အခန်း ၃၀၄
Vol. 31 Ch. 304
အခန်း (၃၀၄)
လစာပြည့်ခွင့်ရက်
မော့ချွမ်း ကျောက်ကို ဟွာကျွင်းထံသို့ ပေးလိုက်၏။ ဟွာကျွင်းသည် ၎င်းက တကယ့်ကို ကျောက်စိမ်းအစစ် ဖြစ်နေသည်ကို ချက်ချင်း မြင်တွေ့လိုက်ရ၏။
“ကောင်းတယ်”
ဟွာကျွင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မော့ချွမ်း နားမလည်နိုင်စွာ မေး၏။
“ပြတိုက်ထဲမှာ ပစ္စည်းကောင်းတွေ ဒီလောက်အများကြီး ရှိတာကို တစ်ခုနှစ်ခုလောက် ထုတ်ရောင်းရင် ငွေအများကြီးရမှာပဲ။ ဘာလို့ ဒီကျောက်တုံးတွေနဲ့ အပင်ပန်းခံနေရတာလဲ”
ကျောက်အကြမ်းထည်ကနေ ကျောက်စိမ်းအချောထည် ဖြစ်လာဖို့အတွက် အဆင့်မည်မျှ ဖြတ်သန်းရမည်မှန်း မသိသည့်အပြင် နောက်ဆုံးထွက်လာမည့် ကုန်ချောက အရည်အသွေးကောင်း၊ မကောင်းလည်း မသေချာပေ။
ဟွာကျွင်း တည်ကြည်စွာ ပြောလိုက်သည်။
“အဲဒီပစ္စည်းတွေကို ရောင်းရတာက အရမ်းအလုပ်ရှုပ်တယ်။ ကျောက်စိမ်းရောင်းရသလောက် ဘယ်လိုလုပ် လွယ်ကူမလဲ၊၊ ပြီးတော့ နောက်ပိုင်းကျရင်လည်း ဘာပြဿနာမှ တက်လာစရာ မရှိတော့ဘူးလေ”
သူမ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မြေပုံတစ်ခုကို ထုတ်ယူကာ လွန်ခဲ့သည့်ညက လုမင်လီ ပြသခဲ့သော မြေပုံနှင့် သေသေသေချာချာ နှိုင်းယှဉ်ကြည့်လိုက်၏။
“အော်... ဒီနေရာကိုး”
မော့ချွမ်းကလည်း ဘေးနားသို့ တိုးကပ်ကြည့်ရှုရင်း မေး၏။ “ဘယ်နေရာလဲ”
“လုမင်လီရဲ့ မြေကွက်က အခုခေတ်မှာဆိုရင် နိုင်ငံခြား ဖြစ်နေပြီ”
ဟွာကျွင်း မြေပုံကို ထောက်ပြရင်း ပြောလိုက်သည်။
[T/N မြန်မာနိုင်ငံလားမသိ🤣]
၎င်းသည် ယခုခေတ်တွင် ကျောက်စိမ်း အဓိကထွက်ရှိရာ နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်နေခဲ့သည်။
ဟွာကျွင်း: “နှစ်ပေါင်းများစွာ တူးဖော်လာတာတောင် အခုထိ ကျောက်စိမ်းတွေ ထွက်နေတုန်းပဲ။ ရှေးခေတ်တုန်းကဆိုရင် ဘယ်နေရာကပဲ တူးတူး တူးရတာ လွယ်ကူနေမှာ မဟုတ်ဘူးလား။ ကျွန်မတို့ တကယ်ကို ရတနာသိုက်ကြီးနဲ့ တိုးတာပဲ။ စစ်သူကြီးလု အမြော်အမြင် ရှိတယ်”
မော့ချွမ်း မနာလိုစွာ ပြောသည်။
