အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း (၃၀၂)
လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းခြင်း
“ကျွန်မ ရှင့်ဆီကနေ ထီးနှစ်လက်လောက် ဝယ်ချင်လို့ပါ”
ဟွာကျွင်းက ထီးလုပ်သမားကို သူမ လာရင်းအကြောင်းကို ပြောလိုက်သည်။
“ဒီအတိုင်းပဲ ယူသွားလိုက်ပါဗျာ”
ထီးလုပ်သည့်သူ စင်ပေါ်မှ ပြီးစီးလုနီးပါးဖြစ်နေသော ထီးနှစ်လက်ကို ချက်ချင်း လှမ်းယူလိုက်ပြီး ပြောလိုက်၏။
“ကျွန်တော်က ခင်ဗျားဆီကနေ ဘယ်လိုလုပ် ပိုက်ဆံယူရမှာလဲ”
ဟွာကျွင်းဘက်က သေချာပေါက် သဘောမတူနိုင်ချေ။ အပြန်အလှန် အကြာကြီး ငြင်းခုံနေကြပြီးနောက် လုမင်လီ ဟွာကျွင်းကို အနားသို့ ဆွဲခေါ်လိုက်ပြီး အခြားတစ်ဖက်ဖြင့် ထီးများကို လှမ်းယူကာ ပြောသည်။
“သူ ဒီလောက်တောင် အတင်းပေးနေမှတော့ ကိုယ်တို့ သူ့ဆန္ဒအတိုင်းပဲ လုပ်လိုက်ကြရအောင်”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဟွာကျွင်း စကားပင် ဆုံးအောင် မပြောရသေးမီ ခြံဝင်းထဲကနေ အပြင်သို့ ဆွဲခေါ်ခြင်း ခံလိုက်ရတော့သည်။
ခြံဝင်းအပြင်ဘက်သို့ ရောက်သောအခါ လုမင်လီ ဟွာကျွင်းကို ရှင်းပြ၏။
“ကိုယ် ပိုက်ဆံကို စင်ပေါ်မှာ တင်ထားခဲ့ပြီးပြီ။ သူ နောက်မှ သေချာပေါက် မြင်လိမ့်မယ်။ ကိုယ်တို့ ဒီမှာ အချိန်အကြာကြီး မဖြုန်းကြရအောင်”
ဟွာကျွင်း စိတ်သက်သာရာရသွား၏။ သာမန်အရပ်သားပြည်သူများကို ပိုက်ဆံအကြွေးမတင်သရွေ့တော့ အဆင်ပြေသည်။
“မင်း ကိုယ်နဲ့အတူ စစ်သူကြီးအိမ်တော်ကို အရင်လိုက်ခဲ့မလား၊၊ ပြီးမှ ကိုယ် မင်းကို မုန့်ဆိုင်ဆီ ပြန်ပို့ပေးမယ်”
လုမင်လီ အချိန်ကို ကြည့်ရင်း ဟွာကျွင်း၏ သဘောထားကို မေးမြန်းလိုက်၏။
ဟွာကျွင်း ခေါင်းငြိမ့်သဘောတူသဖြင့် သူတို့နှစ်ဦးသည် ထီးများကို သယ်ဆောင်ကာ စစ်သူကြီးလု၏ အိမ်တော်သို့ ပြန်လာကြသည်။
လုမင်လီ၏ စာကြည့်ခန်းထဲသို့ ဝင်ရောက်သွားသည့်အခါ အခန်းအပြင်အဆင်မှာ ယခင်ကအတိုင်း ဘာမှပြောင်းလဲခြင်း မရှိချေ။ ဟွာကျွင်း စားပွဲတွင် ဝင်ထိုင်လိုက်ပြီး လုမင်လီက သူမအတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးရင်း ပြော၏။
