ကောင်းကင်ဘုံက လုံ့လဝီရိယရှိသူတွေကို အမြဲတမ်းကောင်းချီးပေးတယ်
Vol. 35 Ch. 488
အခန်း (၄၈၈) ကောင်းကင်ဘုံက လုံ့လဝီရိယရှိသူတွေကို အမြဲတမ်းကောင်းချီးပေးတယ်
ယင်လျိုဟွား အနည်းငယ် စိတ်သက်သာရာရသွားချိန် ဖူအန်းစုက သက်ပြင်းချရင်း...
“ဆရာနဲ့ ဂိုဏ်းက မင်းကိုအချိန်ပေးနိုင်တယ်ဆိုရင်တောင်မှ တခြားဂိုဏ်းက ထူးကဲယင်မိန်းမပျိုတွေက မင်းကို အချိန်ပေးမှာ မဟုတ်ဘူး ၊ မင်းအနေနဲ့ အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တယ်ဆိုရင်တော့ ဒီဝန်ထုပ်ဝန်ပိုးက မင်းအတွက် တကယ့်ကို လေးလံနေလိမ့်မယ်”
သူမက ဆက်ပြောသည်။
“ပြောရရင်... ပင်မတိုက်ရိုက်တပည့်တွေအနေနဲ့ ကိုယ့်ကိုသင်ပြပေးမယ့်ဆရာကို ရွေးချယ်နိုင်ကြပါတယ် ၊ မင်းက ထူးကဲယင်မိန်းမပျိုဖြစ်နေလို့ မင်းကို ငါ့တပည့်အဖြစ် ခေါ်ယူခဲ့တာပဲ.. လျိုဟွား ၊ ဒါပေမဲ့ ဆရာ့ရဲ့ ပင်ကိုယ်စရိုက်က စိတ်မြန်လက်မြန်ရှိတယ် ၊ ဒီတော့ မင်းနဲ့ မသင့်တော်နိုင်ဘူး ၊ တခြားဆရာတစ်ယောက်ရဲ့ သင်ပြပေးမှုအောက်မှာဆိုရင် မင်းအတွက်ပိုပြီး အကျိုးရှိနိုင်တယ်”
“ဆရာတစ်ယောက်အနေနဲ့ မင်း ထူးကဲယင်သရဖူကို ယှဉ်ပြိုင်ရယူနိုင်ဖို့ ငါ့အပေါ် တာဝန်အပြည့်ရှိတယ် ၊ ဒါကြောင့် ငါက အဲဒီကိစ္စကိုပဲ ဦးစားပေးခဲ့တယ် ၊ မင်းအရည်အချင်းတွေ အလကားမဖြစ်ဖို့ မျှော်လင့်ခဲ့တယ် ၊ ဒါပေမဲ့ မင်း စိတ်ထဲ ဘယ်လိုခံစားရလဲဆိုတာတွေကိုတော့ ထည့်မတွက်ခဲ့မိဘူး”
ဖူအန်းစုလေသံက စိတ်ခံစားမှုအပြည့်ဖြင့် အလွန်တရာ နူးညံ့သိမ်မွေ့နေသည်။ သို့သော် ယင်လျိုဟွားကတော့ အတော်လေး ရင်ခုန်သံမြန်သွား၏။
“ဆရာ... တပည့်ကျင့်ကြံတာနှေးကွေးလို့ ဆရာ့ကို စိတ်ပျက်စေခဲ့ပြီ ၊ ဒီတစ်ခါ တပည့် သေချာပေါက် ကြုးစားကျင့်ကြံပါ့မယ်”
ဖူအန်းစုနှင့် ယင်လျိုဟွားတို့၏ ကျင့်ကြံခြင်းအဆင့်က များစွာကွာခြားလေရာ ဖူအန်းစုအနေဖြင့် ယင်လျိုဟွား၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအခြေအနေကို ကောင်းစွာနားလည်သည်။ ဤတပည့် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကျင့်ကြံနေသည်လား ၊ မကျင့်ကြံဘူးလားဆိုသည်ကို သူမ ကောင်းစွာသိရှိသည်။
တောင်ပေါ်သို့ရောက်စက ဤမိန်းကလေးသည် ပျင်းရိသော်လည်း ဖြည်းဖြည်းမှန်မှန် ကျင့်ကြံသေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမက ပိုပြီးအားလျော့လာ၏။
ဖူအန်းစုက အရင်ကထက် ပိုမိုတည်ငြိမ်နေပြီဖြစ်သည်။
သူမက...
