အခန်း ၃၀၁
Vol. 31 Ch. 301
အခန်း (၃၀၁)
ဆော့စ်အရိုးတုံးများ
အစုံလိုက်စားပွဲ တစ်ပွဲတွင် အဓိကဟင်းလျာတစ်ပွဲ အရိုးတုံးနှစ်တုံးနှင့် ပဲစိမ်း ဟင်းချိုတစ်ပွဲ ပါဝင်သည်။ ဤပမာဏသည် ပုံမှန်အစာစားချင်စိတ်ရှိသူတစ်ဦးအတွက် အလွန်လည်းမများ အလွန်လည်းမနည်းဘဲ သင့်တင့်မျှတ၏။
ဟွာကျွင်း စားပွဲတိုင်းသို့ တစ်ခါသုံးလက်အိတ်များ လိုက်လံဝေငှပေးလိုက်သည်။ အရိုးတုံးများကို လက်အိတ်စွပ်၍ ကိုင်စားရခြင်းက တူဖြင့် စားခြင်းထက် ပို၍ပင် အရသာရှိပါ၏။
ခြင်ဆီအရိုးတုံးများသည် ဆော့စ်များဖြင့် ပြည့်နှက်နေပြီး နီညိုရောင် သန်းနေ၏။ အပြင်ဘက်ရှိ အသားများမှာနူးအိနေအောင် ချက်ပြုတ်ထားသဖြင့် တစ်ကိုက်ကိုက်လိုက်သည်နှင့် ပြစ်နှစ်နေသည့် အရသာက လျှာပေါ်တွင် ပျံ့လွင့်သွားတော့သည်။
ဧည့်သည်များ ညာဘက်လက်တွင် တူကိုကိုင်ပြီး ဘယ်ဘက်လက်တွင်မူ ခြင်ဆီအရိုးတုံးကို ကိုင်လျက် နှုတ်ခမ်းများတွင် ဆီများ ပေကျံနေသည်အထိ အားရပါးရ ကိုက်ဝါးနေကြသည်။ အသားများကို စားပြီးနောက် အရိုးထဲရှိ ရိုးတွင်းခြင်ဆီများကို စုပ်ယူကာ ကြွယ်ဝသည့် အနှစ်ကို အရသာခံကြ၏။
အရိုးတုံးချည်း စားနေလျှင် အနည်းငယ် ငြီးငွေ့စရာကောင်းနိုင်သဖြင့် အဓိကဟင်းလျာနှင့် တွဲဖက်စားသုံးခြင်းက အဆင်ပြေဆုံး ဖြစ်သည်။ ရွှေဝါရောင်သန်းပြီး ကြက်ဥနံ့မွှေးကြိုင်နေသည့် ထမင်းကြော် ဖြစ်စေ ရိုးရှင်းပြီး လန်းဆန်းစေသည့် အရွက်ခေါက်ဆွဲ ဖြစ်စေ နှစ်မျိုးစလုံးက ဆော့စ်အရိုးတုံးများနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။
ပုံမှန်အားဖြင့် ဤမျှလောက်စားပြီးလျှင် သူတို့ ဗိုက်ပြည့်လုနီးပါး ဖြစ်သွားကြသော်လည်း ဧည့်သည်များသည် ပန်းကန်ပြားပေါ်တွင် ကျန်နေသော ဟင်းအနှစ်ဆော့စ်များကို ချန်ထားရန် နှမြောနေကြ၏။ သူတို့က မော့ချွမ်းကို ထမင်းဖြူ အနည်းငယ် ယူဆောင်လာပေးရန် တောင်းဆိုကြပြီး ပန်းကန်ပြားထဲသို့ လောင်းထည့်ကာ ဆော့စ်နှင့် နယ်ဖတ်၍ စားကြပြန်သည်။
