အခန်း ၃၁၅
Vol. 31 Ch. 315 - final
အခန်း (၃၁၅)
ဇာတ်သိမ်းပိုင်း (အပိုင်း ၃)
ဟွာကျွင်း နောက်ဆုံးတွင် စစ်မျက်နှာပြင်ဆီမှ လုမင်လီ ပေးပို့လိုက်သော စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
လုမင်လီသည် ဆယ်ရက်တာအချိန်ကို အသုံးချကာ သူကိုယ်တိုင် အသေအချာ ရွေးချယ်ထားသော အထူးရွေးချယ်ခံ အထူးစစ်သည်တော် ငါးရာကို ဦးဆောင်လျက် နာဘု၏ညီဖြစ်သူ၏ လမ်းပြမှုအောက်တွင် တိရှိုး၏ ရှေ့တန်းစစ်မျက်နှာပြင် တပ်မကြီးများကို ဝေ့ဝိုက်ကျော်ဖြတ်ပြီး နောက်တန်းရှိ စစ်သေနာပတိချုပ် တဲကြီးကို တိုက်ရိုက်ဝင်ရောက်စီးနင်း ချေမှုန်းနိုင်ခဲ့၏။ ၎င်းသည် စစ်ဗျူဟာမြောက် ကွပ်ကဲမှုဌာနချုပ်ကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
သူသည် တိုက်ပွဲဝင်လေ ပိုမိုရဲစွမ်းသတ္တိ ရှိလာလေဖြစ်ကာ တပ်မတော်ကြီးထံသို့ပင် ပြန်လည်မပူးပေါင်းတော့ဘဲ လူငါးရာကို ဦးဆောင်လျက် အလယ်ပိုင်းလွင်ပြင်၏ တိုက်ခိုက်ရေးနည်းနာများကို စွန့်ပစ်ကာ လေလွင့်နေထိုင်သူတို့၏ တိုက်ပွဲဝင်ပုံစံကို လုံးဝပြောင်းလဲ အသုံးပြုခဲ့သည်။ သူတို့ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ပြီးတိုင်း အခြားတစ်နေရာသို့ ချက်ချင်းရွှေ့ပြောင်းကာ မြက်ခင်းပြင်ကြီးပေါ်တွင် သရဲတစ္ဆေများကဲ့သို့ လှည့်လည်သွားလာနေခဲ့ကြသဖြင့် မည်သူမျှ သူတို့နောက်ထပ် ဦးတည်ရာပန်းတိုင်ကို မခန့်မှန်းနိုင်ကြချေ။
သို့သော်လည်း ဤကဲ့သို့သော တိုက်ခိုက်ရေးပုံစံတွင် အားနည်းချက်တစ်ခု ရှိနေ၏။ ၎င်းမှာ စစ်တပ်အနေဖြင့် ရိက္ခာနှင့် အထောက်အပံ့များကို အချိန်မှီ မရရှိနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လုမင်လီ ထောက်ပံ့ရေးလုပ်ငန်း ကို လုံးဝအစအန ဖျောက်ဖျက်ပစ်လိုက်တော့သည်။ သူတို့ မျိုးနွယ်စုတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးတိုင်း ထိုနေရာတွင်ပင် ဝမ်းဗိုက်ကို ပြည့်အောင် ဖြည့်တင်းကြပြီး နောက်ခရီးစဉ်ကို ချက်ချင်း ထပ်မံစတင်ကြသည်။