“မင်း တကယ်ကြိုးစားရင်တော့ ကောင်းပါတယ် ၊ အရမ်းအပျင်းထူနေမယ်ဆိုရင်တော့ ထူးကဲယင်မိန်းမပျိုတစ်ယောက်အနေနဲ့သာမဟုတ်ဘူး သိုင်းတာအိုမှာလည်း အမြင့်ကိုရောက်ဖို့ ခက်ခဲလိမ့်မယ် ၊ ပျင်းရိခြင်းက ကျင့်ကြံသူတိုင်းအတွက် ကြီးမားတဲ့ အတားအဆီးတစ်ခုပါပဲ”
ဖူအန်းစုက ယင်လျိုဟွားကိုကြည့်ကာ သက်ပြင်းချရင်း...
“လျိုဟွား... မင်းက ပါရမီ မနည်းပါဘူး ၊ မင်းလိုလူမျိုးကို ပါရမီရှင်လို့ မပြောဘူးဆိုရင် မိုးအောက်မြေပြင်က တခြားကျင့်ကြံသူတွေ အရူးတွေဖြစ်ကုန်လိမ့်မယ် ၊ ဒါပေမဲ့... ဟန်လုန်အာလို အရမ်းတော်တဲ့ပါရမီရှင်တစ်ယောက်ကတောင် ကျင့်ကြံခြင်းမှာ မပျင်းရိခဲ့ဘူး”
သူမက ယင်လျိုဟွားကိုကြည့်ရင်း...
“မင်း ငါ့ရဲ့ သင်ပြပေးမှုအောက်မှာ အချိန်အတော်ကြာ နေခဲ့ပြီးပြီ ၊ ငါ့စိတ်ရင်းဘယ်လိုရှိလဲဆိုတာ မင်းသိပါတယ် ၊ စောစောက ငါပြောတဲ့စကားတွေအားလုံးက စိတ်ရင်းနဲ့ပြောတာပါ ၊ ငါ မင်းကို နည်းမှန်လမ်းမှန် သင်ပြမပေးနိုင်ဘူးလို့ ခံစားရတယ် ၊ မင်းက အပျင်းကြီးပြီး နှေးကွေးတယ် ၊ ဒီတော့ ထူးကဲယင်ပြိုင်ပွဲ လက်ရှိအခြေအနေနဲ့ အဆင်မပြေဘူး ၊ အဲဒီကိစ္စက တကယ့်ပြဿနာပဲ”
ရင်လျိုဟွားစိတ်ထဲ တုန်လှုပ်သွားသော်လည်း သူမက တည်ငြိမ်အောင်ကြိုးစားရင်း...
“ဆရာ အဲဒီလို မလုပ်ပါနဲ့ ၊ တပည့် ပျင်းတယ်ဆိုတာ မှန်ပါတယ် ၊ ဒါပေမဲ့ အဲဒီအားနည်းချက်ကို ပြင်ဆင်ပြီး သေသေချာချာ ကြိုးစားကျင့်ကြံပါ့မယ်”
သူမက အပြစ်ကင်းစင်သော လေသံဖြင့်...