“တောင်တစ်လုံးပဲကို။ စောင့်ကြည့်နေလိုက်ပါ။ ကျွန်တော် ရက်အနည်းငယ်အတွင်းမှာပဲ ချွေးသွေးစီးမြင်း အုပ်တစ်အုပ်ကို ခင်ဗျားအတွက် ရအောင် ယူပေးမယ်”
[ချွေးသွေးစီးမြင်းကို ဟန့်ရွှယ်ပေါက်မာလို့ တရုတ်လို့ခေါ်ပါတယ်]
ဟွာကျွင်း: “ကောင်းတာပေါ့။ ရှင် မြင်းတွေ ရလာရင် ကျွန်မ အဲ့တောင်ကို ငှားပြီးတော့ မြင်းခြံ တစ်ခု ဆောက်လိုက်မယ်”
ထိုသို့ပြောပြီးနောက် သူမ မြင်းမွေးမြူရေးခြံ ဆောက်လုပ်ရန် ဖြစ်နိုင်ခြေကို အတည်အပေါက် စတင်စဉ်းစားတော့သည်။
မော့ချွမ်း သေသေချာချာ စဉ်းစားကြည့်သည့်အခါ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရ၏။ အကယ်၍ မြင်းမွေးမြူရေးခြံ အမှန်တကယ် ဆောက်လုပ်လိုက်လျှင် မည်သူ ဒုက္ခရောက်မည်နည်း။ သူတို့တွင် လူသုံးယောက်သာရှိပြီး သူတစ်ဦးတည်းသာ အမျိုးသားဖြစ်ကာ မြင်းများနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ထိုသို့ဆို သူသည် နေ့ဘက်တွင် မြင်းများကို အစာကျွေးရမည်ဖြစ်ပြီး ညဘက်တွင် မုန့်ဆိုင်ဖွင့်ရတော့မည် မဟုတ်လော။
လုံးဝ မဖြစ်နိုင်ချေ။
မော့ချွမ်း အလျင်အမြန်ပင် ပြော၏။
“ထားလိုက်ပါတော့။ မြင်းတွေက အနံ့အရမ်းဆိုးတယ်။ ခင်ဗျား အကျင့်နဲ့ မဖြစ်ပါဘူး”
“ကိစ္စမရှိပါဘူး၊၊ ရှင် ရှိနေတာပဲ မဟုတ်ဘူးလား”
‘အဲဒါ ပြောတာပေါ့၊ ပြောသားပဲ’
မော့ချွမ်း အံကြိတ်ရင်း ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော် မြက်ခင်းပြင်ကနေ ထွက်လာတာ ကြာပြီဖြစ်လို့ အဆက်အသွယ်တွေ ပျက်ကုန်ပြီ။ မြင်းတွေရဖို့က မလွယ်ကူတော့ဘူး”
ဟွာကျွင်း ပခုံးတွန့်ပြရင်း ပြော၏။
“ဒါဆိုရင်လည်းထားလိုက်ပါတော့၊၊ ကျွန်မမှာလည်း အဲလောက်အထိ အင်အားမရှိပါဘူး”
မော့ချွမ်း စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
သူမ ကျောက်စိမ်းကို ဆက်လက် အမွှန်းတင် ခံစားနေ၏။ မော့ချွမ်း ခဏတာမျှ စဉ်းစားပြီးနောက် တွန့်ဆုတ်စွာ မေးလိုက်သည်။
“ကျွန်တော် ထင်တာတော့ အန်နာဂူက ဒီကျောက်တွေကို အရမ်းသဘောကျပုံရတယ်၊၊ ပြီးတော့ ဒီတစ်ခေါက်လည်း သူ ကျွန်တော့်ကို လိုက်ပို့ပေးတာလေ။ ကျွန်တော်တို့ သူ့ကို ပေးဖို့ တစ်တုံးလောက် ရွေးလိုက်ရင် အဆင်ပြေမလား”
