အခန်း ၃၀၆
Vol. 31 Ch. 306
အခန်း (၃၀၆)
ဧည့်သည်ကို လက်ညှိုးမထိုးရဘူး
ဝမ်ကျွင်း ထစ်ငေါ့ထစ်ငေါ့ မေးလိုက်သည်။
“ဒီ... ဒီပစ္စည်းက... အတုကြီးတော့ မဟုတ်လောက်ပါဘူးနော်”
“မစ္စတာဝမ်... ရှင်ကလည်း ကျွမ်းကျင်သူတစ်ယောက်ပဲ။ဒါ အစစ်လား၊ အတုလားဆိုတာ ခွဲခြားနိုင်ရမှာ မဟုတ်ဘူးလား”
အန်နာဂူ အနည်းငယ် မကျေမနပ် ဖြစ်သွား၏။
ဝမ်ကျွင်းသည် အန်နာဂူ၏ လေသံကို အာရုံမထားနိုင်တော့ချေ။ သူ သူမကို ဆွဲကိုင်ကာ မေး၏။
“ငါ ဒါကို အနီးကပ် သေသေချာချာ ထပ်ကြည့်လို့ရမလား”
အန်နာဂူက ကျောက်စိမ်းကို ဝမ်ကျွင်းထံ ကမ်းပေးလိုက်သည်။
ထိုအချိန်တွင် သူမ အမျိုးသမီးသူငယ်ချင်း၏ အာရုံက မော့ချွမ်း ပြောသွားခဲ့သော အခြားစကားတစ်ခွန်းအပေါ်သို့ ရောက်ရှိနေ၏။
“အန်နာ... သူပြောတဲ့ ‘ပြတိုက်’ ဆိုတာက ဘာကို ဆိုလိုတာလဲ”
အန်နာဂူ: “သူတို့ ကိုယ်ပိုင်ပြတိုက် တစ်ခု ဆောက်ထားတယ်လို့ လုကျောက်ဆီကနေ ကြားဖူးတယ်၊၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ ကျွန်မလည်း သိပ်မရှင်းဘူး”
ထိုအမျိုးသမီးသူငယ်ချင်းက အော်ဟစ်လိုက်မိသည်။ “မော့ချွမ်းရဲ့ နောက်ခံက တကယ်ကို ဘာလဲမသိဘူးနော်။ ကျေးဇူးတင်လက်ဆောင်ကို အင်ပါယာကျောက်စိမ်း ပေးတဲ့အပြင် သူ့မိသားစုက ကိုယ်ပိုင်ပြတိုက်တောင် ရှိသေးတယ်။ အန်နာ... တို့တွေ အဲဒီပြတိုက်ကို ဘယ်တော့ သွားလည်လို့ရမလဲဟင်”
အန်နာဂူ ဝမ်ကျွင်းထံမှ ကျောက်စိမ်းကို ပြန်ယူလိုက်ရင်း ပြော၏။
“တို့တွေ သေချာပေါက် သွားကြည့်ရမယ်”
ဤမျှလောက် တန်ဖိုးကြီးမားသော လက်ဆောင်ကို ရရှိခဲ့သဖြင့် သူမအနေဖြင့် ဟွာကျွင်းကို လူကိုယ်တိုင် သွားရောက်ကျေးဇူးတင်ရပေမည်။
ထို့နောက် အမျိုးသမီးသူငယ်ချင်းက ဝမ်ကျွင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အစ်ကို ဝမ်ကျွင်း... ရှင်ရော ကျွန်မတို့နဲ့အတူ လိုက်မလားဟင်”
ဤအရာအားလုံးက သူ့ အထင်ထက် ကျော်လွန်နေခဲ့သဖြင့် သူသည် ဆွံ့အမှင်တက်နေမိသည်။ သူများ လှမ်းခေါ်သည့် အချိန်မှသာ သတိပြန်ဝင်လာပြီး စိတ်ပျက်လက်ပျက်ဖြင့် ဖြေတော့၏။
“အင်း... ငါလည်း လိုက်ခဲ့မယ်”
