ဂိုဏ်းတူအစ်ကိုကြီး သူတော်စင် ...ကျော်ကြားမှုကို ခံစားလိုက်ပါ
Vol. 6-10 Ch. 119
အခန်း (၁၁၉) : ဂိုဏ်းတူအစ်ကိုကြီး သူတော်စင် ...ကျော်ကြားမှုကို ခံစားလိုက်ပါ
ဖန်ချန်းက စိတ်ပျက်သည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်
“ ဆရာ … ကျွန်တော် ဂိုဏ်းစည်းမျဉ်းကို ကူးမရေးဘဲနဲ့ တခြား အပြစ်ပေးတာမျိုးကိုပဲ ခံယူလို့ မရဘူးလားဗျာ”
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်
“ အကြိမ် ၅ထောင် ရေးလိုက်တော့”
ဖန်ချန်းက ဆူပုတ်ပုတ်ဖြင့် ပြောလိုက်သည်
“ ဆရာ… ကျွန်တော်…”
ဂိုဏ်းချုပ်က ခံစားချက်မဲ့စွာဖြင့် ဖြတ်ပြောလိုက်သည်
“ အကြိမ် ၈ထောင်”
ဖန်ချန်းက လျင်မြန်စွာ ပြန်ပြောလိုက်သည်
“ ဆရာ….ကျွန်တော်က ဆရာ အပြစ်ပေးတာကို ထပ်ပြီး အတွန့်မတက်တော့ဘူးလို့ ပြောချင်တာပါ။ အကြိမ် ၅ထောင် … အကြိမ် ၅ထောင်ဆိုရင် လုံလောက်ပါပြီ”
ဂိုဏ်းချုပ်က ခေါင်းအသာညိတ်ပြကာ ရှန်ထျန်းကို ကြည့်ပြီး မေးလိုက်သည်
“ ထျန်းအာ … အခုတလော ကျင့်ကြံရတာ ဘယ်လိုအခြေအနေမျိုး ရှိလဲ”
ရှန်ထျန်းက အရိုအသေပေးကာ ပြောလိုက်သည်
“ ဆရာ ကျွန်တော်ကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီနေ့ပဲ အခြေတည်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ”
သူ့စကားအဆုံးတွင် သူတော်စင်တောင် ပတ်ဝန်းကျင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
ဘာ…ငါတို့ သူတော်စင်ရဲ့ ကျင့်ကြံရေးအဆင့်က အခြေတည်အဆင့်ကိုပဲ ရောက်သေးတာတဲ့လား
ကျင့်ကြံရေးအဆင့် ဒီလောက်ပဲရှိတဲ့သူက ဘယ်လိုအချက်တွေကြောင့် သူတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင် ဖြစ်လာရတာလဲ
တခြားတပည့်တွေ တကယ်ကို စိတ်ထဲကနေ လက်ခံလာအောင် သူ ဘယ်လိုလုပ်နိုင်သွားတာလဲ
ထိုအခြေအနေကြောင့် သူတော်စင်တောင်အောက်ရှိ တပည့်တွေက စတင်ပြီး တီးတိုးပြောလာကြသည်။
ထို့နောက် ရှန်ထျန်း ပြုံးလိုက်မိသည်။ သူ ဒီလိုပုံစံမျိုးကို မြင်ရသည့်အတွက် တကယ်ဝမ်းသာမိသည်။
ဆန္ဒပြလိုက်ကြစမ်းပါ….တပည့်တွေသာ ပူးပေါင်းပြီးတော့ ဆန့်ကျင်ဆန္ဒပြလိုက်မယ်ဆိုရင် ဂိုဏ်းချုပ်လည်း ဖိအားဖြစ်လာပြီးတော့ သူ့ကို သူတော်စင်ရာထူးကနေ နှုတ်ထွက်ဖို့ ခွင့်ပြုမှာ သေချာတယ်
ရှန်ထျန်းက တွေးတောနေစဉ်း ဂိုဏ်းချုပ်က လေထဲတွင်ရပ်ကာ ဂုဏ်ယူစွာဖြင့် တည်တည်ငြိမ်ငြိမ်ာ ပြောလိုက်သည်
