← Chapters

အပြစ်ပေးခြင်း…အကြိမ် ၃ထောင် ကူးရေး

Vol. 6-10 Ch. 118

အပြစ်ပေးခြင်း…အကြိမ် ၃ထောင် ကူးရေး

Vol. 6-10 Ch. 118

အခန်း (၁၁၈) : အပြစ်ပေးခြင်း…အကြိမ် ၃ထောင် ကူးရေး

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၊ ဂိုဏ်းချုပ်တောင်ထိပ်ရှိ ဂိုဏ်းချုပ် စံအိမ်တော်ထဲ၌……

မိုးကြိုးအရှိန်အဝါများဖြင့် တောက်ပနေသော ဂိုဏ်းချုပ်က ပုလ္လင်ပေါ်တွင် ထိုင်နေသည်။

သူ့ရှေ့မှာတော့ တာအိုကိုယ်တော်ကြီးက မျက်နှာမသာမယာဖြင့် ပြောလိုက်သည်

“ ဆရာတူညီလေး မင်း ငါ့ကို လှည့်စားခဲ့တာပဲ”

ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူ မေးလိုက်သည်

“ ဆရာတူအစ်ကိုကြီးက ဘာလို့ ဒီလိုစကားမျိုးကို ပြောရတာလဲ။ ကျွန်တော် ဘယ်တုန်းကများ လှည့်စားခဲ့လို့လဲ”

ကြာပြာ ကောင်းကင်အသျှင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ငါတို့ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားနဲ့ သဘောတူညီမှုသုံးခု လဲလှယ်ခဲ့တယ်လေ ဟုတ်တယ်မလား”

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဟုတ်တယ်လေ…ဒါပေမဲ့ ဆရာတူအစ်ကိုကြီးမှ ကျွန်တော့်ကို အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြား မပေးရသေးတာ”

ကြာပြာ ကောင်းကင်အသျှင်က ပြန်ပြောလိုက်သည်

“ ဒါပေမဲ့ ငါ မင်းကို အထဲမှာပါတဲ့ အမွေအနှစ် ပုံပွားကို ပေးထားတယ် မဟုတ်လား။ အဲလိုဆိုရင် အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားက မင်းအတွက် အမှတ်အသားပြား တစ်ခုထက် မပိုတော့ဘူးမလား။ ငါတို့ အထွတ်အမြတ်မြေရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကနေ အခုထိ အမှတ်အသားပြား မပိုင်ဆိုင်တာ ဆရာတူညီလေး တစ်ယောက်တည်းမှ မဟုတ်တာ”

ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ဖြည်းဖြည်းချင်း ငြိမ်ကျသွားပြီးနောက် ပြောလိုက်သည်

“ အာ… ဆရာတူအစ်ကိုကြီးက ဒီကိစ္စအကြောင်းကို ပြောနေတာလား”

ကြာပြာ ကောင်းကင်အသျှင်က စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်

“ ဒီကိစ္စမဟုတ်ရင် ငါက ဘာကိစ္စကို ပြောနေတယ်လို့ မင်းက ထင်လို့လဲ။ တခြား ဘာကိစ္စရှိသေးလို့လဲ”

ဂိုဏ်းချုပ်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ မရှိပါဘူး။ ဒါဆို ဆရာတူအစ်ကိုကြီးက ကျားနဂါးဆွဲပြား ပျောက်သွားတာတောင် အလဲအလှယ် လုပ်စေချင်သေးတာပေါ့ ဟုတ်လား”

ကြာပြာ ကောင်းကင်အသျှင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ အရင်တစ်ခေါက်တုန်းက မင်းရဲ့ ထောင်ချောက်ထဲမှာ မိသွားတယ်ဆိုပေမဲ့ ဒီနှစ်ခု မတူဘူးလေ။ ကျားနဂါးဆွဲပြားကို စိတ်ဝိညာဉ်တောင်နဲ့ လဲလှယ်ဖို့ လုပ်ထားခဲ့တာလေ။

အခု ကျားနဂါးဆွဲပြား ပျောက်သွားတယ်ဆိုပေမဲ့လည်း ဂိုဏ်းတူညီလေးရဲ့ သမီးကို ကယ်ပေးထားတဲ့အတွက် ဝိညာဉ်ကျောက်တုံး ၁သန်း ပေးသင့်တယ်။ ပြီးတော့ ရွှေတောင်ပံလင်းယုန် ပေါင်အတွက်လည်း ဝိညာဉ်ကျောက်တုံး ၅သိန်း ပေးသင့်သေးတယ်”