အရာအားလုံးကို ကုန်စင်အောင် စားသောက်ပြီး အရိုးတုံးများထဲက ဆီများကို ခြောက်သွေ့အောင် စုပ်ယူပြီးမှ သူတို့ တူများကို ချ၊ လက်အိတ်များကို ချွတ်ကာ ဆိုင်ထဲကနေ ထွက်ခွာသွားကြတော့သည်။
ဟွာကျွင်းသည် ရှန့်ကွမ်း မိတ်ဆက်ပေးထားသော လူတစ်ဦးနှင့်လည်း တွေ့ဆုံခဲ့၏။ သူသည် မြို့တော် တွင် ဥယျာဉ်ပုံစံထုတ်ခြင်း အတတ်ပညာကြောင့် နာမည်ကျော်ကြားသူ ဖြစ်သည်။ ယနေ့ညတွင် အချိုပွဲအိမ်လေး ၏ ဒီဇိုင်းအစီအစဉ်ကို ဆွေးနွေးရန် ရောက်ရှိလာခြင်း ဖြစ်၏။
ဟွာကျွင်း သူနှင့် နာရီဝက်ခန့် စကားပြောဆိုပြီးနောက် ဒီဇိုင်နာနှစ်ဦးစလုံး၏ ဒီဇိုင်းများကို ပေါင်းစပ်လိုက်သည်။ သူမသည် ပရောဂျက်တစ်ခုလုံးကို ထိုလက်မှုပညာရှင်ထံသို့ လွှဲအပ်ရန် ဆုံးဖြတ်လိုက်ပြီး နောက်နောင်တွင် သူမကိုယ်တိုင် ထပ်မံဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ချေ။
အချိုပွဲအိမ်လေး ဆောက်လုပ်ပြီးစီးပါက မည်သူက စီမံခန့်ခွဲမည်ဟူသော ကိစ္စနှင့် ပတ်သက်၍မူ ဟွာကျွင်းတွင် အကြံဉာဏ် မရှိသေးချေ။ သူမ အစက အာမု၏ဇနီးကို ကူညီပေးရန် အလိုရှိသော်လည်း သူမက ငြင်းပယ်ခဲ့၏။
သူမတွင် အိမ်၌ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ရှိနေသဖြင့် နှစ်ဖက်စလုံးကို မစီမံနိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ဟွာကျွင်းတစ်ယောက် ဝန်ထမ်းခေါ်ယူခြင်း ကြေညာချက်ကို ရေးသားရန် ပြင်ဆင်နေစဉ်မှာပင် တစ်စုံတစ်ယောက်က သူမထံသို့ အစပျိုး ရောက်ရှိလာ၏။
ဤသူသည် ရှောင်ယွီဟုခေါ်သော မျက်နှာသစ်တစ်ဦး ဖြစ်ပြီး အစက ပန်းထိုးအလုပ်ရုံတွင် ဖောက်သည်များ၏ တောင်းဆိုချက်အရ ပန်းထိုးဒီဇိုင်းအကြမ်းများကို ရေးဆွဲပေးရသည့် ပန်းချီဆရာမတစ်ဦး ဖြစ်သည်။
သူမက ရုပ်ရည်နုနယ်ပြီး စရိုက်နူးညံ့ကာ အမူအရာ ယဉ်ကျေးသိမ်မွေ့၏။
”ကျွန်မ လီနျန်ဆီကနေ ရှင့် မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်မဲ့အကြောင်း ကြားလို့ လာကြိုးစားကြည့်ချင်တာပါ”
ဟွာကျွင်း သူမကို မေးလိုက်၏။