“ရှင် ကျောက်ဖြတ်တဲ့နေရာကို ဒီလောက် မြန်မြန်ဆန်ဆန် ရှာတွေ့တာ ဘာကြောင့်လဲဆိုတာ ကျွန်မ အခုမှ သိတော့တယ်။ မိန်းကလေးဂူက ရှင်နဲ့အတူ လိုက်ပေးတာကို အစကတည်းက မပြောရတာလဲ”
ဟွာကျွင်း သူ့ကို အပြစ်တင်စကား ဆိုလိုက်သည်။
သူတစ်ပါးအပေါ် ကျေးဇူးကြွေး တင်ရှိနေပါက ချက်ချင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်၏။ ဟွာကျွင်း ပြစ်မျိုးမှဲ့မထင် အကောင်းဆုံး ကျောက်စိမ်းအပိုင်းအစတစ်ခုကို သေသေသေချာချာ ရွေးချယ်ပြီး မော့ချွမ်းထံ ကမ်းပေးလိုက်သည်။
“ကျောက်အကြမ်းထည်အတိုင်း ပေးရတာက အဆင်မပြေဘူး။ ဒါပေမဲ့ မိန်းကလေးဂူက ကျွမ်းကျင်သူတစ်ဦးပဲလေ။ ဆွဲပြားပဲလုပ်လုပ်၊ နားကပ်ပဲလုပ်လုပ် သူ့ဘာသာ ဆုံးဖြတ်ပါစေ”
ထို့နောက် သူမ မော့ချွမ်းကို မေးလိုက်၏။
“ရာသီဥတု ဒီလောက်တောင် ပူနေတာ။ သူ ရှင်နဲ့အတူ တစ်မနက်ခင်းလုံး လိုက်ပေးခဲ့တာကို ရှင် သူ့ကို ထမင်းတစ်နပ်တောင် မကျွေးခဲ့ဘူးလား”
မော့ချွမ်း: “မသင့်တော်ဘူး”
“ရှေးဆန်လိုက်တာ”
ဟွာကျွင်း မျက်စောင်းထိုးလိုက်ရင်း မေး၏။
“ရှင် နို့လက်ဖက်ရည်၊ ကော်ဖီ ဒါမှမဟုတ် ရေခဲမုန့်လေးတောင် ဝယ်မကျွေးခဲ့ဘူးလား”
မော့ချွမ်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ “ကျွန်တော် အဲဒါတွေကို မတွေးမိလိုက်ဘူး”
“ဒါရိုက်တာဂူက တကယ်ကို စိတ်သဘောထား ကောင်းလွန်းတယ်။ ကျွန်မသာဆိုရင် ရှင့်ဖုန်းနံပါတ်ကို သေချာပေါက် ဘလော့လိုက်မှာ၊၊ သူ ရှင်နဲ့အတူ တစ်နေ့ခင်းလုံး လိုက်ပေးခဲ့တာ ကျေးဇူးတင်စကားတစ်ခွန်းတောင် မရလိုက်ဘူး။ ရှင် အဲ့အချိန်တည်းက ကျောက်စိမ်းအပိုင်းအစတစ်ခုကို ပေးခဲ့သင့်တာ”
“ကျွန်တော် ခင်ဗျားရဲ့ ပစ္စည်းတွေကို ကိုယ့်သဘောအတိုင်း ဘယ်လိုလုပ် စီမံလို့ရမှာလဲ”
မော့ချွမ်းက ပြန်လည်ချေပသည်။
“အပြစ်ကို လွှဲမချနဲ့၊၊ ကျွန်မ အဲဒီလောက်အထိ သဘောထားသေးသိမ်တဲ့လူ မဟုတ်ဘူး”
ဟွာကျွင်း မတ်တတ်ရပ်လိုက်ပြီး သူ့ကို အမိန့်ပေးလိုက်သည်။