“ရေနွေးကြမ်း အရင်သောက်ပြီး ကိုယ့်ကို ခဏလောက် စောင့်ဦးနော်”
ထို့နောက် သူ ကန့်လန့်ကာအနောက်သို့ ဝင်သွားပြီး တစ်စုံတစ်ခုကို ရှာဖွေနေပုံရကာ ခဏအကြာတွင် သေတ္တာအသေးလေးတစ်လုံးကို သယ်ဆောင်၍ ပြန်ထွက်လာသည်။
သူ သေတ္တာအသေးလေးကို စားပွဲပေါ်တင်ပြီး သော့ဖြင့် ဖွင့်လိုက်ရာ အထဲတွင် စာရွက်စာတမ်းအချို့ ရှိနေ၏။
“အန်နင်းမင်းသမီးအမှုမှာ ကိုယ် ထူးထူးချွန်ချွန် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကြောင့် ဧကရာဇ်မင်းမြတ်က ကိုယ့်ကို မြေကွက်တစ်ကွက် သီးသန့်ဆုလာဘ် ချီးမြှင့်ခဲ့တယ်။ ကိုယ် ပါမောက်ကို ရွေးချယ်လိုက်တယ်”
“ပါမောက်။ အဲဒါ ဘယ်နားမှာလဲ”
ဟွာကျွင်း ထိုဒေသအမည်ကို ရင်းနှီးကျွမ်းဝင်မှု မရှိချေ။
လုမင်လီက မြေပုံတစ်ခုကို ထုတ်ယူလိုက်ပြီး ဘယ်ဘက်အောက်ခြေတွင် ဟင်္သပြဒါးရောင်ဖြင့် ဝိုင်းပြထားသော နေရာကို ညွှန်ပြကာ ပြော၏။
“ဒီနေရာပဲ”
“အဲလောက်တောင် ဝေးတာလား၊၊ မြေပုံထဲကနေတောင် ထွက်သွားတော့မဲ့အတိုင်းပဲ”
“ဟုတ်တယ်။ ဒါက အနောက်တောင်ဘက် နယ်စပ်ဒေသပဲ”
ဟွာကျွင်း နားမလည်နိုင် ဖြစ်နေ၏။ “ဘာလို့ အဲဒီနေရာကို ရွေးရတာလဲ”
လုမင်လီက သေတ္တာ၏ အောက်ခြေအကျဆုံးနေရာမှ သာမန်ကျောက်ခဲတစ်လုံးကို ထုတ်ယူလိုက်သည်။
“ပါမောက်မှာ တောင်တစ်လုံးရှိပြီး တောင်ခြေမှာတော့ မြစ်တစ်စင်း ရှိတယ်။ ဒီကျောက်ခဲကို အဲဒီမြစ်ကမ်းဘေးကနေ ကောက်ရခဲ့တာ”
ထိုကျောက်ခဲသည် လက်သီးဆုပ်ခန့်ရှိပြီး ဝါးခြမ်းစိမ်းရောင် သန်းနေကာ မျက်နှာပြင် မညီမညာဖြင့် ပန်းခြံများထဲရှိ လမ်းခင်းကျောက်ခဲများနှင့် ဘာမှမထူးခြားချေ။
ဟွာကျွင်း ကျောက်ခဲကို ယူ၍ တစ်ဖက်သို့ လှန်ကြည့်လိုက်ရာ သေးငယ်သော အပေါက်လေးတစ်ခု ဖောက်ထားသည်ကို တွေ့ရပြီး ဖြတ်ထားသော မျက်နှာပြင်သည် မြစိမ်းရောင် သန်းနေကာ ကိုင်ကြည့်လိုက်လျှင် အေးစက်စက် ခံစားချက်ကို ပေးစွမ်းနေ၏။
“မင်း ကျောက်စိမ်း ကြိုက်တတ်မှန်း ကိုယ် သိတယ်လေ။ ဧကရာဇ်မင်းမြတ် ကိုယ့်ကို မေးတဲ့အချိန်တုန်းက လွန်ခဲ့တဲ့ သုံးနှစ်က ပါမောက်ကို ဖြတ်သွားတုန်းက ကိုယ့်ရဲ့ စစ်ဖိနပ်ဖနောင့်တွေမှာ တောက်ပနေတဲ့ အစိမ်းရောင် ကျောက်မှုန်တွေ အများကြီး ပေကျံနေခဲ့တာ ပြန်သတိရမိသွားတယ်။ ဒါကြောင့် ကိုယ် စွန့်စားပြီးတော့ ဧကရာဇ်မင်းမြတ်ဆီကနေ အဲဒီမြေကွက်ကို တောင်းလိုက်တာ”