“ကျွန်မ တောင်ပေါ်ရောက်ကတည်းက ဆရာက ကျွန်မအပေါ် အရမ်းကောင်းတာကို အလေးအနက် မှတ်မိသတိရနေပါတယ် ၊ ဆရာ့တပည့်အဖြစ် ကျင့်ကြံရတာက ကျွန်မအတွက် အပျော်ရွှင်ရဆုံးနဲ့ ကံအကောင်းဆုံးပါပဲ”
သူမက ဆက်ပြောသည်။
“ဒီတပည့်လည်း ကျင့်ကြံတဲ့အခါမှ လုံ့လဝီရိယရှိဖို့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါတယ် ၊ ဒါပေမဲ့ လူကပင်ပန်းလာရင် စိတ်ကမတည်ငြိမ်တော့ ဆက်မကျင့်ကြံချင်တော့ဘူး ၊ ဆရာ တပည့်ကို အခွင့်အရေး နည်းနည်းလောက်ပေးပါ ၊ တပည့် သေချာပေါက် ကျင့်ကြံမှာပါ”
ဖူအန်းစုက မျက်ခုံးများတွန့်ချိုးရင်း...
“လျိုဟွား... မင်း အတွေးမလွဲနဲ့ ၊ အရင်က ဆရာ မင်းကို အပြင်းအထန်တွန်းအားပေးခဲ့ပေမယ့် အခုပြောတဲ့စကားတွေက စိတ်ရင်းနဲ့ပြောတာ ၊ မင်းရင်ထဲကဆန္ဒအတိုင်း ထုတ်ဖော်ပြောလိုက်တာက ဘာမှမဖြစ်ပါဘူး”
“ငါ ဖူအန်းစုရဲ့ တပည့်တွေအားလုံးက တော်ကြတယ် ၊ ငါကိုယ်တိုင်ကလည်း စိတ်မရှည်တတ်သလို တော်တဲ့အထဲမှာပါတယ် ၊ ဒါတွေက အမှန်တရားဆိုပေမယ့် သံမဏိကောင်းတွေကို အလျှင်စလိုထုရိုက်မိရင် ပျက်ဆီးသွားတတ်တယ် ၊ မင်းက စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်း ဆွဲခေါ်မှရမယ့် တပည့်တစ်ယောက်ပဲ ၊ မင်းရဲ့အရည်အချင်းတွေထွက်ပေါ်လာဖို့ အချိန်အလုံအလောက် လိုအပ်တယ်”
ယင်လျိုဟွားက ဖူအန်းစုရှေ့တွင် ဒူးထောက်ချလိုက်ရင်း...
“ဒီတပည့်က ဆရာ့ရဲ့စေတနာကို နားမလည်ခဲ့ပါဘူး ၊ အခု တပည့် စိတ်ရင်းမှန်နဲ့ နောင်တရပါပြီ ၊ နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ မျှော်လင့်ပါတယ် ဆရာ”
ဖူအန်းစုက သက်ပြင်းချရင်း...
“ထူးကဲယင်မိန်းမပျိုတွေဆိုတာက နေ့ရောညပါ အပြင်းအထန် ကျင့်ကြံတာတောင် မလုံလောက်နိုင်ကြဘူး ၊ ဒါကြောင့် ငါတို့အတွက် အချိန်သိပ်မရှိတော့ဘူး ၊ မန်ဝမ် ၊ ဖန်ချိုးနဲ့ တခြားသူတွေအကုန်လုံးက လွန်ခဲ့တဲ့နှစ်တွေမှာ ဆက်တိုက်ဆိုသလို ကျင့်ကြံခြင်းအဆင့်တွေ မြင့်တက်လာကြတယ် ၊ ထူးကဲယင်သရဖူက ထုတ်လွှတ်နိုင်တဲ့ စွမ်းအားတွေကလည်း တဖြည်းဖြည်း တိုးလာနေတယ်”
“ထူးကဲယင်မိန်းမပျိုတွေအားလုံးက လက်ရှိမှာ သိုင်းပညာရှင်အဆင့်ပဲ ရှိကြသေးတယ် ၊ သူတို့ထဲတစ်ယောက်ယောက်သာ သိုင်းဆရာသခင်ဖြစ်သွားခဲ့ရင် ထူးကဲယင်သရဖူကို ကိုင်ဆောင်နိုင်တဲ့စွမ်းအားလည်း အရမ်းကွာခြားသွားလိမ့်မယ်”
ယင်လျိုဟွားက တိုးလျသည့်လေသံဖြင့်...