“ အရမ်းတော်တယ် ထျန်းအာ။ မင်းက ယင်နဲ့ယန်အကြောင်းကို သေချာနားလည်ပေမဲ့ အခြေခံအုတ်မြစ်ကောင်း လိုအပ်နေသေးတယ်။ ကောလဟာလတွေအရတော့ ကမ္ဘာဦးအချိန်တုန်းက တာအိုလမ်းစဉ် လျှောက်လှမ်းနေတုန်း ကံကြမ္မာကောင်းချီး ပေးခံရပြီးတော့ တစ်ရက်ကျ အမြုတေဖွဲ့စည်းခြင်း အောင်မြင်သွားပြီး ထာဝရနတ်အသျှင် ဖြစ်လာတဲ့သူ ရှိဖူးတယ်။
ငါက မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ ရှေးက စံပြပုဂ္ဂိုလ်တွေလိုမျိုး မင်းရဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ကျော်ဖြတ်နိုင်စေချင်တာ။ ပြီးတော့ ပြိုင်ဘက်ကင်း ဓမ္မအုတ်မြစ်ကို တည်ဆောက်ပြီးတော့ ငါတို့ဂိုဏ်းကို ကြီးပွားချမ်းသာအောင် ဦးဆောင်ပေးစေချင်တာ”
ဂိုဏ်းချုပ် စကားပြောပြီးနောက် တပည့်တွေလည်း ပိုပြီးတော့ အတွေးထဲမြောကာ စကားဝိုင်းကလည်း ပိုမိုကျယ်ပြန့်လာကြသည်။
“ အမလေး ငါတို့ ဂိုဏ်းကို ကြီးပွားချမ်းသာလာအောင် ဦးဆောင်ခိုင်းမယ်တဲ့လား။ ဂိုဏ်းချုပ် ပြောလိုက်တဲ့စကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်က နည်းနည်းကြောက်ဖို့ ကောင်းတာပဲ”
“ အရင် သူတော်စင်တွေတုန်းကတော့ သူက အလုပ်ကြိုးစားဖို့နဲ့ ဂိုဏ်းကို အရှက်မရရအောင် သေချာကျင့်ကြံဖို့ပဲ အများဆုံး ပြောလေ့ ရှိတာပါ”
“ ဒီ သူတော်စင်ရဲ့ အရည်အချင်းက ဘယ်လောက်ပဲ မြင့်နေပါစေ ဘယ်အရာက သူ့ကို ဂိုဏ်းကို ဦးဆောင်စေချင်တဲ့အထိ စဉ်းစားမိသွားစေတာလဲ”
“ ဂိုဏ်းကို ကြီးပွားချမ်းသာလာအောင် ဦးဆောင်ပေးဖို့ မျှော်လင့်တယ်လို့ ငါတို့တွေ ရှေ့မှာပဲ ပြောလိုက်တာ ...”
“ ဒါဆိုရင် အနာဂတ်မှာ သူတောင်စင်ပေါ်မှာ ရှိနေတဲ့ ဒီဂိုဏ်းတူအစ်ကိုက ဂိုဏ်းချုပ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သဘောလား”
“ အမြုတေ ဖွဲ့စည်းနိုင်ပြီးတော့ ထာဝရနတ်အသျှင်တစ်ပါး ဖြစ်လာနိုင်တာ … ကမ္ဘာဦးတုန်းက အဲလောက်ကြောက်ခမန်းလိလိ ပါရမီရှင်တွေ တကယ်ကြီး ရှိခဲ့ကြတာလား”
“ ဂိုဏ်းချုပ်ရဲ့ ပြောစကားအရဆိုရင် သူတော်စင်အစ်ကိုကြီးက အဲဒီလိုလူမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ သဘောလား။ ဒါကြောင့် သူတော်စင်အစ်ကိုကြီးက ကမ္ဘာပေါ်မှာ အားအကောင်းဆုံး အုတ်မြတ်ကို တည်ဆောက်ပြီးပြီပေါ့”
“ ဒီ ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်ရဲ့ အားအကောင်းဆုံး အုတ်မြစ်က ဘယ်လောက်ထိ စွမ်းအားကြီးမလဲဆိုတာကို ငါ အရမ်းသိချင်နေပြီ”
