင်တောင် တစ်ခုလုံးကို ဖုံးအုပ်ထားလိုက်ပြီး ဖန်ချန်း၏ တိုက်ခိုက်မှုကို တားဆီးထားလိုက်သည်။

ဝုန်း…

ဖန်ချန်းက ကာကွယ်ရေးအစီအရင်ကို အရှိန်ပြင်းစွာ ဝင်တိုက်မိတာကြောင့် ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသည်။

ဖန်ချန်း၏ တိုက်ခိုက်မှုများကြောင့် ကာကွယ်ရေး အစီအရင်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ထသွားစေသည်။

ဖန်ချန်းက သူ့နတ်မိုးကြိုး အဟုတ်လက်သီးချက်ကို အစွမ်းကုန် ထုတ်သုံးနေသော်လည်း ကာကွယ်ရေးအစီအရင်ကို လုံးဝ မဖျက်ဆီးနိုင်ပေ။

တိုက်ခိုက်မှုကြောင့် ယောင်သွားသည့် ညာဘက်လက်သီးကို ပွတ်ရင်း ဖန်ချန်းက ရှန်ထျန်းကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်

“ မင်းက ရှန်ထျန်းမလား။ မင်းက ချောမောပြီး အထင်ကြီးစရာကောင်းတဲ့သူဆိုပေမဲ့ လူကောင်း တစ်ယောက်တော့ မဟုတ်ဘူး”

ကျန်းယွင်ထင်၏ နဖူးမှ ချွေးစေးများစီးကျလာကာ ဖန်ချန်း၏ နောက်မှာ ရပ်နေရင်း ပြောသည်

“ ဂိုဏ်းတူအစ်ကိုကြီး”

ဖန်ချန်းက နောက်ပြန်လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ မင်းအကြောင်းကို ပြောနေတာ မဟုတ်ဘူးလေ ဂိုဏ်းတူညီလေး…ဘေးမှာ ရပ်ပြီးတော့သော စောင့်ကြည့်နေပါ”

ကျန်းယွင်ထင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်

“ ဂိုဏ်းတူအစ်ကိုကြီး…သူတော်စင်ရှန်ထျန်းက ဂိုဏ်းချုပ်ရဲ့ အမှတ်အသားပြားကို ရှာပေးခဲ့ပြီးတော့ ကျွန်တော်တို့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ မိုးကြိုးတော်ဝင်ကျမ်းကို ပြီးပြည့်စုံအောင် လုပ်ပေးခဲ့တာလေ။

စည်းမျဉ်းတွေအရလည်း သူ့မှာ သူတော်စင်ဖြစ်ဖို့ အရည်အချင်းတွေ တကယ်ရှိတယ်။ သူသာ ဆန္ဒရှိရင် ကျွန်တော်တို့ဂိုဏ်းရဲ့ သူတော်စင်မကိုလည်း လက်ထပ်နိုင်တယ်”

ဖန်ချန်းက ပြန်လည် ထေ့ငေါ့ပြောဆိုလိုက်သည်

“ စည်းမျဉ်းတွေအကြောင်း လာမပြောနဲ့။ ငါတို့ ဘိုးဘေးဘီဘင်တွေ ပျောက်ဆုံးခဲ့တဲ့အရာပဲလေ….ငါတို့က ဘာလို့ တာဝန်ယူပေးရမှာလဲ။ မိုးကြိုးတော်ဝင်ကျမ်းရဲ့ နောက်ဆုံးအခန်းဆက် ပျောက်ဆုံးနေတာတောင် ငါတို့က ကိုယ်သွားချင်တဲ့ လမ်းကို သွားလို့မရဘူးတဲ့လား။ ရယ်စရာကောင်းလိုက်တာကွာ …

မလွှမ်းမိုးနိုင်တဲ့ ပညာရပ်ဆိုတာ မရှိဘူး။ မလွှမ်းမိုးနိုင်တဲ့လူပဲ ရှိတယ်။ ငါတို့မှာ ပျောက်ဆုံးနေတဲ့အခန်းဆက် မရှိလည်း ဘာဖြစ်လဲ။

