အခန်း ၃၁၂
Vol. 31 Ch. 312
အခန်း (၃၁၂)
ဘုရားသခင်၏ အလိုတော်
“ဘာဖြစ်လို့လဲ” ဟွာကျွင်း မော့ချွမ်းကို လှမ်းမေးလိုက်သည်။
“ကျွန်တော် သူ့ကို စာအိတ်နီပေးဖို့ ပြောတာကို သူက မပေးဘူးလေ”
မော့ချွမ်း မကျေမနပ်ဖြင့် အမှန်အတိုင်း ပြောလိုက်သည်။
ဝူတယ်ရွှန်း ဟွာကျွင်းကို အလျင်အမြန် ရှင်းပြ၏။ “သူဌေးမဟွာဗျာ... ကျွန်တော်က မပေးချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်တိုလေးအတွင်းမှာ စာအိတ်နီကို ဘယ်ကနေ သွားရှာရမလဲ။ ကျွန်တော် မနက်ဖြန်ကျရင် ယူလာပေးပါ့မယ်လို့ ပြောတာကို... သူ လုံးဝ သဘောမတူဘူး”
ဟွာကျွင်း ဝေခွဲမရဖြစ်သွားသည်။ “ရှင် ဘာဖြစ်လို့ စာအိတ်နီကို လိုချင်နေရတာလဲ”
မော့ချွမ်း: “ဒါက ကံဆိုးတာလေ။ သူ ကျွန်တော်တို့ဆိုင်ရဲ့ ကံကောင်းခြင်းတွေကို ယူသွားလို့ စာအိတ်နီတစ်ခုတော့ ပြန်ပေးသင့်တာပေါ့”
ထို့နောက် သူ ဝူတယ်ရွှန်းကို လှည့်ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားကို မသိဘူးလေ။ တကယ်လို့ ခင်ဗျား နောက်နေ့ ပြန်မလာရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျားက ဒီလောက် ကံဆိုးနေလို့ ကျွန်တော်တို့ဆိုင်ရဲ့ ဖုန်းရွှေကို သေချာပေါက် လာဖျက်ဆီးလိမ့်မယ်”
ဟွာကျွင်း: “ရှင် ဘယ်တုန်းကစပြီး ဒါတွေကို ယုံကြည်သွားတာလဲ”
လုမင်လီ သူမကို လှမ်းတားလိုက်၏။ “သူ့ဘာသာ ကိုင်တွယ်ပါစေ”
လုမင်လီ ဆိုလိုသည်မှာ ဆိုင်၏ အသေးအဖွဲ ကိစ္စရပ်များကို သူမအနေဖြင့် လွှတ်ထားပေးလိုက်ရန် ဖြစ်သည်။ မော့ချွမ်း ကလေးမဟုတ်တော့သဖြင့် သူ့တွင် ကိုယ်ပိုင်အလုပ်လုပ်သည့် နည်းလမ်း ရှိနေပြီဖြစ်၏။
ထိုအချိန်တွင် အာချင်း ဆိုင်ထဲသို့ ဝင်လာပြီး ဟွာကျွင်းကို ပြောလိုက်သည်။
“သူဌေးမဟွာ... နာဘု နိုးလာပြီ။ သူ သူဌေးမဟွာကို တွေ့ချင်နေတယ်”
လုမင်လီ: “ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်။ ညီအစ်ကိုနှစ်ယောက်နဲ့လည်း ဆွေးနွေးစရာ အချို့ ရှိသေးတယ်”
သမားတော်ဆွန်း ပြုစုစောင့်ရှောက်မှုအောက်တွင် နာဘု အတော်လေး သက်သာလာပြီး ယခုဆိုလျှင် ထိုင်နိုင်နေပြီ ဖြစ်သည်။