“ အခုမှ အခြေတည်အဆင့်ကို ရောက်လာတဲ့ သူတော်စင်က ရွှေအမြုတေ ကျင့်ကြံသူတွေကို အနိုင်ယူနိုင်မယ်လို့ မင်းတို့က ထင်နေကြတာလား”
ပြိုင်ဘက်ကင်း ဓမ္မအုတ်မြစ်ကို တည်ဆောက်နိုင်တယ်ဆိုကတည်းက သူက တခြားသူတွေနဲ့ မတူလို့ပဲလေ။ ငါတော့ သူက ကနဦး ဝိညာဉ်ကျင့်ကြံသူတွေနဲ့တောင် တိုက်ခိုက်နိုင်မယ်လို့ ထင်တယ်”
“ အင်း ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့က မတန်ဘူးလို့တောင် တွေးနေလောက်တယ်။ သူက အစီအရင်ကို အသုံးပြုရုံနဲ့တင် အနိုင်ရသွားတာလေ”
“ သူတော်စင်က ဂိုဏ်းတူအစ်ကိုကြီးဖန်ထက် ပိုပြီးတော့ စွမ်းအားကြီးမယ်ဆိုတာ သေချာတယ်။ ကနဦး ဝိညာဉ်ကျင့်ကြံသူတွေကို တိုက်ခိုက်ရရင်တောင် သူ့အတွက် ဘာမှအပန်းမကြီးလောက်ဘူး”
“ စိတ်ကူးယဉ်ကြည့်လို့ မရနိုင်ပေမဲ့လည်း သူတော်စင်ရဲ့ အရည်အချင်းက ရှေးတုန်းက စံပြပုဂ္ဂိုလ်တွေလောက်ထိ စွမ်းအားကြီးတယ်။ အဲဒါကြောင့် သူက ဖြစ်နိုင်ချေ ရှိတယ်”
“ ကမ္ဘာဦး ပါရမီရှင်က အမြုတေဖွဲ့စည်းပြီးတော့ ထာဝရနတ်အသျှင်တစ်ပါး ဖြစ်လာနိုင်တယ်ဆိုမှတော့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ကနဦး ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူတာထက် ပိုခက်မှာပေါ့ကွာ”
“ သူတော်စင်က အရမ်းအံ့ဩဖို့ ကောင်းတာပဲ။ သူက ချောမောရုံတင် မကဘူး။ ပြိုင်ဘက်ကင်း အရည်အချင်းလည်း ရှိသေးတယ်”
“အခြေတည်အဆင့်မှာပဲ ကနဦး ဝိညာဉ်ကျင့်ကြံသူတွေကို အနိုင်ယူနိုင်တယ်ဆိုတဲ့ တာအိုလက်တွဲဖော်က သေချာပေါက် လုံခြုံမှုအပြည့် ပေးမှာပဲ”
ဟုတ်တယ် … ဂိုဏ်းချုပ်က မင်း လုပ်နိုင်တယ်လို့ ပြောလိုက်တာနဲ့ မင်း မလုပ်နိုင်ဘူးဆိုရင်တောင် သေချာပေါက် လုပ်နိုင်အောင် လုပ်ရမယ်
ဂိုဏ်းချုပ် ပြောလိုက်သော စကားများက လူအများ၏ အာရုံကို ဦးတည်ချက် ပြောင်းသွားစေသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်များက တွေးတောရင်း ဆွေးနွေးမှုများ ပြီးသွားသည့်နောက်မှာတော့ အခြေတည်အဆင့် ကျင့်ကြံသူဖြစ်သော ရှန်ထျန်းက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများကို အနိုင်ရသည်ဟု အခိုင်အမာ ယုံကြည်သွားကြလေသည်။
ရှန်ထျန်းက ထိုစကားတွေကို ကြားပြီး ရယ်ချင်နေမိသည်။