ရှေ့တန်းစစ်မျက်နှာပြင် စစ်တပ်ကြီးကလည်း တိရှိုးများကို ဆက်တိုက် ဖိအားပေးနေခဲ့ပြီး လုမင်လီ၏ လှုပ်ရှားမှုနှုန်းမှာလည်း အလွန်အမင်း လျင်မြန်လွန်းကာ တိုက်ခိုက်ရေးနည်းလမ်းများမှာလည်း သွက်လက်ချက်ချာပြီး ပုံစံမျိုးစုံ ပြောင်းလဲနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် မျိုးနွယ်စု ဘုရင်ငါးပါးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင်နှင့် တော်ဝင်နန်းတွင်းတို့အကြား ဆက်သွယ်ရေးလမ်းကြောင်းကို တိုက်ရိုက် ဖြတ်တောက်နိုင်ခဲ့တော့သည်။
ထိုအချိန်မှစ၍ တိရှိုးဘက်မှ အသုံးပြုနိုင်သော စစ်အင်အားမှာ (၄၀) ရာခိုင်နှုန်းတိတိ လျော့နည်းသွားသဖြင့် တိရှိုးဘုရင်သည် စစ်တပ်ကို နောက်ဆုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ့တစ်နိုင်ငံလုံးကို မြောက်ဘက်သို့ ကီလိုမီတာ တစ်ထောင်ခန့် ရွှေ့ပြောင်းလိုက်ပြီး အလယ်ပိုင်းလွင်ပြင်ထံသို့ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်တော့သည်။
ဤတိုက်ပွဲသည် ကြီးမားလှသော အောင်ပွဲကြီးတစ်ရပ် ဖြစ်ခဲ့ပြီး သုံးလတာ အချိန်ကာလကို ကုန်လွန်သွားစေ၏။
မြို့တော်သို့ ပြန်လည်ရောက်ရှိလာသည့် အခါတွင်လည်း လုမင်လီသည် တပ်မတော်ကြီးနှင့်အတူ လိုက်ပါလာခြင်း မရှိခဲ့ချေ။ သူသည် လူဆယ်ယောက်ကို ခေါ်ဆောင်ကာ မြင်းများကို အပြင်းနှင်လျက် ဟွာကျွင်းကို ဦးစွာပထမ လာရောက်ရှာဖွေ၏။
ဟွာကျွင်းတစ်ယောက် သောကဗျာပါဒများဖြင့် ရင်တမမ ဖြစ်မနေရတော့ပေ။ သူမ တည်းခိုခန်းကို သူတို့အတွက် အခန်းများနှင့် ရေနွေးများကို အဆင်သင့် ပြင်ဆင်ပေးရန် အကြောင်းကြားလိုက်ပြီး သူတို့အနေဖြင့် ရေနွေးနွေးလေးဖြင့် ချိုးကာ ခရီးပန်းလာသမျှ နွမ်းနယ်မှုများကို ဦးစွာ ဆေးကြောသန့်စင်နိုင်အောင် စီစဉ်ပေးလိုက်သည်။
သို့သော် လုမင်လီတွင် ထိုမျှလောက်အထိ အချိန်အများကြီး မရှိချေ။ သူ ဟွာကျွင်း၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း မေးလိုက်၏။
“မင်း အရင်တုန်းက ပြောခဲ့တဲ့ စကားတွေကို အခုထိ အတည်ပြုလို့ရသေးလား”
ဟွာကျွင်းသည် သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ရင်း ဖြေ၏။
“အင်း ကျွန်မ အတည်ပြုပါတယ်”
လုမင်လီ ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။
