← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း (၃၀၃)

သွန်သင်ရလွယ်ကူသူ

မော့ချွမ်းက ချက်ဘောက်စ်ကို ဖွင့်ပြီး စာပို့လိုက်သည်။

“မင်္ဂလာပါ”

အန်နာဂူ ဖုန်းပြန်ခေါ်ရန် အလွန်ပင် လျင်မြန်လှပေ၏။ “ချွမ်းချွမ်းလေး... ဘာလုပ်နေတာလဲဟင်”

မော့ချွမ်း လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပြောသည်။

“ကျွန်တော် ရှေးဟောင်းပစ္စည်းလမ်းမှာ ရောက်နေတာ။ ခင်ဗျား လာချင်လား။ ကျွန်တော့်မှာ ပစ္စည်းကောင်းတစ်ခု ရှိလို့”

“ခဏစောင့်နော်၊ ကျွန်မ အခုချက်ချင်း လာခဲ့မယ်”

“နေဦး”

အန်နာဂူ ဖုန်းချတော့မည်ကို ခံစားမိသဖြင့် မော့ချွမ်းက အလျင်အမြန် တားလိုက်သည်။

“ဘာဖြစ်လို့လဲ ချွမ်းချွမ်းလေး။ ကျွန်မကို အဲလောက်တောင် လွမ်းနေလို့လားဟင်”

“မဟုတ်ပါဘူး၊ လျှောက်မပြောပါနဲ့...”

မော့ချွမ်းက ဖုန်းကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း မေးလိုက်သည်။

“ဟို... ဆိုင်ကယ်ကို ဘယ်နားမှာ ရပ်ရမလဲဆိုတာ ခင်ဗျား သိလား”

အန်နာဂူ အကျယ်ကြီး ရယ်မောလိုက်တော့၏။

“ရှင် ယာဉ်မောင်းလိုင်စင် ရတာ မကြာသေးလို့လား။ ကားပါကင်ကိုတောင် ရှာမတွေ့ဘူးလား။ ကျွန်မတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ...”

မော့ချွမ်း နှုတ်ဆက်စကားပင် မပြောတော့ဘဲ ဖုန်းကို တိုက်ရိုက် ချပစ်လိုက်သည်။

အန်နာဂူက သူမ၏ဖုန်းကို ကြည့်ကာ ရေရွတ်လိုက်၏။ “ဒီအမျိုးသားကတော့ တကယ့်ကို စိတ်ကြီးပဲ”

မော့ချွမ်းက ခဏတာမျှ စဉ်းစားပြီးနောက် ဟွာကျွင်းကိုသာ မေးရန် ဆုံးဖြတ်လိုက်သည်၊၊ အနည်းဆုံးတော့ သူမက သူ့ကို ဤမျှလောက် အရှက်ကွဲအောင် လှောင်ပြောင်လိမ့်မည် မဟုတ်ချေ။

သူသည် ဆိုင်ကယ်ကို ခြေထောက်တစ်ဖက်ဖြင့် ထောက်ထားပြီး စာရိုက်နေစဉ်မှာပင် ပြိုင်ကားတစ်စီးက သူ့ဘေးတွင် ဆိုက်ရောက်လာခဲ့သည်။

အန်နာဂူက ကားမှန်ကို ချလိုက်ပြီး လေချွန်ပြ၏။ “ဆိုင်ကယ်လေးက မိုက်သားပဲ။ ကျွန်မနောက်ကို လိုက်ခဲ့ပါ”

မော့ချွမ်း ဖုန်းပိတ်ပြီး ဆိုင်ကယ်စက်နှိုးကာ သူမ ကားနောက်ကနေ လိုက်ပါသွားခဲ့သည်။

အန်နာဂူသည် ဤနေရာအကြောင်းကို အလွန်ရင်းနှီးကျွမ်းဝင်သဖြင့် ရှေးဟောင်းပစ္စည်းလမ်း၏ အနောက်ဘက်ရှိ လူနေအိမ်ရာဟောင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး အိမ်ရာပြင်ပရှိ ဆိုင်ခန်းများအတွက် သီးသန့်ပေးထားသော ကားပါကင်နေရာတစ်ခုတွင် ရပ်နားလိုက်၏။

သူမ ကားပေါ်က ဆင်းလာပြီး နေကာမျက်မှန်ကို တပ်ဆင်ကာ မော့ချွမ်းထံ လျှောက်လာသည်။

မော့ချွမ်း သူမ ကားနောက်တွင် ဆိုင်ကယ်ကို ရပ်လိုက်ပြီး မော့ကြည့်လိုက်သည့်အခါ ဖြူဖွေးပြီး ရှည်လျားသော ခြေတံနှစ်ဖက်ကို မြင်တွေ့လိုက်ရသည်။

“ခင်ဗျားက ဘာလို့... အမြဲတမ်း ဝတ်တဲ့ အဝတ်အစားတွေက ဒီလောက်...”

