← Chapters

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း (၃၀၅)

အင်တာနက်ဆယ်လီ သက်သက်ပါပဲ

အန်နာဂူ ထိုအမျိုးသားကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် မော့ချွမ်းတစ်ယောက် အနောက်တိုင်းသုံး ဓားနှင့် ခက်ရင်းကို အသုံးပြုတတ်ပါ့မလားဟူ၍ တွေးမိသွားသည်။ သူ ကောင်းကောင်းမစားနိုင်၍ အခြားသူများလှောင်ပြောင်ခြင်း ခံရမည်ကို စိုးရိမ်မိပြီး သူ့ကို ဤနေရာသို့ ခေါ်လာမိခြင်းအတွက် အနည်းငယ် နောင်တရသွားမိ၏။

“မော့ချွမ်း ရှင်စတိတ်စားရတာ အဆင်မပြေရင် ပါစတာ အရင်မှာစားမလား”

“ကျွန်တော် အဆင်ပြေပါတယ်”

မော့ချွမ်း စိတ်ထဲက တွေးလိုက်သည်။

‘အသားစားစရာ ရှိနေတာကို ဘာလို့ ခေါက်ဆွဲ သွားစားမှာလဲ’

ဤငတုံးလေး သူမ အရိပ်အမြွက်ကို လုံးဝနားမလည်သည်ကို မြင်သောအခါ အန်နာဂူ မီနူးကို သူ့ထံ ကမ်းပေးလိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။

“ရှင်ပဲ မှာလိုက်တော့”

ထိုအချိန်တွင် ထိုယောက်ျားလေးက လူကြီးလူကောင်းဆန်ဆန်ဖြင့် ဝင်ပြော၏။

“ဒီနေ့ဝိုင်းကို ငါပဲ ဒိုင်ခံရှင်းမယ်။ ကြိုက်တာသာ မှာကြပါ”

သူသည် မော့ချွမ်း၏ သာမန်ဝတ်စားဆင်ယင်မှုကို မြင်သဖြင့် ကြွယ်ပြချင်နေခြင်း ဖြစ်၏။ အမျိုးသားဟူသည် ကိုယ်သဘောကျသော အမျိုးသမီးရှေ့တွင် ဂုဏ်ပကာသန ပြချင်ကြသည်မှာ သဘာဝပင် မဟုတ်လော။

သူနှင့်အတူ ပါလာသော မိန်းကလေး ပြုံးကာ ပြောလိုက်သည်။

“အစ်ကိုဝမ်ကျွင်းက တကယ် သဘောကောင်းတာပဲ။ တို့တွေလည်း အန်နာ့ကျေးဇူးနဲ့ ကောင်းကောင်းစားရတော့မှာပေါ့”

မော့ချွမ်းကတော့ ဝမ်ကျွင်းပြောသည့် ဒီနေ့ဝိုင်းကို ဒိုင်ခံရှင်းမယ် ဆိုသည့်စကားကို နားမလည်ချေ။ သူ့အာရုံက မီနူးပေါ်တွင်သာ ရှိနေပြီး အကောင်းဆုံးအရာများကိုသာ ရွေးချယ်မှာယူလိုက်တော့သည်။

“မီးသွေးကင် တိုမာဟော့ခ်စတိတ်ခ် တစ်ပွဲ၊ ထရပ်ဖယ်အွန်ဆန်ကြက်ဥတစ်လုံးနဲ့ တွဲပေးပါ။ ဧကရာဇ်ဂဏန်း အစိမ်းသုပ် တစ်ပွဲ၊ ဘဲငန်းအသည်းကို ပျားရည်သံပရာသီးဆော့စ်နဲ့ တွဲထားတာ တစ်ပွဲ။ အိုး... ခင်ဗျားက ကမာကောင်တွေ အရမ်းကောင်းတယ်လို့ ပြောထားတယ်မဟုတ်လား၊ အဲဒါဆို ကျွန်တော့်အတွက် လေးကောင် ထုပ်ပိုးပေးပါဦး၊ ပြန်ယူသွားမလို့”