“ဆရာ... အခု ဂိုဏ်းချုပ်က တခြားအကြီးအကဲတွေကိုကျော်တက်ပြီး သိုင်းသူတော်စင်တစ်ယောက်ဖြစ်သွားခဲ့ပြီ မဟုတ်လား ၊ ပြီးတော့ ဆရာဘိုးဘိုးကလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ထိပ်တန်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ပဲလေ ၊ အခု ကျွန်မတို့ဝါဒတောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ နံပါတ် (၁) ပဲ မဟုတ်လား”
သူမက ဆက်ပြောသည်။
“ဒါကြောင့် ထူးကဲယင်သရဖူပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လိုသေးလို့လား ၊ ကျွန်မတို့ နေသူတော်စင်ဂိုဏ်းကို တိုက်ခိုက်ပြီး ထူးကဲယင်သရဖူကို လုယူလို့ ရတာပဲလေ”
ဖူအန်းစုက...
“အမှန်ပဲ ၊ ဒါပေမဲ့ အနာဂတ်အတွက် ရေရှည်စီစဉ်တဲ့အခါ ငါတို့က ကိုယ်ကျိုးတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူး”
သူမက ဆက်ပြောသည်။
“ပြီးတော့ ထူးကဲယင်သရဖူကို အတင်းလုယူလိုက်မယ်ဆိုရင် တခြား ထိပ်သီးသိုင်းဂိုဏ်းကြီးတွေက အမျက်ထွက်မှာပဲ ၊ ဂိုဏ်းတူမောင်လေး’ရန်တိ’ က သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာပြီး ပြိုင်ဘက်ကင်းတစ်ယောက်ဆိုပေမယ့် နေသူတော်စင်ဂိုဏ်းမှာလည်း ဟွမ်ကွမ်လီတစ်ယောက်တည်းရှိတာ မဟုတ်ဘူးလေ”
“ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ ဆိုတာရှိတယ် ၊ မင်းကို သူ့အကြောင်းတစ်ခါမှပြောမပြဖူးသလို ဆရာလည်း အဲဒီနာမည်နဲ့မရင်းနှီးဘူး ၊ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က အခု ဘယ်နေရာရောက်နေလဲ ဘယ်သူမှ မသိကြဘူး”
“ဒီနှစ်တွေမှာ နေသူတော်စင်ဂိုဏ်း ဆုံးရှုံးမှုတွေအများကြီး ကြုံတွေ့ခဲ့ရပေမယ့် အဲဒီပုဂ္ဂိုလ် ထွက်ပေါ်မလာခဲ့ဘူး ၊ ဒါပေမဲ့ သူ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ရှိသေးလား မရှိတော့ဘူးလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”
ဖူအန်းစု၏ ပင်ကိုယ်စရိုက်က စိတ်မြန်လက်မြန်ရှိသော်လည်း သူမက အဆင်အခြင်မဲ့သူတစ်ယောက် မဟုတ်ပေ။
“အဲဒီတုန်းက ‘ခရမ်းရောင်နေသူတော်စင် ကျန်းချောင်’ က သိုင်းသူတော်စင် တတိယအဆင့် ရောက်နေပြီ ၊ အခု နှစ်တွေအရမ်းကြာနေပြီဆိုတော့ သူက ဘယ်လောက် တန်ခိုးစွမ်းအားမြင့်မားနေပြီလဲ မခန့်မှန်းနိုင်ဘူး ၊ တကယ်လို့ သူသာ ဒီကမ္ဘာမှာ သက်ရှိထင်ရှား ရှိနေသေးရင် ငါတို့ နေသူတော်စင်ဂိုဏ်းကို သွားတိုက်တဲ့အခါ အဲဒီပုဂ္ဂိုလ်ထွက်လာခဲ့ရင် ငါတို့တွေ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
ဖူအန်းစုက ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားကို တစ်ချက်ဝေ့ကြည့်ရင်း...