ပျောက်ဆုံးနေတဲ့ အခန်းဆက်ကို ရှာနိုင်တဲ့သူက သူတော်စင်မနဲ့ လက်ထပ်ခွင့်ရမယ်တဲ့လား။ ဂိုဏ်းတူညီမလေးကရော အဲဒီလိုလုပ်ဖို့ ဆန္ဒရှိ၊ မရှိ မေးပြီးပြီလား။

ဂိုဏ်းတူညီမလေး ယွင်ရှီးကလည်း ခံစားချက်ရှိတဲ့ လူတစ်ယောက်ပါ … ပစ္စည်းတစ်ခုမဟုတ်ဘူး။

သူမရဲ့ ပျော်ရွှင်မှုကို ကျင့်စဉ်နည်းအနည်းငယ်နဲ့ လဲလှယ်ရတယ်ဆိုတာ မဖြစ်သင့်ဘူးလေ”

သူ စကားပြောနေရင်း ပိုပြီးတော့ စိတ်တိုလာရသည်။ ဖန်ချန်းက သူတော်စင်တောင်၏ အစီအရင်ကို စိုက်ကြည့်ကာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ရှန်ထျန်း မင်းမှာ သူတော်စင်မကို လက်ထပ်ရဲတဲ့ သတ္တိရှိရင် အဲဒီသတ္တိနဲ့ အပြင်ကို ထွက်လာခဲ့လိုက်”

ရှန်ထျန်းလည်း ရွေးချယ်စရာမရှိတော့ဘဲ အစီအရင်ကို ပိုပြီးတော့ ဖောက်ထွင်းမြင်နိုင်အောင် လုပ်ပေးလိုက်ရင်း ပြောသည်

“ ဂိုဏ်းတူအစ်ကိုကြီးက ကျွန်တော်ကို ဘာလို့ လာရှာတာလဲဆိုတာ အရင်သိလို့ရမလားဟင်”

ဖန်ချန်းက သူ့ရှေ့က ချောမောသော အမျိုးသားကို ကြည့်ပြီး ဒေါသသံဖြင့် ပြောလိုက်သည်

“ အရင်ဆုံး ထွက်လာခဲ့”

ထွက်လာရမယ်ဟုတ်လား…..လာနောက်နေတာပဲ။ ကျွန်တော်က စဉ်းစားဉာဏ် မရှိတဲ့ပုံများ ပေါ်နေလို့လား

ကျွန်တော်ကို ထွက်လာစေချင်တယ် ဟုတ်လား။ ခင်ဗျား အဲဒီလောက် သန်မာနေရင်လည်း ကိုယ်တိုင် ရအောင် ဝင်လာခဲ့ပါလား

ထိုဒဏ္ဍာရီလာ ဂိုဏ်းတူအစ်ကိုကြီး ဘယ်လောက်ပဲ သန်မာနေပါစေ ယခုတော့ ရှန်ထျန်းအား ဘာမှလုပ်လို့ မရနိုင်ပေ။ ထို့ကြောင့် ရှန်ထျန်းလည်း ပိုပြီးတော့ သတ္တိရှိလာကာ ပြောဆိုပုံကလည်း ပိုပြီးတော့ အေးစက်လာသည်။

ရှန်ထျန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ အစ်ကိုက ကျွန်တော်တို့ဂိုဏ်းရဲ့ အစ်ကိုကြီး ဖန်ချန်း မဟုတ်လား။ အစ်ကို နာမည်ဂုဏ်သတင်း ကျော်ကြားနေတာကို ကြားဖူးနေတာ အတော်လေး ကြာပါပြီ”

ဖန်ချန်းက အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်

“ မင်းက ငါ့ကို မြှောက်ပင့်နေတာပဲ။ ငါက တပည့်ရင်းတစ်ယောက်ပဲလေ။ မင်းကို ဘယ်လိုလုပ်ပြီးတော့ ငါ့ကို အစ်ကိုကြီးလို့ ခေါ်ခိုင်းရဲပါ့မလဲ”

ရှန်ထျန်းက အတွေးထဲနစ်မြောနေရာမှ ပြောလိုက်သည်

“ အော်…ဒါဆို…ဂိုဏ်းတူညီလေးဖန် … ကျွန်တော်တို့ကြားမှာ နားလည်မှု လွဲသွားတယ် ထင်တယ်နော်”