စားပွဲတစ်ခုလုံး ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားပြီး ဝမ်ကျွင်း၏ မျက်နှာလည်း အလွန်အမင်း ပျက်ယွင်းသွား၏။

ဤစားသောက်ဆိုင်က ဈေးမပေါချေ။ ပုံမှန်အားဖြင့် တစ်ဦးလျှင် ပျမ်းမျှ ယွမ်(၄၀၀) မှ (၅၀၀)ခန့် ကျသင့်သော်လည်း မော့ချွမ်း တစ်ယောက်တည်း မှာလိုက်သည်မှာ ယွမ်(၃၀၀၀)နီးပါး ရှိနေပြီး စတိတ်တစ်မျိုးတည်းတင် ယွမ်(၂၀၀၀)ကျသင့်နေပြီ ဖြစ်သည်။

၎င်းအပြင် သူက ပါဆယ်ပါ မှာသေး၏။ သူသည် အစမှအဆုံး ဝမ်ကျွင်းကို တစ်ခွန်းမျှ မမေးမြန်းချေ။ ဤသည်မှာ အရှက်ခွဲလိုက်ခြင်းပင်။

“ဟို... ဒီကလူကြီးမင်း”

အဖွဲ့ထဲက အခြားအမျိုးသားတစ်ဦးက ဒုက္ခရောက်နေသော ဝမ်ကျွင်းဘက်ကနေ ဝင်ပြောပေးရန် ဆုံးဖြတ်လိုက်၏။

“တိုမာဟော့ခ် စတိတ်ဆိုတာ ပုံမှန်အားဖြင့် တစ်ဝိုင်းကို တစ်ပွဲပဲ မှာကြတာဗျ။ ကြည့်ဦးလေ ကျွန်တော်တို့အားလုံးလည်း စတိတ်တွေ မှာထားကြပြီးပြီဆိုတော့ ခင်ဗျားတစ်ယောက်တည်း ကုန်မှာ မဟုတ်...”

“ကျွန်တော် ကုန်အောင် စားနိုင်ပါတယ်”

တိုမာဟော့ခ်စတိတ်ဆိုသည်မှာ အရိုးနွှင်လိုက်လျှင် အသားက အများကြီး မရှိချေ။ သူ တစ်နေ့ကုန် လျှောက်သွားနေခဲ့ရသဖြင့် အလွန် ဆာလောင်နေသည်။

အန်နာဂူ အထင်လွဲမှုများ ရှိနေသည်ကို သိသဖြင့် ပြုံးကာ ပြောလိုက်၏။

“ဝမ်ကျွင်း နင် ဘာလို့ ငါတို့ကို ဧည့်ခံကျွေးမွေးနေရမှာလဲ။ ဂိုဒတ်ခ်ျပဲ လုပ်ကြရအောင်”

မော့ချွမ်း: “ဂိုဒတ်ခ်ျဆိုတာ ဘာလဲ”

“အဲဒါက လူတိုင်း ကိုယ်ကျသင့်တဲ့ဟာကို ကိုယ့်ဘာသာ ရှင်းရတာကို ပြောတာပါ”

အန်နာဂူက ရှင်းပြလိုက်သည်။

ဝမ်ကျွင်း စိတ်ထဲတွင် အထင်သေးသွား၏။

‘ဒီတောသားက ဘယ်ကနေ ရောက်လာတာလဲ။ ဂိုဒတ်ခ်ျ ဆိုတာကိုတောင် မသိဘူး’

မော့ချွမ်း ဤစကားကို ကြားရသည့်အခါ သူ့ဘက်က ကျွေးမည်ဟု ပြောထားပြီးဖြစ်သဖြင့် ပြောလိုက်သည်။

“မဖြစ်ပါဘူး။ ကျွန်တော်ပဲ ကျွေးပါ့မယ်”

ထိုမိန်းကလေးက တခစ်ခစ် ရယ်မောလိုက်ပြီး စနောက်၏။

“ဘယ်က ချမ်းသာတဲ့ သခင်လေး လူ့ပြည်ကို ဆင်းသက်လာတာလဲမသိဘူး။ တကယ်ကို ရက်ရောတာပဲ”