မင်းတို့တွေ နောက်နေကြတာလား။ အဲဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ
အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ငါက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတွေကို နိုင်အောင် တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား။ ဒါဆိုရင် ငါ ရွှေအမြုတေအဆင့် ရောက်သွားတဲ့အခါ ထာဝရဘုရင်တစ်ပါးကို အနိုင်တိုက်ခိုက်ဖို့ မလိုပါဘူးနော်
ဒါက အရမ်းရယ်ရတာပဲ။ အများဆုံးအနေနဲ့ နောက်ဆုံးအဆင့် ရွှေအမြုတေကျင့်ကြံသူကိုပဲ တိုက်ခိုက်နိုင်လောက်တယ်
အားလုံး၏ လေးစားမှုကို ရလိုက်ရသည့်အတွက် ရှန်ထျန်း ဂုဏ်ယူခြင်းလည်း မရှိသလို ပျော်လည်း မပျော်ရွှင်ပေ။ ထိုအစား မကောင်းသော ခံစားချက်တွေသာ ဝင်လာလေသည်။
အစတုန်းက သူကား အားနည်းသော အခြေတည်အဆင့် ကျင့်ကြံသူလေး ဖြစ်ခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ကို ထိခိုက်အောင် လုပ်ချင်ပါက ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ကို သူ့ဆီ ပို့လိုက်ရုံသာ ဖြစ်၏။ ထို့နောက် ရှန်ထျန်းက သူ၏ ကြံ့နက်ချပ်ဝတ်နှင့် ခရမ်းရွှေတူကို အသုံးပြုပြီး ထိုလူအား ချက်ချင်းနှိမ်နင်းလိုက်လို့ ရသေးသည်။
သို့သော် ဒီနေ့တော့ အကုန်လုံးနီးပါးက ရှန်ထျန်းဆိုသော သူ့ဆီမှာ ပြိုင်ဘက်ကင်း ဓမ္မအုတ်မြစ်အပြင် ပြိုင်ဘက်ဘင်း တိုက်ခိုက်စွမ်းအားတွေ ရှိကြောင်း သိသွားကြလေပြီ။
ထို့ကြောင့် တစ်စုံတစ်ယောက်သာ သူ့ကို ထိခိုက်အောင် လုပ်ဖို့အတွက် လူစေလွှတ်မည်ဆိုပါက ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ မဟုတ်လျှင်တောင် ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများထဲမှာ စွမ်းအားအကြီးဆုံးသူကို လွှတ်မှာ သေချာလှ၏။
ဒါဆိုရင် သူက ဘယ်လိုလုပ်ပြီးတော့ ကျင့်ကြံရေးလောကမှာ အေးအေးဆေးဆေး အသက်ရှင်လို့ ရတော့မှာလဲ
ဆရာဆိုတဲ့ ဒီမကောင်းတဲ့ အဖိုးကြီးက အရမ်းရက်စက်တာပဲ စာနာစိတ်ဆိုတာ လုံးဝ မရှိဘူး
ရှန်ထျန်း ဘယ်လိုတွေ ခံစားနေရလဲဆိုတာကို ဂိုဏ်းချုပ်က မသိဘဲ ထပ်ပြောလိုက်သည်
“ ဒီနေ့ နောက်ထပ် အရေးကြီးတဲ့ သတင်းတစ်ခု ကြေညာစရာ ရှိတယ်။
ငါတို့ဂိုဏ်းရဲ့ သူတော်စင် ရှန်ထျန်းက ရွှေကြာတောင်ရဲ့ တပည့် ချင်ယွင်တိကို မိုးကြိုးဖောက်ခွဲရေးအဆောင် ဖန်တီးအဆင့်မြှင့်တဲ့ နေရာမှာ လမ်းပြညွှန်ကြားပေးထားတာ။