မော့ချွမ်းက

သူ သုံးနှုန်း၍ရမည့် စကားလုံးကို ဉာဏ်ထုတ်ကာ စဉ်းစားနေမိသည်။

“ဆွဲဆောင်မှုရှိလွန်းလို့ လားဟင်”

“မဟုတ်ပါဘူး...”

မော့ချွမ်းက ကောင်းကင်ကို မော့ကြည့်ရင်း ပြော၏။

“မသင့်လျော်လွန်းလို့ပါ”

အန်နာဂူ ရယ်လည်းရယ်ချင် ဒေါသလည်း ထွက်သွားရသည်။

“ရှင်က တကယ်ကို ရှေးဆန်တဲ့လူပဲ။ ဒါ ဘယ်ခေတ်ရောက်နေပြီလဲ၊ ကျွန်မက စကတ်တို ဝတ်တာကို မသင့်လျော်ဘူးလို့ ပြောရလား၊ ရှင် စကားမပြောတတ်ရင် အတင်းကြီး အားစိုက်ပြီး မပြောပါနဲ့လား”

ထို့နောက် သူမ စဉ်းစားမိသည်။

‘ဒီလူ အတွင်းစိတ်ထဲကနေ ဖုံးကွယ်ထားတဲ့ နှာဘူးများ ဖြစ်နေမလား၊ နှုတ်ကသာ မသင့်လျော်ဘူး ပြောနေပြီး စိတ်ထဲကနေ တိတ်တဆိတ် သဘောကျနေတာလား၊ ခြေတံလှလှလေးတွေကို ကြည့်ရတာ ဘယ်အမျိုးသားက မကြိုက်ဘဲ နေလဲ’

သူမသည် ရှည်လျား၊ ဖြောင့်စင်းပြီး အချိုးအစားကျလှသော ခြေတံနှစ်ဖက်ကို ငုံ့ကြည့်ကာ သူမ ဘာသာ အလွန်ကျေနပ်နေမိ၏။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စကားမပြောဘဲ ဘေးချင်းယှဉ် လျှောက်လှမ်းလာကြသည်။ အန်နာဂူ မော့ချွမ်းကို တိတ်တဆိတ် အကဲခတ်ကြည့်ရာ သူက သူမကို တကယ်ပင် ထပ်မကြည့်တော့သည်ကို တွေ့ရသဖြင့် ချက်ချင်း ငြီးငွေ့သွား၏။

“ဒီရှေးဆန်တဲ့ လူကြီးကတော့ တကယ့်ကို အမြင်မရှိတာပဲ”

သူမ စိတ်ထဲကနေ တွေးလိုက်မိသည်။

“အော်... ဟုတ်သားပဲ၊ ကျွန်မကို ဘာပြချင်လို့လဲ”

မော့ချွမ်းက သူ့လွယ်အိတ်ထဲကနေ ကျောက်ကို ထုတ်ယူလိုက်၏။

“ဒါပါ၊ ကျွန်တော် ဒီကျောက်ကို ဖြတ်တောက်ပေးမဲ့ လူတစ်ယောက်ကို ရှာမလို့”

အန်နာဂူတွင် အလင်းဖြူဓာတ်မီးတစ်လက် အမြဲပါရှိရာ သူမက ၎င်းကို ကိုင်တွယ်စစ်ဆေးကြည့်ပြီး ပြောလိုက်၏။

“အော်... ဒါက ကျောက်စိမ်း အစစ်ပဲ၊ အပေါက်လေးတော့ ဖောက်ထားပြီးသားပဲ... ဒီပုံစံကို ကြည့်ရရင်တော့ အင်ပါယာကျောက်စိမ်း နဲ့ တူတယ်”

သူမ ကျောက်ကို မော့ချွမ်းထံသို့ ပြန်ပစ်ပေးလိုက်ပြီး ပြော၏။

“ကျွန်မမှာ ဒါကို ဖြတ်တောက်ပေးနိုင်တဲ့ အသိတစ်ယောက် ရှိတယ်၊ ကျွန်မနောက်ကို လိုက်ခဲ့ပါ”

