အခန်း ၃၀၇
Vol. 31 Ch. 307
အခန်း (၃၀၇)
တုန်ပို ဝက်သား
ထို့နောက် သူမ ဧည့်သည်ကို ကြည့်ပြီး အားနာစွာ တောင်းပန်လိုက်သည်။
“စိတ်မရှိပါနဲ့။ ကျွန်မတို့ဆိုင် ဝန်ထမ်းက စရိုက်က နည်းနည်းကြမ်းလို့ပါ။ ကျွန်မတို့ဆိုင်က အစားအသောက်တွေအပေါ် တစ်စုံတစ်ရာ မကျေနပ်တာမျိုး ရှိလို့လားရှင့်။ ကျသင့်ငွေအားလုံးကို ကျွန်မ ပြန်အမ်းပေးပါ့မယ်”
ဟွာကျွင်း စားပွဲပေါ်ကို ကြည့်လိုက်၏။
ပေါင်းထားသည့် ဝက်နံရိုးတစ်ပွဲ၊ ဂေါ်ဖီထုပ်ကြော်တစ်ပွဲနှင့် ထမင်းတစ်ပွဲ။
ဂေါ်ဖီထုပ်က အားမန် ကြော်ထားခြင်းဖြစ်ပြီး ထမင်းက ဆိုင်ကချက်ထားခြင်း ဖြစ်ကာ ဝက်နံရိုးကတော့ သူမကိုယ်တိုင် ပေါင်းထားခြင်း ဖြစ်သည်။ ပြဿနာမှ ရှိစရာ အကြောင်းမရှိချေ။ လူတိုင်းလည်း ဤအတိုင်းပင် စားသောက်ကြသည်။
ထိုဧည့်သည်က အလွန်ယဉ်ကျေး၏။ သူ မတ်တတ်ရပ်ပြီး ဆိုင်ရှင်ဟွာကို ဦးညွှတ်လိုက်ကာ ခက်ခက်ခဲခဲ ပြောသည်။ “ဆိုင်ရှင်ဟွာ ခင်ဗျားတို့ဆိုင်က ဟင်းပွဲတွေကြောင့် မဟုတ်ပါဘူးဗျာ၊ ကျွန်တော့်သွားတွေက”
“ကျွန်တော့် သွားကိုက်နေတာ ဆယ်ရက်လောက် ရှိပြီဗျ။ လုံးဝ ဝါးလို့မရလို့ နေ့တိုင်း ဆန်ပြုတ်ပဲ သောက်နေရတာ။ အသား အရမ်းစားချင်နေလို့ပါ။ အဲဒါကြောင့် ဆိုင်ကို လာပြီး ဟင်းတွေမှာလိုက်တာ။ မစားရရင်တောင်မှ အနံ့လေးရရင်တင် စိတ်သက်သာရာ ရလို့ပါ”
“စိတ်မကောင်းပါဘူးရှင့်”
ဟွာကျွင်း စာနာစိတ်ဖြင့် ပြောလိုက်သည်။
“ရှင် စောစောကတည်းက ပြောရမှာပေါ့။ ဒီဟင်းပွဲတွေက ရှင်နဲ့ မသင့်တော်ဘူး။ တစ်ယောက်ယောက်ကို သိမ်းခိုင်းလိုက်မယ်။ ကျွန်မတို့ဆိုင်မှာ ငါးစွပ်ပြုတ် ရှိပါတယ်။ အစကတော့ ရွာထဲက ဒဏ်ရာရတဲ့လူတွေအတွက် ပြင်ဆင်ထားတာ ဖြစ်ပေမဲ့ ရှင့်အတွက် တစ်ပွဲတော့ ဖယ်ပေးလို့ရပါတယ်”
ဟွာကျွင်း၏ စကားများက နူးညံ့လှသော်လည်း သူမ လှည့်ကြည့်လိုက်သည့်အခါ မော့ချွမ်းကို သတိပေးသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ မော့ချွမ်းလည်း ဘာမှတတ်နိုင်ခြင်းမရှိ သူမ ညွှန်ကြားသည့်အတိုင်း ဟင်းပွဲများကို အလျင်အမြန် သိမ်းဆည်းသွားရတော့သည်။
ထိုဧည့်သည်က ပြော၏။
