← Chapters

ဒီလို ကံအပြောင်းအလဲအခွင့်အရေးမျိုးက ရဖို့ခက်ခဲတယ်

Vol. 6-10 Ch. 121

ဒီလို ကံအပြောင်းအလဲအခွင့်အရေးမျိုးက ရဖို့ခက်ခဲတယ်

Vol. 6-10 Ch. 121

အခန်း (၁၂၁) : ဒီလို ကံအပြောင်းအလဲအခွင့်အရေးမျိုးက ရဖို့ခက်ခဲတယ်

သူတော်စင်တောင်ပေါ်တွင် ရပ်နေသည့် ရှန်ထျန်းက လူအများ၏ အာရုံစိုက်မှုအပြည့်အဝ ရရှိသွားလေ၏။

အတွင်းစည်းတပည့်များ အားလုံးကလည်း သူတို့၏ သူတော်စင်အသစ်ကို ရိုသေလေးစားသော အကြည့်များဖြင့် စိတ်လှုပ်ရှားစွာ မော့ကြည့်နေကြသည်။

မူလအစက မိန်းမပျိုများကြားတွင် နာမည်ကြီးသည့် ကျန်းယွင်ထင်နှင့် အထွတ်အမြတ်မြေရှိ တပည့်များအားလုံးအနက် အသန်မာဆုံးဖြစ်သည့် ဖန်ချန်းတို့သာလျှင် သူတော်စင်ရာထူးနှင့် ထိုက်တန်သည်ဟု တွေးခဲ့ကြသည်။

ဒီအရာတွေက ဂိုဏ်းတူအစ်ကို ရှန်ထျန်းနဲ့ မနှိုင်းယှဉ်ရသေးခင်မှာပေါ့…

ရုပ်ရည်သွင်ပြင်နှင့် စိတ်နေစိတ်ထားကို နှိုင်းယှဉ်တဲ့အခါ ဂိုဏ်းတူအစ်ကို ယွင်ထင်ရှုံးသွားပြီး အရည်အချင်းနဲ့ ကျင့်ကြံရေးကို ယှဉ်လိုက်တဲ့အခါမှာလည်း ဂိုဏ်းတူအစ်ကိုကြီးဖန် ရှုံးဦးမယ်ထင်တယ် …

အခုပဲ ကြည့်လိုက်လေ… ဂိုဏ်းတူအစ်ကိုကြီးဖန်က သူတော်စင်ကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူတော်စင်တောင်ရဲ့ ပိုင်နက်ထဲကို ရောက်အောင် မဝင်နိုင်ခဲ့ဘူး။ သူတော်စင်ရဲ့ ကာကွယ်ရေးအစီအရင်ကို ဖောက်ထွင်းပြီး မဝင်နိုင်တာကို ကြည့်လိုက်တာနဲ့ သူ ရှုံးသွားပြီဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်ရပြီလေ

ဂိုဏ်းတူအစ်ကို ယွင်ထင်က သူရဲ့ နူးညံ့တဲ့ စိတ်နေသဘောထားကြောင့် မိန်းမပျိုတွေကြားမှာ နာမည်ကျော်ကြားပေမဲ့ အဲဒီကျော်ကြားမှုကလည်း ရှန်ထျန်း ရောက်လာတော့ ပျောက်ကွယ်သွားရတာပဲ

မိုးကြိုးဖောက်ခွဲရေးအဆောင် အသစ်က ရှန်ထျန်း၏ ညွှန်ကြားမှုကြောင့် ပြီးစီးအောင်မြင်သွားကြောင်း ဂိုဏ်းချုပ်မှ ထုတ်ဖော်ပြောကြားလိုက်သည့်အပြင် တပည့်အားလုံးကို သူတို့၏ ကျင့်ကြံရေး လမ်းစဉ်၌ ပိုမိုအောင်မြင်စေရန်အတွက် တားမြစ်ကျင့်စဉ်ကို ကျင့်လို့ရအောင် တောင်းဆိုပေးသော ရှန်ထျန်း၏ စကားကြောင့် ဤအခိုက်အတန့်လေးအတွင်း တပည့်အများစုက ရှန်ထျန်း၏ ဘက်တော်သားများ ဖြစ်လာကြသည်။