ဝမ်ကျွင်း ဒီတောသား ဟင်းပွဲတွေရဲ့ ဈေးနှုန်းကိုကော သိရဲ့လားဟု တွေးကာ နှာခေါင်းရှုံ့လိုက်သည်။

“မင်း အခုမှာလိုက်တဲ့ ဘဲငန်းအသည်းက စားကောင်းတယ်။ ငါတို့အားလုံးအတွက် တစ်ယောက်တစ်ပွဲစီ မှာလိုက်ရင် ဘယ်လိုလဲ”

ပျားသံပရာဆော့စ်နှင့် ဘဲငန်းအသည်းသည် တစ်ပွဲလျှင် (၉၈) ယွမ် ကျသင့်သည်။

မော့ချွမ်း စားပွဲထိုးကို ပြောလိုက်၏။ “နောက်ထပ် လေးပွဲ ထပ်တိုးပေးပါ”

ဝမ်ကျွင်းက ထောင်ချောက်ဆင်ခြင်းကို ဆက်လက် ပြုလုပ်သည်။

“ဒါမှမဟုတ် ဝိုင်တစ်ပုလင်းလောက် ဖွင့်မလား။ မင်း ဆိုင်ကယ်မောင်းရဦးမှာလားတော့ မသိဘူးနော်”

မော့ချွမ်း အန်နာဂူကို မေးလိုက်၏။

“ဆိုင်ကယ်တွေကိုရော အရက်မူးပြီး မောင်းတာ ရှိ၊ မရှိ စစ်ဆေးတတ်လား”

အန်နာဂူ: “စစ်ဆေးပါတယ်..”

မော့ချွမ်း: “ဒါဆိုရင်တော့ ကျွန်တော် မသောက်တော့ဘူး။ ခင်ဗျားတို့ဘာသာ တစ်ပုလင်း မှာသောက်ကြပါ”

‘သူ ဆိုင်ကယ်နဲ့ လာတာကိုး’

ဝမ်ကျွင်း စိတ်ထဲတွင် အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွား၏။ သူလည်း ညတွင်းချင်း အနားကမြို့သို့ အမြန်ပြန်ရမည်ဖြစ်ပြီး အငှားမောင်းသမားအတွက် ပိုက်ဆံမသုံးစွဲချင်သဖြင့် အရက်မသောက်တော့ပေ။

“ဒါဆိုရင်လည်း ထားလိုက်ပါတော့။ တို့တွေ ဖျော်ရည်ပဲ သောက်ကြတာပေါ့”

ဟင်းပွဲများ ရောက်ရှိလာသည့်အခါ မော့ချွမ်း စကားမပြောတော့ဘဲ အစားစားခြင်းအပေါ်၌သာ အာရုံစိုက်တော့သည်။

အန်နာဂူ သူ အနောက်တိုင်းဓားနှင့် ခက်ရင်းကို အသုံးမပြုတတ်မည်ကို စိုးရိမ်လိုက်သော်လည်း ကျွမ်းကျင်စွာ အသုံးပြုနေသည်ကို မြင်တွေ့ရသည့်အခါ စိတ်အေးသွား၏။ မည်သို့ပင်ဆိုစေ မော့ချွမ်း၏ စိတ်က ခန့်မှန်းရခက်၏။ သူ စိတ်မသက်မသာဖြစ်ပြီး နေရာတွင်ပင် စားပွဲမှောက်ကာ ပြဿနာရှာမည်ကို သူမ တကယ် ကြောက်ရွံ့နေသည်။

ထို့ပြင် စိတ်ထဲကနေလည်း မော့ချွမ်း အရှက်ကွဲမည်ကို သူမ မမြင်ချင်ပေ။

သူမသည် မော့ချွမ်း လူ့အဖွဲ့အစည်းနှင့် တစ်သားတည်းမကျသဖြင့် လှောင်ပြောင်ခံရမည်ကို မလိုလားချေ။