“ဧကရာဇ်အမိန့်တော် ကျလာတာနဲ့ ကိုယ့်လူတွေကို အပြေးအလွှား လွှတ်လိုက်တာ။ တကယ်ပဲ ကိုယ့်ရဲ့ စွန့်စားမှုက မှန်ကန်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ဤစကားကို ကြားရသည့်အခါ ဟွာကျွင်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။ သူမ ဝမ်းသာအားရဖြင့် လုမင်လီ၏ လက်မောင်းများကို ဆွဲကိုင်ကာ ခုန်ပေါက်တော့သည်။
“ကျောက်စိမ်းလားဟင်၊ တကယ်ပဲ ကျောက်စိမ်းလား၊ လက်ကောက်တွေ လုပ်တဲ့ ကျောက်စိမ်းမျိုးလားဟင်”
သူမ ဝမ်းသာနေသည်ကို မြင်ရသောအခါ လုမင်လီသည် သူမထက်ပင် ပို၍ ဝမ်းမြောက်နေမိ၏။ သူ ပြုံးလျက် ပြောလိုက်သည်။
“ဟုတ်တယ်။ ကျောက်စိမ်းပဲ”
ဟွာကျွင်းတစ်ယောက် ခဏတာမျှ ပျော်ရွှင်မြူးထူးနေပြီးနောက် မေးလိုက်၏။
“ရှင့်ကို မြေတူးဖော်ခွင့် ပေးထားလား”
လုမင်လီ: “တူးဖော်ခွင့်ကတော့ နန်းတော်ပိုင်တာပေါ့။ ဒါပေမဲ့ ကိုယ် ဧကရာဇ်မင်းမြတ်ဆီကို လျှောက်ထားပြီးပြီ။ နှစ်စဉ် တူးဖော်ရရှိတဲ့ ကျောက်စိမ်းရဲ့ သုံးပုံနှစ်ပုံကို နန်းတော်က
ို အပ်နှံရမှာ။ ကျန်တဲ့ သုံးပုံတစ်ပုံကတော့ ကိုယ်တို့ ပိုင်လိမ့်မယ်”
သုံးပုံတစ်ပုံဆိုတာ နည်းသည့်ပမာဏ မဟုတ်ချေ။ အလုပ်ဖြစ်ရန်အတွက် သိသာထင်ရှားသော အခွင့်အလမ်းများ ရှိနေပေ၏။
ဟွာကျွင်းက လုမင်လီ၏ စကားလုံးထဲက အသေးစိတ်အချက်အလက်ကို ထက်မြက်စွာ ဖမ်းဆွဲလိုက်မိသည်။
“ကျွန်မတို့ ဟုတ်လား”
လုမင်လီ ခေါင်းငြိမ့်ပြ၏။
“ကိုယ်တို့။ ပိုပြီး တိတိကျကျ ပြောရရင်တော့ မင်း ပိုင်တာပေါ့”
သူက သေတ္တာကို သော့ခတ်လိုက်ပြီး သေတ္တာနှင့် သော့နှစ်မျိုးစလုံးကို ဟွာကျွင်းထံ ကမ်းပေးလိုက်၏။
“ဒါက မင်းအတွက် ကိုယ် ပြင်ဆင်ထားတဲ့ တောင်းရမ်းခြင်းလက်ဆောင်ပဲ”
“ကိုယ် စစ်ပွဲကနေ ပြန်လာတဲ့အခါကျရင် ကိုယ်”
“ရှူး...” ဟွာကျွင်း သူ့နှုတ်ခမ်းကို လှမ်းပိတ်လိုက်၏။
“ကျွန်မ ပြောထားတယ်မလား။ အလံတွေကို လျှောက်မထူပါနဲ့ဆို”
လုမင်လီ သူမ၏လက်ကို ဖယ်ရှားလိုက်ရင်း မေးသည်။
