← Chapters

အခန်း ၃၁၃

Vol. 31 Ch. 313

အခန်း ၃၁၃

Vol. 31 Ch. 313

အခန်း (၃၁၃)

ဇာတ်သိမ်းပိုင်း (အပိုင်း ၁)

ဟွာကျွင်း ဆွံ့အသွား၏။

“ဘာလို့ အထဲကိုဝင်ပြီး ကျွန်မကို မရှာတာလဲ။ အပြင်မှာ ဒီလောက်အကြာကြီး ဆောင့်ကြောင့်ထိုင်စောင့်နေရတယ်လို့”

နာဘု: “ခင်ဗျားက ဆိုင်ရှင်လေ။ ခင်ဗျား အလုပ်ရှုပ်နေတာကို ကျွန်တော် ဘယ်လိုလုပ် လာနှောင့်ယှက်လို့ ဖြစ်မှာလဲ။ ကျွန်တော် စောင့်နိုင်ပါတယ်”

ဟွာကျွင်း သူ့ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားပြီး စာချုပ်တစ်ခုကို ထုတ်ယူလိုက်ရင်း ပြောသည်။

“ကျွန်မ ရှင့်ကို ကြိုပြောထားရမယ်၊၊ တကယ်လို့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးပြီးသွားရင် ရှင့်အနေနဲ့ ဒီမုန့်ဆိုင်ကနေ တစ်သက်လုံး ထွက်ခွာခွင့်ရတော့မှာ မဟုတ်ဘူး။ ရှင် တကယ်ပဲ သဘောတူရဲ့လား”

နာဘု ခေါင်းငြိမ့်ပြရင်း ဖြေ၏။

“အကျဉ်းကျမယ်ဆိုရင်တောင်မှ ကျွန်တော် မကြောက်ပါဘူး”

ဟွာကျွင်း သူမ လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ရှင်းပြသည်။

“အဲဒီလောက်အထိတော့ မဆိုးပါဘူး။ ရှင့်အနေနဲ့ ညတိုင်း ဆိုင်ဖွင့်လှစ်ပေးရမှာရယ် မုန့်ဆိုင်ကို ဘယ်တော့မှ သစ္စာမဖောက်ရုံပါပဲ”

သို့သော်လည်း နာဘု ထိုအချက်ကို သေသေချာချာ နားမလည်ချေ။ သူ့နားလည်မှုအရဆိုလျှင် မုန့်ဆိုင်က ညဘက်တွင် ဖွင့်လှစ်ခြင်းဖြစ်သဖြင့် မော့ချွမ်းသည် နေ့ခင်းဘက်တွင် ဆိုင်၏မြေအောက်ခန်းထဲ၌ ပိတ်လှောင်ခံထားရပြီး အပြင်ထွက်ခွင့်မရှိဟု ထင်မှတ်ထားခြင်းပင်။

မဟုတ်လျှင် နေ့ခင်းဘက်တွင် ဆိုင်ထဲ၌ လူတစ်ဦးမျှမရှိ တော့ဘဲ လူတိုင်း မည်သည့် နေရာသို့ ရောက်သွားကြသနည်း။

နာဘုသည် စာချုပ်ပေါ်တွင် သူ့နာမည်ကို သေသေချာချာ ရေးထိုးလိုက်ပြီးနောက် သူ့လက်ညှိုးကို ကိုက်ကာ လက်ဗွေနှိပ်လိုက်တော့၏။

“ကဲ... ပြီးပြီ။ အဆင်ပြေသွားပြီ”

ဟွာကျွင်း စာချုပ်ကို ပြန်လည်သိမ်းဆည်းလိုက်ရင်း ပြော၏။

“အခုကစပြီး ရှင် မုန့်ဆိုင်ရဲ့ ဝန်ထမ်းအစစ် တစ်ယောက် ဖြစ်သွားပါပြီ”

နာဘု ထူးဆန်းစွာ ပြောသည်။

“ကျွန်တော့်ရင်ဘတ်ထဲမှာ နည်းနည်း ပူနွေးသွားသလို ခံစားလိုက်ရတယ်။ အခုတော့ အဆင်ပြေသွားပါပြီ”

“ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါ။ လာပါ ကျွန်မ ရှင့်ကို လမ်းလျှောက်ဖို့ အပြင်ကို ခေါ်သွားပေးမယ်”

ဟွာကျွင်း နာဘုကို ခေါ်ဆောင်ကာ မုန့်ဆိုင်နှင့် သူမ အိမ်ကြားရှိ တံခါးကို ဖြတ်ကျော်ပြီး ဘေးနားရှိ အဆောက်အအုံအတွင်းသို့ ဝင်သွားသည်။

“ဒါက ကျွန်မ နေထိုင်တဲ့နေရာပါ၊၊ မော့ချွမ်းလည်း လောလောဆယ် ဒီမှာပဲ ယာယီနေတယ်”

နာဘု သူ့ကိုယ်သူ အင်မော်တယ်ဘုံသို့ ရောက်သွားသလို ခံစားလိုက်ရ၏။ သူ မြင်တွေ့ရသမျှ အရာအားလုံး တစ်ခါမှ မမြင်ဖူးသည့် ထူးဆန်းသော အရာများ ဖြစ်နေသည်။

သူ အသိပြန်မဝင်နိုင်သေးမီ ဟွာကျွင်း သူ့ကို အပြင်တံခါးဝသို့ ထပ်မံခေါ်ထုတ်သွား၏။ သူ အချိုပွဲဆိုင်ကို မြင်တွေ့ရမည်ဟု ထင်မှတ်ထားသော်လည်း မျှော်လင့်မထားဘဲ လုံးဝ ကွဲပြားခြားနားသော လမ်းမကြီးတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

ထိုလမ်းမကြီးသည် အလွန်အမင်း သန့်ရှင်းသပ်ရပ်လှပြီး ဖုန်တစ်စက်မျှပင် မရှိချေ။ အိမ်များသည် အမည်းရောင်နှင့် အဖြူရောင် ပေါင်းစပ်ထားပြီး လမ်းပေါ်တွင် လူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။ လမ်းမီးတိုင်များက လူသူကင်းမဲ့နေသော လမ်းမကြီးကို ထွန်းလင်းပေးထားသဖြင့် အသည်းယားစရာကောင်း၏။

နာဘု ခြေလှမ်းများ ရပ်တန့်သွားပြီး ဟွာကျွင်းကို ထိတ်လန့်တကြား မေးလိုက်မိ၏။

“သူ... သူဌေးမဟွာ... ကျွန်တော်... ကျွန်တော် သေသွားပြီလား”

ဟွာကျွင်း ပြုံးကာ ပြောသည်။

“ဘယ်ကသာ... မသေပါဘူး၊ ဒါ တခြားကမ္ဘာတစ်ခု။ ညဘက်ဆိုရင်တော့ ဒီမှာ လူသိပ်မရှိလို့ပါ”

ဟွာကျွင်း ဘေးနားရှိ အိမ်ကို ပြင်ဆင်ထား၏။ သူမ လက်ဗွေစနစ်သုံး သော့ခလောက်ပေါ်တွင် လျှို့ဝှက်နံပါတ်အချို့ကို နှိပ်လိုက်ပြီးနောက် နာဘုကို သူ့လက်ဗွေ မှတ်တမ်းတင်ခိုင်းလိုက်၏။

“အခုကစပြီး ဒါ ရှင့်နဲ့ ရှင့်ညီလေးတို့အိမ်ဖြစ်သွားပြီ။ အထဲမှာ ပစ္စည်း အစုံအလင် ရှိနေပါပြီ။ နောက်ထပ် ဘာလိုအပ်တာပဲဖြစ်ဖြစ် ကျွန်မကို ပြောပါ။ ကျွန်မတို့တွေ နောက်နေ့မှ သွားပြီး ဝယ်ကြတာပေါ့”