သူတို့ စားပွဲပေါ်တွင် ဘူမိဗေဒနှင့် သတ္တုတွင်းထွက် ပစ္စည်းများအကြောင်း ပြောဆိုနေကြပြီး မော့ချွမ်းကတော့ ဘာမှနားမလည်သည့်အပြင် စိတ်လည်းမဝင်စားဘဲ အစားကိုသာ သေသေချာချာ စားနေသည်။

မော့ချွမ်း ဓာတ်ပုံအချို့ကို အသာအယာရိုက်ပြီး ဟွာကျွင်းထံ ပေးပို့လိုက်ကာ သူမကို သွယ်ဝိုက်၍ လှောင်ပြောင်လိုက်၏။

“ဒီဆိုင်က ဟင်းပန်းကန် ပြင်ဆင်ပုံကို ကြည့်ဦး။ သူတို့အပြင်အဆင်ကိုလည်း ကြည့်ဦး”

ဟွာကျွင်း အရှုံးမပေးဘဲ ပြန်ပြောသည်။

“သူတို့ဆိုင်က အရပ် (၁၉၀) စင်တီမီတာရှိတဲ့ ယဉ်ကျေးပြီး ချောမောတဲ့ လူချောလေးတွေကိုလည်း ကြည့်ဦး”

ဤစားသောက်ဆိုင်သည် စားပွဲထိုးများအားလုံး အရပ် (၁၉၀) စင်တီမီတာ ရှိကြပြီး တစ်ယောက်ထက်တစ်ယောက် ပိုမိုခန့်ညားကာ ဝန်ဆောင်မှု ကောင်းမွန်ခြင်းကြောင့် နာမည်ကြီးသည်။

မော့ချွမ်း ကောင်းကင်ကို မော့ကြည့်ရင်း မျက်လုံးလှန်လိုက်ပြီး ဖုန်းကို စားပွဲပေါ်တွင် မှောက်ထားလိုက်ကာ အစားစားခြင်းကိုသာ အာရုံစိုက်တော့၏။

စားသောက်ပြီးနောက် မော့ချွမ်း စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။

“ကျွန်တော် အခုစားခဲ့တဲ့ ဟင်းပွဲအားလုံးကို ပါဆယ်တစ်ပွဲစီ ထပ်ထုပ်ပေးပါဦး”

ထို့နောက် သူ ငွေကို ချက်ချင်း လျင်မြန်စွာ ရှင်းလိုက်သည်။

သူတို့ ကျသင့်ငွေကို ကြားရသည့်အခါ သူ မျက်တောင်တစ်ချက်ပင် မခတ်ချေ။ လူတိုင်း သူ့မျက်နှာအမူအရာကို သေသေချာချာ စောင့်ကြည့်နေကြပြီး သူ ဟန်ဆောင်နေခြင်း မဟုတ်မှန်း မြင်တွေ့ရသည့်အခါမှ ချမ်းသာသော မိသားစုတစ်ခုမှ သခင်လေးတစ်ဦးဖြစ်ရမည်ဟု ပိုမို ယုံကြည်သွားကြတော့သည်။

သူတို့သည် အန်နာဂူ လုမိသားစုနှင့် ရင်းနှီးသည်ဟု ကြားဖူးထားကြသဖြင့် မော့ချွမ်းတွင် ငွေရှိနေခြင်းကို မအံ့ဩကြတော့ချေ။

သူတို့ စားသောက်ဆိုင်အဝင်ဝသို့ လျှောက်လာကြပြ အန်နာဂူ သူမ သူငယ်ချင်းများနှင့် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုနေကာ မော့ချွမ်းကတော့ ပုံမှန်မဟုတ်စွာ ဘေးနားတွင် မည်သည့် စိတ်မရှည်မှုမျှ မပြ မတ်တတ်ရပ် စောင့်ဆိုင်းပေးနေ၏။