“ကျွန်မ မသိဘူး၊၊ ဒါရိုက်တာဂူက ကျွန်မရဲ့ အရေးကြီးတဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ ရှင် သူ့ကို ညစာဖိတ်ကျွေးပြီး ဒီကျောက်စိမ်းကို ပေးလိုက်ပါ”
မော့ချွမ်း: “ကျွန်တော် မသွားဘူး။ မနက်ဖြန်မှပဲ ပြောကြတာပေါ့”
ဟွာကျွင်းက ဆိုဖာပေါ်က အင်္ကျီကို လှမ်းယူပြီး မော့ချွမ်းကို လိုက်ရိုက်တော့၏။
“ရှင် သွားမလား၊ မသွားဘူးလား။ လစာပြည့်ခွင့်ရက် ပေးတာတောင် မသွားဘူးလား”
မော့ချွမ်းသည် ပုံမှန်အားဖြင့် အလုပ်နှစ်ခုသာ လုပ်ချင်သူ ဖြစ်သည်။ အစားစားခြင်းနှင့် မုန့်ဆိုင်ကို သန့်ရှင်းရေးလုပ်ခြင်းတို့ ဖြစ်၏။ ထိုအရာများထက် ပို၍ လုပ်ကိုင်ရခြင်းက စွမ်းအင် ဖြုန်းတီးခြင်း ဖြစ်သည်ဟု သူ ယူဆသည်။
သို့သော် ဘာမှမတတ်နိုင်ချေ။ သူသည် ဟွာကျွင်းကို အကြောက်ဆုံး ဖြစ်၏။ သူ အာခံရန် ကြိုးစားသည့် အကြိမ်တိုင်းတွင် သူမ၏ နှိပ်ကွပ်ခြင်းကိုသာ ခံရသည်။ သူ ဘာမှမတတ်နိုင်ဘဲ အသနားခံလိုက်ရတော့သည်။ “ကျွန်တော် သွားပါ့မယ် သွားပါ့မယ်၊၊ ရပြီလား”
ဟွာကျွင်း ခါးထောက်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောတော့၏။
“ရှင့် အဝတ်အစားကိုလည်း ကြည့်ဦး။ ဒီလောက် ပူအိုက်တဲ့ ရာသီဥတုမှာ ဘာလို့ လက်ရှည်အင်္ကျီကို ဝတ်ထားရတာလဲ။ ကြယ်သီးတွေကလည်း လည်ပင်းအထိ တပ်ထားတာ။ ကျွန်မ ကြည့်ရင်းတင် ပူအိုက်လာပြီ။ ကျွန်မ ရှင့်အတွက် ဝယ်ပေးထားတဲ့ တီရှပ် တွေကော ဘယ်ရောက်ကုန်ပြီလဲ”
“အဲဒါတွေ ဝတ်တာ မသင့်လျော်ဘူး”
ဟွာကျွင်း သူ့ကို စိုက်ကြည့်လိုက်ရင်း ပြော၏။
“ရှင် ‘ရောမရောက်ရင် ရောမလိုကျင့်’ ဆိုတဲ့ စကားကို သိလား။ ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။ ပြီးတော့ သူများရဲ့ ဝတ်စားဆင်ယင်မှုကို မသင့်လျော်ဘူးလို့ မပြောနဲ့”
မော့ချွမ်း ရှက်ရွံ့စွာ နှုတ်ခမ်းဆူလိုက်မိသည်။ သူက ထိုစကားကို ပြောခဲ့ပြီးပြီ ဖြစ်၏။
“ရှင် ဒါရိုက်တာဂူကို အဲဒီလို ပြောလိုက်တာလား”
ဟွာကျွင်း၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံ မြည်သွား၏။
မော့ချွမ်း: “...”