နာဘု အံ့ဩတုန်လှုပ်နေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လျှောက်ကြည့်နေပြီး ဟွာကျွင်း ပြောသမျှ စကားလုံးများကို လုံးဝ မကြားတော့ချေ။ သူ ဤနေရာကို အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်မှတ်နေ၏။ အကြောင်းမှာ သူ တစ်သက် ဤအရာများကို တစ်ခါမျှ မမြင်တွေ့ဖူးသောကြောင့်ပင်။

ဟွာကျွင်း မော့ချွမ်းထံ ဖုန်းဆက်လိုက်ပြီး ဆိုင်သန့်ရှင်းရေးလုပ်ပြီးပါက ဤနေရာသို့ လာရောက်ကာ နာဘုကို ပစ္စည်းကိရိယာများ အသုံးပြုပုံကို ကူညီသင်ကြားပေးရန် ပြောကြားလိုက်သည်။

ထိုအခါမှ နာဘု သတိပြန်ဝင်လာပြီး ပြော၏။

“မော့ချွမ်းက ဆိုင်မှာ သန့်ရှင်းရေး လုပ်နေတုန်းပဲလား။ ဒါဆိုရင် ကျွန်တော် သွားပြီး ကူညီပေးလိုက်မယ်”

ဟွာကျွင်း: “ရှင် ဆိုင်မှာ အလုပ်လုပ်ဖို့ မလိုဘူး။ ကောင်းကောင်းမွန်မွန် နာလန်ထူနိုင်တဲ့ အခါကျမှ နေ့ခင်းဘက်မှာ ပြတိုက်ကို ကူညီစောင့်ရှောက်ပေးရုံပါ”

“အော်... ကောင်းပါပြီ”

နာဘု ပြတိုက်ဆိုသည်မှာ ဘာမှန်း မသိချေ။ သူ သိထားသည်မှာ သူဌေးမဟွာ ခိုင်းစေသမျှ အရာအားလုံးကို လုပ်ဆောင်ရမည်ဖြစ်ပြီး မေးခွန်းအများကြီး မမေးမြန်းရန်သာ ဖြစ်သည်။

နောက်တစ်နေ့တွင် အပြင်ဘက်၌ ပိုမိုစည်ကားလာ၏။

နာဘု အဝတ်အစားအသစ်များကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ဝန်ထမ်းကတ်ကို ချိတ်ဆွဲကာ မုတ်ဆိတ်မွှေးများ ရိတ်၍ ဆံပင်ကို သေသေချာချာ ပြန်လည်ဖြီးသင်လိုက်၏။ ဟွာကျွင်း ပေးထားသော ဖုန်းကို ကိုင်ဆောင်လျက် မော့ချွမ်း ပြောကြားထားသည့်အတိုင်း ပြတိုက်ဆီသို့ ထွက်လာတော့သည်။

လမ်းပေါ်တွင် လူအများကြီး ရှိမနေချေ။ လမ်းသွားလမ်းလာများ နာဘု၏ ရင်ဘတ်ပေါ်က ဝန်ထမ်းကတ်ကို မြင်တွေ့ရသည့်အခါ သူ့ကို ခေါင်းငြိမ့်ပြကာ နှုတ်ဆက်ကြ၏။

နာဘု ပြတိုက်အတွင်းသို့ လှမ်းဝင်လိုက်သည့်အခါ အဖိုးတန် ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ဟွာကျွင်း သူ့ကို ဘာလုပ်ခိုင်းချင်သည်ဟူသောအချက်အား ချက်ချင်းပင် နားလည်သဘောပေါက်သွားတော့သည်။

ဤကဲ့သို့သော ပစ္စည်းများကို သေချာပေါက် စိတ်ချရသောလူဖြင့် စောင့်ရှောက်ခိုင်းရန် လိုအပ်ပေ၏။

နာဘုသည် သူ၏ ကင်းလှည့်ခြင်းလုပ်ငန်းကို ချက်ချင်းပင် စတင်လုပ်ဆောင်တော့သည်။

အဘိုးလု သူ့ကို မြင်တွေ့ရသည့်အခါ ပြုံးပြ နှုတ်ဆက်၏။

“မင်းက နာဘု ဖြစ်ရမယ်၊၊ မိန်းကလေးဟွာ ပြောထားတဲ့ ဝန်ထမ်းအသစ် မဟုတ်လား”