ထိုအချိန်တွင် မိန်းကလေးအချို့ ဖြတ်လျှောက်သွားကြပြီး မော့ချွမ်းကို မြင်သည်နှင့် တိုးတိုးတိုးတိုးဖြင့် အချင်းချင်း စတင် တီးတိုးပြောဆိုကြတော့သည်။

ခဏအကြာတွင် ထိုမိန်းကလေးများထဲမှ တစ်ဦး သူမ၏ သူငယ်ချင်းများ တွန်းပို့မှုကြောင့် မော့ချွမ်း၏ ရှေ့သို့ ရောက်ရှိလာ၏။ သူမ မျက်နှာလေး နီမြန်းလျက် မေးလိုက်သည်။

“ဟို ရှင်က ပြတိုက်ထဲမှာ ယပ်တောင်ပေါ်မှာ စာရေးပေးတဲ့ လူချောလေး မဟုတ်လား”

မော့ချွမ်း ထူးဆန်းသွား၏။ သူ့လက်ရေးက ဤမျှလောက်အထိ နာမည်ကြီးသွားပြီလော။

သူ ခေါင်းငြိမ့်ပြလိုက်သည်။

“အာ၊ ငါ ပြောသားပဲ။ သူပဲ ဖြစ်ရပါမယ်ဆို”

“အိုးမိုင်ဂေါ့ဒ် သူ လိုက်ဖ်လွှင့်တာထက်စာရင် အပြင်မှာ ပိုပြီးတော့တောင် ခန့်ညားသေးတယ်”

“ငါတို့ ဓာတ်ပုံတူတူ ရိုက်လို့ရမလားဟင်”

ထိုမိန်းကလေးများသည် အချင်းချင်း ပြန်လည် တီးတိုးပြောဆိုနေကြသော်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် အသံကို တိုးမထားနိုင်ကြချေ။

ထို့ကြောင့် ထိုမိန်းကလေး သူမ သူငယ်ချင်းများ၏ ထပ်မံတွန်းပို့မှုကြောင့် ရှေ့သို့ ရောက်လာပြန်၏။ “တို့တွေ ဓာတ်ပုံတူတူ ရိုက်လို့ရမလားဟင်”

“မရပါဘူး”

မော့ချွမ်း မျက်နှာသေဖြင့် ပြောလိုက်သည်။

သူမ ငြင်းပယ်ခံရသော်လည်း စိတ်ဓာတ်မကျဘဲ ထပ်မံမေးမြန်းသည်။

“ဒါဆိုရင်... ဒါဆိုရင် ကျွန်မကို အမှတ်တရလက်မှတ် လေး ပေးလို့ရမလား”

“ဒါဆိုရင်တော့ ရပါတယ်”

မော့ချွမ်း ယခုအခါ သူ့လက်ရေးလက်ရာကို အလွန်ကျေနပ်နေတော့၏။

“ ကျေးဇူးပြုပြီး ရှောင်ဟွီ တစ်နေ့တာလုံး ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်လို့ ရေးပေးပါ”

သူမ အိတ်ထဲကနေ ဘောပင်နှင့် စာရွက်ကို ထုတ်ယူကာ မော့ချွမ်းထံ ကမ်းပေးလိုက်၏။

မော့ချွမ်း သူမ တောင်းဆိုသည့်အတိုင်း လိုလိုလားလား ရေးသားပေးလိုက်ပြီး ထပ်လောင်းပြောလိုက်သည်။ “အားနာပါတယ်။ ကျွန်တော် စုတ်တံကိုပဲ သုံးလေ့ရှိတာမလို့ ဘောပင်နဲ့ ရေးတဲ့လက်ရေးက သိပ်မကောင်းဘူး”

“ဘယ်လိုလုပ် အဲလိုဖြစ်ရမှာလဲ။ အရမ်းကောင်းပါတယ်၊၊ ကျွန်မ အရမ်းသဘောကျတယ်”

ထို့နောက် မော့ချွမ်း အခြားမိန်းကလေးများ လိုချင်သည့် စာသားများကိုလည်း စိတ်ထဲကနေ တိတ်တဆိတ် ပျော်ရွှင်စွာ ရေးသားပေးလိုက်သေး၏။