“ဒါဆိုရင် ကောင်းပါပြီ။ ကိုယ် မြို့တော်ကို သွားဖို့ လိုအပ်သေးတယ်။ ကိုယ့်အခန်းထဲက ကိုယ်ပိုင်ပစ္စည်းအချို့ကို လူလွှတ်ပြီး အရင်ဆုံး ပို့ခိုင်းလိုက်မယ်။ အဲဒါတွေကို မင်း အနေနဲ့ ကူညီပြီးတော့ သိမ်းဆည်းပေးထားပါ”
ဟွာကျွင်းသည် သူ သူမကို ပစ်ပယ်သွားမည်အား စိုးရိမ်သဖြင့် မေးလိုက်သည်။
“ဧကရာဇ်မင်းမြတ်က ရှင့်ကို ထွက်ခွာခွင့်ပေးလိမ့်မယ်လို့ ထင်လို့လား”
“ကိုယ် ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ စစ်ရေး အောင်မြင်မှုကို ရခဲ့လို့ ဧကရာဇ်မင်းမြတ်က ကိုယ့်ကို ချီးကျူးပေမဲ့ စိတ်ထဲကနေတော့ ပိုပြီးတော့ သံသယဝင် သတိထားနေလိမ့်မယ်။ အခုဆိုရင် တိရှိုးကလည်း ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့လို့ ရာထူးကနေ နှုတ်ထွက်ဖို့အတွက် အကောင်းဆုံး အချိန်ပဲ”
ဟွာကျွင်း: “ကောင်းပါပြီ၊၊ ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်”
ထိုစကားလုံးများ သူမ နှုတ်ဖျားမှ ထွက်ပေါ်သွားသည်နှင့် သူမ ရယ်မောလိုက်မိ၏။
“ဒီစကားလုံး ခြောက်လုံးကို ကျွန်မ ဘယ်နှစ်ကြိမ်တောင် ပြောခဲ့မိမှန်း မမှတ်မိတော့ဘူး”
လုမင်လီ အလွန်ပင် တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါ နောက်ဆုံးအကြိမ်ပါပဲ”
သူ မြို့တော်သို့ ပြန်လည်ထွက်ခွာသွားပြီးနောက် ဟွာကျွင်း လမ်းမကြီးပေါ်ရှိ အတော်လေး ကြီးမားကျယ်ဝန်းသော အိမ်တစ်လုံးကို ရွေးချယ်ကာ နေအိမ်အဖြစ် ပြန်အလှဆင်လိုက်၏။ သူမ မူလနေရာသည် အတော်လေး သေးငယ်လွန်းပြီး အခန်းများလည်း မလုံလောက်ချေ။ ယခုဆိုလျှင် လူတစ်ယောက် ထပ်တိုးလာတော့မည်ဖြစ်သဖြင့် ပိုမိုကြီးမားသော အိမ်တစ်လုံးကို လိုအပ်နေသည်။
မော့ချွမ်း အလွန်ပင် စိတ်လှုပ်ရှားသွား၏။
“စစ်သူကြီးလု ရဲ့ ကျေးဇူးကြောင့်ပါ။ ကျွန်တော် ဆိုဖာပေါ်မှာ အကြာကြီး အိပ်ခဲ့ရတာ။ အခုတော့ ကိုယ်ပိုင်အခန်း ရတော့မှာပဲ”
ဟွာကျွင်း သူ့စကားကြောင့် နည်းနည်းတော့ မျက်နှာပူသွားသည်။
လုမင်လီသည် စစ်သူကြီးရာထူးကနေ နှုတ်ထွက်လိုက်သည့်အခါတွင် ဤကမ္ဘာကြီးအတွင်း၌ စစ်သူကြီးလု၏ အိမ်တော် မရှိတော့ချေ။ လုမင်ကျဲ ဆက်ခံမည့် ကျန့်ယွဲ့မှုးမတ်အိမ်တော်သာလျှင် ရှိနေတော့မည် ဖြစ်သည်။
ဟွာကျွင်း အဘွားကို သွားရောက်တွေ့ဆုံရန်အတွက် သူနှင့်အတူ မှုးမတ်အိမ်တော်သို့ ပြန်လိုက်လာသည်။