နာဘု ခေါင်းငြိမ့်ပြသည်။

လုအဘိုးအို: “မင်း ဒီနေရာကို အသစ်ရောက်တာဆိုတော့ မရင်းနှီးသေးဘူး ဖြစ်လိမ့်မယ်။ ငါ့ကျောင်းသားတစ်ယောက်ကို မင်းကို လိုက်ပြခိုင်းလိုက်မယ်”

နာဘု ခေါင်းငြိမ့်ပြလိုက်သည်။

သူ ပြတိုက်တစ်ခုလုံး၏ ဖွဲ့စည်းပုံကို သေသေချာချာ ရင်းနှီးကျွမ်းဝင်အောင် တစ်နာရီခန့် အချိန်ယူကြည့်ရှုပြီး သူ့ဘာသာ ကင်းလှည့်ရမည့် အချိန်ဇယားကို စနစ်တကျ ရေးဆွဲလိုက်၏။

ကျန်ရှိနေသော အချိန်များတွင် သူ အဝင်ဝက စားပွဲအနောက်တွင် ထိုင်နေပြီး အထဲဝင်လာသမျှ လူတိုင်းကို သေသေချာချာ စောင့်ကြည့်နေသည်။

နာဘု ဤနေရာရှိ လူများ အလွန်ပင် ဆက်ဆံရလွယ်ကူသည်ကို သိလိုက်ရ၏။ လူတိုင်း သူ့ကို ယဉ်ကျေးစွာ ဦးလေးဟု ခေါ်ဆိုကြပြီး လက်တစ်ဖက် မရှိခြင်းကြောင့် မည်သူမျှ သူ့ကို ထူးဆန်းစွာ စောင်းငဲ့၍ပင် မကြည့်ကြပေ။

ဤနေရာရှိ လူများသည် ကိုယ် ကိုယ်ကိုယ့်ကိုယ်သာ အာရုံစိုက်နေကြပြီး လုပ်စရာအလုပ်များစွာ ရှိနေကြဟန်ပင်။

မွန်းတည့်ချိန်တွင် မော့ချွမ်း သူ့အတွက် ထမင်းလာပို့ပေး၏။ ထို့နောက် သူနှင့်အတူ ပြတိုက်အတွင်း၌ အလုပ်လုပ်၏။ သူတို့နှစ်ဦးသည် ပြတိုက်အတွင်းရှိ ဝန်ထမ်းနှစ်ယောက် ဖြစ်ကြသည်။

ထမင်းစားပြီးနောက် နာဘု စတင်ကင်းလှည့်ပြီး မော့ချွမ်း အနားသို့ ရောက်သွားသည့်အခါမှ မော့ချွမ်း၏ အလုပ်ကို သူ သိသွားတော့သည်။

သူ မော့ချွမ်းကို မြင်တွေ့လိုက်ရချိန် အလွန်ပင် အံ့အားသင့်သွား၏။ တစ်ချိန်က မြက်ခင်းပြင်ကြီး၏ မာနကြီးပြီး အနိုင်မခံအရှုံးမပေးတတ်သော တတိယမင်းသားသည် ယခုဆိုလျှင် စားပွဲအနောက်တွင် တိတ်တဆိတ် ထိုင်နေကာ မိန်းကလေးများအတွက် ယပ်တောင်များပေါ်တွင် စာလုံးများကို အေးအေးဆေးဆေး ရေးသားပေးနေသည်။

သူ့မျက်နှာပေါ်တွင် စိတ်မရှည်သော အမူအရာအချို့ကို မြင်တွေ့နေရသော်လည်း အောင့်အည်းသည်းခံလျက် ညနေခင်းအထိ ငြိမ်ငြိမ်သက်သက် ထိုင်ကာ စာရေးပေးနေပြီးမှ ထွက်ခွာသွား၏။