ထိုမိန်းကလေးများသည် အလွန်စိတ်လှုပ်ရှားစွာ ခြေလှမ်းအနည်းငယ် လှမ်းတိုင်း အနောက်သို့ လှည့်ကြည့်လှည့်ကြည့်ဖြင့် ထွက်ခွာသွားကြတော့သည်။

အန်နာဂူ အံ့အားသင့်စွာ မေးလိုက်၏။

“မတွေ့တာ ရက်နည်းနည်းပဲရှိသေးတယ်။ ရှင် ဘယ်လိုလုပ် အင်တာနက်ဆယ်လီ ဖြစ်သွားရတာလဲ”

ဝမ်ကျွင်း မနာလိုဖြစ်စွာ ပြောတော့၏။

“သူ ဘာလို့ ဒီလောက် ရက်ရောနေရလဲဆိုတာ မဆန်းတော့ပါဘူး။ အခုခေတ် လိုက်ဖ်လွှင့်တဲ့လူတွေက တကယ် ငွေရှာကောင်းကြတာကိုး၊ ဟူး... ဘာမှတတ်နိုင်ဘူးလေ။ ဈေးကွက်က ကျဆင်းနေတော့ တို့တွေက အင်တာနက်ဆယ်လီတွေလောက် ငွေမရှာနိုင်တော့ဘူး”

မော့ချွမ်း ဤလူ့အဖွဲ့အစည်းထဲသို့ ကောင်းမွန်စွာ မပေါင်းစည်းနိုင်သေးသော်လည်း သူကား မိုက်မဲသူတစ်ဦး မဟုတ်ပါချေ။ အကယ်၍ သူ ဝမ်ကျွင်း၏ စကားထဲက သရော်စာကို ဤအချိန်အထိ နားမလည်နိုင်သေးပါက သူ ဘဝကို အလဟဿ ဖြတ်သန်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူ ဟွာကျွင်းက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းယပ်တောင်များပေါ်တွင် အဘယ်ကြောင့် စာရေးရန် ခိုင်းစေရခြင်း အကြောင်းကို ယခုအခါ နားလည်သွားသည့်အတွက် သူ အင်တာနက်ဆယ်လီ ဖြစ်လာခြင်းက မဖြစ်နိုင်သည့်အရာ မဟုတ်ချေ။

သူ မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်၏။ “ကျွန်တော်တို့က ကိုယ့်ပြတိုက်ကိုယ် မြှင့်တင်နေတာ ပါ။ အင်တာနက်ဆယ်လီ ဖြစ်တယ်လို့ တွက်လို့မရပါဘူး”

သူသည် မိမိုက်လှသော ဆိုင်ကယ်ပေါ်သို့ ခွစီးလိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကို ကောက်ယူကာ ဆက်ပြော၏။ “ဒါရိုက်တာဂူ ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်လက်ဆောင် ပေးထားပါတယ်။ ဖွင့်ကြည့်ပြီး သဘောကျ၊ မကျ ကြည့်လိုက်ဦး။ သဘောမကျရင်တော့ နောက်တစ်ခေါက်ကျရင် ပိုပြီးကြီးတဲ့ တစ်ခုကို ပေးမယ်လို့ ဟွာကျွင်း ပြောထားပါတယ်”

ထို့နောက် သူသည် ဆိုင်ကယ်ဦးထုပ်ကို ဆောင်းလိုက်ပြီး လီဗာ ကို လှည့်ကာ ခန့်ညားစွာ ထွက်လာတော့သည်။

အန်နာဂူသည် အိတ်ထဲရှိ သေတ္တာလေးကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ပြစ်မျိုးမှဲ့မထင် အလွန်သန့်စင်လှသော အင်ပါယာကျောက်စိမ်း တစ်တုံး ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။ လမ်းဘေးမီးရောင်အောက်တွင် ၎င်းက လူတိုင်း၏ မျက်ဝန်းများကို စူးရှတောက်ပသွားစေခဲ့တော့သည်။

All Chapters