မော့ချွမ်း မုန့်ဆိုင်တွင် မရှိသည့်အပြင် ဟွာရှန့်မှာလည်း နေ့ဘက်တွင် ကျောင်းတက်ရပြီး ညဘက်တွင် အိမ်စာလုပ်ရသဖြင့် မုန့်ဆိုင်တွင် ကူညီရန် အချိန်မရှိချေ။ ထို့ကြောင့် ယနေ့ညတွင် ဟွာကျွင်းတစ်ယောက် အလွန်အမင်း အလုပ်ရှုပ်နေသည်။
ကံကောင်းထောက်မစွာပင် ရှောင်ယွီက ဟွာကျွင်းထံသို့ လာရောက်လည်ပတ်၏။ မုန့်ဆိုင်တွင် လူအင်အား မလုံလောက်သည်ကို မြင်ရသည့်အခါ သူမ ကူညီရန်အတွက် လိုလိုလားလား ရှိနေခဲ့သဖြင့် ဟွာကျွင်း၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးသွားစေသည်။
အားမန် မီးဖိုချောင်ထဲတွင် ရှိနေပြီး ရှောင်ယွီ စားပွဲများ သန့်ရှင်းရေးလုပ်ရန် တာဝန်ယူကာ ဟွာကျွင်းကမူ ငွေကိုင်ကောင်တာနှင့် ဟင်းပွဲပြင်ဆင်ခြင်းကို ကိုင်တွယ်ရသည်။
“ဒီလို အလုပ်ရှုပ်ပြီး စိတ်ကျေနပ်ရတဲ့ ခံစားချက်မျိုး မရတာ တော်တော်ကြာနေပြီပဲ”
သူမ မချီးကျူးဘဲ မနေနိုင်ပေ။
ခဏအကြာတွင် လုမင်လီ ရောက်လာ၏။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ အင်္ကျီလက်ကို လိပ်တင်ကာ စားပွဲထိုးဝန်ထမ်းများအကြားသို့ ဝင်ရောက်ကူညီတော့သည်။
သူက ဟွာကျွင်းကို ငွေကိုင်ကောင်တာတွင်သာ အာရုံစိုက်စေပြီး သူကိုယ်တိုင်ကမူ မီးဖိုချောင်နှင့် စားသောက်ခန်းအကြားတွင် အပြေးအလွှား သွားလာရင်း ဟင်းပွဲများကို လိုက်လံပို့ဆောင်ပေး၏။
ဧည့်သည်များက ဤသည်ကို မြင်တွေ့ရသည့်အခါ အံ့အားသင့်စွာ အသက်ရှူမှားကုန်ကြသည်။
‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊၊ စစ်သူကြီးလုကို သူတို့အတွက် ဟင်းပွဲတွေ ဘယ်သူ ပို့ခိုင်းရဲမှာလဲ’
ထို့ကြောင့် သူတို့အားလုံး မီးဖိုချောင်အပြင်ဘက်ရှိ နံရံဘေးတွင် လိမ္မာယဉ်ကျေးစွာ မတ်တတ်ရပ်ရင်း အစားအစာများ ရရှိရန်အတွက် တန်းစီကြတော့သည်။
ဟွာကျွင်းလည်း အားနာသလို ခံစားလိုက်ရ၏။ လုမင်လီ၏ အဆင့်အတန်းကို ဤမျှအထိ နှိမ့်ချရန် မသင့်တော်ဟု သူမ အမြဲတမ်း တွေးမိသည်။ သူမ သူ့ကို အလျင်အမြန် ဘေးသို့ ဆွဲခေါ်လိုက်ပြီး နေရာလဲရန် ပြောလိုက်သည်။
သို့သော်လည်း လုမင်လီက ဂရုမစိုက်ပေ။
“မင်းတောင် လုပ်နိုင်တာပဲ။ ကိုယ်က ဘာလို့ မလုပ်နိုင်ရမှာလဲ”