သူ နားမလည်နိုင်သော အရာများစွာ ရှိနေသဖြင့် နာဘု သူဌေးမဟွာ စိတ်မပူစေရန်အတွက် ဤကမ္ဘာကြီးအတွင်းသို့ အမြန်ဆုံး အသားကျသွားနိုင်အောင် ကြိုးစားအားထုတ်ပြီး သေသေချာချာ လေ့လာသင်ယူရန် ဆုံးဖြတ်လိုက်တော့သည်။

ပရော်ဖက်ဆာပိုင်၏ စတူဒီယိုလည်း ဖွင့်လှစ်ပြီးသွားပြီဖြစ်သည်။ သူ သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် ထီးများကို ပြန်လည်ရောင်းချခြင်းဖြင့် ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။

အန်နာဂူနှင့် သူမ သူငယ်ချင်းများသည်လည်း ပြတိုက်သို့ လာရောက်လည်ပတ်ကြ၏။ ပြတိုက်အတွင်းရှိ စုဆောင်းထားသော ပစ္စည်းများကို မြင်တွေ့ရသည့်အခါ သူတို့ အံ့အားသင့်သွားကြသည်။ ဟွာကျွင်း ပြဿနာတစ်စုံတစ်ရာ မဖြစ်ပွားစေချင်သဖြင့် ပစ္စည်းအချို့သည် အစစ်အမှန်ဖြစ်ပြီး အချို့က အတုအယောင်များသာ ဖြစ်သည်ဟု ပြောထားသဖြင့် သူတို့ ဆက်၍ မမေးတော့ချေ။

အန်နာဂူ ဟွာကျွင်း ပေးသော ကျောက်စိမ်းကို လက်ခံလိုက်ပြီး ၎င်းကို လက်စွပ်တစ်ကွင်းနှင့် နားကပ်နှစ်ဖက်အဖြစ် ဖန်တီးလိုက်သည်။ သူမ ဟွာကျွင်းကို ပြသရန်နှင့် ကျေးဇူးတင်စကား ပြောကြားရန်အတွက် ၎င်းတို့ကို အထူးတလည် ယူဆောင်လာ၏။

ဟွာကျွင်းအနေဖြင့် ကျောက်စိမ်းများကို ပြုပြင်ဒီဇိုင်းဆွဲရန်အတွက် လူအချို့ ငှားရမ်းချင်နေသည်ကို သိလိုက်ရသည့်အခါ သူမ ဟွာကျွင်းကို လူနှစ်ယောက်နှင့် မိတ်ဆက်ပေးသည်။ သူတို့နှစ်ဦးလုံးသည် သူမ နှစ်အတော်ကြာ သိကျွမ်းလာသော သူငယ်ချင်းများဖြစ်ကြပြီး အလွန်ပင် စိတ်ချရသောလူများ ဖြစ်၏။

လုမင်လီ စစ်ပွဲအတွင်း ရောက်ရှိနေသော်လည်း ပါမောက်ဒေသတွင် ကျောက်တုံးကြမ်းများကို စတင်တူးဖော်နေပြီး မကြာမီအချိန်အတွင်း ပေးပို့လာတော့မည် ဖြစ်သည်။ ကျောက်စိမ်းများကို အဆင်တန်ဆာများ ပြုလုပ်မည့် စတူဒီယိုကိုလည်း အလျင်အမြန် တည်ဆောက်ရတော့မည် ဖြစ်သည်။

စတူဒီယို တည်နေရာကို ကျောက်အကျိုးအပဲ့များ အဆင်ပြေပြေ စွန့်ပစ်နိုင်ရန်အတွက် လမ်းမကြီး၏ အဆိတ်ငြိမ်ဆုံးနေရာတွင် ရွေးချယ်ထား၏။ ဘေးနားတွင်လည်း သီးသန့်အခန်းတစ်ခု ထားရှိရန် လိုအပ်ပြီး နောင်တွင် ကျောက်စိမ်းများ တိုက်ရိုက်ထုတ်လွှင့် ရောင်းချနိုင်ရန်အတွက် အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးကို ငှားရမ်းရန် စီစဉ်ထားသည်။