“အဲဒီကိစ္စတွေထားလိုက်တော့... အခုလက်ရှိမှာ ထူးကဲယင်မိန်းမပျိုတစ်ယောက်သာ သိုင်းဆရာသခင်အဆင့်ကို တက်ရောက်သွားရင် ထူးကဲယင်သရဖူကို ရယူနိုင်တဲ့ အခြေအနေတွေအားလုံး အဆုံးအဖြတ်ပေးမယ့်အချိန် ဖြစ်သွားလိမ့်မယ်”
ယင်လျိုဟွား ခေါင်းညိတ်လိုက်သည်။ သူမက သိုင်းဆရာသခင်အဆင့်ရောက်ရန် များစွာအလှမ်းဝေးသေးသည်ပင်။
သူမကိုကြည့်ရင်း ဖူအန်းစုက သိမ်မွေ့စွာဆိုသည်။
“လျိုဟွား... မင်းက အစပိုင်းကတည်းက နောက်ကျခဲ့တယ် ၊ ဒါပေမဲ့ အဲဒါကြောင့်နဲ့တော့ ထူးကဲယင်သရဖူပြိုင်ပွဲမှာ မပါဝင်နိုင်ဘူးဆိုတာ မဖြစ်သင့်ဘူး ၊ မင်းရဲ့ ဂိုဏ်းတူအစ်မ’ယွင်ရှန်း’ ရော နေသူတော်စင်ဂိုဏ်းက မန်ဝမ်ပါ ဒဏ်ရာတွေရခဲ့ကြဖူးတယ် ၊ ဒါပေမဲ့ ပြိုင်ပွဲရလဒ်ကို သက်ရောက်မှု မရှိခဲ့ကြဘူး”
“ပြီးတော့ အခုနောက်ပိုင်း ထူးကဲယင်သရဖူကိုကိုင်ဆောင်တဲ့ ထူးကဲယင်မိန်းမပျိုတွေက တိုက်ပွဲတွေ ရင်ဆိုင်ကြရတယ် ၊ ဒါကြောင့် သူတို့တွေမှာ ဒဏ်ရာရနိုင်ခြေများတယ် ၊ တကယ်လို့ ငါတို့ ဝါဒတောင်က ထူးကဲယင်သရဖူကို ရခဲ့တဲ့အချိန် ယွင်ရှန်းက တိုက်ပွဲမှာ ဒဏ်ရာရသွားတယ်ဆိုရင် မင်းကပဲ သရဖူကို ဆက်လက်ကိုင်ဆောင်ရမှာ”
နေသူတော်စင်ဂိုဏ်း ၊ ဝါဒတောင် ၊ သို့မဟုတ် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများအားလုံးသည် အရင်းအနှီးမည်မျှကြီးမားပါစေ ထူးကဲယင်မိန်းမပျိငတစ်ယောက်ကို အတတ်နိုင်ဆုံး ပျိုးထောင်ပေးလေ့ရှိကြသည်။ ဤသည်က အထက်ပါအကြောင်းရင်းပင် ဖြစ်၏။
ဤသည်မှာ ထူးကဲယင်ပြိုင်ပွဲအတွက်သာမဟုတ်ဘဲ အခြားသောအခြေအနေများအတွက် အာမခံနှစ်ခု ထားရှိခြင်းဖြစ်သည်။
ဖူအန်းစုက...