“စကားပုံတစ်ခု ရှိတယ်။ ပညာတတ်၊ လယ်သမား၊ လက်မှုပညာရှင်နဲ့ ကုန်သည် ဆိုပြီးတော့။ လူတွေရဲ့ အမြင်မှာတော့ ကုန်သည်က အဆင့်အတန်း အနိမ့်ဆုံးပဲ။ ရှင် ပန်းထိုးအလုပ်ရုံမှာ ငွေအလုံအလောက် ရှာနိုင်ပြီးတော့ လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ နေနိုင်တာပဲကို ဘာလို့ ကုန်သည်တစ်ယောက် ဖြစ်ချင်ရတာလဲ”
ရှောင်ယွီ ပြုံးပြီး ပြန်လည်ဖြေကြားသည်။ “အမှန်ပါပဲ။ ကျွန်မလည်း အဲဒီလို အတွေးအခေါ်မျိုး အမြဲ ရိုက်သွင်းခံခဲ့ရတာပါ။ ဒါပေမဲ့ ဒီကို ရောက်တော့ ရှင့်ရဲ့ မျက်ဝန်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် အထင်သေးတဲ့ အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရဘူး။ ကျွန်မလည်း ကွဲပြားတဲ့ ဘဝတစ်ခုကို စမ်းသပ် ဖြတ်သန်းကြည့်ချင်လို့ပါ”
သူမ ဆက်ပြော၏။
“ရှင်က ဆိုင်ပိုင်ရှင်အားလုံးကို လွတ်လပ်ခွင့် အပြည့်အဝ ပေးထားတယ်ဆိုတာ သိပါတယ်၊၊ ဒါကြောင့် ကျွန်မလည်း ရှင့်လိုမျိုး ဆိုင်လေးတစ်ဆိုင်ကို ကြိုးစား လည်ပတ်ကြည့်ချင်တာပါ။ ရှင့်လောက် အောင်မြင်မှာ မဟုတ်ပေမဲ့ ဖောက်သည်တွေ စိတ်ကျေနပ်မဲ့အရာတစ်ခုကိုတော့ ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“လီနျန်က ကျွန်မကို ဒီဆိုင်လေးအတွက် ရှင့်ရဲ့ အစီအစဉ်တွေကို ပြောပြဖူးပါတယ်။ ကျွန်မ တကယ့်ကို သဘောကျမိတယ်။ ဒီကို မလာခင်တုန်းက ကျွန်မက ချမ်းသာတဲ့ မိသားစုတစ်ခုက သခင်မလေးရဲ့ အနီးကပ် အိမ်ထိန်းအမျိုးသမီး လုပ်ခဲ့ဖူးတာမလို့ သူတို့ ဘာတွေကို ကြိုက်တတ်လဲဆိုတာ ကျွန်မ သိပါတယ်”
ဟွာကျွင်း၏ မျက်လုံးများ တောက်ပသွား၏။ ဤကဲ့သို့ လူမျိုးသည် သူမ ရှာဖွေနေသည့်လူမျိုးပင်။
ပန်းချီဆွဲတတ်ခြင်းက အလှအပဆိုင်ရာ အာရုံခံစားမှု အတိုင်းအတာတစ်ခုအထိ ရှိနေသည်ကို ပြသနေပြီး ၎င်းက နောက်ပိုင်းတွင် ဆိုင်တွင်းရှိ အပြင်အဆင်များကို စီစဉ်သည့်အခါ အသုံးဝင်ပေလိမ့်မည်။
သူမ ချမ်းသာသော မိသားစုမှ သခင်မလေး၏ အနီးကပ်အိမ်ထိန်းအဖြစ်လည်း လုပ်ကိုင်ဖူးသဖြင့် ထိုသခင်မလေးများ၏ အကြိုက်ကိုလည်း နားလည်၏။
သူမသည် ဆိုင်လေးတစ်ဆိုင်ကို လည်ပတ်ရသည့် စိတ်လှုပ်ရှားမှုကိုပင် ခံစားကြည့်ချင်နေပြီး ကုန်သည်တစ်ဦး ဖြစ်လာရန်အတွက်လည်း တွန့်ဆုတ်မနေချေ။
