အခန်း ၃၁၁
Vol. 31 Ch. 311
အခန်း (၃၁၁)
လျှို့ဝှက်ဆန်းကြယ်မှု
မော့ချွမ်း ခေါင်းငြိမ့်ပြကာ မြို့ထဲသို့ ဝင်လာသည်။
ဤအချိန်တွင် ရွှမ်ကျီဇီမှာ သူ့ဆိုင်ခန်းကို သိမ်းဆည်းပြီး နေအိမ်သို့ ပြန်သွားပြီ ဖြစ်သဖြင့် မော့ချွမ်းအနေဖြင့် ဆိုင်ခန်းနေရာတွင် ဘာမှရှာမတွေ့ချေ။ သူ ရွှမ်ကျီဇီ၏ စားပွဲနှင့် ကုလားထိုင်များကို သေသေချာချာ စစ်ဆေးကြည့်သော်လည်း ၎င်းတို့မှာ အလွန်ပင် သာမန်ဆန်ပြီး မည်သည့်ထူးခြားချက်မျှ ရှိမနေချေ။
ဘေးနားရှိ ဆိုင်ခန်းပိုင်ရှင်တစ်ဦး သူ ဟိုဟိုဒီဒီ လျှောက်ကြည့်နေသည်ကို မြင်တွေ့ရသည့်အခါ စေတနာဖြင့် ပြောပြ၏။
“ညီလေး... လာပြီး ဗေဒင်မေးတာလား၊တာအိုဆရာက မနက်ဖြန် ‘ချန်အချိန်’ (မနက် ၇ နာရီမှ ၉ နာရီအတွင်း) ကုန်ခါနီးမှ ဆိုင်ဖွင့်မှာ။ မနက်ဖြန်မနက်မှပဲ ပြန်လာခဲ့ပါ”
မော့ချွမ် အခွင့်အရေးကို ဆုပ်ကိုင်ကာ မေးမြန်းလိုက်၏။
“တာအိုဆရာက ဒီနေရာကို ရောက်တာမကြာသေးဘူးလား”
“မဟုတ်ပါဘူး၊၊ သူက ဒီဒေသခံ စစ်စစ်ပါ။ ဒီမှာ ဆိုင်ဖွင့်လာတာ နှစ်အတော်ကြာပြီဗျ။ အရင်က ဒီနေရာမှာ အခြားဗေဒင်ဆရာတွေလည်း ရှိခဲ့ဖူးပေမဲ့ သူတစ်ယောက်တည်းကပဲ တိတိကျကျ ဟောနိုင်တာ။ အဲဒါကြောင့် ဖြည်းဖြည်းချင်းနဲ့ သူတစ်ယောက်တည်းပဲ ကျန်တော့တာ”
“တိကျတယ် ဟုတ်လား၊၊ သူ ဘယ်လောက်အထိ တိကျလဲဆိုတာ ကျွန်တော် သိချင်လှပြီ”
မော့ချွမ်း လူတစ်ယောက်ထံတွင် ရွှမ်ကျီဇီ၏ နေအိမ်လိပ်စာကို မေးမြန်းကာ သူ၏ အိမ်တံခါးဝသို့ တန်းတန်းမတ်မတ် သွားတော့သည်။
ရွှမ်ကျီဇီ၏ နေအိမ်က သိပ်မဝေးလှချေ၊ နှစ်ခြံတွဲ အိမ်အသေးလေးတစ်လုံး ဖြစ်၏။ မော့ချွမ်း တံခါးကို အပြင်းအထန် ထုရိုက်လိုက်ရင်း အော်ဟစ်လိုက်သည်။ “တာအိုဆရာအိုကြီး အခုချက်ချင်း ထွက်ခဲ့စမ်း”
ရွှမ်ကျီဇီက အလျင်အမြန်ပင် တံခါးလာဖွင့်ပေးသည်။ အပြင်ဘက်တွင် လက်ပိုက်လျက် မတ်တတ်ရပ်နေသော မော့ချွမ်းကို မြင်လိုက်ရသည့်အခါမှ သူသည် သက်ပြင်းချနိုင်တော့၏။
“ငါက အရာရှိ တွေ လာရှာတာ အောက်မေ့လို့ ဒီနေ့ ဗေဒင်မဟောတော့ဘူး၊၊ မနက်ဖြန် စောစောလာခဲ့ပါ”
သူ ပြောပြောဆိုဆိုဖြင့် တံခါးကို ပြန်ပိတ်ရန် ကြိုးစားသော်လည်း တံခါးက ပိတ်၍မရသည်ကို သိလိုက်ရသည်။