ဟွာကျွင်း သူ့ကို ကျေးဇူးတင်နေခဲ့သဖြင့် နေကောင်းရဲ့လား နောက်ထပ် ဘာလိုအပ်သေးလဲ စသည်ဖြင့် ဆက်တိုက် မေးမြန်းနေ၏။
နာဘု ဟွာကျွင်းက သူ့အသက်ကို ဒုတိယအကြိမ် ထပ်မံကယ်တင်ပေးခဲ့သည်ကို အံ့ဩနေမိ၏။ သူဌေးမဟွာ သူအသက်ရှင်သန်နိုင်ရေးအတွက် နေ့တိုင်း ငွေကြေးအမြောက်အမြား အသုံးချနေသည်ကို မြင်တွေ့ရသည့်အခါ သူ့စိတ်ထဲတွင် ခံစားချက်မျိုးစုံ ပေါ်ပေါက်လာ၏။
သူ အားနည်းပြီး တိုးညှင်းသော လေသံဖြင့် ပြောရှာ၏။ “သူဌေးမဟွာ ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်တော့်ရဲ့ အရာအားလုံးက ခင်ဗျားကြောင့် ဖြစ်တည်လာရတာပါ။ ကျွန်တော့်ရဲ့ ဒုက္ခိတ ခန္ဓာကိုယ်ကိုတောင် အရေးမစိုက်ဘဲ ကူညီစောင့်ရှောက်ပေးခဲ့တာ…”
သူသည် ထုံကျင်နေသော ခန္ဓာကိုယ်တစ်ခြမ်းကို ငုံ့ကြည့်လိုက်ရင်း ဆက်ပြောသည်။
“ကျွန်တော် ကိုယ့်မျိုးနွယ်စုကို သစ္စာဖောက်ခဲ့လို့ အခုဆိုရင် ဘုရားသခင်ရဲ့ အပြစ်ပေးခြင်းကို ခံလိုက်ရပြီ။ ကျွန်တော့် ခန္ဓာကိုယ်တစ်ဝက်က အသုံးမကျတော့ဘူး။ ခင်ဗျားအနေနဲ့ ကျွန်တော့်အတွက် ငွေကြေးနဲ့ အားအင်တွေကို ထပ်ပြီး မဖြုန်းတီးစေချင်တော့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖြစ်သလို နေခွင့်ပြုပါတော့”
ဟွာကျွင်းသည် သူ စိတ်ပျက်အားငယ်နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူမ ခဏတာမျှ တုံ့ဆိုင်းသွားပြီးမှ ပြော၏။
“ရှင်က ဘာလို့ အဲ့လိုမျိုး တွေးနေရတာလဲ။ ဘုရားသခင်ရဲ့ အပြစ်ပေးခြင်းဆိုတာ လုံးဝ မရှိဘူး။ ရှင် အခုထိ မေ့ဆေးရဲ့ အာနိသင် မပြယ်သေးလို့ပါ။ နောက်ထပ် ရက်နည်းနည်းကြာရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ”
“ဒါတင်မကသေးဘူး။ ဘုရားသခင်က ရှင့်ကို တကယ်ပဲ အပြစ်ပေးချင်တယ်ဆိုရင် ဘာလို့ သေဘေးကနေ လွတ်မြောက်အောင် ကယ်တင်ပေးထားရမှာလဲ”
နာဘု သေသေချာချာ စဉ်းစားကြည့်လိုက်ရာ မှန်ကန်လှပေသည်။ သူ အသက်ရှင်သန်ခွင့်ရခြင်းက ဘုရားသခင်၏ အလိုတော်ကြောင့် ဖြစ်ပေလိမ့်မည်။
သူ ဆက်ပြော၏။
“ဒါပေမဲ့ ကျွန်တော် အခုဆိုရင် အသုံးမကျတော့ဘူး။ ဒီမှာ ဆက်နေရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်”