ဟွာကျွင်းသည် သူမ စိတ်ကူးအမြင်ကို မျှဝေလိုက်၏။
“ဒီဆိုင်လေးက တခြားဆိုင်တွေနဲ့ တူမှာမဟုတ်ဘူး။ သန့်ရှင်းသပ်ရပ်၊ လှပ ပြီး မွှေးကြိုင်နေလိမ့်မယ်။ မြင့်မြတ်တဲ့ သခင်မလေးတွေ နေ့စဉ် စကားပြောဖို့နဲ့ ဆုံဆည်းဖို့အတွက် အလာချင်ဆုံး နေရာတစ်ခု ဖြစ်လာရမယ်”
ရှောင်ယွီ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လျက် ခေါင်းကို အပြင်းအထန် ညိတ်ပြ၏။ “ကျွန်မလည်း ဒီလိုနေရာမျိုးမှာ အလုပ်လုပ်ချင်ပါတယ်။ ရှင့်အနေနဲ့ ကျွန်မ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
သူတို့နှစ်ဦး ချက်ချင်းပင် အဆင်ပြေသွားကြတော့သည်။ ဟွာကျွင်းသည် အချိုပွဲအိမ်လေး၏ ဒီဇိုင်းပုံကြမ်းကို ရှောင်ယွီထံ တိုက်ရိုက်လွှဲပြောင်းပေးလိုက်ပြီး သူမကပဲ ဆိုင်၏ ပြုပြင်မွမ်းမံမှုများကို ကြီးကြပ်ရမည် ဖြစ်သည်။
ရှောင်ယွီနှင့် စကားပြောပြီးနောက် ဟွာကျွင်း တည်းခိုခန်းထဲကနေ ထွက်လာလိုက်၏။ လုမင်လီက လမ်းဘေးတွင် သူမကို စောင့်ဆိုင်းနေသည်အား မြင်တွေ့လိုက်ရသည်။
“ရှင် ပြန်ရောက်ပြီပဲ”
ဟွာကျွင်း ဝမ်းသာအားရဖြင့် သူ့ထံ လျှောက်သွား၏။
လုမင်လီ သူမကို ပြောလိုက်သည်။
“ကိုယ် ဒီနေ့ နေ့လယ်ကတည်းက ရောက်တာ။ အိမ်တော်ကိုတောင် ပြန်ဖို့ အချိန်မရသေးဘူး။ မင်းဆီ အရင်ဆုံး လာခဲ့တာ”
ဟွာကျွင်း: “ခရီးစဉ်က အဆင်ပြေရဲ့လား။ လူကိုရော ကယ်တင်နိုင်ခဲ့ပြီလား”
“အားလုံး အဆင်ပြေပါတယ်။ အဲဒီလူက အခု သမားတော်ဆွန်းဆီမှာ ရှိနေတယ်။ အပေါ်ယံ ဒဏ်ရာအချို့ကို ကုသပေးနေတယ်”
သူ့နဖူးပေါ်တွင် ချွေးများ စိုရွှဲနေသည်ကို မြင်သောအခါ ဟွာကျွင်း သူမအိတ်ကပ်ထဲကနေ တစ်ရှူးတစ်ရွက်ကို ထုတ်ယူ၍ သူ့ထံသို့ ကမ်းပေးလိုက်သည်။
“ချွေးသုတ်လိုက်ဦး”
လုမင်လီ တစ်ရှူးကို လှမ်းယူရင်း ရုတ်တရက် ပြုံးလိုက်ကာ ပြော၏။
“တခြား မိန်းကလေးတွေက လက်ကိုင်ပုဝါ ဆောင်ကြတာ။ မင်းကတော့ သူတို့နဲ့မတူဘူး။ တစ်ရှူးပဲ သုံးတတ်တယ်။ ကိုယ် သုံးပြီးရင် ဒါကို လွှင့်ပစ်လိုက်ရုံပဲ ရှိတာပေါ့”