ယခုအချိန် တက်ကြွနေသော လူငယ်များသည်လည်း အနာဂတ်အတွက် မျှော်လင့်ရင်း စိတ်လှုပ်ရှားနေကြသည်။

ရှန်ထျန်းလည်း အမှုမဲ့အမှတ်မဲ့နေရင်း အထွတ်အမြတ်မြေ၏ စံပြပုဂ္ဂိုလ် အသစ်တစ်ယောက် ဖြစ်လာရသည်။

အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်က ရှန်ထျန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်

“ ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်တော့ တစ်ယောက်တည်း ဆုံးဖြတ်လို့ မရနိုင်ဘူး။ ဒီကိစ္စကို ဆွေးနွေးတိုင်ပင်ဖို့အတွက် တခြားအကြီးအကဲတွေနဲ့ ဆွေးနွေးတိုင်ပင်ရဦးမယ်”

ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အမည်ခံ ပိုင်ရှင်ဖြစ်သော်လည်း အထွတ်အမြတ်မြေက တစ်ဦးပိုင် အုပ်ချုပ်ခွင့်ရသည့် နေရာတစ်ခု မဟုတ်ချေ။

ဂိုဏ်းချုပ်ပင်လျှင် အထွတ်အမြတ်မြေကို နှစ်ပေါင်းတစ်ထောင်သာ အုပ်ချုပ်ခွင့်ရပြီး ထိုအချိန်အတွင်းမှာလည်း ကျန်အကြီးအကဲများနှင့်အတူ တိုင်ပင်အုပ်ချုပ်ရသည်။

အထွတ်အမြတ်မြေ၏ ရှေးအစဉ်အလာများမှ သွေဖယ်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ဂိုဏ်းချုပ်အနေဖြင့် တစ်ယောက်တည်း ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိသည့်အတွက် တခြားဩဇာရှိသူများနှင့် တိုင်ပင်ရန် အစည်းအဝေးခေါ်ဖို့ လိုအပ်လာသည်။

သို့သော် အစည်းအဝေး ခေါ်မည်ဟု ကြေညာလိုက်ကတည်းက ထိုကိစ္စရပ်အပေါ် ဂိုဏ်းချုပ် သဘောထား မည်သို့ရှိကြောင်း သိသာထင်ရှားလှသည်။

အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိတွင် ဂိုဏ်းချုပ်၊ သူတော်စင်နှင့် သူတော်စင်မ တို့သာလျှင် ကပ်ဘေးတဖန်ပညာရပ်ကို သင်ယူဖို့ အထူးအခွင့်အရေး ရထားသောကြောင့် ဖြစ်သည်။ ထို ကျင့်စဉ်က သူတို့ကို တခြားသော အကြီးအကဲများထက် သာလွန်သော အခြေအနေတွင် ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးထားသည်။

လူတိုင်းက လက်ခံမှာ သေချာလုနီးပါးဖြစ်နေတာတောင် အစည်းအဝေးကို တကယ်ခေါ်သင့်ရဲ့လား

အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ခန့်မှန်းဖို့ မဖြစ်နိုင်ပေမဲ့ အနည်းဆုံး ဒီရာစုနှစ်အတွင်းမှာတော့ ပင်မတပည့်တွေအနေနဲ့ ဒီတားမြစ်ပညာရပ်ကို အသုံးချပြီး သူတို့ရဲ့ စွမ်းအား အဆမတန် တိုးပွားလာအောင် လုပ်လို့ရနိုင်တယ် မဟုတ်ပါလော …

တစ်ချိန်တည်းမှာပဲ အထွတ်အမြတ်မြေရဲ့ အမည်ခံပိုင်ရှင်ဖြစ်တဲ့ ဂိုဏ်းချုပ်ရဲ့ အာဏာကို လုယူလာနိုင်သလို တပည့်တွေကလည်း သူတော်စင်နဲ့ သူတော်စင်မ နေရာအတွက် ယှဉ်ပြိုင်ကြတော့မှာ