“ဂိုဏ်းတစ်ဂိုဏ်းမှာ ထူးကဲယင်မိန်းမပျိုနှစ်ယောက်ရှိမယ်ဆိုရင် သူတို့နှစ်ယောက်ကြားမှာ ယှဉ်ပြိုင်မှုတွေ ရှိနိုင်ပေမယ့် အထူးချွန်ဆုံးတစ်ယောက်ကတော့ ဂိုဏ်းအတွက် ထူးကဲယင်သရဖူကို ဆွတ်ယူပေးမှာပဲ ၊ ဒါပေမဲ့ ထူးကဲယင်မိန်းမပျိုတစ်ယောက်အတွက် တကယ့်ပြိုင်ဘက်ကတော့ အခြားထိပ်သီးသိုင်းဂိုဏ်းကြီးတွေက ထူးကဲယင် မိန်းမပျိုတွေပါပဲ”
ယင်လျိုဟွားက...
“တပည့် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် ၊ တပည့်ရဲ့ ချို့ယွင်းချက်တွေကိုလည်း ပြင်ဆင်ပါ့မယ်”
ယင်လျိုဟွားကို ကြည့်ရင်း ဖူအန်းစု တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။
ပြီးမှ ခေါင်းတစ်ချက်ညိတ်ရင်း...
“လျိုဟွား... ကောင်းကင်ဘုံက လုံ့လဝီရိယရှိသူတွေကို အမြဲတမ်း ကောင်းချီးပေးတယ် ၊ အမြဲကြိုးစားနေတဲ့သူဟာ ရေရှည်မှာ အကျိုးခံစားရမှာပါပဲ”
ယင်လျိုဟွားက ဆရာဖြစ်သူကို အလျှင်အမြန် ဦးညွှတ်ဂါရဝပြုရင်း...
“ဟုတ်ကဲ့ ဆရာ ၊ တပည့် နားလည်ပါပြီ”
သူမက ခေါင်းငုံ့ထားရင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
“ဒီနေ့တော့ အဆင်ပြေသွားပြီ ၊ ဒါပေမဲ့ ရှေ့လျှောက် ငါ ဘာလုပ်ရမလဲ...”
ထိုသို့တွေးမိသည့်အခါ သူမစိတ်ထဲ မရေမတွက်နိုင်သော ခံစားချက်များ ထွက်ပေါ်လာသည်။
“ငါက အစကတည်းက နောက်ကျနေပြီ ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က လည်း ဂိုဏ်းတူအစ်မ’ဖန်းယွင်ရှန်း’ အပေါ်ဘဲ မျက်နှာလိုက်တော့ လျှို့ဝှက်ပညာတွေ ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ သင်ပေးမှာမဟုတ်ဘူး ၊ ပြီးတော့ ဂိုဏ်းတူအစ်မ’ဖန်း’ ကျင့်ကြံသလို ငါလည်း ကျင့်ကြံနိုင်မှာ မဟုတ်ဘူး ၊ ဒီတော့ မကြိုးစားဘူးလို့ပဲ အမြဲတမ်း အထင်ခံနေရတယ်”
“ငါ ဘယ်လောက်ကြိုးစားပါစေ သူက မကြိုးစားဘူးလို့ပဲ ထင်နေမှာ ၊ စိတ်ကျေနပ်နိုင်မှာမဟုတ်ဘူး ၊ သူ သည်းမခံနိုင်တဲ့တစ်နေ့ကျရင် ငါ့ကို စွန့်ပစ်လိုက်မှာပဲ”
ထိုအတွေးများကြောင့် ယင်လျိုဟွားမှာ အဆုံးမဲ့ စိတ်ပျက်အားငယ်ခြင်းများကိုသာ ခံစားလိုက်ရပြီး...
"ငါဘာလုပ်ရမလဲ"