“ဟေး မင်း ဘာလို့ ငါ့တံခါးကို ခြေထောက်နဲ့ လာပိတ်ထားရတာလဲ”
မော့ချွမ်း ရွှမ်ကျီဇီကို ဘေးသို့ တွန်းဖယ်ကာ အတွင်းသို့ လှမ်းဝင်လိုက်ရင်း ပြော၏။
“ကျွန်တော် ဗေဒင်လာမေးတာ မဟုတ်ဘူး”
“ဒါဆိုရင် မင်း ဘာလာလုပ်တာလဲ”
မော့ချွမ်း သူ့ကို အထက်အောက် စိစစ်ကြည့်ရှုပြီး မေးလိုက်၏။
“ကျွန်တော် မေးမလို့ ခင်ဗျားက ဝူတယ်ရွှန်းကို ဟွာကျွင်း မုန့်ဆိုင် ကံဆိုးမှုတွေကို နှင်ထုတ်ပေးနိုင်တယ်လို့ လျှောက်ပြောလိုက်တာ မဟုတ်လား”
ရွှမ်ကျီဇီ မျက်မှောင်ကြုတ်လိုက်ရင်း ပြောသည်။
“မင်း ပြောတာက မကောင်းတဲ့ ဝိညာဉ်တွေ ကပ်ငြိနေတဲ့ လူကို ပြောတာလား။ မင်း ငါ့ကို လာရှာတယ်ဆိုတည်းက သူ အခုဆိုရင် နေကောင်းသွားပြီလို့ ငါ ယူဆပါတယ်”
မော့ချွမ်း: “သူ နေကောင်းသွားလား မကောင်းသွားဘူးလားဆိုတာ ခင်ဗျား ပူစရာမလိုပါဘူး။ ခင်ဗျား တည့်တည့်ပဲ ပြောစမ်းပါ၊ မုန့်ဆိုင်က အစွမ်းထက်တယ်ဆိုတာ ခင်ဗျား ဘယ်လိုနည်းနဲ့ သိနေတာလဲ”
ရွှမ်ကျီဇီ ခေါင်းခါပြ၏။
“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို... အပြင်လူကို အလွယ်တကူ ထုတ်ဖော်လို့မရဘူး”
မော့ချွမ်း ဘာတစ်ခွန်းမှ မပြောဘဲ သူ့ဓားကို ဆွဲထုတ်ကာ တာအိုဆရာ၏ ပုခုံးပေါ်သို့ တင်လိုက်ရင်း မေးလိုက်သည်။ “အခုရော... ထုတ်ဖော်လို့ ရပြီလား”
“ရပါပြီ ရပါပြီ”
ရွှမ်ကျီဇီ ဓားသွားကို အသာအယာ ဖယ်ရှားလိုက်ရင်း လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် ပြော၏။
“ဒီပတ်ဝန်းကျင်က ထူးဆန်းတဲ့ နေရာတွေ၊ အထက်နဲ့ အောက် နေရာအနှံ့ကို ကြည့်လိုက်စမ်းပါ၊ ဟွာကျွင်း မုန့်ဆိုင်လိုမျိုး ထူးခြားဆန်းပြားတဲ့ နေရာမျိုး ဘယ်မှာ ရှိသေးလို့လဲ”
သူ မုတ်ဆိတ်မွှေးကို သပ်လိုက်ရင်း ဆက်ပြော၏။ “လောကကမ္ဘာရဲ့ မြေသန့်ဓာတ်တွေ စုစည်းရာ နေရာမှန်သမျှဟာ လူသားတွေရဲ့ တောင့်တမှုကို သေချာပေါက် ဆွဲဆောင်နိုင်စမြဲပဲ။ ပြီးတော့ အဲဒီဆိုင်မှာ ရောင်းတဲ့ အစားအသောက်တွေအားလုံးက မွှေးကြိုင်ပြီး ပြည့်စုံလွန်းတယ်။ ဒါက လူ့လောကမှာ တစ်ခါမှမမြင်ဖူးတဲ့ အရာတွေပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းက လူအချို့ ရွာကို လာရောက်တိုက်ခိုက်ခဲ့တာတောင်မှ ဆိုင်ရှင်ဟွာက တာဝန်ယူ ကိုင်တွယ်ခဲ့လို့သာ မီးက ဆိုင်ကို လုံးဝ မလောင်ကျွမ်းနိုင်ခဲ့တာလေ”