ဂိုဏ်းချုပ်တိုင်းကလည်း သူတို့၏ အရည်အချင်းပေါ်မှာ ယုံကြည်ချက်မရှိလျှင် ဤသို့ဆုံးဖြတ်ချက် လွယ်လွယ်ကူကူ ချရဲကြမည် မဟုတ်ချေ။

ဒါပေမဲ့ ဂိုဏ်းချုပ်က  ခေါင်းဆောင်တစ်ယောက်ဖြစ်တော့ သူ့တပည့်တွေလည်း သူ့လိုပဲ ဖြစ်မယ်ဆိုပြီး တွေးထားခဲ့တာ

ပြီးတော့ သူက ရှေးရိုးစွဲလူတစ်ယောက်လည်း မဟုတ်ဘူးလေ။ မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီးတော့ ကောင်းကင်တာအိုကျမ်းကို ကျင့်ကြံခဲ့ပါ့မလဲ

အဲဒါကြောင့် သူက ဒီလိုပြန်လည်ဖွဲ့စည်းပုံနဲ့ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်တာ

တခြားသူတွေပါ အဆင့်မြင့်ပညာရပ်ကို သင်ယူကြရင် ဘယ်လိုလုပ်မလဲ

ငါက မင်းတို့ရဲ့ အမည်ခံ ဂိုဏ်းချုပ်သာ ဖြစ်ရင်ဖြစ်လိမ့်မယ် … ဒါပေမဲ့ ငါ့အင်အားနဲ့ ငါ ဒီရာထူးကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်ပါတယ်

ပြီးတော့ ငါ့တပည့်ဖြစ်တဲ့ ကံကြမ္မာရဲ့သားတော်ကလည်း တခြားသူတွေ အားလုံးထက် သန်မာတယ်ဆိုတာကို သူကိုယ်တိုင် သက်သေပြလိမ့်မယ်

ထိုအခိုက်အတန့်လေး၌ တပည့်များအားလုံးက လေထဲတွင် မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသော ဂိုဏ်းချုပ်နှင့် သူတော်စင်တောင်ထိပ်တွင် ရိုသေလေးစားထိုက်သည့် ထာဝရရှင်သန်သူအရှင် တစ်ပါးကဲ့သို့ ဂုဏ်ယူစွာ မတ်တပ်ရပ်နေသော ရှန်ထျန်းကို လေးစားသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့ကို ခေတ်သစ်တစ်ခေတ်သို့ ရောက်ရှိသွားသလိုမျိုး ခံစားရအောင်လုပ်ပေးသည့် သူတို့၏ စိတ်ထားကြောင့် အံ့ဩနေမိသည်။

ထိုအချိန်တွင် ဖန်ချန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တွေးလိုက်မိသည်။

ငါ ကိုးဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ရောက်တဲ့အထိပဲ စောင့်ကြည့်နေလိုက်... ပြီးတာနဲ့ အဲဒီအရှုပ်ထုပ်လေးကို သေချာပေါက် အနိုင်ယူပြမယ်

ထိုအခိုက်အတန့်တွင် ကြီးမားသော ကျားဖြူသဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။

ဝေါင်း…..

ထိုဟိန်းဟောက်သံက ကောင်းကင်၊ နေနှင့် လတို့ကိုပင် လှုပ်ခတ်သွားစေသည်။

အနည်းငယ် ကွာဝေးသော ကောင်းကင်ယံထက်တွင် သေးသွယ်သော ပုံရိပ်လေးတစ်ခု ပေါ်လာသည်။ စစ်နတ်ဘုရားမကဲ့သို့ မိန်းကလေးက ငွေဖြူရောင် ချပ်ဝတ်တန်ဆာ ဝတ်စုံကို ဝတ်ဆင်ထားလေသည်။