သမားတော်ဆွန်း သူ့ကို အသက်ဘေးက လွတ်မြောက်လာသော်လည်း နောင်တွင် အားအင်အမြောက်အမြား အသုံးမချနိုင်တော့ဘဲ ကောင်းကောင်းမွန်မွန် အနားယူရမည်ဟု ပြောကြားထားသည်။
ဟွာကျွင်း: “ရှင်က အသုံးမကျတဲ့လူ မဟုတ်ပါဘူး။ ကျွန်မကို ကယ်တင်ဖို့ ကြိုးစားပေးခဲ့လို့သာ...ဒီလောက်အထိ ဒဏ်ရာအပြင်းအထန်ရလိုက်တာလေ။ စိတ်မပူပါနဲ့။ ရှင့် စားဝတ်နေရေးနဲ့ သွားလာရေး အားလုံးကို... နောင်ကျရင် ကျွန်မကပဲ တာဝန်ယူပေးပါ့မယ်”
နာဘု ခေါင်းခါပြသည်။ “ကျွန်တော် ဘာမှမလုပ်ဘဲ အလကားတော့ မယူချင်ပါဘူး”
ဟွာကျွင်း ခဏတာမျှ စဉ်းစားလိုက်ပြီးမှ မေး၏။ “ရှင် ရော မော့ချွမ်းလိုမျိုး ကျွန်မနောက်ကို လိုက်ချင်လား”
နာဘု၏ မျက်လုံးများ တောက်ပသွားသော်လည်း သူ တွန့်ဆုတ်နေဆဲဖြစ်ကာ မေးလိုက်သည်။
“ကျွန်တော်လည်း လိုက်လို့ရလို့လား”
ဟွာကျွင်း: “ဒါပေမဲ့ ရှင် စာချုပ် တစ်ခုတော့ လက်မှတ်ရေးထိုးရလိမ့်မယ်။ စာချုပ်ချုပ်ဆိုပြီးသွားရင်တော့ ရှင့်ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားနိုင်တယ်”
နာဘု: “ကျွန်တော် နားလည်ပါတယ်။ မော့ချွမ်းလိုမျိုး မုန့်ဆိုင်မှာပဲ နေထိုင်ပြီး ညတိုင်း တစ်ကြိမ်ပဲ အပြင်ထွက်ခွင့်ရတာမျိုး မဟုတ်လား”
သူ ခေါင်းငြိမ့်ပြလိုက်ရင်း ပြော၏။
“ကျွန်တော့်မှာ မိသားစုနဲ့ မြက်ခင်းပြင်ကြီးလည်း မရှိတော့ပါဘူး။ ဘယ်နေရာမဆို သွားဖို့ အဆင်ပြေပါတယ်။ ကျွန်တော့်မှာ လက်တစ်ဖက်ပဲ ကျန်တော့ရင်တောင်မှ ပန်းကန်ဆေးတာနဲ့ ကြမ်းတိုက်တာမျိုးတွေကို လုပ်နိုင်ပါသေးတယ်။ ကျွန်တော့်အတွက် စားဖို့ရှိရင်ပဲ အဆင်ပြေပါပြီ”
ဟွာကျွင်း: “ကောင်းပါပြီ၊ ရှင် လမ်းလျှောက်နိုင်တဲ့ အချိန်ကျမှ ကျွန်မတို့တွေ စာချုပ်ချုပ်ဆိုကြတာပေါ့”
“နောက်ထပ် တစ်ခုလောက်မေးပါရစေဦး”
နာဘု မေးလိုက်သည်။
“ကျွန်တော့်ညီလေး ဆီလစ်ကိုပါ ခေါ်လာလို့ ရမလား”
ဟွာကျွင်း: “သူ့အတွက်တော့ ဒီနေရာက နေရာကောင်းတစ်ခု မဟုတ်လောက်ဘူး။ လွတ်လပ်ခွင့်က သိပ်မရှိဘူးလေ”
နာဘု: “သူလည်း မြက်ခင်းပြင်ကြီးကို သစ္စာဖောက်ခဲ့လို့ သွားစရာ နေရာမရှိတော့ပါဘူး၊၊ ကျွန်တော့်လိုပါပဲ။ ခင်ဗျားက သူ့ကိုပါ လက်ခံပေးမယ်ဆိုရင်တင် ကျေးဇူးတင်ပါတယ်”