“အလံထူတယ်ဆိုတာ ဘာလဲ”
“အဲဒါက ‘ငါ တစ်ခုခု ပြီးမြောက်တဲ့အခါကျရင် ဒါ လုပ်မယ်’ ဆိုပြီးတော့ ဘယ်တော့မှ လျှောက်မပြောရဘူးလို့ ဆိုလိုတာ။ ပုံမှန်အားဖြင့် အဲဒီလို စကားလုံးတွေက ကျိန်စာလိုမျိုးပဲ။ အဲလိုပြောတဲ့လူ အများစုက အဲဒီအလုပ်ကို တကယ် မလုပ်ဖြစ်ကြဘူး”
လုမင်လီ စဉ်းစားတွေးတောရင်း ခေါင်းငြိမ့်ပြ၏။
ဟွာကျွင်း ကျောက်ခဲကို ယူလိုက်ပြီး ပြောလိုက်သည်။
“ကျွန်မ ဒါကို ပြန်သယ်သွားပြီး ဘယ်လိုမျိုး ဖြတ်တောက်လို့ရမလဲဆိုတာ ကြည့်လိုက်ဦးမယ်”
“ကောင်းပါပြီ၊ အားလုံးက မင်းအပိုင်ပဲ။ မင်း ကြိုက်သလို လုပ်နိုင်ပါတယ်”
“ဟီးဟီး”
ဟွာကျွင်းတစ်ယောက် ရုတ်တရက် ကျောက်စိမ်းတွင်းကြီး ရလိုက်သည့် ပျော်ရွှင်မှုထဲ နစ်မြောနေပြီး ဘယ်ဘက်လက်ကောက်ဝတ်တွင် ထီးနှစ်လက်ကို ညှပ်လျက် ညာဘက်လက်တွင်မူ ကျောက်ခဲကို ဆုပ်ကိုင်ထားရင်း မိန်းမောတွေဝေစွာ မုန့်ဆိုင်သို့ ပြန်ရောက်လာ၏။
“ခင်ဗျား ဘယ်တွေ သွားနေတာလဲ၊၊ ကျွန်တော် ဘယ်နေရာမှာမှ ရှာလို့မတွေ့ဘူး”
မော့ချွမ်း ဟွာကျွင်းကို မြင်သည်နှင့် ဒေါသတကြီး ပြောတော့၏။
ဟွာကျွင်း ကျောက်ခဲကို ကမ်းပေးလိုက်ရင်း ပြောသည်။
“ကြည့်စမ်း ကျွန်မတို့ ချမ်းသာပြီ”
“ဒါက ကျောက်စိမ်းလား”
“ဒါ ကျောက်စိမ်း အစစ်ပဲ”
ဟွာကျွင်း ဝမ်းသာအားရ ပြော၏။ “ဒါပေမဲ့ အရည်အသွေးကိုတော့ ကျွန်မ မသိဘူး။ မနက်ဖြန်ကျရင် ဒါကို ဖြတ်တောက်ပြီး ကြည့်ဖို့ လူတစ်ယောက်ယောက်ကို ရှာရမယ်”
ဟွာကျွင်း မော့ချွမ်းကို စိုက်ကြည့်လိုက်ရာ မော့ချွမ်း ရုတ်တရက် မကောင်းသော အာရုံတစ်ခု ရရှိလိုက်သည်။ ဟွာကျွင်း တစ်ခုခု ထပ်ပြီး ကြံစည်နေပြန်ပြီ ဖြစ်၏။
သူ ကျောက်ခဲကို အသာအယာ ချထားပြီး ပြောလိုက်သည်။
“အပြင်မှာ အတော်လေး အလုပ်ရှုပ်နေတယ်။ ကျွန်တော် အလုပ်သွားလုပ်တော့မယ်။ အဆင်ပြေတယ်မလား”
ဟွာကျွင်း သူ့ကို အဘယ်သို့ လွှတ်ပေးပါမည်နည်း။ သူမက သူ့အင်္ကျီလက်ကို လှမ်းဆွဲလိုက်ပြီး ပြောတော့သည်။ “မနက်ဖြန် ကျွန်မ တခြားလုပ်စရာ ကိစ္စတွေ ရှိသေးတယ်။ ရှင် ကျောက်စိမ်းဈေးကွက်ကို သွားပြီးတော့ စုံစမ်းကြည့်လိုက်ပါ”
မော့ချွမ်း ဆတ်ခနဲ ခုန်သွားပြီး ပြောလိုက်၏။
“ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ။ တကယ်လို့ ကျွန်တော် လိမ်ခံရရင် ဘယ်လိုလုပ်မလဲ”
ဟွာကျွင်း သူ့တွင် တက်ကြွမှုမရှိခြင်းကို စိတ်ပျက်မိသဖြင့် သူ့ခေါင်းကို လက်ညှိုးဖြင့် တို့လိုက်ရင်း ပြောတော့သည်။
“ရှင် ဒီကို ရောက်တာ ဘယ်လောက်တောင် ကြာပြီလဲ။ ကျွန်မကို ပြောစမ်းပါ။ ရှင် သိတာဆိုလို့ တစ်နေ့ကုန် ဖုန်းပွတ်နေဖို့ပဲ ရှိတယ်။ စူပါမားကတ်ကိုတောင် တစ်ယောက်တည်း မသွားရဲဘူး”
မော့ချွမ်း ဇွတ်အတင်း ပြန်လည်ငြင်းခုံသည်။
“ကျွန်တော် မသွားရဲဘူးလို့ ဘယ်သူပြောလဲ။ ကျွန်တော် မသွားချင်လို့ပါ”
ဟွာကျွင်း: “ရှင် အဲဒီလူ့အဖွဲ့အစည်းထဲကို ပေါင်းစည်းရမယ်။ ကျွန်မ ဒီမှာ မရှိရင် မုန့်ဆိုင်က ရှင့်အပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေရမှာ”
မော့ချွမ်း ဟစ်အော်လိုက်၏။ “ခင်ဗျားက ဘာလို့ ဒီမှာ မရှိရမှာလဲ။ ကျွန်တော့်ကို လာမခြောက်ပါနဲ့”
သူ ဟွာကျွင်းကို အထက်အောက် ကြည့်လိုက်ပြီး မေးလိုက်သည်။
“ခင်ဗျား နေမကောင်းလို့လား”
ဟွာကျွင်း သူ့ကို မျက်စောင်းထိုးလိုက်ရင်း ပြော၏။
“ရှင် ဘာတွေ တွေးနေတာလဲ။ ကျွန်မက ခရီးထွက်မဲ့အကြောင်း ပြောနေတာ”
စကားပြောပြီးနောက် သူမ တစ်ခုခု မှားနေသည်ဟု ခံစားရသဖြင့် မော့ချွမ်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
“ရှင် ကျွန်မကို ကျိန်ဆဲနေတာလား”
“ကျွန်တော် ဘယ်လိုလုပ်ရဲမှာလဲ”
“ဒီကျောက်ခဲကို ယူသွားပြီး မနက်ဖြန် မြို့တော်က ရှေးဟောင်းပစ္စည်းလမ်း ကို သွားပါ။ ဒီကျောက်ခဲကို ဖြတ်တောက်ပေးမဲ့ လူတစ်ယောက်ကို ရှာလိုက်။ နားလည်လား”
“နားလည်ပါတယ်”
နောက်တစ်နေ့ နေ့လယ်တွင် ဟွာကျွင်းသည် ထီးနှစ်လက်ကို ယူဆောင်၍ ပြတိုက်ထဲရှိ ပရော်ဖက်ဆာပိုင်ကို သွားရှာ၏။ သူ တတိယပြခန်းထဲတွင် တစ်ယောက်တည်း ရှိနေဆဲ ဖြစ်၏။
ဟွာကျွင်း ဆီစိမ်စက္ကူထီးနှစ်လက်ကို ပရော်ဖက်ဆာပိုင်ထံသို့ ကမ်းပေးလိုက်သည်။ သူက အလွန်အံ့အားသင့်သွား၏ “ဒီထီးတွေက အခုလေးတင် လုပ်ထားတဲ့အတိုင်းပဲ”
“အင်”
ဟွာကျွင်း ပို၍ပင် အံ့ဩသွားရသည်။
“ဒီမှာရှိတဲ့ အရောင်တင်ဆီတွေက မခြောက်သေးဘူးပဲ”
“အော်...”