အဲဒီမိန်းကလေးက တခြားသူ မဟုတ်ဘူး … ကျန်းယွင်ရှီးပဲ

သူမ၏ သဏ္ဌာန်နှင့်အတူ သူတော်စင်တောင်ဆီသို့ ဦးတည်လာပြီးနောက် အော်ပြောလိုက်သည်

“ ကျန်းယွင်ထင်… ဖန်ချန်း … အစ်ကိုတို့ကို သူတော်စင်တောင်ပေါ်မှာ ပြဿနာရှာဖို့ ဘယ်သူက ခွင့်ပြုလိုက်တာလဲ။ အစ်ကိုတို့ ဘယ်လိုဖြစ်ပြီးတော့ အခုလို လုပ်ရဲရတာလဲ”

မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျာယာခတ်နေသည့် ကျန်းယွင်ရှီးတစ်ယောက် သူတော်စင်တောင်ဆီသို့ ရောက်ရှိလာသည်။

သူမ ဂိုဏ်းချုပ်ကို မြင်သွားသည့်အခါမှသာ စိတ်လျှော့ပြီး နှုတ်ဆက်လိုက်သည်

“ သမီး … အဖေကို ဂါရဝပြုပါတယ်”

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ခံစားချက်ကင်းမဲ့သော အသံဖြင့် ပြောလိုက်သည်

“ သမီးက အခု ၈ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ရောက်နေပြီမလား….မဆိုးပါဘူး”

ကျန်းယွင်ရှီးက ပြုံးကာ ပြန်ဖြေလိုက်သည်

“ ဒါကလည်း ဂိုဏ်းတူမောင်လေး ရှန်ထျန်းရဲ့ ကျေးဇူးကြောင့်ပါပဲ။ သူက တားမြစ်ပညာရပ်ကို ရှာတွေ့ခဲ့ပြီးတော့ မူလနတ်မိုးကြိုးကို စုပ်ယူခွင့်ပေးခဲ့လို့ပါ။ မဟုတ်ရင် နှစ်တွေအများကြီး ကျင့်ကြံပြီးမှ ၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို ရောက်နိုင်မှာ ”

လျစ်လျူရှုခံထားရသော ဖန်ချန်းက ဒီအခွင့်အရေးကို အသုံးချကာ စကားဝင်ပြောလိုက်သည်

“ ဂိုဏ်းတူညီမလေး ဂုဏ်ယူပါတယ်”

ကျန်းယွင်ရှီးက နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်သည်

“ ဂိုဏ်းတူ အစ်ကိုကြီး… ဘာလို့ ဒီနေရာကို လာပြီးတော့ ပြဿနာတွေ ရှာနေရတာလဲ”

သူမ ပြောလိုက်သောစကားကြောင့် ဖန်ချန်း ဒေါသ မထိန်းနိုင်ဘဲ  ပြန်ပြောလိုက်သည်

“ ဘာလို့လဲဆိုတော့ ရှန်ထျန်းက ညီမကို အနိုင်ကျင့်နေတယ်ဆိုပြီးတော့ ကြားလို့လေ။ ဂိုဏ်းတူညီမလေး စိတ်အေးအေးထားနော်။ ရှေးအစဉ်အလာတွေအကြောင်းကို အစ်ကို အကုန်စစ်ဆေးပြီးသွားပြီ။ သူတော်စင်မနဲ့ တခြားအမျိုးသားတစ်ယောက်သာ အပြန်အလှန်ချစ်နေရင် လက်ထပ်လို့ ရတယ်လို့ ပြောထားတယ်။

အစ်ကိုက ဒီကောင်လေးရဲ့ စိတ်ထားကို အတော်လေး သဘောကျပေမဲ့လည်း ညီမကို သူ အနိုင်ကျင့်နေမှာကိုတော့ လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူး။”

ရှန်ထျန်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထူးဆန်းသော မျက်နှာထားဖြင့် ဝင်ပြောလိုက်သည်