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ အဟုတ်ပဲ…ရှီးအာကို ကယ်ခဲ့တဲ့အတွက်ရယ် သူမကို လင်းယုန်ပေါင်ကို ပေးခဲ့တဲ့အတွက်တော့ ဆုချသင့်တယ်။

ဒါပေမဲ့ ကျားနဂါးဆွဲပြားကို စောင့်ရှောက်ဖို့အတွက် ရှီးအာက အစ်ကိုကြီးဆီ လက်လွှဲပေးထားတယ်ဆိုတာကို မေ့ထားလို့ မရဘူးနော်။ ဒါပေမဲ့ အစ်ကိုကြီးက အဲဒါကို ပျောက်သွားအောင် လုပ်လိုက်တယ်လေ။

အဲဒါက ဂိုဏ်းချုပ်အမှတ်အသားပြားဆိုပေမဲ့ အဲလောက်အထိ အရေးကြီးတဲ့အရာတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျားနဂါးဆွဲပြားရဲ့ မူလတန်ဖိုးက ဒီဝိညာဉ်ကျောက်တုံးတွေထက် ပိုပြီးတော့ များတယ်လေ ဟုတ်တယ်မလား။

ဆရာတူအစ်ကိုကြီး … ရှီးအာ အစ်ကိုကြီးဆီကနေ တောင်းဆိုသင့်တဲ့ လျော်ကြေးက ဝိညာဉ်ကျောက်တုံး ဘယ်လောက် ဖြစ်မယ်လို့ ထင်လဲ”

ဂိုဏ်းချုပ် ပြောလို့ပြီးသွားသည်နှင့် ကြာပြာ ကောင်းကင်အသျှင်၏ မျက်နှာထားက ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာသည်။

“ ဆရာတူညီလေး ငါ ဒီနေ့ မလာဘူးလို့ သဘောထားလိုက်နော်။ ငါ သွားတော့မယ်”

ကြာပြာ ကောင်းကင်အသျှင်က ပြောပြီးပြီးချင်း ဂိုဏ်းချုပ်စံအိမ်တော်၏ ထွက်ပေါက်သို့ အမြန်လမ်းလျှောက်သွားသည်။

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်

“ တကယ်တော့ ဆရာတူအစ်ကိုကြီး ဝိညာဉ်ကျောက်တုံးတွေ လိုချင်ရင် ရိုးရှင်းပါတယ်”

ကြာပြာ ကောင်းကင်အသျှင်က လုပ်ပြုံး ပြုံးကာ ပြောလိုက်သည်

“ ဆရာတူညီလေး တည့်တိုးလေး ပြောပေးပါလား”

ကြာပြာ ကောင်းကင်အသျှင်က ပြောလိုက်သည်

“ ဆရာတူအစ်ကိုကြီးကို ကျွန်တော် အရင်တုန်းက ပြောဖူးတာ မှတ်မိလား။ ရှန်ထျန်းက ကံကြမ္မာရဲ့သားတော် အစစ်ပဲ။ ဆရာတူအစ်ကိုကြီးသာ ရှန်ထျန်းကို ကိုယ်ထည်မာ ကျင့်စဉ် ကျင့်တုန်း စိတ်ပါလက်ပါ လမ်းပြပေးပြီးတော့ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ်ဆိုရင် အစ်ကိုကြီးရဲ့ ကံကောင်းမှုတွေလည်း သေချာပေါက် မြင့်တက်လာလိမ့်မယ်။ အစ်ကိုကြီးဆီကိုလည်း ကောင်းတဲ့ အခွင့်အရေးတွေ အဆုံးမရှိ ရောက်လာလိမ့်မယ်”

ကြာပြာ ကောင်းကင်အသျှင်၏ မျက်နှာ ပြုံးနေရာမှ တည်သွားကာ ပြောလိုက်သည်

“ ဟား…ဟား…ဟား…ငါ့ကို ငတုံးလို့များ ထင်နေတာလား။ အဲဒီကလေး သူတော်စင်ဖြစ်တဲ့ လဝက်အတွင်း သူက အာရံအစိုက်ခံရဆုံးသူ တစ်ယောက် ဖြစ်လာတယ်။ တပည့်ဘယ်နှစ်ယောက်လောက် အပြစ်တင် တိုင်ကြားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