စနောက်ပြီးတော့ သူ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ၎င်းသည် သူ ပြောဖူးသမျှထဲတွင် စည်းအကျော်ဆုံး ပြက်လုံးတစ်ခု ဖြစ်ရမည်။ ဤခေတ်တွင် မိန်းကလေးတစ်ဦး အမျိုးသားတစ်ဦးအား လက်ကိုင်ပုဝါ ပေးအပ်ခြင်းသည် ဘာကို ဆိုလိုသည်ကြောင်း လူတိုင်း သိကြပေ၏။
ဟွာကျွင်း: “ကျွန်မမှာ လက်ကိုင်ပုဝါ ဆောင်တဲ့ အလေ့အထ မရှိလို့ပါ။ ဒါပေမဲ့ ဒါတော့ရှိတယ်”
ထိုသို့ပြောပြီးနောက် သူမသည် ဆံပင်ပေါ်က အနက်ရောင် ခေါင်းစည်းကြိုးလေးကို ချွတ်ယူကာ လုမင်လီ၏ လက်ကောက်ဝတ်ပေါ်သို့ ဝတ်ပေးလိုက်သည်။
“ဒါက”
လုမင်လီ ဝေခွဲမရ ဖြစ်သွား၏။
“ဒါက ကျွန်မတို့ ဒေသရဲ့ ဓလေ့တစ်ခုပဲ။ ဒါက ရှင့်မှာ အပိုင်ရှိပြီးသားမလို့ တခြား မိန်းကလေးတွေ စိတ်မကူးနဲ့လို့ အဓိပ္ပာယ်ရတယ်”
ခေါင်းစည်းကြိုးလေးတွင် ဟွာကျွင်း၏ ဆံကေသာ ရနံ့များ စွဲကျန်နေသည်။ လုမင်လီ ဤခေါင်းစည်းကြိုးကလည်း လက်ကိုင်ပုဝါကဲ့သို့ အလွန် သီးသန့်ဆန်သော အရာတစ်ခုဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်၏။
သူ ခေါင်းစည်းကြိုးလေးကို ဆုပ်ကိုင်ထားပြီး သူ့နှုတ်ခမ်းထောင့်စွန်းများ မသိမသာ ကွေးညွတ်သွားခဲ့သည်။
ထို့နောက် သူတို့နှစ်ဦး အလုပ်ကိစ္စများကို ဆွေးနွေးကြသည်။ ဟွာကျွင်း ပြောလိုက်၏။
“ကျွန်မ ပစ္စည်းအားလုံးကို အော်ဒါမှာထားပြီးပြီ။ မကြာခင် ရောက်လာတော့မယ်။ ရောက်လာတဲ့အခါ ဒီအရှေ့က မြေကွက်လပ်မှာ တဲတစ်လုံးဆောက်ပြီး စားသောက်ကုန် အားလုံးကို အထဲကို သယ်ထားမယ်။ ရှင့်လူတွေကို လုံခြုံရေးအရ စောင့်ခိုင်းဖို့ လိုလိမ့်မယ်။ အဆင်ပြေလား”
လုမင်လီ သူမ၏လက်ကို ညှစ်လိုက်ရင်း ဖြေ၏။
“ကောင်းပါပြီ၊ အရင်တစ်ခေါက်ကလိုပဲ ကိုယ့်လူတွေကို သယ်ယူခိုင်းလိုက်မယ်။ မင်းမှာ ငွေကြေး အလုံအလောက် ရှိသေးရဲ့လား”
“လောလောဆယ်တော့ ရှိပါတယ်။ အရင်တစ်ခေါက်က ရှင် ပေးထားတဲ့ ပစ္စည်းတွေကို ကျွန်မ မရောင်းရသေးဘူး၊ အားလုံးက ပြတိုက်ထဲမှာ ရှိနေတာ။ အော် ဟုတ်သားပဲ”
ဟွာကျွင်း ထရပ်လိုက်ပြီး ပြော၏။
“အချိန်မီသေးရင် ကျွန်မ မြို့တော်ကို သွားပြီး ပရော်ဖက်ဆာပိုင်အတွက် ထီးနှစ်လက်လောက် ထပ်ဝယ်ချင်သေးတယ်”