“ ဘာ…..ရှေးအစဉ်အလာတွေမှာ တကယ်ပဲ အဲလိုပြောထားတာလား”

ဖန်ချန်းက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်

“ ဒါပေါ့…ဒါဆိုရင် မင်း ရှေးအစဉ်အလာတွေကို အသုံးချပြီးတော့ ဂိုဏ်းတူညီမလေးကို ဖိအားမပေးရဲတော့ဘူးမလား”

ဖန်ချန်း စိတ်ထင်ရာတွေ လျှောက်ပြောနေချိန် ကျန်းယွင်ရှီး၏ မျက်နှာထားက ပိုမို စူပုတ်လာရသည်။

ရှန်ထျန်းကတော့ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။

“ အော်… မစိုးရိမ်ပါနဲ့နော်… ကျွန်တော်နဲ့ ဂိုဏ်းတူအစ်မကြီး ကြားထဲမှာ ထူးခြားတဲ့ ပတ်သက်မှုမျိုး မရှိပါဘူး”

ဖန်ချန်းက လှောင်ရယ်ရင်း ပြောလိုက်သည်

“ ရှန်ထျန်း မင်းက ငါ့ကို အရူးလုပ်ရဲတယ်ပေါ့လေ။ မင်းနဲ့ ဂိုဏ်းတူညီမလေးက နှစ်ကိုယ်တူကျင့်စဉ်တောင် ကျင့်ပြီးပြီလို့ ဂိုဏ်းတူညီလေး ယွင်ဖုန်း ပြောတာကို ကြားပြီးပြီ။

ငါ မင်းကို အခုပဲ သတိပေးလိုက်မယ်။ ဂိုဏ်းတူညီမလေးအတွက် မင်းနဲ့ မျှမျှတတ တိုက်ခိုက်ချင်တယ်။ ဒါပေမဲ့ မင်းသာ ညီမကို စွန့်ပစ်လိုက်မယ်ဆိုရင် မင်းက ငါတို့ရဲ့ သူတော်စင် ဖြစ်နေပါစေ … ငါ မင်းကို ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ငါ မင်းကို ပြင်းပြင်းထန်ထန် ဆုံးမပေးမယ်”

ဖန်ချန်း၏ အဓိပ္ပာယ်မရှိသော ပြောဆိုမှုတွေကြောင့် ရှန်ထျန်း နေရာမှာတင် ပေါက်ကွဲသွားတော့မလို ခံစားနေရသည်။

ဘာ….ဂိုဏ်းတူအစ်မကြီးနဲ့ငါက …နှစ်ကိုယ်တူကျင့်စဉ် ကျင့်တယ်တဲ့လား

ထပ်ပြီးတော့ လီယွင်ဖုန်းဆိုတဲ့ကောင်စုတ်လေးပဲမလား … အဲဒီ ကောင်စုတ် ဘယ်ရောက်သွားလဲ

ငါ သူ့ကို ကြာပစ်ခွင်းသေနတ် အလက် ၂၀နဲ့ ချိန်ပစ်တော့မယ်

ဤစကားများကြောင့် ရှန်ထျန်းပင် ဤမျှအထိ  စိတ်တိုနေလျှင် ကျန်းယွင်ရှီး၏ တုံ့ပြန်ချက်က မည်သို့ဖြစ်နေမည်ကို ပြောနေစရာပင် မလိုတော့ပေ။

သူမ ရှန်ထျန်းကို မကြည့်မိအောင် အတတ်နိုင်ဆုံး ကြိုးစားရင်း ဖန်ချန်းဆီ လမ်းလျှောက်သွားလိုက်သည်။

“ ယွင်ရှီးလည်း ၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ ကျွန်မနဲ့ အစ်ကိုကြီး လက်ရည်စမ်းကြရင် မကောင်းဘူးလားဟင် … ”