“ဒါမျိုး ဘယ်လိုလုပ် အလကား လက်ခံလို့ ဖြစ်ပါ့မလဲ။ ကျွန်တော် ပိုက်ဆံပေးပါ့မယ်”
ဟွာကျွင်း မီးဖိုချောင်ထဲ ဝင်သွားပြီး မော့ချွမ်းကို မေးလိုက်၏။
“ရှင် ဘာဖြစ်နေတာလဲ။ အပြင်မှာ အဆင်မပြေတာ ရှိခဲ့လို့လား။ ဘာလို့ ဒီလောက် ဒေါသကြီးနေရတာလဲ”
မော့ချွမ်း စိတ်ကောက်ကာ မှုန်ကုပ်ကုပ်ဖြင့် ဖြေသည်။ “ကျွန်တော် ဘယ်တုန်းက အင်တာနက်ဆယ်လီ ဖြစ်သွားမှန်းတောင် ကျွန်တော် ကိုယ်တိုင် မသိလိုက်ဘူး”
‘အော်... အဲဒါကြောင့်ကိုး’
ဟွာကျွင်း နားလည်သွားသည်။
“သူတို့ လျှောက်ပြောတာတွေကို နားမထောင်ပါနဲ့။ ရှင်က ဘယ်လိုလုပ် အင်တာနက်ဆယ်လီ ဖြစ်မှာလဲ။ ရှင်က ကျွန်မတို့ ပြတိုက်ရဲ့ ကြော်ငြာရေးသံတမန် ပါ”
“အဲဒါက အတူတူပဲ မဟုတ်ဘူးလား၊ ကျွန်တော် ဒီနေ့ လမ်းပေါ်မှာတင် လူတွေမှတ်မိတာခံလိုက်ရတယ်”
ဟွာကျွင်း အံ့အားသင့်စွာဖြင့် ပြော၏။
“ရှင်က အခု အဲလောက်အထိတောင် နာမည်ကြီးနေပြီလား”
“ကြည့်ဦး။ ကျွန်တော်ကတော့ ခင်ဗျားအတွက် အရသာရှိတဲ့ အစားအစာတွေ သယ်လာပေးဖို့ တွေးနေတာ။ ခင်ဗျားကတော့ ကျွန်တော့်ကို ထုတ်ရောင်းစားလိုက်တယ်ပေါ့”
“ရှင့်ကို ကြိုမပြောမိတာကတော့ ကျွန်မ အမှားပါ။ ကျွန်မ တောင်းပန်ပါတယ်”
သူမ စကားလမ်းကြောင်း လွှဲလိုက်၏။
“ဒါပေမဲ့ ရှင် စဉ်းစားကြည့်ဖူးလား၊ အင်တာနက်ပေါ်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်တဲ့လူတွေ ဒီလောက်အများကြီး ရှိတာကို။ ဘာလို့ ရှင်တစ်ယောက်တည်း နာမည်ကြီးလာရတာလဲ”
မော့ချွမ်း သံသယဖြင့် မေး၏။ “ဘာလို့လဲ”
“နာမည်ကြီးဖို့ဆိုတာ အချိန်၊ နေရာနဲ့ လူ အားလုံးက ကွက်တိကျမှ ဖြစ်တာ။ တစ်ခုမှ လိုအပ်လို့မရဘူး။ အဲဒါကြောင့် ရှင်က အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်၊၊ ရှင်က နာမည်ကြီးအောင် အတင်းလုပ်ခဲ့လို့လား။ ဒါမှမဟုတ် ရုပ်ရည်ကို ထုတ်ရောင်းခဲ့လို့လား။ မဟုတ်ဘူးမလား။ ဒါဆိုရင် နာမည်ကြီးတာ ဘာရှက်စရာ ရှိလဲ။ ရှင်က ပြတိုက်ကို မြှင့်တင်ပေးနေတာ၊ ကျွန်မတို့နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုနဲ့ အနုပညာကို ဖြန့်ဝေပေးရင်း နာမည်ကြီးလာတာလေ။ အဲဒါက ဘာကို ပြလဲ။ ရှင်က နာမည်ကြီးဖို့ ကံပါလာတယ်ဆိုတာကို ပြတာပေါ့။ နာမည်ကြီးမှသာ ရှင် ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလအကြောင်းကို လူတိုင်း ပိုမိုနားလည်နိုင်မှာ။ သမိုင်းရဲ့ ခန်းမဆောင်ကြီးထဲကို လူတွေကို ပိုမိုခေါ်ဆောင်လာနိုင်မှာ၊၊ ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှုတွေကို ပိုပြီး ကူညီပေးနိုင်မှာ မဟုတ်ဘူးလား။ ရှင် လုပ်နေတဲ့အရာက သမိုင်းဝင် အရေးပါမှု ရှိတယ်၊၊ ရှင် သဘောမတူဘူးလား”
မော့ချွမ်း မှင်တက်သွားရသည်။
“ တကယ်ပဲလား”
ဟွာကျွင်း လုမင်လီကို လှမ်းမေးလိုက်သည်။
“စစ်သူကြီးလု ရှင်က ပညာတတ်တစ်ယောက်ပဲ။ ကျွန်မ ပြောတာ မှန်ရဲ့လား”
လုမင်လီသည် ဟွာကျွင်း၏ အစီအရီ ထွက်ပေါ်လာသော စည်းရုံးစကားများကြောင့် အံ့အားသင့်သွား၏။ ဟွာကျွင်းက လူတစ်ယောက်ကို အကျိုးအကြောင်းပြပြီး နားဝင်အောင် ပြောဆိုနိုင်မှန်း သူ တစ်ခါမှ မသိခဲ့ဖူးချေ။
“မင်း ပြောတာ မှန်ပါတယ်”
လုမင်လီ ပြန်ဖြေသည်။
ထို့နောက် သူမ အားမန်ကို ထပ်မေးပြန်၏။
“အားမန် ကျွန်မ ပြောတာ မှန်တယ်မလား”
အားမန် ခေါင်းကို အပြင်းအထန် ငြိမ့်ပြလိုက်သည်။
သူမ သိပ်နားမလည်သော်လည်း သူဌေးမဟွာ ပြောသမျှစကားလုံးတိုင်းက အမှန်တရား ဖြစ်သည်ဟု သူမ သိရှိနေသည်။
“အဲလိုလား”
မော့ချွမ်း စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေသေးသည်ဟု ခံစားနေရဆဲပင်။
“ကျွန်တော် ယပ်တောင်ပေါ်မှာ ရေးပေးလိုက်တဲ့ စကားလုံးနည်းနည်းက အဲ့လောက်အထိ အကျိုးသက်ရောက်မှု ကြီးလို့လား”
ဟွာကျွင်း သူ့ပုခုံးကို လေးနက်စွာ ပုတ်လိုက်ရင်း ပြော၏။ “ကိုယ့်စွမ်းဆောင်ရည်ကို ဘယ်တော့မှ အထင်မသေးနဲ့။ စကားပုံ ရှိတယ်မလား။ စွမ်းဆောင်နိုင်သူက ပိုပြီး အလုပ်လုပ်ရတယ်တဲ့။ နောက်ကျရင် ကျွန်မ ရှင့်ကို ပိုပြီး အမှီပြုရဦးမှာပါ”
မော့ချွမ်း တွန့်ဆုတ်စွာ ပြော၏။
“ဒါဆိုရင် ကျွန်တော် မနက်ဖြန် ယပ်တောင်ပေါ်မှာ စာသွားပြန်ရေးရမလား”
ဟွာကျွင်းက ခေါင်းကို အခိုင်အမာ ငြိမ့်ပြလိုက်သည်။
“ရှင့်ကိုပဲ အားကိုးပါတယ်”
မော့ချွမ်း စားပွဲများ ဆက်လက်သန့်ရှင်းရေးလုပ်ရန် အပြင်သို့ ထွက်သွားသည်။ လုမင်လီ ဟွာကျွင်းကို ပြောတော့သည်။
“မင်း စစ်ပွဲမစခင် စစ်သည်တွေကို စည်းရုံးလှုံ့ဆော်မယ်ဆိုရင် စစ်သည်တွေအားလုံးက သူတို့တစ်ယောက်တည်းနဲ့ ရန်သူတစ်ရာကို ရင်ဆိုင်နိုင်တယ်လို့ ယုံကြည်သွားကြလိမ့်မယ်”
ဟွာကျွင်း မျက်တောင်ခတ်လိုက်ရင်း ပြော၏။
“ဒါကို ချီးကျူးစကားလို့ပဲ သတ်မှတ်လိုက်ပါ့မယ်”
ထို့နောက် သူမ မေးလိုက်သည်။
“ကျွန်မ မနက်ဖြန် ဟင်းပွဲအသစ်တစ်ခု ချက်မလို့ စီစဉ်ထားတယ်၊၊ ရှင် လာစားချင်လား”
လုမင်လီ ခေါင်းငြိမ့်ပြ၏။
“ကောင်းပါပြီ”
မော့ချွမ်း ပြန်ရောက်လာပြီး ဤနေရာတွင် အခြားလုပ်စရာ မရှိတော့သည်ကို မြင်တွေ့ရသည့်အခါ သူ ဟွာကျွင်းကို ပြောလိုက်၏။
“ကိုယ် သမားဆော်ဆွန်းဆီကို သွားလိုက်ဦးမယ်”
ထို့နောက် သူ အဘိဓာန်စာအုပ်ကြီး နှစ်ခုကို မကာ ထွက်ခွာသွားတော့သည်။
ယနေ့တွင် ဟွာကျွင်းသည် နူးညံ့အိစက်လှသော တုန်ပိုဝက်သား ကို ပြုလုပ်ရန် စီစဉ်ထားသဖြင့် မနက်စောစော ထကာ စျေးသို့ တန်းတန်းမတ်မတ် သွား၏။
ဝက်သားကောင်းကောင်း ဝယ်ယူနိုင်ရန်အတွက် စောစောထွက်ရပေမည်။ အကယ်၍ နောက်ကျသွားပါက အားလုံး ဝယ်ယူခြင်း ခံရပေလိမ့်မည်။
ယနေ့တွင် သူမ ဝယ်ယူလိုသည်မှာ ဝက်သုံးထပ်သား ဖြစ်ပြီး ၎င်းက အရေခွံပါးပါးနှင့် အသားထူထူ အမျိုးအစား ဖြစ်ရပေမည်။
သူမတွင် ဝယ်လိိုအား အများအပြား ရှိနေသဖြင့် လုံလောက်စွာ ဝယ်ယူနိုင်ရန် ဆိုင်ခန်းအတော်များများသို့ သွားရောက်ရပြီး ထို့နောက် အိမ်တွင် ပြန်အပင်ပန်းမခံရစေရန်အတွက် ဆိုင်ရှင်များအား ဝက်အရေခွံကို မီးမြှိုက်ပေးပြီး အမွှေးအမျှင်များအားလုံးကို ခြစ်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။
သူမ ဆိုင်သို့ ပြန်ရောက်လာသည့် အချိန်တွင် ဟွာရှန့်သည် အခုမှ နိုးရုံသာ ရှိသေး၏။
သူမတွင် ယနေ့ တစ်နေ့လုံး အတန်းများ ရှိနေသည့်အပြင် ကျူရှင်ဆရာကလည်း ရောက်ရှိလာတော့မည် ဖြစ်သဖြင့် အလျင်အမြန် သွားတိုက်နေရသည်။
ဟွာကျွင်းကို မြင်တွေ့ရသည့်အခါ သူမ အံ့အားသင့်စွာ မေး၏။
“အစ်မ အစောကြီး အပြင်ထွက်သွားတာလား”