ဧည့်သည်များ တက်တက်ကြွကြွ ရှိနေသည်ကို မြင်ရသဖြင့် သူ စီစဉ်ပေးလိုက်သည်။
“အားလုံးပဲ ကိုယ့်ထိုင်ခုံကို ပြန်သွားပေးကြပါ။ ကျွန်တော် စားပွဲနံပါတ်ကို လှမ်းခေါ်တဲ့ အခါကျမှ လာယူရင်လည်း မနောက်ကျပါဘူး”
ဧည့်သည်များကလည်း အလျင်အမြန်ပင် ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါဟု ဆိုကြပြီးနောက် ထိုင်ခုံများဆီသို့ အမြန်ပြန်သွားကြတော့သည်။
ထို့ကြောင့် မုန့်ဆိုင်အတွင်းရှိ အငွေ့အသက်များ ပြောင်းလဲသွား၏။ လုမင်လီသည် မီးဖိုချောင်ထဲကနေ ဟင်းပွဲများကို သယ်ဆောင်လာပြီး နံပါတ်တစ်ခုကို လှမ်းခေါ်လိုက်လျှင် တစ်စုံတစ်ဦးက ချက်ချင်း တုန့်ပြန်ကာ ရှေ့သို့ လာရောက်ယူဆောင်ပြီး ရိုရိုသေသေဖြင့် ဦးညွှတ်၍ ပြန်သွားကြသည်။
‘တကယ့်ကို အဆင်ပြေတာပဲ’
ဟွာကျွင်း စိတ်ထဲတွင်တွေးနေမိ၏။
‘ငါတို့တွေ ဘာလို့ ဒါကို စောစောကတည်းက မလုပ်ခဲ့ကြတာလဲ’
သို့သော်လည်း အားနည်းချက်တစ်ခု ရှိနေသည်။ မည်သည့်ဧည့်သည်မျှ စကားစမြည် မပြောဆိုရဲကြတော့ချေ။ သူတို့အားလုံး တိတ်ဆိတ်စွာသာ အစားကို ငုံ့စားနေကြတော့သည်။
ဟွာကျွင်း လုမင်လီ၏ အနားသို့ လျှောက်သွားပြီး တိုးတိုးလေး ကပ်ပြောလိုက်၏။
“ရှင် ရောက်လာတာနဲ့ ကျွန်မ မုန့်ဆိုင်က ဘာလို့ စစ်တပ် စားရိပ်သာဆောင်လိုမျိုး ဖြစ်သွားရတာလဲဟင်”
“ဒါက တော်တော်လေး မကောင်းဘူးလား။ သူတို့ ဆူညံမနေတော့ဘူးပေါ့”
“မဖြစ်နိုင်တာ”
ဟွာကျွင်းက အသံကို ပို၍ နှိမ့်ချလိုက်ရင်း ပြော၏။ “ဒါက အရမ်း ထူးဆန်းလွန်းတယ်။ ဒါက စားသောက်ဆိုင်လေ၊ ကြည့်ဦး ကျွန်မတောင် အသံကျယ်ကျယ် မပြောရဲတော့ဘူး”
လုမင်လီ ခေါင်းငြိမ့်ပြသည်။ “အဲဒါက ကိုင်တွယ်ရ လွယ်ကူပါတယ်”
သူ အသံအကျယ်ကြီးဖြင့် ပြောလိုက်သည်။
“အားလုံးပဲ... ထိန်းချုပ်ထားစရာ မလိုပါဘူး၊၊ ကျေးဇူးပြုပြီး သက်တောင့်သက်သာပဲ နေကြပါ”
ဧည့်သည်များသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် စိုက်ကြည့်လိုက်ကြသော်လည်း စကားပြောရန် ဆက်လက်၍ မရဲကြသေးချေ။
လုမင်လီက မတတ်နိုင်တော့ဘဲ မေး၏။
“ဒါဆိုရင် ကိုယ် မီးဖိုချောင်ထဲကို သွားလိုက်ရမလားဟင်”
ဟွာကျွင်း ခေါင်းခါပြသည်။