လုအဘွားကို သူ မည်သို့မည်ပုံ ရှင်းပြခဲ့သည်ကို ဟွာကျွင်း မသိရှိချေ။ သူမ အဘွားကို မြင်တွေ့ရသည့်အခါ အဘွားက အခြေအနေအားလုံးကို လက်ခံထားပြီး ဖြစ်နေ၏။
သူမ ဟွာကျွင်း၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း ပြောသည်။
“သမီးက တကယ့်ကို မိန်းမကောင်းလေးတစ်ယောက်ပါ။ ယွမ်ကျိုး သမီးအပေါ် မကောင်းတာတစ်ခုခု လုပ်ခဲ့ရင် အဘွားဆီကိုသာ ချက်ချင်း ပြန်လာခဲ့ပါ။ အဘွားကး သမီးဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးပါ့မယ်။ တကယ်လို့ အဘွားသာ မရှိတော့ရင် သူ့ညီလေးကို သွားရှာလိုက်ပါ”
သူမ မျက်ရည်များကို သုတ်လိုက်ရင်း ပြောသည်။
“ယွမ်ကျိုးရဲ့ အသက်ကို သမီးက ကယ်တင်ပေးခဲ့တာ ဖြစ်လို့ သူ့ကို သမီးအနားမှာပဲ တစ်သက်လုံး အဖော်ပြုခွင့် ပေးလိုက်ပါတော့မယ်”
လုမင်လီ: “အဘွား ကျွန်တော် အဘွားဆီ ပြန်ပြီး မတွေ့တော့တာလည်း မဟုတ်ပါဘူးဗျာ။ ကျွန်တော် သူ့ဘက်ကို အိမ်ထောင်ပြုပြီး လိုက်သွားတယ်လို့ပဲ သဘောထားလိုက်ပါ။ ကျွန်တော် အိမ်တော်မှာ ဆက်ပြီး မနေနိုင်တော့တာပဲ ရှိတာပါ”
လုအဘွားမှာ ရယ်မောသွားပြီး ပြောတော့သည်။
“ကဲပါ မင်းက ပုံမှန်ဆိုရင်လည်း အိမ်မှာ ရှိနေတတ်တာ မဟုတ်ပါဘူး။ အဘွားကတော့ ဒါတွေကို အသားကျနေတာ ကြာပါပြီ”
ထို့နောက် သူမ ဟွာကျွင်းကို လှည့်ပြောလိုက်သည်။
“သမီးနဲ့ ယွမ်ကျိုးတို့ တစ်ဦးကိုတစ်ဦး တစ်သက်လုံး ဖေးမကူညီပြီး အဖော်ပြုသွားနိုင်ကြပါစေလို့ အဘွား ဆုတောင်းပေးပါတယ်။ ဒီအဘွားဆီကိုလည်း မကြာခဏ ပြန်လာကြည့်ဖို့ မမေ့နဲ့ဦးနော်”
ဟွာကျွင်း၏ မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာရတော့၏။ သူမ ဤအဘွား၏ အဖိုးတန်ဆုံး ရတနာကြီးကို လုယူသွားခဲ့မိသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
အဘွားလုကို နှစ်သိမ့်ပေးပြီးနောက် ဟွာကျွင်း လုမင်လီအား လေးနက်သည့် အသံဖြင့် ပြောလိုက်၏။
“ရှင် ဒီမှာပဲ နေခဲ့ပါလား။ ကျွန်မ ဘွားဘွား ဝမ်းနည်းနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိလို့ပါ”
လုမင်လီ: “…”