ထိုသို့ဖြစ်နေသဖြင့် ဟွာကျွင်း သဘောတူလိုက်တော့သည်။ ကျွေးမွေးရမည့် လူတစ်ယောက် ထပ်တိုးလာခြင်းသာ ဖြစ်၏။
လုမင်လီနှင့် ဆီလစ်တို့ ဆွေးနွေးမှုများ ပြီးစီးပြီးနောက် အခန်းထဲသို့ ဝင်လာကြစဉ် နာဘု ဆီလစ်အား ထိုအကြောင်းကို ပြောပြသည်။
ဆီလစ်က နာဘု၏ အငယ်ဆုံးနှင့် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ညီလေး ဖြစ်သည်။ သူတို့ ညီအစ်ကိုနှစ်ဦးက အမြဲတမ်း တစ်ဦးကိုတစ်ဦး မှီခိုအားထားလာကြခြင်းဖြစ်သဖြင့် ဆီလစ် နာဘု၏ ဆုံးဖြတ်ချက်ကို ဘာမှထပ်မစဉ်းစားဘဲ ချက်ချင်းပင် သဘောတူညီ၏။
မော့ချွမ်း လုပ်ဖော်ကိုင်ဖက်သစ် နှစ်ယောက် ရုတ်တရက် ထပ်တိုးလာသည်ကို သိလိုက်ရသည့်အခါ အော်ဟစ်တော့၏။
“မိုးပြိုကုန်ပြီလို့၊ ကျွန်တော် ခင်ဗျားကို ခဏလေးပဲ လွှတ်ထားလိုက်တာကို လူနှစ်ယောက်တောင် ထပ်ခေါ်လာရတယ်လို့။ ခင်ဗျား ကျွန်တော့်ကို ကတိပေးထားခဲ့တာကို မေ့သွားပြီလား”
“ကျွန်မ ရှင့်ကို ဘာကတိပေးခဲ့လို့လဲ”
“ခင်ဗျား နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မခန့်တော့ဘူးလို့ ကတိပေးခဲ့တာလေ။ မုန့်ဆိုင်က အလုပ်အားလုံးကို ကျွန်တော်တစ်ယောက်တည်းနဲ့တင် အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါတယ်”
ဟွာကျွင်း မော့ချွမ်းအနေဖြင့် လူဦးရေများလာပါက စားစရာများ လျော့နည်းသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ကို သိရှိသဖြင့် ချော့မော့လိုက်သည်။
“သူတို့ မုန့်ဆိုင်မှာ ရှင့်အလုပ်တွေကို လာလုမှာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့”
ထိုအခါမှ မော့ချွမ်း စိတ်အေးသွားပြီး မေးလိုက်၏။
“ဒါဆိုရင် သူတို့ ဘယ်ကို သွားမှာလဲ”
“ကျွန်မ နာဘုကို ပြတိုက်ဆီ လွှတ်ဖို့ စီစဉ်ထားတာ။ အဲဒီမှာ အဲကွန်း လည်း ရှိပြီး လုပ်စရာ အလုပ်လည်း သိပ်မရှိလို့ သူ ကောင်းကောင်းမွန်မွန် နာလန်ထူနိုင်လိမ့်မယ်”
သူ့ညီလေးကို မည်သို့ စီစဉ်ရမည်ကိုမူ ဟွာကျွင်း မဆုံးဖြတ်ရသေးချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းဦးရာသီသို့ ရောက်ရှိလာပြီး ဟွာကျွင်း ဤနေရာသို့ ရောက်ရှိလာသည်မှာ တစ်နှစ်တိတိ ပြည့်သွား၏။