မော့ချွမ်း စိတ်မရှည်စွာ မေးသည်။ “ခင်ဗျား တည့်တည့်ပဲ ပြောစမ်းပါ။ အကယ်၍ ခင်ဗျား ဒီနေ့ ကျွန်တော့်ကို သေသေချာချာ ရှင်းမပြနိုင်ဘူးဆိုရင် ခင်ဗျား ဆိုင်ခန်းကို ကျွန်တော် ဖျက်ဆီးပစ်မယ်ဆိုတာ ယုံလား”
“ငါ ပြောပြရင်တောင် မင်း နားလည်မှာ မဟုတ်ပါဘူး။ အကျဉ်းချုပ်ပြောရရင်တော့ ကံဆိုးတဲ့လူတွေ အဲဒီကို သွားမယ်ဆိုရင် ဆယ်ယောက်မှာ ကိုးယောက်က ကံဇာတာ ပြောင်းလဲသွားနိုင်တယ်”
သူ မော့ချွမ်းကို ကြည့်လိုက်ရင်း ပြော၏။ “ငါ ကြည့်ရသလောက်တော့ ညီလေး မင်းမှာ ထူးခြားတဲ့ ရုပ်ရည်ရှိပေမဲ့ ဝမ်းနည်းစရာကောင်းတာက မင်းငယ်ဘဝက ကံဆိုးမှုတွေနဲ့ ပြည့်နှက်နေတယ်။ မင်းလည်း ဘယ်မှ လျှောက်မသွားဘဲ အဲဒီမုန့်ဆိုင်မှာနေ။ မင်း သေချာပေါက် အန္တရာယ်ကနေ ကင်းဝေးပြီး ဘေးကင်းသွားလိမ့်မယ်”
မော့ချွမ်း တုန်လှုပ်သွား၏။ ထိုစကားက တိကျလွန်းလှပေ၏။
သူ ဓားကို ရွှမ်ကျီဇီ၏ လည်ပင်းနားသို့ ထပ်မံ တိုးကပ်လိုက်ရင်း ပြော၏။
“ဘယ်သူက ခင်ဗျားကို မေးလို့လဲ၊၊ ခင်ဗျား ဗေဒင်ဟောတာ ဒီလောက် တိကျနေတာတောင် ကျွန်တော့်ရဲ့ မူလ ဇာစ်မြစ်ကိုတော့ တွက်ချက်လို့ မရဘူးလား”
ရွှမ်ကျီဇီ: “အော်... ဒါကတော့... ငါက မူလဇာစ်မြစ်ကို ဘယ်တော့မှ မတွက်ဘူး၊၊ သွားရမဲ့ လမ်းခရီး ကိုပဲ တွက်ချက်တာ”
“ကျွန်တော်က အဲဒီမုန့်ဆိုင်ကလူပဲ။ နောင်ကျရင် လူတွေကို ကျွန်တော်တို့ဆိုင်ဆီကို ထပ်ပြီး လမ်းမညွှန်နဲ့။ မဟုတ်ရင် ခင်ဗျားကို မြင်တဲ့အချိန်တိုင်း ကျွန်တော် ရိုက်နှက်မှာ။ နားလည်လား”
ဤစကားကို ကြားလိုက်ရသည့်အခါ ရွှမ်ကျီဇီ ဆိုင်ရှင် ကိုယ်တိုင် ပြဿနာလာရှာခြင်း ဖြစ်ကြောင်း သိရှိသွားပြီး သူ ရန်စ၍မရသော လူတစ်ယောက် ဖြစ်သဖြင့် ခေါင်းငြိမ့်ဝန်ခံလိုက်ရတော့သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ။ နောက်နောင် အဲလိုကိစ္စမျိုး ရှိလာရင် ငါ သူတို့ကို ငွေတိုက်အပြင်ဘက်မှာ သွားပြီး ဆောင့်ကြောင့်ထိုင်ခိုင်းလိုက်မယ်။ အဲဒါကလည်း တူညီတဲ့ အကျိုးသက်ရောက်မှု ရှိတာပဲလေ။ ဟီးဟီး...”