ဖန်ချန်း ကျင့်စဉ်ပြီးသွားလို့ အားတာနဲ့ အဲဒီကလေးကို အရင်သွားရှာပြီး ရိုက်နှက်မှာ သေချာတယ်။ သူက မီးစာကျမ်း ကျင့်စဉ် ကျွမ်းကျင်သူ ဖြစ်မလာသေးခင်မှာတောင် ဒီလောက်အထိကို ကံဆိုးပြီးနေပြီလေ။ ဆရာတူညီလေး … အဲဒါကို  မင်းက သူ့ကို ကံကြမ္မာရဲ့သားတော်လို့ ပြောနိုင်သေးတာလား။ ရယ်ရတယ်ကွာ …  အဲဒီကလေးကို ငါ့တပည့်အဖြစ် လက်ခံစေချင်နေတာလား။ လုံးဝ လုံးဝ မဖြစ်နိင်ဘူး ”

ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်

“ ဆရာတူအစ်ကိုကြီး သေချာရဲ့လား”

ကြာပြာ ကောင်းကင်အသျှင်က ပြောလိုက်သည်

“ ငါက ဘယ်တုန်းက ပြောခဲ့ဖူးပြီးသားစကားကို နောင်တရဖူးလို့လဲ”

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ ဒီတစ်ခါတော့ အစ်ကိုကြီး သေချာပေါက် နောင်တရလိမ့်မယ်။ မကြာခင် နောင်တရတော့မှာပါ”

ကြာပြာ ကောင်းကင်အသျှင်က လှောင်ရယ်ကာ ပြောလိုက်သည်

“ မင်းက ငါ့ကို အရူးလုပ်ချင်နေတာလား။ ငါ နောင်တရရင် ငါက ခွေးမသားပဲ”

ကြာပြာ ကောင်းကင်အသျှင် ပြောပြီးသွားနောက် မျက်မှောင်ကြုတ်လိုက်မိသည်

သူ ဒီစကားကို ဘာလို့ အကြိမ်များစွာ ပြောဖူးသလို ခံစားနေရတာလဲ

ထိုအချိန်အတွင်းမှာပဲ အဝေးတစ်နေရာမှ ပေါက်ကွဲသံကို ကြားလိုက်ရသည်။

ဝုန်း…..

ဂိုဏ်းချုပ်က လေဟာနယ်ကို ဖြတ်ပြီး ကြည့်လိုက်ပြီးနောက် ဂိုဏ်းချုပ်ကို လွှမ်းခြုံထားသည့် မိုးကြိုးအရှိန်အဝါ ဖျော့တော့စွာ လင်းလက်လာသည်။

သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်

“ ထင်ထားတဲ့အတိုင်းပဲ ဖန်ချန်းက ကျင့်ကြံလို့ ပြီးတာနဲ့ ရှန်ထျန်းကို ပြဿနာသွားရှာတာ ထင်တယ်”

ကြာပြာ ကောင်းကင်အသျှင်က အားရဝမ်းသာဖြင့် ပြောလိုက်သည်

“ တွေ့လား ဆရာတူညီလေး… အဲဒီကောင်လေးက ကံဆိုးစေပါတယ်လို့ ငါ ပြောခဲ့သားပဲ။ မီးစာကျမ်းကို ကျင့်တဲ့ ကံမကောင်းတဲ့ ကောင်လေးက ဘယ်လိုလုပ်ပြီးတော့ ကံကြမ္မာရဲ့သားတော် ဖြစ်လာနိုင်မှာလဲ။ အဲဒီကောင်လေးက ဖန်ချန်းရဲ့ လက်ချက်ကြောင့် တစစီ ဖြစ်နေလောက်ပြီလေ ဟုတ်တယ်မလား”

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ မဟုတ်ဘူး ဒါပေမဲ့ အဲဒီအစား….အစ်ကိုကြီးက ဖန်ချန်းကို ကိုယ်ထည်မာ ကျင့်စဉ် ရက်အနည်းငယ်လောက် သင်ပြပြီးတဲ့နောက်မှာ သူက ပိုပိုပြီးတော့…..”

ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ထပ်ပြီးတော့ မတုန်လှုပ်သေးပေ။ သူ လုပ်လေ့လုပ်ထ မရှိသည့် သက်ပြင်းချတာကို လုပ်လိုက်မိသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ သူ့ရှေ့မှာ လေဟာနယ် ဝင်ပေါက်တစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။

ထို လေဟာနယ် ဝင်ပေါက်ထဲသို့ ဝင်သွားကာ မီတာထောင်ပေါင်းများစွာ ဝေးကွာသောခရီးကို ခြေလှမ်းတစ်လှမ်းတည်းဖြင့် ရောက်ရှိသွားသည်။