အန်နာဂူသည် ဤနေရာကို အလွန်ကျွမ်းကျင်သဖြင့် မော့ချွမ်းကို လမ်းကြားများထဲသို့ ခေါ်ဆောင်သွားပြီးနောက် ဆိုင်ခန်းအသေးလေးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။ ဆိုင်အဝင်ဝတွင် ကျောက်တုံးအမျိုးမျိုးကို ပုံထားပြီး ဘေးနားတွင်မူ ဖြတ်တောက်ပြီးသား ကျောက်စိမ်းများ ထည့်ထားသည့် ပလတ်စတစ်တောင်း အချို့ ရှိနေသည်။

“အဘိုးကြီးဖန်”

အန်နာဂူ တန်းတန်းမတ်မတ် ဝင်သွားပြီး အသံကျယ်ကြီးဖြင့် အော်ခေါ်လိုက်၏။

“ဖန်ကြီး”

အတွင်းဘက်က ကျောက်ဖြတ်သံများ ရပ်တန့်သွားပြီးနောက် ကာကွယ်ရေးမျက်မှန် တပ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။

သူက အန်နာဂူကို ကြည့်ကာ ပြောလိုက်၏။

“ငါ မင်းဆီကို စာပို့ထားတယ်မလား၊ လတ်တလော ဘာပစ္စည်းကောင်းမှ မရှိဘူးလို့”

“ကျွန်မ့မှာ ပစ္စည်းကောင်း ပါတယ်”

အန်နာဂူ သူမ လက်ဖဝါးကို ဆန့်ထုတ်၍ မော့ချွမ်း၏ရှေ့သို့ ကမ်းပေးလိုက်ရာ မော့ချွမ်း ကျောက်ကို သူမ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် အန်နာဂူက ၎င်းကို ဖန်ကြီးထံသို့ ကမ်းပေးလိုက်ရင်း ပြော၏။

“ဖြတ်တဲ့အခါ သေသေချာချာ သတိထားပေးပါဦးနော်”

ဖန်ကြီး လှမ်းယူလိုက်ပြီး အော်ဟစ်လိုက်မိသည်။ “အော်... ဒီအစိမ်းရောင်က တကယ့်ကို ကောင်းတာပဲ” ထို့နောက် သူက အန်နာဂူကို မေးလိုက်သည်။

“မင်း ဒါကို ကြည့်ပြီးပြီလား”

အန်နာဂူ ခေါင်းငြိမ့်ပြပြီး စားပွဲပေါ်က ပေတံနှင့် ဘောပင်ကို ယူကာ ဖန်ကြီးနှင့်အတူ ကျောက်ကို မည်သည့်နေရာကနေ စတင်ဖြတ်တောက်ရမည်ကို ဆွေးနွေးကြသည်။

ကျောက်ပေါ်တွင် အနက်ရောင်မျဉ်းအချို့ ဆွဲပြီးနောက် ဖန်ကြီး ထိုအရာကို ကျောက်ဖြတ်စက်ဆီသို့ သယ်ဆောင်သွားပြီး စတင်ဖြတ်တောက်တော့သည်။

မော့ချွမ်းကတော့ ဆိုင်ခန်းထဲတွင် ပျင်းရိစွာ မတ်တတ်ရပ်နေပြီး တစ်ခါတစ်ရံတွင် စင်ပေါ်က ကျောက်စိမ်းပြားများကို ကောက်ယူ၍ ကစားနေ၏။

အန်နာဂူ အနားသို့ လျှောက်လာပြီး မေး၏။

“ဟေး... ချွမ်းချွမ်းလေး၊ ရှင် ရင်ခုန်နေလား”

“ရင်ခုန်ရမယ်”

မော့ချွမ်းက မျက်နှာသေဖြင့် ပြန်မေး၏။

“ကျွန်တော် ဘာကို ရင်ခုန်ရမှာလဲ”

“အဲ့တာက ဘာဖြစ်လာမလဲဆိုတာကို ရှင် မသိချင်ဘူးလားဟင်”

မော့ချွမ်းက တည်ငြိမ်စွာဖြင့် ဖြေ၏။

“မသိချင်ပါဘူး”

ဤကာလအတွင်း တန်ဖိုးကြီးအရာများကို မြင်ူဖးပြီးနောက် ဤကဲ့သို့သောအရာများအပေါ် သူ၏ သိချင်စိတ် ပမာဏသည် မြင့်တက်လာသည်။

ကျောက်အသေးလေးက ညဥ့်ပုလဲထက် အဘယ်သို့ ပို၍ တန်ဖိုးကြီးနိုင်မည်နည်း။

အန်နာဂူ ပါးစပ်အဟောင်းသားဖြစ်သွားပြီးမှ ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်ကာ မော့ချွမ်းကို လက်မထောင်ပြလိုက်သည်။