“ပထမအချက်၊ မိန်းကလေးတစ်ယောက်ကို အဲဒီလို လျှောက်မပြောရဘူး။ လူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်သလို ဝတ်ဆင်ခွင့် ရှိတယ်။ ဒုတိယအချက်၊ ရှင်က ကိုယ့်ကိုယ်ကိုယ် ရှေးခေတ်က လူတစ်ယောက် ဖြစ်ကြောင်း သိအောင် လိုက်ပြောနေတာလား”
မော့ချွမ်း: “ကျွန်တော်တို့မှာ လျှို့ဝှက်ချက်ထိန်းသိမ်းခြင်း သဘောတူညီချက် ရှိတာပဲလေ”
ဟွာကျွင်း သူ့ကို ဆက်ပြောရန် ပျင်းရိသွားတော့သည်။ “သွား တီရှပ် သွားလဲလိုက်တော့”
မော့ချွမ်းက အလျင်အမြန်ပင် ပြန်လည်တုန့်ပြန်သင်ယူလိုက်၏။
“ကျွန်တော့်မှာလည်း ဝတ်ချင်တာဝတ်ဖို့ လွတ်လပ်ခွင့် ရှိတယ်”
သို့သော် ဟွာကျွင်းတွင် ဗီတိုအာဏာ ရှိနေ၏။
“မရှိဘူး။ ရှင့်မှာ မရှိဘူး”
အန်နာဂူတွင် ညစာချိန်းဆိုမှုတစ်ခု ရှိသည်။ သူမ စားသောက်ဆိုင် အဝင်ဝသို့ ရောက်ရှိချိန်မှာပင် မော့ချွမ်းဆီမှ ဖုန်းဝင်လာသည်။
“မင်္ဂလာပါ ဒါရိုက်တာဂူ။ ညစာစားဖို့ အပြင်ထွက်ခဲ့ပါလား။ ကျွန်တော့်မှာ ခင်ဗျားအတွက် ပေးစရာ ပစ္စည်းတစ်ခု ရှိလို့ပါ”
အန်နာဂူ ပြောစရာ စကားမဲ့သွား၏။ “ပထမအချက် ကျွန်မ နာမည်က မင်္ဂလာပါမဟုတ်ဘူး။ ပြီးတော့ ဒုတိယအချက် ကျွန်မကို ဒါရိုက်တာဂူလို့ မခေါ်ပါနဲ့။ ကျေးဇူးတင်ပါတယ်”
မော့ချွမ်း ဖုန်းကို တိုက်ရိုက် ချပစ်လိုက်မည်ကို စိုးရိမ်သဖြင့် သူမ ဆက်ပြောလိုက်၏။ “ဘိတ်စ် အနောက်တိုင်းစားသောက်ဆိုင်ကို လာခဲ့ပါ၊၊ ကျွန်မ အဝင်ဝမှာ စောင့်နေမယ်”
မော့ချွမ်း ဖုန်းချလိုက်ပြီး လမ်းညွှန်ချက်အတိုင်း ဆယ်မိနစ်အတွင်း ရောက်ရှိလာသည်။
အန်နာဂူ အတော်လေး အံ့အားသင့်သွား၏။
“ရှင် အချိန်တိုလေးအတွင်း အဝတ်အစားတွေတောင် လဲခဲ့တာလားဟင်”
မီးခိုးရောင်တီရှပ်နှင့် အပြာနုရောင် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားမှုက နေ့လယ်ပိုင်းထက်စာလျှင် ပိုမို လန်းဆန်းသန့်ရှင်းသော ပုံစံ ပေါက်နေသည်။
မော့ချွမ်း သူ့လက်ထဲရှိ လက်ဆောင်အိတ်ကို အန်နာဂူထံ ကမ်းပေးလိုက်ရင်း ပြော၏။
“ဒါက ခင်ဗျားအတွက် ကျေးဇူးတင်လက်ဆောင်ပါ”
အန်နာဂူ ဖွင့်ကြည့်လိုက်သည့်အခါ ကော်ဖီတစ်ခွက်၊ နို့လက်ဖက်ရည် တစ်ခွက်၊ ရေခဲမုန့်တစ်ခုနှင့် လှပစွာ ထုပ်ပိုးထားသော သေတ္တာလေးတစ်လုံးကို တွေ့လိုက်ရသည်။
ဤသည်မှာ မော့ချွမ်း၏ စိတ်ကူးမဟုတ်မှန်း သူမ သေချာပေါက် သိလိုက်၏။
သူမ မော့ချွမ်းကို မေးလိုက်၏။