“မင်း ဒီစကားကို ပြောတာ နောက်ကျသွားပြီ။ အခုဆိုရင် ကိုယ့်မှာ နေစရာ အိမ်တော်တောင် မရှိတော့ဘူး။ ကိုယ် မင်းကိုပဲ မှီခိုအားထားရတော့မှာ။ မင်း ကိုယ့်ကို ဘယ်လိုနည်းနဲ့မှ တွန်းဖယ်လို့ မရတော့ဘူး”
သူ ဟွာကျွင်းကို ခေါ်ဆောင်ကာ လုမင်ကျဲကို သွားရောက်ရှာဖွေသည်။ လုမင်ကျဲသည် သူ့ကို မြင်တွေ့သည့်အခါ အလွန်ပင် မခွဲနိုင်မခွာရက် ဖြစ်နေတော့၏။
“အစ်ကိုကြီး ဒီလောက်ကြီးတဲ့ လုအိမ်တော်ကြီးကို ကျွန်တော့်ဆီ လွှဲအပ်ရက်တယ်။ တကယ့်ကို ရက်စက်နိုင်လွန်းတယ်”
လုမင်လီ သူ့ပုခုံးကို ဆုပ်ကိုင်လိုက်ရင်း ပြော၏။
“ငါတို့ လုမိသားစုက ဘယ်တော့မှ ငကြောက်တွေကို မမွေးထုတ်ဘူး။ မင်း အဆင်ပြေပြေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ငါ အဘွားကို မင်းဆီမှာ ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့မယ်နော်”
လုမင်ကျဲ သက်ပြင်းချလိုက်ရင်း မေးလိုက်၏။
“ကျွန်တော့်မှာ အခက်အခဲတစ်ခုခု ရှိလာရင်မုန့်ဆိုင်ကို လာပြီး အစ်ကိုကြီးကို ရှာလို့ရလား”
လုမင်လီ: “မင်း အရင်ဆုံး မင်းဘာသာ ဖြေရှင်းနိုင်အောင် ကြိုးစားကြည့်ပါဦး။လုံးဝ မတတ်နိုင်တော့မှသာ ငါ့ဆီကို လာရှာလိုက်ပါ”
လုမင်ကျဲ ဟွာကျွင်းကို လှည့်ပြောလိုက်၏။
“သူဌေးမဟွာ ကျွန်တော့်မှာ အားနာစရာကောင်းတဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်”
“ဘာလဲ”
ဟွာကျွင်း ဝေခွဲမရဖြစ်စွာ မေးလိုက်သည်။
“အစ်ကိုကြီး အိမ်တော်မှာ မရှိတဲ့အချိန်တုန်းက ကျွန်တော် ပန်းချီကားတစ်ချပ်ကို လက်ခံရဖူးတယ်။ အဲဒီပန်းချီကားထဲမှာ ခင်ဗျားက ပန်းနုရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားတာ။ ကျွန်တော်ကတော့ အစက အစ်ကိုကြီး စုဆောင်းထားတဲ့ ပစ္စည်းတစ်ခုလို့ ထင်ထားတာ။ အစ်ကိုကြီး ပြောတာကို တစ်ခါမှ မကြားဖူးလို့ တစ်စုံတစ်ယောက်က အစ်ကိုကြီးကတစ်ဆင့် ခင်ဗျားဆီကို ပေးပို့ချင်တာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိခဲ့တယ်”
လုမင်လီ မျက်မှောင်ကြုတ်ရင်း ပြော၏။
“မင်း ငါ့ကို ဘယ်လိုမျိုး ထင်နေတာလဲ။ ငါ ဒီလိုမျိုး မဟုတ်မဟက်တွေ လုပ်မဲ့လူ မဟုတ်ဘူး”
“ဟီးဟီး…”
လုမင်ကျဲ သူ့နှာခေါင်းကို ပွတ်သပ်လိုက်ရင်း ပြောသည်။
“ကျွန်တော် အတွေးလွန်သွားတာပါဗျာ”