မော့ချွမ်း အစပိုင်းတွင် သူ့ကို သင်ခန်းစာကောင်းကောင်း ပေးချင်သော်လည်း သူ တိကျစွာ ဟောနိုင်သည်ကို သိလိုက်သည့်အတွက်ကြောင့် ဓားကို ပြန်သိမ်းလိုက်ပြီး ကရုဏာသက်ကာ လွှတ်ပေးလိုက်တော့သည်။
သူ တံခါးဝသို့ လျှောက်ရင်း လှည့်ကြည့်ကာ မေးလိုက်သေး၏။
“ကျွန်တော် မေးဦးမယ်။ အဲဒီလူ ကံဆိုးမှုတွေကို နှင်ထုတ်ဖို့ ကျွန်တော်တို့ဆိုင်ကို လာတာ ဆိုင်အပေါ်မှာ တစ်စုံတစ်ရာ ထိခိုက်မှု ရှိနိုင်လား”
ရွှမ်ကျီဇီ: “အော်... ဒါကတော့…”
မော့ချွမ်း၏ အဖိုးတန်ဓားကြီးက ထပ်မံ ထွက်ပေါ်လာတော့မည့်အခြေအနေကို မြင်တွေ့ရသည့်အခါ သူ အလျင်အမြန်ပင် ဖြေလိုက်၏။
“ခင်ဗျားတို့ဆိုင်က ကံကောင်းခြင်းတွေ ပြည့်နှက်နေလို့ ဘာထိခိုက်မှုမှ ရှိမှာ မဟုတ်ပါဘူး။ ခင်ဗျား စိုးရိမ်နေတယ်ဆိုရင်လည်း အဲဒီလူ့ဆီကနေ စာအိတ်နီ(ကံကောင်းခြင်း လက်ဆောင်) တစ်ခု တောင်းလိုက်ရုံပါပဲ”
မော့ချွမ်း ခေါင်းငြိမ့်ပြသည်။
“ဒီလိုမျိုး စကားပုံ ရှိတာကို ကျွန်တော် ကြားဖူးပါတယ်။ ဒါဆိုရင် ခင်ဗျားကပဲ ကျွန်တော့်အတွက် တစ်ခု ပြင်ဆင်ပေးလိုက်တော့”
ရွှမ်ကျီဇီ: “...”
“ဘာလဲ။ ဒီကိစ္စက ခင်ဗျားကြောင့် စတင်ခဲ့တာ။ ခင်ဗျားက အကျိုးအမြတ်တောင် ရထားတာလေ။ ခင်ဗျား ကျွန်တော့်ကို စာအိတ်နီတစ်ခု မပေးသင့်ဘူးလား”
ရွှမ်ကျီဇီလည်း သူ့ကံဆိုးမှုကိုသာ လက်ခံလိုက်ရပြီး အခန်းထဲသို့ ပြန်ဝင်ကာ စက္ကူအနီရောင်ကို ယူ၍ မော့ချွမ်းအတွက် ကြေးပြား ရှစ်ဆယ့်ရှစ်စေ့ကို ထုပ်ပိုးပေးလိုက်ရတော့သည်။
မော့ချွမ်း အဝေးသို့ လျှောက်လှမ်းသွားပြီးသည့် အခါမှသာ ရွှမ်ကျီဇီ တိုးတိုးလေး အထွန့်တက်ရဲတော့သည်။
“ဒီလောက် ဆိုင်အကြီးကြီး ဖွင့်ထားတဲ့လူက... ဒီလိုမျိုး အသေးအဖွဲ ကိစ္စလေးအတွက် ငါ့ဆီ လာတောင်းရတယ်လို့ တကယ်ကို မယုံနိုင်စရာပဲ”
လုမင်လီ မုန့်ဆိုင်ထဲသို့ ဝင်လာစဉ် မော့ချွမ်းကို မမြင်တွေ့ရချေ။ ထို့ပြင် မျက်နှာသစ် အမျိုးသားတစ်ဦး မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ကြမ်းတိုက်နေသည်ကိုသာ မြင်တွေ့လိုက်ရ၏။
သူ မီးဖိုချောင်ထဲ ဝင်သွားပြီး မေးလိုက်သည်။
“အပြင်မှာ ဘာဖြစ်ခဲ့လို့လဲ။ မင်း ဝန်ထမ်းအသစ်တွေ ထပ်ခန့်လိုက်တာလား”
ဟွာကျွင်း: “အော်... အဲဒါက ဆိုင်က ဧည့်သည်တစ်ယောက်ပါ။ မော့ချွမ်း သူ့ကို ထိုးလိုက်လို့ နှုတ်ခမ်းက သွေးတွေ ထွက်သွားတာနဲ့... သူ ကြမ်းပြင်ကို ကူပြီး သန့်ရှင်းရေး လုပ်ပေးနေတာပါ”
လုမင်လီ: “...”