အရာအားလုံး စနစ်တကျရှိနေပြီး ဟွာကျွင်း၏ စီမံခန့်ခွဲမှုများအတိုင်း တဖြည်းဖြည်းချင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာ၏။

ဟွာကျွင်း အစပိုင်းတွင် အလွတ်အတိုင်း ထားရှိရန် ရည်ရွယ်ထားသည့် လမ်းမကြီးသည် ယခုဆိုလျှင် ပြန်လည်၍ အလွန်အမင်း စည်ကားလာသည်ကို ကြည့်ရင်း သူမ စိတ်ထဲတွင် လေးနက်သော ခံစားချက်များ ဝင်လာသည်။

သူမ မုန့်ဆိုင်ကိုလည်း တွေးမိသည်။ ယခုဆိုလျှင် ဆိုင်ခန်းမျိုးစုံ ရှိနေရုံတင်မက ရွာတစ်ရွာအဖြစ်ပင် တည်ဆောက်ထားနိုင်ပြီး ရွာသူရွာသားများကိုပါ အခြေချနေထိုင်ခွင့် ပေးထားနိုင်၏။ ထိုအရာများ အားလုံး ဟွာကျွင်း၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေသည်။

၎င်းသည် မျှော်လင့်မထားသော အောင်မြင်မှုများ ရရှိလာခြင်း ဖြစ်ပေ၏။

ညနေခင်း မုန့်ဆိုင်သို့ ပြန်ရောက်သည့်အခါ ရှောင်ယွီ စိတ်လှုပ်ရှားစွာ ဆိုင်အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ပြောတော့သည်။

“သူဌေးမဟွာ ဒီနေ့ အချိုပွဲဆိုင် ဖွင့်တာ။ ကျွန်မ တစ်နေ့လုံး အားကိုမအားရဘူး”

ထိုအခါမှ ဟွာကျွင်းသည် သူမ အလုပ်ရှုပ်နေသဖြင့် အချိုပွဲဆိုင် ဖွင့်လှစ်မည့်ရက်ကိုပင် မေ့လျော့နေခဲ့သည်အား သတိရသွားတော့၏။

ဟွာကျွင်း ရှောင်ယွီကို အသာအယာ ဖက်လိုက်ရင်း ချီးကျူးသည်။

“ရှင် တကယ့်ကို တော်ပါတယ်၊၊ ကျွန်မ ရှင့်ကို ရွေးချယ်ခဲ့တာ မမှားဘူး”

အချိုပွဲဆိုင် ဆောက်လုပ်ခြင်းမှစပြီး ပြန်လည်အလှဆင်ခြင်းနှင့် ယခုဆိုလျှင် ဆိုင်ဖွင့်လှစ်ခြင်းအထိ ဟွာကျွင်းအနေဖြင့် အများကြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အရာအားလုံးကို ရှောင်ယွီထံ လုံးဝ လွှဲအပ်ထား၏။

ရှောင်ယွီ ယနေ့ရရှိသော ဝင်ငွေများကို ဟွာကျွင်းထံ လွှဲပြောင်းပေးအပ်လိုက်ရင်း ပြော၏။

“သူဌေးမဟွာ ဒါ ဒီနေ့ ရောင်းလို့ရတဲ့ ငွေတွေပါ”

ဟွာကျွင်း ၎င်းတို့ကို ပြန်လည်တွန်းဖယ်ပေးလိုက်ရင်း ပြောလိုက်သည်။

“ကျွန်မတို့တွေ အရာအားလုံးကို သုံးလတစ်ကြိမ်မှ တွက်ချက်ကြရအောင်။ လောလောဆယ်တော့ ရှင်ပဲ သိမ်းထားလိုက်ပါ”

ဟွာကျွင်း ရုတ်တရက် တွေးမိသည်။ ဤနေရာတွင် သူမ ရှိနေရန် မလိုအပ်တော့ပေ။ အကယ်၍ သူမ ရက်အနည်းငယ်ခန့် ထွက်ခွာသွားလျှင်တောင်မှ အရာအားလုံးမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်နေပြီ ဖြစ်၏။

All Chapters