“မဖြစ်ဘူး၊ ရှင် မီးဖိုချောင်က စက်ပစ္စည်းတွေနဲ့ မရင်းနှီးဘူးလေ”
သူမ စိတ်ပူနေဆဲမှာပင် မော့ချွမ်း၏ ပြစ်တင်ဝေဖန်သံ အပြည့်ပါဝင်သော စကားသံကို ကြားလိုက်ရ၏။
“ဟွာကျွင်း ကျွန်တော့်ကို ရှင်းပြစမ်းပါ။ ကျွန်တော် ဘယ်တုန်းက အင်တာနက်ဆယ်လီ ဖြစ်သွားလို့လဲ”
မော့ချွမ်းသည် လုမင်လီကို မြင်လိုက်ရသည့်အခါ သူ့စကားသံက ချက်ချင်း ရပ်တန့်သွားသည်။
ဟွာကျွင်း မော့ချွမ်းကို စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “မော့ချွမ်း၊ ရှင် အချိန်ကိုက် ပြန်ရောက်လာတာပဲ။ ကျွန်မ သတိထားမိသွားပြီ။ ရှင်က တကယ်ပဲ မုန့်ဆိုင်ရဲ့ ပင်မကျောရိုး အစစ်ပဲ”
မော့ချွမ်း လန့်သွား၏။ သူ လုမင်လီကို ကြည့်ကာ သတိကြီးစွာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
ပုံမှန်အားဖြင့်ဆိုလျှင် သူသည် စနောက်တတ်သော်လည်း စစ်သူကြီးလု၏ ရှေ့မှောက်တွင်မူ မစနောက်ရဲချေ။
“အဝတ်အစားတွေကို အလျင်အမြန် သွားလဲလိုက်တော့။ ပြီးတော့ ဟင်းပွဲတွေ သွားပို့ပါဦး”
မော့ချွမ်း ပြောစရာ စကားမဲ့သွားရ၏။
“မုန့်ဆိုင်အတွက် ကျွန်တော့်ရဲ့ အရေးပါမှုက ဟင်းပွဲ ပို့ပေးဖို့လောက်ပဲ ရှိတာလား”
သူ့အနေဖြင့် အပြင်ဘက်တွင် ရှိနေရန် မသင့်တော်ဘူးဟု မြင်သဖြင့် လုမင်လီသည် မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားပြီး စက်ပစ္စည်းများကို စတင် စစ်ဆေးကြည့်ရှုတော့သည်။
မီးဖိုချောင်ထဲတွင် ပေါင်းအိုးများ၊ အိုဗင်များ၊ မိုက်ခရိုဝေ့ဗ်များ၊ ပန်းကန်ဆေးစက်များ စသည်ဖြင့် ရှိနေသည်။ ၎င်းတို့ပေါ်က စာသားများမှာ အင်္ဂလိပ်အက္ခရာများ သို့မဟုတ် ပြုပြင်ထားသော တရုတ်စကားလုံး များ ဖြစ်ကြသည်။ လုမင်လီ ၎င်းတို့ကို ကြည့်ရှုလိုက်သော်လည်း နားမလည်နိုင်သည်ကို သိလိုက်ရသည်။
ထိုအချိန်တွင် ဟွာကျွင်း ဝင်လာပြီး သူ့ကို မေးလိုက်၏။
“ဒီစာလုံးတွေက အတော်လေး ထူးဆန်းတယ်။ ကိုယ် လေ့လာဖို့အတွက် လက်ရေးစာအုပ်တွေ ရှိလား”
ပြုပြင်ထားသော တရုတ်စာလုံးကို သိရှိသူများသည် ရိုးရာ တရုတ်စာလုံး ကို သဘာဝအတိုင်း နားလည်နိုင်ကြသော်လည်း ရိုးရာ တရုတ်စာလုံးကို သိရှိသူများသည် ပြုပြင်ထားသော တရုတ်စာလုံး အားလုံးကို မမှတ်မိနိုင်ကြပေ။