ဟွာကျွင်း သူမ ဆံပင်များကို ကူဖြီးပေးရင် ပြောလိုက်သည်။
“အစ်မ အသားသွားဝယ်တာပါ။ ခဏကျရင် ညီမလေးအတွက် တုန်ပိုဝက်သား ချက်ပေးမယ်နော်”
ဟွာရှန့် မကြည်လင်သော မျက်နှာအမူအရာဖြင့် ပြော၏။ “ညီမလေး မမကို ကူညီပေးပါ့မယ်”
“မလိုပါဘူး”
ဟွာကျွင်း လေးနက်စွာ ပြော၏။
“ညီမလေးရဲ့ လက်ရှိ တာဝန်က စာကျက်ဖို့ပဲ။ တက္ကသိုလ် ဘွဲ့ရသွားတဲ့ အခါကျမှ ညီမလေး ကြိုက်တာလုပ်။ အစ်မ မတားတော့ဘူး”
ဟွာကျွင်း ရေနွေးအိုးတစ်အိုး တည်လိုက်ပြီးနောက် သွေးညှီနံများ ကင်းစင်သွားစေရန် ဝက်သုံးထပ်သားကို ရေနွေးဖျောလိုက်၏။ အသား အနည်းငယ် တင်းမာသွားသည့်အခါမှ ထုတ်ယူပြီး (၄ )စင်တီမီတာခန့် ရှိသော အတုံးအသေးလေးများ တုံးလိုက်သည်။
မြေအိုးကြီးတစ်ခုထဲတွင် သူမ ကြက်သွန်မြိတ်များကို အလွှာလိုက် ခင်းကျင်းလိုက်ပြီးနောက် ဂျင်းပြားအချို့ကို ထည့်ကာ ဝက်သုံးထပ်သား၏ အရေခွံဘက်ကို အောက်သို့ လှည့်၍ စီထားပြီး သကြားခဲအနည်းငယ် ပဲငံပြာရည်အကြည် သုံးဇွန်းနှင့် ပဲငံပြာရည်အနောက် တစ်ဇွန်းတို့ကို ထည့်လိုက်၏။
တုန်ပိုဝက်သားနှင့် ဝက်သားနီချက်တို့၏ အကြီးမားဆုံး ကွာခြားချက်သည် တုန်ပိုဝက်သားသည် ရှောက်ချင်းဝိုင် အမြောက်အမြား လိုအပ်ခြင်း ဖြစ်သည်။
ဟွာကျွင်း အရည်အသွေးကောင်းမွန်သော ရှောက်ချင်းဝိုင် တစ်ပုလင်းလုံးကို အိုးထဲသို့ လောင်းထည့်လိုက်ပြီး အသားများ မြုပ်သွားစေရန် ရေနွေးများကို ထည့်လိုက်သည်။
မီးအရှိန်ပြင်းပြင်းဖြင့် ဆူပွက်အောင် တည်ပြီးနောက် သူမ အဖုံးအုပ်ကာ မီးအနည်းငယ်ဖြင့် နှစ်နာရီခန့် ဖြည်းဖြည်းချင်း နှပ်ထားလိုက်သည်။
နောက်ဆုံးတွင် သူမ ဝက်သုံးထပ်သားများကို ထုတ်ယူကာ မြေအိုးအသေးလေးများထဲသို့ ပြောင်းထည့်၏။ အသားများ နူးညံ့အိစက်သွားသည်အထိ ပေါင်းလိုက်သည့်အခါတွင် တုန်ပိုဝက်သား အဆင်သင့် ဖြစ်သွားတော့၏။
အချိန်အတော်ကြာ နှပ်ထားပြီးနောက် ဝက်သုံးထပ်သားမှာ နူးညံ့ပြီး ကြည်လင်တောက်ပနေ၏။ တူဖြင့် အသာအယာ တို့လိုက်ရုံမျှဖြင့် အသားက တုန်ခါသွားပြီး အလွန်ပင် သွားရည်ကျစရာ ကောင်းလှပေသည်။