ဟွာကျွင်း ပြီးခဲ့သည့်နှစ် နှစ်သစ်ကူးညက ရှန်ဟွိုက်ရွှီ သူမအတွက် ပန်းချီကားတစ်ချပ် ရေးဆွဲပေးခဲ့သည်ကို သတိရသွားတော့၏။
“ဒါဆိုရင်... အဲဒါက ဒီကို ရောက်နေတာပေါ့။ ကျွန်မကတော့ ရှန်ဟွိုက်ရွှီ ကျွန်မကို ပေးဖို့ မေ့သွားတာလို့ ထင်နေတာ”
လုမင်ကျဲ : “နောက်ပိုင်းမှာ အဘွားက အဲဒီပန်းချီကားကို တွေ့ပြီး အရမ်းပျော်သွားတာ။ ကျွန်တော် အစ်ကိုကြီးရဲ့ သီးသန့်စုဆောင်းမှုလို့ ထင်ထားလို့ ပန်းချီကားကို သေသေချာချာ ပြန်သိမ်းဆည်းထားတာ။ အခုတော့ အစ်ကိုကြီး ခင်ဗျားနဲ့အတူ လိုက်သွားတော့မှာဆိုတော့ ခင်ဗျားအနေနဲ့ ပန်းချီကားကို အဘွားဆီ ပေးလို့ရမလား။ ဒါဆိုရင် သူ အလွမ်းပြေ ကြည့်နိုင်တာပေါ့”
ဟွာကျွင်း ခေါင်းငြိမ့်ပြလိုက်ရင်း ပြော၏။
“ကောင်းပါပြီ။ ကျွန်မကိုတော့ အရင်ဆုံး ပြပါဦး”
လုမင်ကျဲ ပန်းချီကားကို ဖြန့်ခင်းပြလိုက်သည်။ ဟွာကျွင်း သူမ ဖုန်းကို ထုတ်ယူကာ အမှတ်တရအဖြစ် ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်ပြီးနောက် ပြောလိုက်သည်။
“အဆင်ပြေပါပြီ။ အဘွား အခုအချိန်ဆိုရင် အိပ်ပျော်နေလောက်ပြီ။ ရှင်ပဲ မနက်ဖြန်ကျရင် ကျွန်မကိုယ်စား အဘွားဆီ ပေးလိုက်ပါ”
လုမင်ကျဲ ပန်းချီကားကို ပြန်လိပ်ကာ အတွင်းခန်းထဲသို့ ထည့်သွင်းလိုက်တော့သည်။ ဟွာကျွင်း ဖုန်းထဲက ဓာတ်ပုံကို ငုံ့ကြည့်လိုက်ပြီး အလွန်ပင် ရင်းနှီးနေသည်ကို တွေ့လိုက်၏။
“ဒါ… ဒါက လုကျောက် အိမ်မှာရှိတဲ့ ပန်းချီကား မဟုတ်ဘူးလား။ ဒါဆိုရင် ပန်းချီကားထဲကလူက သူ့အဒေါ်မဟုတ်ဘဲ ကျွန်မ ဖြစ်နေတာပေါ့”
[T/N ဒီနားလေးရှင်းသွားပြီ။ ပန်ချီကားထဲကသူက ဟွာကျွင်းဖြစ်နေတာကိုး]
လုမင်လီ ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။
“နောင်မှပဲ ပန်းနုရောင် နန်းတွင်းဝတ်စုံ ဘာလို့ ဝတ်ထားရလဲဆိုတာ ရှင်းသွားတော့တယ်။ မင်း အဲဒါကို ဝတ်ထားခဲ့တာကိုး။ အရာအားလုံးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ မင်း ရှာဖွေနေခဲ့တဲ့လူက မင်းကိုယ်တိုင် ဖြစ်နေလိမ့်မယ်လို့ ကိုယ် မျှော်လင့်မထားဘူး”
ဟွာကျွင်း: “ဒါက ရုပ်ရှင်တွေထဲမှာပဲ ထွက်ပေါ်လာတတ်တဲ့ ဇာတ်ကွက်မျိုးနဲ့ အတော်လေး တူနေတယ်နော်”