“ကျွန်မ သူငယ်ချင်းသုံးယောက်ကို ညစာဖိတ်ထားတာ ရှိတယ်။ အဆင်ပြေပါ့မလား”
မော့ချွမ်း ခေါင်းခါပြသည်။ ဟွာကျွင်း မှာကြားထားသည့် အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သရွေ့ သူတို့ကို ဧည့်ခံကျွေးမွေးရန်အတွက် ငွေအနည်းငယ် ပိုမိုသုံးစွဲရုံသာ။
အန်နာဂူ၏ အတန်းဖော်များ ကြိုတင်ရောက်ရှိနေကြပြီး သူမကို မြင်သည်နှင့် အလျင်အမြန် လှမ်း၍ လက်ဝှေ့ယမ်းပြကြသည်။
အန်နာဂူ စားပွဲနားသို့ ရောက်ရှိသွားသည့် အချိန်မှသာ သူမ အနောက်တွင် ရုပ်ရည်ခန့်ညားပြီး ထင်ရှားသော သွင်ပြင်လက္ခဏာရှိသည့် အမျိုးသားတစ်ဦး လိုက်ပါလာသည်ကို သူတို့ သတိပြုမိကြတော့၏။
“ဝေါင်း၊ ဒီလူချောက ဘယ်ကနေ ရောက်လာတာလဲ။ အန်နာ နင် တကယ် လျှို့ဝှက်ထားနိုင်တာပဲ”
အန်နာဂူ၏ အမျိုးသမီးသူငယ်ချင်းတစ်ဦး သူမကို အရင်ဆုံး စနောက်လိုက်သည်။
“လျှောက်မပြောနဲ့”
အန်နာဂူ ပြောလိုက်သည်။
“သူက ငါ့ရဲ့ သာမန်သူငယ်ချင်းတစ်ယောက်ပဲ”
“အော် သာမန်သူငယ်ချင်းကို ဒီခေါ်လာတာပေါ့”
ထိုမိန်းကလေး စနောက်သော လေသံဖြင့် သံရှည်ဆွဲ၍ ပြောလိုက်သည်။
အခြားအမျိုးသားတစ်ဦးက ရယ်မောရင်း ပြော၏။ “ရှောင်လင်း မင်းကတော့ တကယ်ပဲဟာ။ လျှို့ဝှက်ချက်ကို ဘယ်အချိန်မှာ ထိန်းသိမ်းရမလဲဆိုတာ မသိဘူးလားဟင်”
ထိုသို့ပြောပြီးနောက် သူတို့အားလုံး အတူတူ ရယ်မောလိုက်ကြတော့သည်။
ထိုနေရာတွင် ထိုင်နေသော အခြားအမျိုးသားတစ်ဦးက ဤစကားကို ကြားသည့်အခါ သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး သဘာဝမကျစွာ ပြုံးလိုက်သည်။ သူ မီနူးကို အန်နာဂူထံ တွန်းပို့ပေးလိုက်ရင်း မေးလိုက်၏။
“ငါတို့အားလုံး မှာပြီးပြီ အန်နာ။ မင်း ဘာစားချင်လဲ”
သူ မော့ချွမ်းကို တစ်ချက်ကြည့်ပြီးနောက် ပြော၏။ “မင်း ကမာကောင် ကြိုက်တတ်တယ်မလား။ ဒီဆိုင်က ကမာကောင်တွေက အရည်အသွေးအရမ်းကောင်းတယ်။ ငါ ခုနကတင် မေးကြည့်တာ ပြင်သစ်ကနေ ဒီနေ့ပဲ လေကြောင်းက တိုက်ရိုက်သယ်ယူလာတဲ့ ပစ္စည်းတွေတဲ့။ ငါ နင့်အတွက် မှာပေးထားတယ်”
သာမန်လူများအတွက် ဤစကားသည် အင်မတန်ရင်းနှီးကျွမ်းဝင်ကြောင်း ကြေညာနေသည့်ပုံစံ ပေါက်နေသော်လည်း မော့ချွမ်းက မည်သူနည်း။ သူ သာမန်လူတစ်ယောက် လုံးဝမဟုတ်ချေ။
သူ အန်နာဂူ၏ ဘေးတွင် မျက်နှာသေဖြင့် ဝင်ထိုင်လိုက်ပြီး ထိုအမျိုးသား ပြောဆိုသမျှ စကားလုံးများကို လုံးဝ စိတ်ဝင်စားခြင်း မရှိဘဲ တည်ငြိမ်စွာဖြင့်သာ ရှိနေသည်။