လုမင်လီ: “ကိုယ် မင်းကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမယ်။ အဲဒီမော်တော်ဆိုင်ကယ်ကို မစီးရတာလည်း တော်တော်ကြာပြီ”
အမျိုးသားများသည် သူတို့မော်တော်ဆိုင်ကယ်များကို ချစ်မြတ်နိုးကြပေသည်။
ဟွာကျွင်း ဆိုင်ကယ်ကို တွန်းထုတ်လာပြီးနောက် လုမင်လီ၏ အာရုံစိုက်မှုအားလုံးက ဆိုင်ကယ်ပေါ်သို့သာ ရောက်ရှိသွား၏။
သူသည် ဆိုင်ကယ်ကိုယ်ထည်ကို အဝတ်စတစ်ခုဖြင့် သေသေသေချာချာ သုတ်သင်နေပြီး ၎င်းကို တန်ဖိုးကြီး ဓားတစ်လ
က်နှယ် တရိုတသေ ဆက်ဆံနေသည်။
မော့ချွမ်းကလည်း နေ့တိုင်း သူ့ဆိုင်ကယ်ကို ထုတ်ပြီး သုတ်သင်နေတတ်သည်ကို တွေးမိကာ ဟွာကျွင်း ဘာမှမတတ်နိုင် ဖြစ်သွားမိ၏။
‘ဆိုင်ကယ်ကို ဂိုထောင်ထဲမှာပဲ သိမ်းထားတာကို ဖုန်တွေ ဘယ်လိုလုပ် ဒီလောက်အထိ များနေရတာလဲ’
ထို့အပြင် ဆိုင်ကယ်သည် စီးရန်အတွက်ဖြစ်ပြီး တစ်ခေါက်သွားလျှင် တစ်ခါ ညစ်ပတ်သွားမည်သာ ဖြစ်သည်။ အမျိုးသားများ သူတို့ဆိုင်ကယ်များကို အမြဲသုတ်နေကြသည့် အချက်ကို သူမ နားမလည်နိုင်ချေ။
“ရပြီ”
လုမင်လီသည် ဆိုင်ကယ်ဦးထုပ်ကိုလည်း တစ်ကြိမ် သုတ်ပေးလိုက်ပြီး ဟွာကျွင်းထံ ကမ်းပေးလိုက်၏။
မစီးရသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း လုမင်လီ၏ လက်ရာက မညံ့ဖျင်းသွားချေ။ သူ ဆိုင်ကယ်ကို မြင်းရထား မောင်းနှင်သကဲ့သို့ တည်ငြိမ်လျင်မြန်စွာ မောင်းနှင်ခဲ့သည်။
မြို့တော်သို့ ရောက်ရှိသည့်အခါ ဟွာကျွင်း နေရာအတော်များများ စုံစမ်းမေးမြန်းပြီးနောက် နောက်ဆုံးတွင် သူမကို ထီးပေးခဲ့သော လူကို ရှာတွေ့သွား၏။
၎င်းသည် သတိမထားမိနိုင်လောက်သော အိမ်အသေးလေးတစ်လုံး ဖြစ်ပြီး ခြံဝင်းထဲတွင် ဝါးလုံးများနှင့် ဆီစည်များ ရှိနေကာ ဘေးနားတွင် ပြီးစီးသွားသော ထီးအချို့ကို ချထားသည်။
ထီးလုပ်သမားသည် ဟွာကျွင်းကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားခဲ့ပြီး ပျာပျာသလဲ ဖြစ်သွား၏။
“သူဌေးမဟွာ ကျွန်တော့်သေးငယ်လှတဲ့ ခြံဝင်းလေးကို အခုလို လာရောက်ပေးတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ”