အခန်း ၃၀၈
Vol. 31 Ch. 308
အခန်း (၃၀၈)
ကံဆိုးမိုးမှောင်ကျခြင်း
ဝူတယ်ရွှန်းသည် မြို့တော်ရှိ သကြားသစ်သီးဆိုင်အသေးလေးတစ်ဆိုင်၏ ဆိုင်ရှင်တစ်ဦး ဖြစ်သည်။
[ထန်ဟူလူလိုမျိုးပါ။ သကြားသစ်သီးက။ သစ်သီးကို သကြားရည်စိမ်တာပါ]
သူ့နေ့စဉ်ဘဝက အလွန်ရိုးရှင်းပါ၏။ မနက်ခင်းတွင် သကြားသစ်သီးများ ရောင်းချရန် ဆိုင်ဖွင့်ပြီး ညနေခင်းတွင် သကြားရည်များ ထပ်မံပြုလုပ်ရန် ဆိုင်ပိတ်လေ့ရှိသည်။
သို့သော်လည်း သူသည် လတ်တလော အလွန်အမင်း ကံဆိုးနေခဲ့၏။ ယခုခေတ်စကားနှင့် ပြောရရင်တော့ ကံဇာတာ ညံ့ဖျင်းနေသည့် ကာလ ကို ဖြတ်သန်းနေရခြင်း ဖြစ်သည်။
အရာအားလုံးက လွန်ခဲ့သည့် တစ်ပတ်ခန့် ညနေခင်းတစ်ခုတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ဝူတယ်ရွှန်းသည် ကုန်ပစ္စည်းတစ်သုတ်ကို လိုက်လံပို့ဆောင်ပြီးနောက် လရောင်အောက်တွင် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့၏။
သူသည် လမ်းကြားထောင့်ရှိ မုဆိုးမချန် အိမ်ဘေးကနေ ဖြတ်လျှောက်သွားစဉ် မုဆိုးမချန် ခြေဆေးရေဇလုံကို အပြင်သို့ လှမ်းသွန်လိုက်ရာ ၎င်းရေများ သူ့ဘောင်းဘီပေါ်သို့ ကွက်တိ ကျသွားတော့သည်။
“ကံဆိုးလိုက်တာ”
သူ တံတွေးထွေးရင်း ရေရွတ်လိုက်သည်။ စီးပွားရေးလုပ်ကိုင်သူများအဖို့ ဤကဲ့သို့သော အရာများနှင့် ကြုံတွေ့ရခြင်းကို အကြောက်ဆုံး ဖြစ်သည်။
မမျှော်လင့်ဘဲ မုဆိုးမချန် ထိုစကားကို သေသေချာချာ ကြားသွားသည်။ သူမ အမြဲတမ်း ဒေါသကြီးသူတစ်ဦး ဖြစ်သဖြင့် ဝူတယ်ရွှန်းကို ချက်ချင်းပင် ဆဲဆိုကြိမ်းမောင်းတော့၏။
ဝူတယ်ရွှန်းလည်း အဆဲခံရသဖြင့် အရှုံးပေးလိုက်ရပြီး ထိုနေရာတွင် အရှုံးကို ဝန်ခံကာ ပြန်မပြောရဲတော့ဘဲ ခေါင်းငုံ့လျက် အိမ်သို့ အမြန်ပြေးတော့သည်။
ထို့နောက် အခြေအနေများ ဆိုးရွားလာ၏။ နောက်တစ်နေ့မနက်တွင် သူ ကံဆိုးမှုမျိုးစုံနှင့် စတင်ကြုံတွေ့ရတော့သည်။
ပထမဆုံးအနေဖြင့် သူ၏သွားကိုက်ဝေဒနာ ပြန်ထလာသည်။ မှန်ထဲတွင် ကြည့်လိုက်သည့်အခါ သူ၏ ညာဘက်ပါးပြင်သည် ဖူးယောင်နေသဖြင့် သူ လုံးဝ မပြုံးနိုင်တော့ချေ။
သူ အစပိုင်းတွင် အပူကန်ပြီး ယောင်ရမ်းခြင်း ဖြစ်သည်ဟု ယူဆကာ ဆားရေငုံလျှင် သက်သာစေနိုင်သည်ဟူသော လူကြီးများ၏ စကားကို သတိရသဖြင့် ဆားရှာရန် မီးဖိုချောင်သို့ တန်းတန်းမတ်မတ် သွားသည်။
သူ မီးဖိုချောင်သို့ မရောက်ခင်မှာပင် ဇနီးဖြစ်သူ၏ အော်ဟစ်သံကို ကြားလိုက်ရ၏။
“ဝူတယ်ရွှန်း၊ လာကြည့်ကြည့်ဦး”
ဝူတယ်ရွှန်း မီးဖိုချောင်ထဲသို့ အပြေးအလွှား ဝင်သွားသည့်အခါ ဆန်အိုးအဖုံး ပွင့်နေသည်ကို မြင်လိုက်ရသည်။ သူ့ဇနီးက ဆန်အိုးကိုကြည့်ကာ ငိုကြွေးမြည်တမ်းနေ၏။ သူ ဝင်လာသည်ကို မြင်သောအခါ သူမက လှည့်ပြီး သူ့နားရွက်ကို ဆွဲလိမ်ကာ ကြိမ်းမောင်းတော့သည်။
“ရှင် လုပ်တာ မဟုတ်လား၊ မနေ့ညက ဆန်အိုးအဖုံးကို မပိတ်ခဲ့ဘူးလား။ ဘယ်ကမှန်းမသိတဲ့ မြွေပါက ကျွန်မတို့ ဆန်အိုးထဲမှာ လာသေးပေါက်သွားတယ်။ ဆန်တစ်အိုးလုံး အခု စားလို့မရတော့ဘူး”
ဝူတယ်ရွှန်း လန့်သွား၏။ မနေ့ညက အဖုံးပိတ်ရန် တကယ်ပဲ မေ့လျော့ခဲ့သည်ကို သူ သတိရသွားသည်။ ယခုအချိန်တွင် ဘာမှမတတ်နိုင်တော့သည့်အပြင် ဆန်တစ်အိုးလုံးကိုလည်း သွန်ပစ်ရန် နှမြောလှသဖြင့် သွားကိုက်ဝေဒနာကို အောင့်အည်းကာ ဆန်များကို အပြင်သို့ သွန်ထုတ်ပြီး ရေဖြင့် အကြိမ်အတော်များများ ဆေးကြောလိုက်တော့၏။
သူ အလုပ်လုပ်ပြီးစီးချိန်တွင် နေမှာ အတော်လေး မြင့်နေခဲ့ပြီ ဖြစ်သည်။ သူ ခါးဆန့်လိုက်သည့်အခါမှ ဗိုက်ထဲတွင် ဘာမှမရှိတော့သည်ကို သတိပြုမိလိုက်၏။ အိမ်ကဆန်ကို လုံးဝမစားချင်တော့သဖြင့် အိမ်ကနေ ထွက်ပြီး မနက်ခင်းစျေးဆီသို့ လျှောက်လာသည်။
သူ တို့ဟူးပူတင်းတစ်ခွက်နှင့် မုန့်ပြား တစ်ချပ်ကို မှာယူလိုက်၏။ မုန့်ပြားက ရဖို့အတွက် အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သဖြင့် သူ တို့ဟူးပူတင်းကို သယ်ဆောင်ကာ ထိုင်ခုံတစ်ခုတွင် ထိုင်စောင့်နေလိုက်သည်။
သူ တို့ဟူးပူတင်းကို အနည်းငယ်သာ သောက်ရသေးခင် မုန့်ပြား အဆင်သင့် ဖြစ်သွားသဖြင့် ၎င်းကို သွားရောက်ယူဆောင်၏။ သူ ထိုင်ခုံသို့ ပြန်ရောက်လာသည့်အခါ စားပွဲပေါ်ရှိ တို့ဟူးပူတင်းက ပျောက်ဆုံးနေသည်။
သူ မော့ကြည့်လိုက်သည့်အခါ ဆိုင်ရှင်က ပန်းကန်များ သိမ်းဆည်းနေသည်ကို မြင်လိုက်ရသဖြင့် ဆိုင်ရှင်က သူ ထွက်ခွာသွားပြီဟု ထင်မှတ်ကာ တို့ဟူးပူတင်းခွက်ကို သိမ်းဆည်းသွားခြင်း ဖြစ်ပေလိမ့်မည်ဟု တွေးမိ၏။
ဝူတယ်ရွှန်း သက်ပြင်းချလိုက်မိသည်။ ကံကောင်းစွာဖြင့် တစ်ဝက်ခန့်သာ ကျန်တော့ပြီး သူသည် ယနေ့တွင် ကံဆိုးမှုများနှင့် လုံလောက်စွာ ကြုံတွေ့ထားရပြီး ဖြစ်သဖြင့် သွားရောက် အငြင်းပွားမနေတော့ချေ။
သူ ဆိုင်ရှင်ကို မှာကြားလိုက်၏။
“ဆိုင်ရှင် ကျွန်တော့်ရဲ့ မုန့်ပြားကိုတော့ မသိမ်းပါနဲ့ဦးနော်။ ကျွန်တော် ဘေးနားကဆိုင်မှာ ဆန်ပြုတ်တစ်ခွက် သွားဝယ်လိုက်ဦးမယ်”
ဆိုင်ရှင်ကလည်း သဘောတူသည်။
သို့သော်လည်း ဝူတယ်ရွှန်း ဆန်ပြုတ်နှင့်အတူ ပြန်ရောက်လာသည့်အခါတွင် မုန့်ပြားမှာ ထပ်မံ ပျောက်ဆုံးသွားပြန်သည်။
သူ ဒေါသတကြီးဖြင့် ဆိုင်ရှင်ကို မေးမြန်းတော့၏။ “တို့ဟူးပူတင်းခွက်တစ်ဝက်ကို သိမ်းလိုက်တာက ထားပါတော့ ဒါပေမဲ့ ကျွန်တော့်ရဲ့ မုန့်ပြားအပြည့်ကိုတော့ တစ်ကိုက်မှတောင် မကိုက်ရသေးဘူး။ အဲဒါကိုပါ ဘာလို့ သိမ်းလိုက်ရတာလဲဟင်”
ဆိုင်ရှင်က အပြစ်ကင်းစင်သော မျက်နှာဖြင့် ပြော၏။
“ကျွန်တော် ခင်ဗျားရဲ့ အစားအစာတွေကို မသိမ်းပါဘူးဗျာ”
ထိုအချိန်တွင် ဘေးစားပွဲရှိ ဧည့်သည်တစ်ဦးက ဝင်ပြောသည်။ “ခုနတင်ပဲ တစ်ယောက်ယောက်က ခင်ဗျားရဲ့ တို့ဟူးပူတင်းကို ယူသွားတာ မြင်လိုက်တယ်။ ပြီးတော့ မုန့်ပြားကိုပါ လာယူသွားသေးတာ။ ကျွန်တော် ခင်ဗျားတို့နှစ်ယောက် အတူတူလာကြတာ ထင်လို့”
ဝူတယ်ရွှန်း စိတ်ပျက်သွားသည်။ သို့သော်လည်း ဆန်ပြုတ်သောက်ရုံမျှဖြင့် ဗိုက်မပြည့်နိုင်သဖြင့် သူသည် ဆန်ပြုတ်ကို သယ်ဆောင်ကာ ပေါက်စီအချို့ သွားဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ယခုတစ်ခါတော့ သူ၏ ဆန်ပြုတ်ကို ဘယ်သူ့ဆီကိုမှ အလုခံလို့ မဖြစ်တော့ချေ။
သို့သော်လည်း သူ ဘယ်ဘက်လက်တွင် ပေါက်စီတစ်လုံး ညာဘက်လက်တွင် ဆန်ပြုတ်ကို ကိုင်ဆောင်ကာ ပြန်ရောက်လာသည့်အခါတွင် သူ၏ စားပွဲနေရာမှာ အခြားလူတစ်ဦး၏ နေရာယူခြင်းကို ခံလိုက်ရပြန်သည်။
ဝူတယ်ရွှန်းသည် လက်ထဲရှိ ပစ္စည်းများကို မြေပြင်ပေါ်သို့ ပစ်ချချင်စိတ် ပေါက်သွားသော်လည်း အကယ်၍ ထိုသို့လုပ်လိုက်လျှင် သူ စားစရာ ဘာမှရှိတော့မည် မဟုတ်ချေ။
ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက်ဖြင့် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မနက်စာကို ဖြစ်သလိုသာ စားသောက်လိုက်ရတော့သည်။
ပေါက်စီကို တစ်ကိုက် ကိုက်လိုက်သည်နှင့် ဝူတယ်ရွှန်း၏ သွားမှာ အလွန်အမင်း ကိုက်ခဲသွားသဖြင့် မျက်နှာပျက်သွားပြီး နာကျင်မှု သက်သာသွားစေရန် အချိန်အနည်းငယ် စောင့်ဆိုင်းလိုက်ရ၏။ မည်သို့ပင်ဆိုစေ သူ ပေါက်စီကို ဆက်မစားနိုင်တော့သဖြင့် လမ်းဘေးရှိ လေလွင့်ခွေးတစ်ကောင်ကို ကျွေးမွေးလိုက်ကာ သူကိုယ်တိုင်ကမူ ဆန်ပြုတ်အားလုံးကို သောက်လိုက်ရင်း အရည်များဖြင့်သာ ဝမ်းဗိုက်ကို မနည်းဖြည့်လိုက်ရတော့သည်။
ဤကိစ္စရပ်တစ်ခုလုံးက အချိန်အတော်များများ ဖြုန်းတီးပစ်ခဲ့၏။ ဝူတယ်ရွှန်း အိမ်သို့ အပြေးအလွှား ပြန်လာပြီး ဆိုင်အဝင်ဝသို့ ရောက်သည်နှင့် သူ့ဇနီးထံကနေ ထပ်မံ ဆဲဆိုကြိမ်းမောင်းခြင်း ခံရပြန်သည်။
“အဘိုးကြီး ဘယ်တွေ လျှောက်သွားနေတာလဲ။ ဟမ်၊ ဆိုင်တောင် မဖွင့်ဘူးလား၊ ရှင် ဒီဘဝမှာ ဆက်မနေချင်တော့ဘူး ထင်တယ်”
ဝူတယ်ရွှန်းတွင် အမှားရှိနေသဖြင့် သူသည် တံခါးချပ်များကို အလျင်အမြန် ဖွင့်လိုက်၏။ ဘယ်ကမှန်းမသိသော ကလေးဆိုးအချို့ တံခါးများပေါ်တွင် စာများ လျှောက်ရေးထားသည်ကို မြင်တွေ့လိုက်ရ၏။
သူ ဘာမှမတတ်နိုင်ဘဲ ရေနှင့် အဝတ်စတစ်ခုကို ရှာဖွေခဲ့သော်လည်း ဆေးသားများ ခြောက်သွေ့သွားသဖြင့် လုံးဝ ဖျက်၍မရတော့သည်ကို သိလိုက်ရသည်။
ဆိုင်ဖွင့်ပြီး မကြာမီမှာပင် ပထမဆုံး ဧည့်သည်ဖြစ်သော ဖောက်သည်ဟောင်း အဘိုးအိုတစ်ဦး ဝင်လာသည်။ ထိုဧည့်သည်က တရုတ်ဆီးသီး တစ်သေတ္တာ ဝယ်ယူခဲ့ပြီး ဆိုင်အဝင်ဝသို့ အရောက်တွင် ဝူတယ်ရွှန်း ဘေးတွင် ချထားသော ရေပုံးကို တိုက်မိကာ လဲကျသွားခဲ့သဖြင့် တရုတ်ဆီးသီးခြောက်တစ်သေတ္တာလုံး မြေပြင်ပေါ်သို့ ဖရိုဖရဲ လွင့်စင်သွား၏။
ဝူတယ်ရွှန်း ကူညီကောက်ပေးရန် အလျင်အမြန် ပြေးသွားသော်လည်း တရုတ်ဆီးသီးခြောက်များ အနင်းခံထားရသဖြင့် ပြန်လည်အသုံးပြု၍ မရတော့ချေ။
ထိုဖောက်သည်ဟောင်းသည် အားနာနေသော ပုံစံရှိနေသဖြင့် ဝူတယ်ရွှန်းအနေဖြင့် သူ့ကို အခြားတစ်သေတ္တာ အလကားသာ ထပ်ပေးလိုက်ရတော့သည်။
ထို့နောက် ချက်ချင်းပင် အနောက်ခန်းထဲတွင် အခြားကိစ္စတစ်ခု ထပ်မံဖြစ်ပွားပြန်၏။ မီးဖိုပေါ်ရှိ အိုးမှာ လုံးလုံးလျားလျား မည်းတူးသွားသည်။ သူ့ဇနီးဖြစ်သူက သကြားရည်ကျိုနေစဉ် မီးကို သေသေချာချာ မကြည့်မိဘဲ အိုး တူးသွားခြင်းဖြစ်သည်။
ဇနီးက အားနာသော မျက်နှာဖြင့် ပြော၏။
“ကျွန်မ ဒီနေ့ ဘာဖြစ်နေမှန်းမသိဘူး။ ဘာတစ်ခုမှ အဆင်မပြေပါဘူး”
“တကယ့်ကို ကြောက်ဖို့ကောင်းတယ်။ အရမ်း ကြောက်ဖို့ကောင်းတယ်”
ဝူတယ်ရွှန်း ပြောလိုက်၏။
“ငါတို့တွေ ဒီနေ့ ဆိုင်မဖွင့်တော့ဘူး။ ငါ လမ်းပေါ်သွားပြီး တာအိုဆရာ တစ်ပါး သွားရှာလိုက်ဦးမယ်။ အိမ်က မကောင်းတဲ့ အငွေ့အသက်တွေကို နှင်ထုတ်ဖို့ လိုနေပြီ ထင်တယ်”
သူ ဆိုင်တံခါးကို ပိတ်လိုက်ပြီး ဇနီးအား အိမ်ကို သေသေချာချာ စောင့်ရှောက်ရန်နှင့် မီးများကို ထပ်မံမမွှေးရန် မှာကြားခဲ့ပြီး လမ်းပေါ်သို့ ထွက်လာသည်။
လမ်းပေါ်ရှိ တာအိုဆရာအိုကြီးအား ‘ရွှမ်ကျီဇီ’ ဟု လူသိများကြသည်။ ရွှမ်ကျီဇီ သူ့ကို တစ်ချက်မျှ ကြည့်ရုံမျှဖြင့် လျှို့ဝှက်ချက်ကို ထုတ်ဖော်ပေးလိုက်၏။
“မင်းမှာ မကောင်းတဲ့ ဝိညာဉ်တွေ ကပ်ငြိနေပြီ။ ဒါကို အမြန်ဖယ်ရှားပစ်ရမယ်။ မဟုတ်ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရလိမ့်မယ်”
ဝူတယ်ရွှန်း ထိတ်လန့်သွားပြီး ငွေကြေးများကို အလျင်အမြန် ထုတ်ယူကာ ရွှမ်ကျီဇီထံ ဖြေရှင်းနည်းကို အသနားခံတော့၏။
ရွှမ်ကျီဇီ ညာဘက်လက်ဖြင့် တွက်ချက်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် ငွေအိတ်ကို ချိန်တွယ်ကာ လေးနက်စွာ ပြောလိုက်သည်။
“ကံကောင်းတာက မင်းမှာ အခွင့်အရေး ရှိပါသေးတယ်”
“မင်း မြို့ပြင်က ဟွာကျွင်း မုန့်ဆိုင် အကြောင်းကို ကြားဖူးလား”
ဝူတယ်ရွှန်း ခေါင်းငြိမ့်ပြသည်။
“သိတာပေါ့။ အဲဒီမုန့်ဆိုင်က အရမ်းကို နာမည်ကြီးတယ်လို့ ကြားဖူးပါတယ်”
တာအိုဆရာက ဝူတယ်ရွှန်းကို အနားသို့ တိုးကပ်ရန် အချက်ပြလိုက်သည်
“မင်းရဲ့ ဖြေရှင်းချက်က... အဲဒီမုန့်ဆိုင်ရဲ့ ဆိုင်ရှင်အမျိုးသမီး ဟွာကျွင်းဆီမှာ ရှိနေတယ်”