ဟွာကျွင်းက ခဏတာမျှ စဉ်းစားပြီးနောက် သူမသည် ဟွာရှန့်၏ တရုတ်အဘိဓာန်တစ်ခုနှင့် အင်္ဂလိပ်အဘိဓာန်တစ်ခုကို ယူဆောင်ပေးလိုက်သည်။
သူသည် ဖျင်ယင်းကို မသိရှိသည့်အပြင် တရုတ်စာလုံး အနက်အဓိပ္ပာယ် ဖွဲ့စည်းပုံများ ကိုလည်း နားမလည်သဖြင့် မာတိကာကို ကျော်လွန်၍ ကျန်ရှိသောအရာများကို အစဉ်လိုက်အတိုင်းသာ ရှာဖွေကြည့်ရှုတော့သည်။
အပြင်ဘက်တွင် မော့ချွမ်း ရှိနေသဖြင့် မုန့်ဆိုင်အတွင်းရှိ အငွေ့အသက်များက ယခင်ပုံစံအတိုင်းပင် ဆူညံသံများနှင့် စည်ကားအသက်ဝင်သော ပုံစံသို့ ပြန်လည်ရောက်ရှိသွား၏။
ဟွာကျွင်း ပြောဆိုခဲ့သော ‘ပင်မကျောရိုး’ ဆိုသည့် စကားလုံးကို သူ နားမလည်နိုင်သော်လည်း ယခုအခါ သူ ဟွာကျွင်းထံကနေ ရှင်းလင်းချက်တစ်ခု ရချင်သည်။
သူမ သူ့ကို အင်တာနက်ဆယ်လီ ကိစ္စနှင့်ပတ်သက်ပြီး မရှင်းပြရသေးချေ။ သို့သော် လုမင်လီ ရှိနေသဖြင့် ဟွာကျွင်းကို မေးမြန်းရန် အခွင့်အရေး မရပေ။
ထိုအချိန်တွင် ဧည့်သည်တစ်ဦး သူ၏ အာရုံကို ဆွဲဆောင်လိုက်၏။
ထိုလူ ထပ်ရောက်လာ၏။ သူသည် ဆိုင်သို့ အကြိမ်အတော်များများ လာရောက်ဖူးသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး အမြဲတမ်း ထောင့်စွန်းတွင် တိတ်ဆိတ်စွာ ထိုင်လျက် အစားအစာများကို မှာယူသော်လည်း မစားဘဲ ပန်းကန်ကိုသာ စိုက်ကြည့်နေတတ်ပြီး တစ်ခါတစ်ရံတွင်မူ အနံ့ခံကြည့်ကာ သက်ပြင်းချနေတတ်သည်။ ထိုအရာက အလွန်ထူးဆန်းလှပေသည်။
မော့ချွမ်း ယနေ့တွင် စိတ်အခြေအနေ မကောင်းလှသဖြင့် ပေါက်ကွဲရန် နေရာရှာမတွေ့ ဖြစ်နေ၏။ ထိုလူကို မြင်ရသည့်အခါ သူသည် ကံမကောင်းဘူးဟု ခံစားလိုက်ရသဖြင့် ထိုလူ၏ စားပွဲနားသို့ လျှောက်သွားပြီး လင်ဗန်းဖြင့် စားပွဲကို ပုတ်လိုက်သည်။
“ဟေး ကျွန်တော် ခင်ဗျားကို အကြိမ်အတော်များများ သတိထားမိတယ်။ ဘာလုပ်ချင်နေတာလဲ။ ဟင်းပွဲတွေကို မှာပြီးတော့ မစားဘဲ သက်ပြင်းပဲ ချနေတာလား။ ခင်ဗျားက ကျွန်တော်တို့ မုန့်ဆိုင်ရဲ့ ကံကောင်းခြင်းတွေကို သက်ပြင်းချပြီး မောင်းထုတ်နေတာပဲ”
ထိုအမျိုးသားက ထိတ်လန့်တကြားဖြင့် ပြော၏။ “ကျွန်တော်... ကျွန်တော်က...”