ဖန်ချန်းက ပြောလိုက်သည်

“ ရှန်ထျန်း မင်း လွန်သွားပြီနော်။ ထွက်လာခဲ့…ငါ မတိုက်ခိုက်ဘူးလို့ ကတိပေးတယ်”

ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်

“ ဂိုဏ်းတူညီလေးဖန် ကျွန်တော်က ကျင့်ကြံနေတုန်းမလို့ ကာကွယ်ရေး အစီအရင်ကို ဖွင့်ပေးလို့ မရဘူး။”

မင်းက လာနောက်နေတာပဲ။ မင်း မတိုက်ခိုက်ဘူးလို့ ပြောတာကို ယုံမယ်များထင်နေလား။ ယောက်ျားတစ်ယောက်က ‘လက်နဲ့ပဲ ပွတ်ရုံပဲပွတ်မယ်။ မထည့်ဘူး’လို့ ပြောတာနဲ့ ဘာများ ခြားနားလို့လဲ

ရှန်ထျန်းက ကာကွယ်အရေး အစီအရင်ထဲမှ ထွက်မလာချင်တာကို ဖန်ချန်း သတိထားမိသွားပြီး ပိုပြီးတော့ ဒေါသထွက်လာရသည်။

သူ့နောက်တွင်ရှိသော ကြက်သွေးရောင်ဇာမဏီနှင့် ချီလင်သဏ္ဌာန်တို့သည်လည်း အလွန်အမင်း တောက်ပနေသည်။ တစ်ချိန်တည်းမှာပဲ သူ့ရွှေရောင်ချပ်ဝတ်နှင့် မီးတောက်နီ လှံတို့ကိုလည်း ဆန်းကြယ်စွမ်းအားများ ဖုံးလွှမ်းသွားကာ စွမ်းအားကြီးလာပုံပေါ်သည်။

ဖန်ချန်း၏ မျက်နှာထားက ‘မင်း ထွက်မလာရင် ငါ ဒီအစီအရင်ကို ဖျက်ဆီးပြီး မင်းကို ဆွဲထုတ်မယ်’ ဆိုသော မျက်နှာထားမျိုး ဖြစ်သွားသည်။

ဖန်ချန်းက လှံကို မြှောက်လိုက်သည်နှင့် လှံထိပ်တွင် ရွှေနီမိုးကြိုးများ စုလာကာ နဂါးနီသဏ္ဌာန်ကိုလည်း ရှင်းလင်းစွာ မြင်လာရသည်။

ကျန်းယွင်ထင်က ဖန်ချန်းကို ဖျောင်းဖျဖို့ ကြိုးစားနေဆဲ ဖြစ်သည်

“ ဂိုဏ်းတူအစ်ကိုကြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ကျွန်တော်တို့က ဂိုဏ်းအတူတူဆိုတော့ ဟန်ချက်ညီမှုက အရေးအကြီးဆုံးပဲလေ”

ဖန်ချန်း၏ အရှိန်အဝါက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို ရှန်ထျန်း ခံစားမိလိုက်သည်နှင့် သူတော်စင် အမှတ်အသားပြားကို တိတ်တဆိတ် ထုတ်လိုက်သည်။

ထို့နောက် အမှတ်အသားပြားထဲသို့ ဓမ္မစွမ်းအင်တွေ ထည့်ကာ ကာကွယ်ရေးအစီအရင်ကို အားအကောင်းဆုံးဖြစ်သော တတိယအဆင့်သို့ တိုးမြှင့်လိုက်သည်။

သူတော်စင်တောင်မှ နတ်မိုးကြိုးအလင်းတန်းများ ချက်ချင်းထွက်လာသလို နတ်မိုးကြိုးများ၏ အရောင်အသွေးများမှာလည်း စုံလင်လှသည်။ နဂါးပြာ၊ ကျားဖြူ၊ ကြက်သွေးရောင် ဇာမဏီ၊ လိပ်နက်၊ မြွေပျံနှင့် အံ့ဖွယ်ချီလင် စသော နတ်မိုးကြိုးတို့က လေထုထဲ စုစည်းသွားလေ၏။