ဟွာကျွင်း စစ်ပွဲအတွက် မှာယူထားသော ပစ္စည်းများမှာလည်း တဖြည်းဖြည်းချင်း ရောက်ရှိလာသည်။ နောက်ထပ် ရက်အနည်းငယ်အတွင်း ဆိုင်တွင် ပစ္စည်းများ သယ်ဆောင်ရန်အတွက် အလုပ်များနေပေလိမ့်မည်။
ပစ္စည်းအားလုံးကို သယ်ဆောင်ပြီးစီးသည့်နေ့တွင် လုမင်လီသည် စစ်မြေပြင်သို့ ထွက်ခွာရတော့မည်ဖြစ်ကြောင်း သူမ သိရှိထားသည်။
သူမအနေဖြင့် ဝတ္ထုထဲကလိုမျိုး သေနတ်များနှင့် အမြောက်များကို သူ့အတွက် မထောက်ပံ့ပေးနိုင်သော်လည်း သူ နောက်ဆံအေးအေးဖြင့် တိုက်ပွဲဝင်နိုင်ရန်အတွက် ထောက်ပံ့ရေးကို ကောင်းမွန်အောင် သေချာပေါက် လုပ်ဆောင်ပေးနိုင်၏။
ထို့ကြောင့် သူမ လိုအပ်ချက်တစ်စုံတစ်ရာ ရှိနေမည်ကို စိုးရိမ်သဖြင့် ရိက္ခာများကို အကြိမ်ကြိမ် စစ်ဆေးနေတော့သည်။
လုမင်လီကမူ အလွန်ပင် ယုံကြည်ချက်ရှိ၏။
“ဒီပစ္စည်းတွေ ရှိနေရင် ကိုယ် စစ်မျက်နှာပြင်ကိုပဲ အာရုံစိုက်လို့ရပြီ။ ပြီးတော့ အခုဆိုရင် ဆီလစ်က လမ်းပြပေးမှာမလို့ ပိုပြီးတော့တောင် အကျိုးသက်ရောက်မှု ရှိလာဦးမှာ”
ဟွာကျွင်း: “ဘာပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး သေသေချာချာ သတိထားပါ”
လုမင်လီ သူမကို အတော်ကြာ စိုက်ကြည့်လိုက်ပြီးမှ ပြော၏။ “ကိုယ် ပြန်လာတဲ့ အခါကျရင် ဘယ်မှ ထပ်ပြီး ထွက်မသွားတော့ဘူး”
ဟွာကျွင်း ခေါင်းငြိမ့်ပြလိုက်ရင်း ပြောလိုက်သည်။ “ကောင်းပါပြီ။ ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်။ နောက်ထပ် ဘာလိုအပ်တာပဲဖြစ်ဖြစ် လူလွှတ်ပြီး ကျွန်မကို လာပြောလိုက်ပါ။ ကျွန်မ ရအောင် ရှာပေးပါ့မယ်”
အချိုပွဲဆိုင်လေးလည်း ဆောက်လုပ်ပြီးစီးသွား၏။ ၎င်းက ခြံဝင်းတစ်ခု၊ ချွန်ထက်သော အမိုးနှင့် သဘာဝသစ်သားရောင်နှင့် နို့နှစ်ရောင် တို့ကိုအဓိက အသုံးပြထားသော သုံးထပ်တိုက် အဆောက်အအုံတစ်ခု ဖြစ်သည်။
ဝင်းခြံအတွင်း၌ တောက်ပလှသော ပန်းအမျိုးမျိုးနှင့် စိမ်းလန်းစိုပြည်လှသော အပင်များ၊ မီးအိမ် အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေ၏။