“ရှင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်းအပေါ် မက်မောမှုက တကယ့်ကို နည်းတာပဲ”

“ရပြီ”

ဖန်ကြီးက အလုပ်ခန်းထဲကနေ လှမ်းအော်လိုက်သည်။

အန်နာဂူ လေပြင်းမုန်တိုင်းတစ်ခုအလား သူ့ထံ အပြေးအလွှား သွားတော့၏။

“ကျွန်မကို ပုံစံလေး ပြပါဦး”

မော့ချွမ်းကတော့ သူမ အနောက်ကနေ ဖြည်းဖြည်းချင်း လိုက်ပါသွားသည်။

ကျောက်ကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ထားသော်လည်း မူလပုံစံအတိုင်းပင် စီစဉ်ထားဆဲ ဖြစ်သည်။ သေသေချာချာ မကြည့်လျှင် တစ်ခဲတည်း ရှိနေသေးသည်ဟု ထင်မှတ်ရပေလိမ့်မည်။

အန်နာဂူ ကျောက်အပိုင်းအစများကို ဖြန့်ခင်းလိုက်ရာ အင်ပါယာကျောက်စိမ်း အစစ် ဖြစ်နေ၏။ အပေါ်ဘက်က အပိုင်းအစနှစ်ခုတွင် အက်ကြောင်းအချို့ ရှိနေသည်မှလွဲ၍ ကျန်ရှိသောအရာအားလုံးမှာ လုံးဝ ပြစ်မျိုးမှဲ့မထင် သန့်စင်လွန်းလှသည်။

သူမ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် နိုင်ငံခြားစကားလုံးများပင် ထွက်ပေါ်သွားခဲ့ရ၏။

“အိုးမိုင်ဂေါ့ဒ်။ မယုံနိုင်စရာပဲ”

ဖန်ကြီး အနည်းငယ် နှမြောတသဖြစ်စွာဖြင့် ပြောလိုက်သည်။

“ဒါ အင်ပါယာကျောက်စိမ်း အစစ်ပဲဗျ။ နှမြောစရာကောင်းတာက နည်းနည်း သေးငယ်နေလို့ လက်ကောက်လုပ်လို့မရဘူး။ ဒါပေမဲ့ ဗုဒ္ဓရုပ်ပွားတော်တော့ ပြုလုပ်လို့ရနိုင်ပါတယ်”

ထိုအချိန်တွင် မော့ချွမ်း၏ ဖုန်းမြည်လာပြီး သူ ထုတ်ကြည့်လိုက်ရာ ဟွာကျွင်း ဖုန်းခေါ်ဆိုနေခြင်း ဖြစ်သည်။

သူ ဖုန်းလက်ခံလိုက်၏။ “ဟယ်လို”

ဟွာကျွင်းက ရေခဲမုန့်ကို ဖြည်းဖြည်းချင်း စားရင်း မေးလိုက်သည်။

“အခြေအနေ ဘယ်လိုရှိလဲ”

မော့ချွမ်းက ဖန်ကြီး၏ စကားကို သတိရသွားပြီး ဖြည်းဖြည်းချင်း ပြန်လည်ဖြေကြားလိုက်သည်။

“နှမြောစရာကောင်းတာက အင်ပါယာကျောက်စိမ်း ဖြစ်နေလို့ပဲ”

ဟွာကျွင်း သူ နေရာရှာမတွေ့သေးဘူးဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှလောက် မြန်ဆန်စွာ ကျောက်ကို ဖြတ်တောက်ပြီးလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။

“…”

ဟွာကျွင်း သတိပြန်ဝင်လာပြီးနောက် မော့ချွမ်းကို လှမ်းဆဲတော့၏။

“ရှင် ရူးနေလား၊ အင်ပါယာကျောက်စိမ်း ဖြစ်နေတာကို ဘာလို့ ‘နှမြောစရာကောင်းတယ်’ လို့ ပြောရတာလဲ။ ကျွန်မ ကြည့်ဖို့ ဓာတ်ပုံရိုက်ပေးစမ်းပါဦး”

မော့ချွမ်းက အထဲသို့ လျှောက်သွားပြီး ဖုန်းဖြင့် ဓာတ်ပုံများ ရိုက်ကူးလိုက်သည်။ အန်နာဂူက စူးစမ်းလိုစိတ်ဖြင့် မေး၏။

“မိန်းကလေးဟွာက ဘာပြောလဲဟင်”

မော့ချွမ်း:

“သူက ကျွန်တော့်ကို ရူးနေလားလို့ ဆဲပြီးတော့ ဓာတ်ပုံအချို့ ရိုက်ပေးဖို့ ပြောတယ်”

အန်နာဂူ: “...”