ဝူတယ်ရွှန်း: “ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး။ ဆရာကြီး”
“မှတ်ထားပါ၊ အဲဒီမုန့်ဆိုင်က တစ်မြို့လုံးမှာ အမင်္ဂလာတွေ ကင်းစင်ပြီး အောင်မြေအဖြစ်ဆုံး နေရာတစ်ခုပဲ။ ပြီးတော့ ဆိုင်ရှင်ဟွာကလည်း ကံကောင်းခြင်းတွေ အပြည့်ရှိတဲ့ လူတစ်ယောက်ပဲ။ မင်း သူ့မုန့်ဆိုင်မှာ ခုနစ်ရက်တိတိ သွားထိုင်ရုံနဲ့တင် မကောင်းတဲ့ ဝိညာဉ်တွေက အလိုလို ကင်းစင်သွားလိမ့်မယ်”
ဝူတယ်ရွှန်း သံသယဖြင့် မေး၏။
“ဒီအတိုင်းလေးပဲလား”
တာအိုဆရာ အနောက်သို့ မှီလိုက်ရင်း ဖြေသည်။
“ဒီအတိုင်းလေးပါပဲ၊ သွားတော့”
ထို့ကြောင့် ဝူတယ်ရွှန်းသည် ညတိုင်း မုန့်ဆိုင်သို့ လာရောက်ခြင်း ဖြစ်သည်။ သူသည် မာကျောသော အစားအစာများကို မစားနိုင်သဖြင့် ဟင်းပွဲအချို့ကိုသာ မှာယူကာ မုန့်ဆိုင်တွင် ထိုင်လျက် စည်ကားသော အငွေ့အသက်များကို ခံစားရင်း ကံဆိုးမှုများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ဟု စိတ်ကူးယဉ်နေ၏။
နောက်ဆုံးတွင်တော့ ဤသည်မှာ ခုနစ်ရက်မြောက်နေ့ဖြစ်ပြီး နောက်ဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။ သူသည် ထုံးစံအတိုင်း ဟင်းပွဲအချို့ကို မှာယူကာ ထိုင်နေခဲ့ပြီး ဆိုင်ပိတ်ချိန်အထိ နေထိုင်ရန် ပြင်ဆင်ထား၏။
ဟင်းနံ့က အလွန်အမင်း သွားရည်ကျစရာ ကောင်းလှသော်လည်း သူ့သွားများက အစားအစာကို မဝါးနိုင်သေးချေ။ သူသည် ဟင်းပွဲများကို ကြည့်ကာ သက်ပြင်းသာ ချနိုင်သည်။
သူ အစားမစားနိုင်မှန်း သိပြီးနောက် ငါးစွပ်ပြုတ် ယူဆောင်ပေးခဲ့သော ဆိုင်ရှင်ဟွာကို ကျေးဇူးတင်ရပေမည်။ နေ့ရက်အတော်များများ ကြာပြီးနောက်မှသာ သူသည် အသားနှင့် ငါးကို နောက်ဆုံးတွင် စားသုံးနိုင်တော့၏။
သူ့စိတ်ထဲတွင် သူဌေးမဟွာသည် ကံကောင်းခြင်း အပြည့်ရှိသည့်လူ ဖြစ်သဖြင့် သူမ ကိုယ်တိုင် ယူဆောင်ပေးခဲ့သော စွပ်ပြုတ်သည်လည်း ကံကောင်းခြင်းများနှင့် ပြည့်နှက်နေရပေမည်ဟု တွေးမိသည်။ ဤစွပ်ပြုတ်တစ်ခွက်နှင့်အတူ သူသည် မကောင်းသော ဝိညာဉ်များထံမှ သေချာပေါက် ကင်းလွတ်သွားရပေတော့မည်။
သူသည် ငွေငါးတေး ချန်ထားပြီး ပျော်ရွှင်စွာ ထွက်ခွာသွားတော့၏။