သူ စကားလုံးတိုင်းကို နားလည်နိုင်သော်လည်း အားလုံးကို ပေါင်းစပ်လိုက်သည့်အခါ ဘာကို ဆိုလိုမှန်း ဝေခွဲမရဖြစ်သွားသည်။
ဟွာကျွင်း ကိစ္စရပ်အားလုံးကို ရှင်းပြပြီးသည့် အခါမှ လုမင်လီသည် ဖြစ်ပျက်နေသည်များကို နားလည်သဘောပေါက်သွားတော့၏။
သူ တခစ်ခစ်ရယ်လိုက်၏။
“မင်းတို့ဆိုင်က အခုဆိုရင် အရံစီးပွားရေးတစ်ခု ပါ ထပ်ပြီး ဖွင့်လို့ရနေပြီပဲ”
ဟွာကျွင်း သက်ပြင်းချလိုက်မိသည်။
“အခု ရှင်ပါ ကျွန်မကို လာပြီး လှောင်နေပြီပေါ့။ အော်... ပြီးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ရှင် ကျွန်မကို ပေးခဲ့တဲ့ ကျောက်တုံးကို ကျွန်မ လူတစ်ယောက်ကို ခိုင်းပြီး ခွဲခိုင်းလိုက်တာ တကယ်ကိုကျောက်စိမ်း စစ်စစ် ဖြစ်နေတယ်”
သူမက ကျောက်စိမ်းကို ထုတ်ယူကာ လုမင်လီအား ပြသလိုက်သည်။
လုမင်လီ ခေါင်းငြိမ့်ပြ၏။
“ကောင်းတာပေါ့။ ကိုယ် လူတွေကို စီစဉ်ပြီး ကျောက်စိမ်းတွင်း တူးဖော်ရေးလုပ်ငန်းကို အလျင်အမြန် စတင်ခိုင်းလိုက်မယ်။ ဒါပေမဲ့ တူးဖော်လို့ရတဲ့ ကျောက်တွေကို မင်း ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ။ ဒီက လက်မှုပညာရှင်တွေကိုပဲ လုပ်ခိုင်းမလား ဒါမှမဟုတ်…”
ဟွာကျွင်း: “ဟိုဘက်ကမ္ဘာကို ပြန်သယ်သွားပြီးမှ ပြုပြင်တာက ပိုပြီး အဆင်ပြေလိမ့်မယ်။ ကျောက်ပမာဏက အများကြီး ရှိနေတာ။ သာမန် လက်မှုပညာ သီးသန့်နဲ့တင် ဆိုရင်တော့ အရမ်း နှေးကွေးလွန်းလိမ့်မယ်”
လုမင်လီ ပြုံးလိုက်သည်။ “မင်း ဆန္ဒရှိတဲ့အတိုင်းပါပဲ”
ဟွာကျွင်းက လေးနက်စွာ စတင်စီမံကိန်းချတော့၏။“ကျောက်စိမ်းတွင်း တူးဖော်ဖို့အတွက်ဆိုရင် ကျွမ်းကျင်တဲ့လူတွေ လိုအပ်တယ်။ ကျွန်မတို့ ဒီဒေသခံတွေထဲကနေ ရှာဖွေပြီးမှ ဒီကို သယ်ဆောင်လာလို့ ရတယ်။ ခရီးလမ်းက ဝေးကွာလွန်းလို့ အကောင်းဆုံးကတော့ လမ်းတစ်ခု ဖောက်လုပ်လိုက်တာပဲ”
လုမင်လီ အံ့အားသင့်စွာဖြင့် မေး၏။ “လမ်းဖောက်လုပ်မယ် ဟုတ်လား။ မင်း တကယ်ပြောနေတာလား”
သူ့အတွေ့အကြုံအရဆိုလျှင် ဤကဲ့သို့သော ကြီးမားလှသည့် စီမံကိန်းကြီးမျိုးသည် ဧကရာဇ်မင်းမြတ်၏ ဆုံးဖြတ်ချက် လိုအပ်ပြီး သာမန်အရပ်သားတစ်ဦး သူ့ဘာသာ လမ်းဖောက်လုပ်သည်ဟူသောအချက်ကို သူ တစ်ခါမှ မကြားဖူးပေ။