“ဘာ ကျွန်တော်... ကျွန်တော်ကလဲ။ ခင်ဗျား ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင်... ကျွန်တော် ခင်ဗျားကို နာမည်ပျက်စာရင်းထဲ ထည့်လိုက်မယ်။ နာမည်ပျက်စာရင်းဆိုတာ ဘာလဲ သိလား။ အဲ့တာက ခင်ဗျားကို ကျွန်တော်တို့ မုန့်ဆိုင်ထဲကို ဘယ်တော့မှ ပေးမဝင်တော့ဘူးလို့ ဆိုလိုတာဘဲ”
ဘေးနားရှိ ဧည့်သည်များ အခြေအနေကို မြင်တွေ့ရသည့်အခါ ဝင်ရောက်ဖျန်ဖြေပေးကြသည်။
“ညီအစ်ကိုမော့ချွမ်း ဘာလို့ ဒီလောက်အထိ ရန်လိုနေရတာလဲ။ သူက ပိုက်ဆံပေးထားတာပဲ မဟုတ်ဘူးလား”
မော့ချွမ်းက လှည့်ကြည့်ကာ ဒေါသတကြီးဖြင့် ပြောတော့၏။
“သူ ပိုက်ဆံပေးထားတော့ ဘာဖြစ်လဲ။ အစားအစာတွေကို ဖြုန်းတီးနေတာကို ခင်ဗျားတို့က တစ်ခွန်းမှ မပြောကြဘူးလား။ နေဦး ခင်ဗျားတို့က သူများကိစ္စကို အတော်လေး ဝင်စွက်ဖက်ချင်နေတာပဲနော်။ ခင်ဗျားတို့လည်း နာမည်ပျက်စာရင်းထဲ ဝင်ချင်လို့လား”
ထိုဧည့်သည်က ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်တော့၏။
“ဒီကလူ... ကျွန်တော် ပြောပါရစေ။ အကယ်၍ မစားဘူးဆိုရင် ဘာလို့ အပင်ပန်းခံ မှာနေရတာလဲ။ မှာပြီးတော့ မစားတာက သဘာဝသယံဇာတတွေကို ဖြုန်းတီးနေတာပဲ”
ဟွာကျွင်းသည် အပြင်ဘက်က ဆူညံသံကို ကြားရသည့်အခါ ခေါင်းကိုက်သွားသည်။
“ဒီမော့ချွမ်းကတော့ သူ့အသံကိုပဲ ကြားနေရတယ်။ ကျွန်မ သွားကြည့်လိုက်ဦးမယ်”
လုမင်လီ အဘိဓာန်ကို ချထားလိုက်ပြီး ပြော၏။ “ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်”
ဟွာကျွင်းက မော့ချွမ်းထံသို့ ဒေါသတကြီး လျှောက်သွားပြီး သူ့ပုခုံးကို တွန်းလိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ၊ ဧည့်သည်အပေါ်မှာ ထားရမဲ့ အမူအရာက အဲဒါမျိုးလား၊ ရှင် စာပြန်သင်ချင်နေပြီလား”
မော့ချွမ်း ထိုဧည့်သည်ကို လက်ညှိုးထိုးပြရင်း ပြော၏။ “သူက အကြိမ်တိုင်း မှာပြီးတော့ လုံးဝမစားဘူး”
ဟွာကျွင်း သူ့လက်ကို ရိုက်ချလိုက်သည်။
“ဧည့်သည်ကို လက်ညှိုးမထိုးရဘူး၊ အဲဒါက မယဉ်ကျေးဘူး”