လေဟာနယ် ဝင်ပေါက် ထပ်မံပေါ်ထွက်လာပြီး ဂိုဏ်းချုပ်က ကာကွယ်ရေးအစီအရင်၏ အပြင်ဘက်ရှိ သူတော်စင်တောင်ပေါ်သို့ ရောက်ရှိသွားသည်

ယခုလက်ရှိ သူတော်စင်တောင်၏ အပြင်ဘက်တွင် သိချင်စိတ်ပြင်းပြသော လူအများဖြင့် ပြည့်နှက်နေပြီး သူတို့က ရှန်ထျန်းနှင့် ဖန်ချန်းတို့ကြားက တိုက်ပွဲကို ကြည့်ရှုနေကြသည်။

“ ဝိုး….နောက်ဆုံးတော့ သူတော်စင်အသစ်က ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ကြတော့မှာလား။ ဒီမြင်ကွင်းကို မြင်ရဖို့ စောင့်နေတာ လဝက်တောင် ရှိနေပြီ။”

“ဂိုဏ်းတူအစ်ကိုကြီးက မမိုက်ပါဘူး။ ကာကွယ်ရေးအစီအရင်ကိုတောင် မဖောက်ဖျက်နိုင်သေးပဲနဲ့ အတင်းတိုးဝင်ပြီးတော့ တိုက်ပွဲကို စတင်နေတယ်။”

“ ‘ဂိုဏ်းတူအစ်ကိုကြီက မမိုက်ပါဘူး’ဆိုတာ ဘာကိုဆိုချင်တာလဲ။ တိုက်ခိုက်သူ တစ်ယောက်အနေနဲ့ အကြောက်တရားကင်းမဲ့သင့်တာပဲလေ”

“ သူသာ ကာကွယ်ရေးအစီအရင်ကို ဖောက်ပြီး ဝင်သွားဖို့ကြိုးစားတော့ရော ဘာဖြစ်လဲ။ ကျင့်ကြံသူတစ်ယောက်က ကြောက်နေရုံနဲ့ ထာဝရအရှင် အဆင့် တက်လှမ်းနိုင်လို့လား ”

“ မင်း ပြောတာ မှန်တယ်။ သူတော်စင်အသစ်ကသာ တိုက်ခိုက်မှုကို ရှောင်ပြီးတော့ ကာကွယ်ရေး အစီအရင်နောက်မှာ ပုန်းနေတာ။ ဘာလို့ ငါတို့ အထွတ်အမြတ်မြေရဲ့ သူတော်စင်က စိန်ခေါ်တာကို လက်ခံဖို့တောင် သတ္တိမရှိရတာလဲ။ သူက အရမ်းစိတ်ပျက်ဖို့ ကောင်းတာပဲ”

“ သူက ငါတို့ အထွတ်အမြတ်မြေရဲ့ သတ္တိအကြောင်ဆုံး သူတော်စင်ပဲ ဖြစ်သင့်တယ်။ သူသာ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”

“ မင်းအတွေးလွန်နေပြန်ပြီ ဂိုဏ်းတူညီလေး။ ဂိုဏ်းချုပ်ဆိုတာ သူတော်စင် ၁၀ ယောက်ထဲကနေမှ အထူးချွန်ဆုံးနဲ့ အားအကြီးဆုံးသူကို ရွေးတာလေ။ အဲဒါကြောင့် သူတော်စင်ဟောင်းတွေကိုလည်း ထည့်ပြီး ရေတွက်ရမယ်”

“ ဒီနေ့ တိုက်ပွဲပြီးသွားရင် ဘေးက ရပ်ကြည့်နေတဲ့ တပည့်တွေလည်း သူတော်စင်ကို လေးစားမှုရှိကြမှာ မဟုတ်တော့ဘူး။ သူက ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်နိုင်ပါဦးမလား”

“ ဟုတ်တယ်…စိန်ခေါ်တာကို ရင်ဆိုင်ဖို့တောင် သတ္တိမရှိတဲ့ သူတော်စင်ကို ဘယ်လိုလုပ်ပြီးတော့ အသိအမှတ်ပြုရမှာလဲ”

“ ဟား…ဟား…ဟား…ဒါဆိုရင် မင်းက အားပဲ ကြီးပြီး ဦးနှောက်မရှိတဲ့ ဂိုဏ်းတူအစ်ကိုကြီးကိုပဲ အသိအမှတ် ပြုနိုင်တော့မှာပေါ့ ဟုတ်လား။ ကာကွယ်ရေးအစီအရင်က ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတွေကိုတောင် ပိတ်ဆို့ထားလို့ ရတယ်လေ။ အဲဒါကို သူက ရူးရူးမိုက်မိုက် ဝင်တိုးနေတယ်။ ငါတို့ ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဦးနှောက်နဲ့သာဆိုရင် သူ ဂိုဏ်းချုပ်သာ ဖြစ်လာလို့ကတော့ ငါတို့ရဲ့ အထွတ်အမြတ်မြေက တကယ်ကို အန္တရာယ်များလာလိမ့်မယ်”