ဟွာကျွင်း ဟင်းပွဲကို ပန်းကန်အသစ်ထဲသို့ ပြောင်းလဲပြင်ဆင်လိုက်ပြီး နီမြန်း ပြောင်လက်နေသော အသားများကို ကြွေပန်းကန်အဖြူပေါ်တွင် သပ်ရပ်စွာ စီထည့်ကာ ပျစ်နှစ်လှသော အသားဆော့စ်တစ်ဇွန်းကို အပေါ်ကနေ ဆမ်းပေးပြီး၏။ ထို့နောက် အလှဆင်ရန်အတွက် ကြက်သွန်မြိတ်များကို ဖြူးပေးလိုက်သည်။ သူမ ကျေနပ်အားရစွာ ဓာတ်ပုံအချို့ရိုက်ကာ သူမ၏ ဝီချက်ပေါ်တွင် တင်လိုက်၏။
မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်တွင် မော့ချွမ်း မီးဖိုချောင်ထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ “ကျွန်တော့် ကြည့်ပါရစေ။ မြန်မြန် ကျွန်တော့်ကို ပြပါ။ ဘာဟင်းချက်လိုက်တာလဲ”
ဟွာကျွင်း: “ရှင် ခွေးလား၊ နှာခေါင်းက ဘာလို့ဒီလောက် စူးရှနေရတာလဲ”
“ကျွန်တော် ခင်ဗျားရဲ့ ပို့စ်ကို မြင်လိုက်လို့ပါ”
ဟွာကျွင်း: “ဒါဆိုရင် ရှင် နိုးနေတာ ကြာပြီပေါ့”
မော့ချွမ်း အသားတစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ တစ်လုပ်တည်း ထည့်လိုက်ပြီး ကျေနပ်အားရစွာ ခေါင်းယမ်းလိုက်မိသည်။
“ဘယ်လိုနေလဲ”
မော့ချွမ်း လက်မထောင်ပြလိုက်၏။
“အရမ်းကို မွှေးလွန်းတယ်။ ချိုပေမဲ့ လုံးဝမအီဘူး။ ပြီးတော့ ဝိုင်နံ့ကလည်း သင်းပျံ့နေတာပဲ။ ဘာတွေ ထည့်ထားတာလဲ။ ကျွန်တော် ဘာဟင်းခတ်အမွှေးအကြိုင်နံ့မှ မရဘူး”
ဟွာကျွင်း: “မှန်တယ်၊ ဒီဟင်းပွဲမှာ နာနတ်ပွင့်တစ်ပွင့်တောင် မပါဘူး။ အသားညှီနံ့တွေ ကင်းစင်သွားဖို့ ရှောက်ချင်းဝိုင်ကိုပဲ သုံးထားတာ”
“တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်”
အသားစားရရုံမျှဖြင့် မလုံလောက်သဖြင့် မော့ချွမ်း ထမင်းကြမ်းကို ပန်းကန်လုံးကြီး တစ်လုံးအပြည့်ခပ်ယူကာ အနည်းငယ် ပြန်နွှေလိုက်ပြီးနောက် တုန်ပိုဝက်သားနှင့် ဆော့စ်ရည်များအားလုံးကို ထမင်းပေါ်သို့ လောင်းထည့်လိုက်သည်။
သူ ဇွန်းဖြင့် အသာအယာ အကြိမ်အနည်းငယ် မွှေလိုက်သည့်အခါ အသားများကး အပိုင်းအစအသေးလေးများအဖြစ် ကြေမွသွား၏။ သူ ၎င်းကို ထမင်းနှင့် သေသေချာချာ နယ်ဖတ်ပြီး ကျန်ရှိသော တုန်ပိုဝက်သားအားလုံး အကုန်အစင် စားပစ်လိုက်တော့သည်။