အဲဒါကြောင့် ငါတို့ဂိုဏ်းမှာ ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်လို့ ခေါ်တဲ့ အဆောင်အသစ်ကို ဖန်တီးထားတယ်။ သူ့ စွမ်းအားက သာမန် မိုးကြိုးဖောက်ခွဲရေး အဆောင်ထက် အဆအနည်းငယ် ပိုပြီးတော့ ပြင်းတယ်။ ပြီးတော့ ဈေးနှုန်းကကျတော့ အရင်မိုးကြိုးဖောက်ခွဲရေး အဆောင်တွေရဲ့ တစ်ဝက်ပဲ ရှိတယ်။ အခု လတ်တလောဆိုရင်တော့ ၂၀ရာခိုင်နှုန်း လျှော့ဈေးလည်း ရနိုင်သေးတယ်။
အဲဒီပစ္စည်းကို လိုချင်တဲ့သူရှိရင် မနက်ဖြန်ကစပြီးတော့ ရွှေကြာတောင်မှာ သွားဝယ်လို့ရပြီ”
ဂိုဏ်းချုပ် ပြောလိုက်သော စကားများက ရေကန်ငယ်ထဲသို့ ကျောက်တုံးကြီး ပစ်ထည့်လိုက်သလိုမျိုး အကုန်လုံး စိတ်လှုပ်ရှားကုန်ကြသည်။
ထို့ကြောင့် လေထုထဲမှာ စကားသံတွေ ထပ်မံထွက်ပေါ်လာသည်။
“ အမလေး… သာမန်မိုးကြိုးဖောက်ခွဲရေးအဆောင်ထက် စွမ်းအားပိုပြင်းတယ်တဲ့လား။ ဒါဆို အဲဒါက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုအားလုံးနဲ့ ညီမျှလောက်မယ် မဟုတ်လား။
ဒီလိုမျိုး မိုးကြိုးဖောက်ခွဲရေး အဆောင်က တကယ်ရှိတာလား။ ဈေးတစ်ဝက် လျှော့တဲ့အပြင် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးလည်း ရဦးမယ်ဆိုတော့ ၇၀ရာခိုင်နှုန်း လျှော့ပေးတယ်ဆိုတဲ့ သဘောပဲမလား။
ငါတို့ အထွတ်အမြတ်မြေရဲ့ မိုးကြိုးဖောက်ခွဲရေး အဆောင်တွေက ဒီလောက်ထိ ဈေးချိုနေတယ်ဆိုရင် အနာဂတ်မှာ အပြင်ထွက်ပြီး စွန့်စားတာဖြစ်ဖြစ် မကောင်းဆိုးဝါး ဖမ်းတာဖြစ်ဖြစ် လုပ်လိုက်ရင် ပိုပြီးတော့တောင် ဈေးချိုသွားဦးမယ်။
“ ဒီ သူတော်စင်အသစ်က တကယ်ကို ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်ပဲ။ နှစ်တွေအများကြီး လေ့လာခဲ့တဲ့ ဂိုဏ်းတူအစ်ကို ယွင်တိတောင်မှ စွမ်းအားကို ငါးဆယ်ရာခိုင်နှုန်းအောက်ထိပဲ တိုးမြှင့်နိုင်တာ။ အခု သူတော်စင်က ဂိုဏ်းထဲကို ရောက်ပြီးပြီးချင်း ဂိုဏ်းတူအစ်ကို ယွင်တိကို မိုးကြိုးဖောက်ခွဲရေးအဆောင်ရဲ့ စွမ်းအားကို အဆင့်မြှင့်နိုင်အောင် ချက်ချင်း ကူညီလိုက်နိုင်ပြီ”
“ဂိုဏ်းချုပ် ပြောတာ မှန်တဲ့ပုံပဲ။ ငါတို့ရဲ့ သူတော်စင်က ဒဏ္ဍာရီလာ စံပြလူငယ်တစ်ယောက်ပဲ။
သူတော်စင်က ငါတို့နဲ့ မဆက်စပ်ပေမဲ့ သူ အဆင့်မြှင့်ပေးလိုက်တဲ့ မိုးကြိုးဖောက်ခွဲရေး အဆောင်ကတော့ အတော်လေး အသုံးဝင်တယ်”
“သူတော်စင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ သူက ချောမောရုံတင်မကဘူး ဉာဏ်လည်းကောင်းတယ်။