အတွင်းဘက် ပထမထပ်တွင် ဘားကောင်တာ တစ်ခုနှင့် စင်မြင့်အသေးလေးတစ်ခု ရှိနေပြီး ၎င်းတို့ကို ပုတီးစေ့ လိုက်ကာများဖြင့် ပိုင်းခြားထားသည်။ ဟွာကျွင်း စန္ဒရား တစ်လုံးကိုပါ မှာယူကာ နောင်ကျရင် အသုံးပြုရန် စင်မြင့်ပေါ်တွင် ဆင်ထား၏။
ဆိုင်အတွင်းရှိ စားပွဲများသည် စက်ဝိုင်းပုံစံများဖြစ်ပြီး ကုလားထိုင်များနှင့် လိုက်ဖက်လှသော လှပသည့် ပန်းပွင့်ဒီဇိုင်း စားပွဲခင်းများ ခင်းကျင်းထားသည်။
စားပွဲတစ်ခုစီတွင် ရာသီအလိုက် ပန်းပွင့်လေးများ ထည့်ထားသော ဖန်ပုလင်းအသေးလေးတစ်ခုစီ ရှိ၏။
ဒုတိယထပ်တွင် နူးညံ့လှသော ဆိုဖာများရှိသည့် သီးသန့်အခန်းများဖြင့် ဖွဲ့စည်းထားသည်။
ဆိုင်အတွင်း၌ ချစ်စရာကောင်းသော အလှဆင်ပစ္စည်းများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ထဲတွင် ကျန်းကျန်း ပြုလုပ်ထားသော ဝါးယက်အလှဆင်ပစ္စည်းများနှင့် လီနျန် ပြုလုပ်ထားသော တိရစ္ဆာန်ရုပ်လေးများ ပါဝင်သဖြင့် ဆိုင်တစ်ခုလုံးကို နွေးထွေးပြီး သက်တောင့်သက်သာရှိသော အငွေ့အသက်များကို ပေးစွမ်းနေ၏။
အောက်ထပ်တွင်လည်း အချိုပွဲများကို အဆင်ပြေပြေ သိုလှောင်နိုင်ရန်အတွက် ရေခဲသိုလှောင်ခန်း တစ်ခု ရှိနေသည်။
ပထမဆုံးဗားရှင်း မီနူးမှာလည်း အဆင်သင့် ဖြစ်နေပါ၏။ လက်ဆွဲဒီဇိုင်းပုံစံ ဖြစ်ကာ၊ အဓိက ဟင်းပွဲများအနေဖြင့် ကိတ်မုန့်လိပ်၊ ကြက်ဥပူတင်း၊ တြိဂံပုံစံ ချ်ိစ်ကိတ်မုန့် နှင့် ခေါက်ဆွဲခြောက်တို့ ပါဝင်သည်။
အချိုပွဲဆိုင်ကို တစ်နေ့လုံး ဖွင့်လှစ်ထားမည်ဖြစ်ပြီး ရှောင်ယွီက တာဝန်ယူ ကိုင်တွယ်မည်ဖြစ်၏။ ညနေခင်းတွင် သူမ လိုအပ်သော ပစ္စည်းများကို ဟွာကျွင်းထံ အကြောင်းကြားမည်ဖြစ်ပြီး ဟွာကျွင်းက နောက်တစ်နေ့တွင် ဖြည့်ဆည်းပေးမည် ဖြစ်သည်။
ဒုက္ခများသော်လည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိသွားပါက လူတိုင်း အသားကျသွားကြပေလိမ့်မည်။
နာဘု ခုတင်ပေါ်ကနေ ထလာနိုင်ပြီး လမ်းလျှောက်နိုင်ပြီဖြစ်သော်လည်း ခန္ဓာကိုယ်အပေါ်ပိုင်းကိုမူ အများကြီး မလှုပ်ရှားနိုင်သေးချေ။
သူ လမ်းလျှောက်နိုင်သည့် ညနေခင်းတွင် မုန့်ဆိုင်သို့ လာရောက်ပြီး ဆိုင်ပိတ်ခါနီးအချိန်အထိ အဝင်ဝတွင် တိတ်တဆိတ် စောင့်ဆိုင်းနေပြီးမှ ဟွာကျွင်းကို သွားရောက် ရှာဖွေတော့သည်။