ဟွာကျွင်း ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရင်း ပြောလိုက်၏။
“ဒါတွေက ကျွန်မကိ
ု နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်က ပေးထားတာပါ။ သူတို့ကို သုတေသနတန်ဖိုး ရှိ၊ မရှိ ကြည့်ပေးပါဦး”
သူမ လှည့်၍ ပြခန်းထဲကနေ ထွက်ခွာလာပး စိတ်ထဲတွင်မူ နောင်တရနေမိသည်။ “ငါ သတိလက်လွတ် ဖြစ်သွားတယ်၊ ဒါတွေက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ လို့ ပြောမိတော့မလို့”
သူမ ပင်မခန်းမကို ဖြတ်လျှောက်သွားစဉ် ကျန်းချန်ချန် ‘လိုက်ဖ်’ လွှင့်နေသည်ကို မြင်သဖြင့် ကျောင်းသားတစ်ဦးကို လှမ်းပြောလိုက်၏။
“ချန်ချန်ကို လိုက်ဖ်ထဲမှာ ကြေညာပေးဖို့ ပြောပေးပါဦး။ မော့ချွမ်းက ဒီနေ့ လာမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေ့ ယပ်တောင်ဝိုင်းတွေ ရောင်းမှာမဟုတ်ဘူးလို့ပါ”
မော့ချွမ်းအကြောင်း ပြောရလျှင် သူ ထိုနေ့မနက်တွင် နိုးလာပြီးနောက် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို လဲလှယ်ဝတ်ဆင်ကာ ဆံထုံးကို ဖြည်ချ၍ သားရေကွင်းဖြင့် ပြန်လည်စည်းနှောင်ပြီး ကျောက်ခဲနှင့် ဖုန်းကို ယူဆောင်ကာ အိမ်ကနေ ထွက်ခွာခဲ့သည်။
သူသည် ဆိုင်ကယ်ကို မြို့တော်ဆီသို့ မောင်းနှင်လာပြီး ရှေးဟောင်းပစ္စည်းလမ်း၏ စည်ကားလှသော အဝင်ဝသို့ ရောက်ရှိသည့်အခါ သူ အနည်းငယ် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရ၏။
သူသည် ဆိုင်ကယ်ကို လမ်းဘေးတွင် ရပ်လိုက်ပြီး ဟွာကျွင်းထံ စာတိုပေးပို့ရန် ဖုန်းကို ထုတ်ယူကာ စကားလုံးအချို့ကို ရိုက်နှိပ်ပြီးနောက် ပြန်လည်ဖျက်ပစ်လိုက်သည်။
သူသည် ဆက်သွယ်ရန်စာရင်းကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် လူသုံးယောက်သာ ရှိနေ၏။ ဟွာကျွင်း၊ ဟွာရှန့်နှင့် အန်နာဂူ တို့ ဖြစ်ကြသည်။
သူ ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် အန်နာဂူထံ စာတိုတစ်စောင် ပေးပို့ရန် ဆုံးဖြတ်လိုက်၏။