“ ဟုတ်တယ်…ငါလည်း သူတော်စင်အသစ်က အတော်လေး အဆင်ပြေတယ်လို့ ထင်တယ်။ သူက ဉာဏ်ပညာကြီးမားတယ်”

“ သူ့ ဦးနှောက်ကို သုံးပြီး ဖြေရှင်းလို့ ရနေမှာတော့ ဘာလို့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ တိုက်ခိုက်နေရဦးမှာလဲ”

“ သူတော်စင် အသစ်က အရမ်းချောမောတယ်ဆိုတာထက် အရေးကြီးတာ ဘာရှိသေးလို့လဲ။ ဒါက ငါတို့ အထွတ်အမြတ်မြေမှာ ရှိသင့်တဲ့ ချောမောမှုမျိုးပဲ”

“ ဟုတ်တယ်။ ငါတော့ ဂိုဏ်းတူအစ်မကြီး ယွင်ရှီးကို အရမ်းအားကျတာပဲ”

“အား… အရမ်းလင်းတဲ့ အလင်းတန်းကြီးပါလား”

“ ဒါက ဂိုဏ်းချုပ်ပဲ … သူ ဒီကို ရောက်လာပြီ”

“ အကုန်လုံး စကားပြောတာ ရပ်ပြီးတော့ ဂိုဏ်းချုပ်ကို နှုတ်ဆက်ဖို့ပြင်ဆင်ကြ”

“ ဂိုဏ်းချုပ် ရောက်လာတာကို ကြိုဆိုပါတယ်”

ဂိုဏ်းချုပ် ရောက်လာတာကို မြင်သည်နှင့် တပည့်တွေအကုန်လုံး စကားပြောတာကိုရပ်ပြီး အရိုအသေပြုလိုက်ကြသည်။

တပည့်အားလုံးက အထွတ်အမြတ်မြေကို ကြီးပွားချမ်းသာလာအောင် ကိုယ်တိုင်ဦးဆောင်လုပ်ခဲ့သည့် လေးစားရိုသေထိုက်သော ဂိုဏ်းချုပ်ကို ကြည့်နေကြသည်။

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်သည်။ မိုးကြိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးအရှိန်အဝါဖြင့် ဖုံးအုပ်ထားသည်။

သူက သူတော်စင်တောင်ကို အေးစက်စွာ စိုက်ကြည့်ကာ လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး လက်ဖျောက်တီးလိုက်သည်။

တောက်ပနေသော နတ်သားရဲဆယ်ကောင်လည်း ချက်ချင်း ဘာမှမဖြစ်ခဲ့သလိုမျိုး ပျောက်ကွယ်သွားသည်။

ထို့အပြင် မိုးကြိုးဖြင့် အပစ်ခံထားရပြီး မဲတူးနေသော ဖန်ချန်းလည်း လွတ်သွားသည်။

ဂိုဏ်းချုပ်က ဒေါသထွက်နေသော ဖန်ချန်းကို ကြည့်ကာ ခံစားချက်မပါသော လေသံဖြင့် ပြောလိုက်သည်

“ ဖန်ချန်း မင်းက တပည့်ရင်းတစ်ယောက်အနေနဲ့ သူတော်စင်တောင်ကို ပိုင်နက်ကျူးကျော်ဝင်ရောက်ခဲ့ပြီးတော့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်။ အဲဒါကြောင့် အပြစ်ပေးတဲ့အနေနဲ့ တစ်လလောက် အခန်းအောင်းပြီးတော့ ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းကို အကြိမ် ၃ထောင် ကူးချရေးရမယ်။

ဓမ္မဂါထာတွေ အသုံးပြုခွင့်လည်း မရှိသလို ယွင်ထင်ကို ကူရေးခိုင်းလို့လည်း မရဘူး။  ငါ မင်းရဲ့ လက်ရေးကို မှတ်မိတယ်နော်”

ဂိုဏ်းချုပ် စကားအဆုံးတွင် အစကတည်းက အရှုံးမပေးသော ဖန်ချန်း၏  ကြမ်းကြုတ်သော မျက်နှာထားက ပျောက်ကွယ်သွားသည်။

All Chapters