“ဒါနဲ့...”

အန်နာဂူ အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေး၏။ “ရှင်နဲ့ မိန်းကလေးဟွာနဲ့က ဘာပတ်သက်မှု ရှိလို့လဲ”

မော့ချွမ်း ခေါင်းပင်မော့မကြည့်ဘဲ ဖြေသည်။

“သူက ကျွန်တော့်သူဌေးပါ”

“သူဌေးနဲ့ ဝန်ထမ်းက နေ့တိုင်း အတူတူ နေထိုင်ကြတာလား”

“ဟုတ်တယ်။ ကျွန်တော်တို့က အိမ်အကျယ်ကြီး မဝယ်နိုင်လို့ပါ”

အန်နာဂူ သူ့ကို မျက်စောင်းထိုးလိုက်မိ၏။

‘ဒီလူ ဘာတွေ လျှောက်ပြောနေတာလဲ’

ယခင်တစ်ခေါက် ထိုညဉ့်ပုလဲကို ငွေမည်မျှဖြင့် ရောင်းချခဲ့ရသည်ဆိုသောအချက်က လျှို့ဝှက်ချက် မဟုတ်တော့ချေ။

မော့ချွမ်း လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။ သူတို့သည် အမှန်တကယ်ပင် အိမ်အကျယ်ကြီး မဝယ်နိုင်ကြခြင်း ဖြစ်သည်။ မုန့်ဆိုင်ဘက်က ဆိုင်ခန်းများသည် မကြီးမားလှသလို လမ်း အောက်ဘက်တွင် ပိုမိုကြီးမားသော အိမ်များ ရှိနေသော်လည်း ၎င်းတို့က ဤမျှလောက် အဆင်မပြေကြချေ။

မော့ချွမ်း ဓာတ်ပုံများ ရိုက်ပြီး ဟွာကျွင်းထံ ပေးပို့လိုက်သည်။ ဟွာကျွင်း အသံဖိုင်ဖြင့် ပြန်ဖြေကြားပြီး ၎င်းကို ဖွင့်လိုက်သည်နှင့် ရှည်လျားသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး စက္ကန့် (၂၀)ကြာမှသာ ဟွာကျွင်း၏ အသံ ထွက်လာခဲ့တော့သည်။

“မော့ချွမ်း ဒါကို ချက်ချင်း ပြန်သယ်လာခဲ့တော့။ ကျွန်မတို့ ချမ်းသာပြီ”

မော့ချွမ်း ကျောက်အပိုင်းအစများကို သူ့အိတ်ထဲသို့ တစ်ခုချင်းစီ အလျင်အမြန် ပြန်ထည့်လိုက်ပြီး ကျေးဇူးတင်စကား ပြောကာ ထွက်ခွာရန် ပြင်ဆင်တော့၏။

အန်နာဂူက သူ့ကို လှမ်းဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။

“သူ့ကို ပိုက်ဆံပေးဦးလေ။ သူ ရှင့်အတွက် ကျောက်ဖြတ်ပေးထားတာလေ”

မော့ချွမ်း နားလည်သွားပြီး ထိုလူ၏ QR code ကို စကင်ဖတ်ကာ (၅၀)ဟူသော ဂဏန်းကို ရိုက်နှိပ်လိုက်သည်။

ဤမျှလောက် သေးငယ်သော ကျောက်လေးအတွက် ယွမ်(၅၀)ဆိုလျှင် လုံလောက်ပြီဟု သူ ယူဆ၏။

အန်နာဂူ ဖုန်းမျက်နှာပြင်ကို ချက်ချင်း လှမ်းပိတ်လိုက်ပြီး ပြောလိုက်သည်။

“ရှင် အင်ပါယာကျောက်စိမ်းကို ဖြတ်ထားတာလေ။ ဟုန်ပေါင်းပေးရမယ်လေ”

စည်းကမ်းချက်များ ဤမျှလောက် များပြား၏။ သူ (၆၆၆)ဟု ပြန်လည်ရိုက်နှိပ်လိုက်မှသာ အန်နာဂူသည် သူ့ကို သွန်သင်ရလွယ်ကူသူ တစ်ဦးအလား ကျေနပ်အားရသော မျက်လုံးများဖြင့် ကြည့်ရှုတော့သည်။

All Chapters