ဟွာကျွင်း: “ဒါပေါ့။ အလုပ်တစ်ခုကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် အရင်ဆုံး ကိရိယာတွေကို သေသေချာချာ ပြင်ဆင်ထားရမယ်လေ။ ရှေးခေတ်ကာလတုန်းက ပိုးလမ်းမကြီး ရှိခဲ့ဖူးသလိုမျိုး... ကျွန်မကလည်း ကျောက်စိမ်းလမ်းမကြီးတစ်ခုကို ဖန်တီးမှာ။ ဒါပေမဲ့ အဲ့တာက ငွေကြေးအမြောက်အမြား ကုန်ကျနိုင်တယ်”
လုမင်လီ သူ့လက်ထဲရှိ ကျောက်စိမ်းကို ငုံ့ကြည့်လိုက်ရင်း ပြော၏။ “ကိုယ်တို့က အဲ့အတွက် ငွေ ပေးစရာ မလိုပါဘူး”
ဟွာကျွင်း: “ဘာလို့လဲ။ ဘယ်သူ့ဟာကို သုံးမှာလဲ”
“ဘယ်သူ့ဟာရယ် မဟုတ်ပါဘူး” လုမင်လီ ရယ်လည်းရယ်ချင် စိတ်လည်းတိုလျက် ပြောလိုက်သည်။
“ပါမောက်ဒေသကနေ ဒီလောက် ကောင်းမွန်တဲ့ ကျောက်စိမ်းတွေ ထွက်လို့ ကိုယ် ဧကရာဇ်မင်းမြတ်ကို အစီရင်ခံစာ တင်ပြလိုက်ရုံပါပဲ။ ဒါဆိုရင် နန်းတော်ကနေ လမ်းဖောက်လုပ်ရေးအတွက် ငွေကြေး ထောက်ပံ့ပေးလိမ့်မယ်”
“ဘာပဲဖြစ်ဖြစ်... ကျောက်စိမ်း သုံးပုံနှစ်ပုံကို နန်းတော်ကို သယ်ဆောင်ရမှာပဲလေ။ အဲဒီအချိန်ကျရင်... ကိုယ်တို့က လမ်းခွဲလေးတစ်ခုကို မုန့်ဆိုင်အဝင်ဝအထိ သာ သီးသန့် ဖောက်လုပ်လိုက်ရုံပဲ။ ငွေကြေးအမြောက်အမြားကို သက်သာစေနိုင်မှာ”
ဟွာကျွင်း ရုတ်တရက် နားလည်သဘောပေါက်သွား၏။ “အကြံကောင်းပဲ”
လုမင်လီ: “မင်း ဒီဘက်ကိစ္စတွေအတွက် ဘာမှ စိုးရိမ်စရာ မလိုဘူး။ မင်း လုပ်ရမှာက လက်မှုပညာရှင်တွေနဲ့ ဝယ်ယူမဲ့ကုန်သည်တွေကို ရှာဖွေထားဖို့ပဲ”
ဟွာကျွင်း နည်းနည်းတော့ ခေါင်းခဲသွားသည်။ “ကျွန်မ လူအများကြီးနဲ့ မသိဘူး။ ကျောက်စိမ်းတွေကို ပြန်ရောင်းချဖို့က လွယ်ပေမဲ့ စိတ်ချရတဲ့ လက်မှုပညာရှင်တွေကို ရှာဖွေဖို့ကတော့ မရိုးရှင်းနိုင်ဘူး”
လုမင်လီ: “စိတ်မပူပါနဲ့။ လောစရာ မလိုပါဘူး။ ကိုယ်တို့တွေ ဖြည်းဖြည်းချင်း အချိန်ယူလို့ ရပါတယ်။ တကယ်လို့ မင်း ရှာမတွေ့ဘူးဆိုရင်လည်း ကိုယ် ဒီဘက်က အလုပ်တွေ ပြီးစီးသွားတဲ့အထိ စောင့်ဆိုင်းပြီးမှ ကိုယ် ကိုယ်တိုင် ဝိုင်းရှာပေးပါ့မယ်”
သူတို့ စကားပြောနေကြစဉ် အပြင်ဘက်ကနေ ဆူညံသံများကို ကြားလိုက်ကြရသည်။ သူတို့ မီးဖိုချောင်ထဲကနေ လှမ်းထွက်ကြည့်လိုက်သည့်အခါ မော့ချွမ်းကို မြင်တွေ့လိုက်ရ၏။
သူသည် အလုပ်များကို ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် မုန့်ဆိုင်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပြီး အပြင်ဘက်တွင် ဝူတယ်ရွှန်းနှင့် စကားပြောဆိုနေ၏။