သဏ္ဌာန်တစ်ခုချင်းစီကို မိုးကြိုး၏ အသန့်စင်ဆုံးစွမ်းအားဖြင့် ဖန်တီးထားပြီး ကြီမားသော အရှိန်အဝါကို လွှင့်ထုတ်နေသည်။

ဖန်ချန်းက သူတော်စင်တောင်ပေါ်တွင် ဝန်းရံထားသော နတ်သားရဲ ၁၀ကောင်ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်

“ ငါ့ဆီကို တစ်ခါတည်း လာလိုက်ကြစမ်းပါ။ ဖန်ချန်းဆိုတဲ့ ငါက မကြောက်တတ်ဘူးကွ”

သူ ပြောပြီးနောက် မီးတောက်နီ နဂါးလှံကို လက်ထဲမှာ ဆွဲကိုင်ကာ နတ်သားရဲဆယ်ကောင်ရှိသည့် နေရာသို့ ရုတ်တရက် အပြေးသွားလိုက်သည်။

ဘာ နဂါးပြာနဲ့ ကျားဖြူတုန်း … ဒီနေ့ ငါ ဖန်ချန်းက နဂါးကို နှိမ်နင်းပြီးတော့ ကျားကိုလည်း ယဉ်ပါးအောင် လုပ်ပြမယ် …

သူ၏ မီးတောက်နီ နဂါးလှံကို အားပြင်းစွာ ယမ်းလိုက်ပြီး တိုက်ခိုက်သည့်ပုံစံက နဂါးအစစ် တစ်ကောင်လိုမျိုး အရှိန်အဝါ ပြင်းထန်လှသည်။

မိုးကြိုးဖြင့် ဖွဲ့စည်းထားသည့် နတ်သားရဲတွေက ဖန်ချန်း၏ လှံအောက်မှာ လျင်မြန်စွာဖြင့် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားလေသည်။

၁၅ မိနစ်ကြာပြီးနောက် ...

ဖန်ချန်းက လေထဲမှာ ဂုဏ်ယူစွာ ရပ်နေရင်း ရှန်ထျန်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်

“ အရှက်မရှိတဲ့ကောင် မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်။ ငါ မင်းဆီကနေ သနားညှာတာမှုကို တောင်းခံရင် ငါက ယောက်ျားတစ်ယောက် မဟုတ်လို့ပဲ”

လေထုထဲ သတ္တု၊ ရွှေ၊ လီမီးတို့ အစရှိသော နတ်မိုးကြိုးများမှ သံကြိုးများ ဖြစ်တည်လာကာ ဖန်ချန်းအား တင်းတင်းကျပ်ကျပ် ရစ်ပစ်ထားလိုက်၏။

ဖန်ချန်းမှာ ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည် ရှိတာကြောင့် နတ်သားရဲတွေကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် လုပ်နိုင်သော်လည်း နတ်သားရဲတွေက အကန့်အသတ်မရှိ ပြန်လည်ရှင်သန်နိုင်သောကြောင့် သူ့အနေနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိပေ။

သူက တတိယမြောက်ကောင်ကို သတ်နေတုန်း ပထမနဲ့ ဒုတိယကောင်တွေက ပြန်ပြီးရှင်သန်လာတော့ ဘယ်လိုလုပ်ပြီးတော့ အနိုင်ရပါ့မလဲ

ထို့ကြောင့် ၁၅မိနစ်ကြာတာနဲ့ ဖန်ချန်းက နတ်မိုးကြိုးဆယ်မျိုး ပေါင်းစပ်ဖန်ဆင်းထားသော သံကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်ခံထားရလေပြီ။

နတ်မိုးကြိုးက ဖန်ချန်း၏ ခန္ဓာကိုယ်ဆီ စီးဆင်းနေသည့်အတွက် လျှပ်စီးဓာတ်ကြောင့် သူ့ဆံပင်တွေပါ ထောင်လာသည်။

သို့သော် ဖန်ချန်းက တိတ်ဆိတ်စွာ နေနေဆဲ ဖြစ်၏။

သူက တကယ့်ကို ယောက်ျားသားပဲ

ကျန်းယွင်ထင်က ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်

“ ယောက်ဖ … အဲ … သူတော်စင် သနားညှာတာပေးပါ။ ဂိုဏ်းတူအစ်ကိုကြီး ဖန်ချန်းက အရမ်းစိတ်လက်မာန်ပါ လုပ်မိသွားတယ်ဆိုပေမဲ့ ငါတို့က ဂိုဏ်းတစ်ခုတည်းကဆိုတော့ အရေးကြီးဆုံးဖြစ်တဲ့ စိတ်သဘောထား ညီညွတ်မှုကို စဉ်းစားသင့်တယ်လေ”