လုမင်လီ: “ရုပ်ရှင်အကြောင်း ပြောရမယ်ဆိုရင် ကိုယ် ရုပ်ရှင်မကြည့်ဖြစ်တာ အခုဆိုရင် ခြောက်လကျော်ရှိသွားပြီ။ ပြီးတော့ အဲ့တုန်းကလို လက်တွေ့ဆန်တဲ့ ဇာတ်ဝင်ခန်းတွေက ကိုယ့်စိတ်ထဲမှာ မကြာခဏ ထွက်ပေါ်လာတတ်တယ်”
ဟွာကျွင်း ပြုံးကာ ပြောလိုက်သည်။ “ကျွန်မ ဗီလာရဲ့ မြေအောက်ခန်းထဲမှာ ရုပ်ရှင်ရုံ တစ်ခု ဆောက်ထားတယ်။ ကျွန်မတို့တွေ အခုဆိုရင် ရုပ်ရှင်တွေကို မကြာခဏ အတူတူ ကြည့်လို့ရပြီပေါ့”
ဟွာကျွင်းနှင့် လုမင်လီတို့နှစ်ဦး မုန့်ဆိုင်သို့ ပြန်လည်ရောက်ရှိလာကြသည်။ သူမ စာချုပ်များထည့်ထားသော သစ်သားသေတ္တာအသေးလေးကို ထုတ်ယူလိုက်စဉ် အတွင်း၌ အနီရောင်ဖြင့် လက်ရေးလှပုံစံဖြင့် ရေးထားသော စာချုပ်အပိုတစ်ခု ထပ်မံထွက်ပေါ်နေသည်ကို တွေ့လိုက်၏။
“ဒီစာချုပ်မှာ ဘာတွေ ထူးခြားနေလဲဆိုတာ ကျွန်မ မသိဘူး”
သူမ လုမင်လီကို ၎င်းပေါ်တွင် လက်ဗွေနှိပ်ခိုင်းလိုက်၏။ သူ ပြန်ဖြေလိုက်သည်။
“ဒါက အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ် မင်းအနားကနေ ဘယ်တော့မှ ထွက်မသွားတော့ဘူး”
မော့ချွမ်း လှမ်းမေးလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်က ဒီနေရာမှာတင် တန်းပြီး မင်္ဂလာဆောင်ကြတော့မှာလား။ အရောင်က တကယ့်ကို ပျော်ရွှင်စရာ ကောင်းလွန်းတာပဲ”
ဟွာကျွင်း စကားမပြောရသေးမီ လုမင်လီ ကြားဖြတ်၍ ပြော၏။
“မင်္ဂလာဆောင်ဖို့အကြောင်း ပြောဖို့ကတော့ အခုထိ အချိန်စောလွန်းပါသေးတယ်”
သူ ဟွာကျွင်းကို စိုက်ကြည့်လိုက်ရင်း ပြောတော့သည်။။
“အရင်တုန်းက... ကိုယ် အလုပ်တွေ သိပ်များနေခဲ့လို့ မင်းရဲ့အနားမှာ ကောင်းကောင်းမွန်မွန် အဖော်မပြုပေးနိုင်ခဲ့ဘူး။ ချိန်းတွေ့တာမျိုးတွေလည်း မလုပ်ဖြစ်ခဲ့ဘူးလေ။ ကိုယ်တို့တွေရဲ့ ဘဝခရီးလမ်းက အရှည်ကြီး ကျန်ရှိနေသေးတယ်။ ကိုယ် မင်းအတွက် ဖြည်းဖြည်းချင်း အားလုံးကို ပြန်လည်ဖြည့်ဆည်းပေးပါမယ်”
ဟွာကျွင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်မိ၏။ ဟုတ်ပေသည်။ သူတို့ဘဝခရီးလမ်း တကယ်ကို အရှည်ကြီး ကျန်ရှိနေပါသေး၏။ သူတို့အနေဖြင့် ရှေ့သို့ ခြေလှမ်းတစ်လှမ်းချင်းစီ အတူတကွ လှမ်းလျှောက်သွားကြရုံမျှသာ ဖြစ်ပေတော့သည်။
ဇာတ်လမ်းပြီးပါပြီ -
Extra 6 ပိုင်းသာ ကျန်ပါတော့မယ်