ငါတော့ ဂိုဏ်းတူအစ်မကြီး ယွင်ရှီးကို အရမ်းအားကျတာပဲ။ သူမအနေနဲ့ ဘိုးဘေးဘီဘင်တွေရဲ့ စည်းမျဉ်းကို လိုက်နာပြီး အကျိုးအမြတ် ယူလို့ရတယ်”
“ ဂိုဏ်းတူအစ်ကိုကြီးက သူတော်စင်ရာထူးနဲ့ တကယ်ကို ထိုက်တန်ပါတယ်”
“ ငါကတော့ သူတော်စင်ကို တကယ် အားပေးတယ်။ ရေး… သူတော်စင် အစ်ကိုကြီး ”
ဂိုဏ်းချုပ်က ရှန်ထျန်းတွင်ာ ပြိုင်ဘက်ကင်း အရည်အချင်းရှိသည်ဟု ပြောခဲ့စဉ်က ဂိုဏ်းသားများသည် ရှန်ထျန်းကို အသိအမှတ်မပြုချင်ဘဲ ပြုလိုက်ရသည်။ သို့သော် ဂိုဏ်းချုပ်က ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်အကြောင်းကို တရားဝင် ထုတ်ပြောလိုက်သည့်အခါ လူတိုင်းက ပိုပြီးတော့ စိတ်အားထက်သန်မှု ရှိလာကြသည်။
သူတော်စင်တစ်ယောက်၏ အရည်အချင်းက ဘယ်လောက်ထိ မြင့်နေပါစေ ဒါမှမဟုတ် သူ၏ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ထိ မြင့်နေပါစေ သာမန်ဂိုဏ်းသားတွေအတွက် အများကြီး အထောက်အကူ ဖြစ်လေ့ မရှိပေ။
သို့သော် သူက စွန့်စားခန်းနှင့် မကောင်းဆိုးဝါး သတ်ဖြတ်ရေးအတွက် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်လိုက်သည်။ တစ်နည်းပြောရလျှင် အပြင်ထွက်လျှင် ပိုပြီး လုံခြုံစေနိုင်မည့် လက်နက်များကို ထောက်ပံ့လိုက်ခြင်းဖြစ်သလို ကျင့်ကြံခြင်းမှာလည်း ပိုပြီး အထောက်အကူ ဖြစ်စေနိုင်သည်။
ဒီကိစ္စမှာ သူတော်စင်က လုံးဝ မကျင့်ကြံရင်ရော ဘာဖြစ်လဲ
ယခင်တုန်းကနေ ယခုအထိ လူအများ၏ သဘောကျမှုကို ရရှိတဲ့သူက ကမ္ဘာကို အုပ်စိုးရတယ်ဆိုတာ သဘာဝကျတဲ့အရာတစ်ခုပဲ
အခုတော့ ရှန်ထျန်း ကြောင်တောင်တောင် ဖြစ်နေမိသည်။
သူ ဘာမှမလုပ်ရသေးပေမဲ့ ဘာလို့ ရုတ်တရက်ကြီး တစ်ဂိုဏ်းလုံးရဲ့ စံပြပုဂ္ဂိုလ် ဖြစ်လာရတာလဲ
ထိုအချိန်တွင် ဦးလေးကွေ့ကတော့ ဝမ်းသာနေလေ၏။
သူတော်စင်ဖြစ်ပြီးတာနဲ့ အရှင့်သားက လူတွေအများကြီးကို အကျိုးပြုနေနိုင်ပြီ။ အရမ်းကောင်းတာပဲ
ကြာပြာ ကောင်းကင်အသျှင်က အံ့အားသင့်သွားသည်။ သူ တောင်ပေါ် ရောက်ရောက်ချင်း သူ၏ ဆရာတူညီလေး သတင်းအသစ်တစ်ခု ပြောနေတာကို ကြားလိုက်ရသည်။
ဘာ… ဒီကောင်လေးက အထွတ်အမြတ်မြေကို ရောက်ရောက်ချင်းမှာပဲ မိုးကြိုးဖောက်ခွဲရေး အဆောင်ကို အဆင့်မြှင့်လိုက်တာတဲ့လား
သေစမ်း… အထွတ်အမြတ်မြေက သူနဲ့ ပိုက်ဆံတွေ ဘယ်လောက်တောင် ခွဲယူနေတာလဲ။ ငါ တစ်ခုခုများ လွတ်သွားပြီလား