သူတော်စင်တောင်၏ အကာကွယ်အတွင်းမှာ ရပ်နေသော ရှန်ထျန်းက ဖန်ချန်းကို အလွယ်တကူလေး အနိုင်ယူလိုက်သည့်အတွက် ကျန်းယွင်ထင်က သူ့ကို အထင်ကြီးနေမိသည်။

ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေပဲ ရရှိနိုင်တဲ့ အမွေအနှစ် ရှိတယ်ထင်တယ်….သူတို့က ဘယ်တော့မှ ဦးနှောက်ကို မသုံးကြဘူး

ကျင့်ကြံရေးလောကတွင် စွမ်းအားကို အလေးပေးကြသော်လည်း ဦးနှောက်ကလည်း အရေးပါသေးသည်။

ဂိုဏ်းတူအစ်ကိုကြီးဖန်က အခုမှ ရွှေအမြုတေအဆင့်ကို ရောက်တုန်းပဲ ရှိသေးတယ်။ သူသာ ကိုးဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းကျင့်ကြံသူ ဖြစ်လာခဲ့ရင် ရွှေအမြုတေ ကျင့်ကြံသူတွေကြားထဲမှာ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာနိုင်မယ်မဟုတ်လား

ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတွေကိုတောင် တားဆီးနိုင်တဲ့ ကာကွယ်ရေးအစီအရင်ကို လှံတစ်ချောင်းထဲနဲ့ ထိုးဖောက်သွားရဲတယ်တဲ့လား။ ခင်ဗျားဘာသာ ခင်ဗျား ဘယ်သူလို့များ ထင်နေလဲ

ခင်ဗျားရဲ့ ဦးနှောက်နဲ့ ကျွန်တော်ရဲ့ ညီမကို ကြိုက်ချင်နေသေးတာလား

နှိုင်းယှဉ်ကြည့်လိုက်လျှင် ကျန်းယွင်ထင်က ဖန်ချန်းထက် ရှန်ထျန်းကို ပိုပြီးတော့ ခပ်မြင့်မြင့် တွေးထားမိသည်။

ရှန်ထျန်းက အားကောင်းသည့် ရန်သူများကို သူ၏ စွမ်းအားပြင်း လက်နက်များဖြင့် ဘယ်လိုအသုံးချပြီး တိုက်ခိုက်ရမလဲဆိုတာကို သိသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် သူတော်စင်အသစ်က အလောတကြီး လုပ်တတ်သည့်သူ မဟုတ်ကြောင်း သိနိုင်သည်။ ထို့အပြင် သူက ခန့်ညားပြီး ကျိုးကြောင်းဆင်ခြင်တတ်သူ တစ်ယောက်လည်း ဖြစ်သည်။

ရှီးအာသာ ဒီလိုလူမျိုးကို လက်ထပ်လိုက်မယ်ဆိုရင် အနည်းဆုံးတော့ အနာဂတ်မှာ ပိုပြီးတော့ လုံခြုံလာမှာပဲ။ သူမ မုဆိုးမဖြစ်သွားမှာကို တွေးပြီး ပူစရာ မလိုတော့ဘူး

ကျင့်ကြံရေးလောကသည် အန္တရာယ်များသော နေရာတစ်ခု ဖြစ်၏။ အခွင့်အရေး ရနိုင်မည့်နေရာများကလည်း အန္တရာယ်များနှင့် ပြည့်နှက်နေသည်။

ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ ယှဉ်လိုက်ရင် သူတော်စင်ဖြစ်တဲ့ ရှန်ထျန်းက ပိုပြီးလုံခြုံမှုပေးနိုင်မယ်လို့ ခံစားရတယ်

ငါသာ ရှီးအာဆိုရင်လည်း…

ရှန်ထျန်းကို ပိုပြီးတော့ လက်ထပ်ချင်မိမှာပဲ

All Chapters