ယွင်ရှီး၏ စကားကြောင့် ဖန်ချန်းက ဂုဏ်ယူစွာပြုံးလိုက်မိသည်။

“ မင်း တွေ့တယ်မလား။ ဂိုဏ်းတူညီမလေးက တိုက်ခိုက်တာ လေ့ကျင့်ချင်ရင် ပထမဆုံး စဉ်းစားမိတဲ့သူက ငါ ဖြစ်နေတုန်းပဲ။ ဂိုဏ်းတူညီမလေး စိတ်ချနော်။ အစ်ကိုက ခေတ်နောက်ကျတဲ့သူ မဟုတ်တော့ ညီမ အပျိုစင် မဟုတ်တော့လည်း စိတ်ထဲမထားပါဘူး။  ညီမရဲ့ အချစ်ကို ရဖို့အတွက် ရှန်ထျန်းနဲ့ မျှမျှတတ တိုက်ခိုက်ပါမယ်။ အဲဒါကို ဂိုဏ်းတူညီမလေးက…အင်…အင်…အင်း…”

ဖန်ချန်း စကားဆုံးအောင် မပြောရသေးခင်မှာ ကျန်းယွင်ရှီးက အသံတိတ်ဂါထာ ရွတ်ဆိုလိုက်သည်။

သူမ ပြုံးကာ ပြောလိုက်သည်

“ အစ်ကိုကြီး ကျေးဇူးပြုပြီး စကားဆက်မပြောဘဲ နေပေးလို့ ရမလား”

ဖန်ချန်း ထိတ်လန့်သွားသော်လည်း တိတ်တိတ်နေမည်ဖြစ်ကြောင်း ခေါင်းညိတ်ပြကာ ကျန်းယွင်ရှီး လုပ်ခိုင်းသမျှကို တွေဝေခြင်းမရှိ လုပ်ပေးနေသည်။

ကျန်းယွင်ရှီးက စိတ်သက်သာစွာ ပြုံးလိုက်ပြီး တောင်အောက်တွင် စုရုံးနေသော တပည့်များကို လှည့်ကြည့်လိုက်သည်။

ထိုစုရုံးနေသော လူအုပ်ထဲတွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးလည်း ရှိနေသည်။ သူ ထွက်သွားဖို့ ပြင်နေစဉ် ကျန်းယွင်ရှီးက လှမ်းခေါ်လိုက်သည်

“ ဂိုဏ်းတူမောင်လေး ယွင်ဖုန်းရေ… ဘာလို့ အလျင်စလို ထွက်သွားဖို့ လုပ်နေရတာလဲ။ အစ်မနဲ့ တိုက်ခိုက်မကြည့်ချင်ဘူးလား”

ထို့နောက် ကျန်းယွင်ရှီးက ဂိုဏ်းချုပ်ကို အရိုအသေပေးကာ ပြောလိုက်သည်

“ အဖေ … သမီးကို ခွင့်ပြုပါဦး ”

ထို့နောက် သူမက ဖန်ချန်းနှင့် လီယွင်ဖုန်းကိုပါ ဆွဲခေါ်သွားပြီး  သူတော်စင်တောင်ကို ရောက်လာတုန်းကလိုမျိုး အလျင်အမြန် ပြန်ထွက်သွားသည်။

ယခုလို အခြေအနေမျိုးတွင် ဘာလုပ်သင့်သည်ဆိုတာကို ရှန်ထျန်းလည်း မသိတော့ပေ။

ဂိုဏ်းတူအစ်မကြီးက လာသွားပေမဲ့ ပြန်သွားတာလည်း တကယ်မြန်တယ်။ ပြီးတော့ သူမ ပြန်တော့မယ်ဆိုရင်တောင် ဘာလို့ ဂိုဏ်းတူညီအစ်ကိုဖန်ကိုပါ အတူတူ ခေါ်သွားရတာလဲ ...

ငါက သူနဲ့ အဆင်ပြေအောင် လုပ်ပြီးတော့ စွန့်စားခရီးမှာ လိုက်ပါဖို့အတွက် စည်းရုံးမလို့လေ ...

ဟုတ်တယ်… ရှန်ထျန်းက ဖန်ချန်းကို သူနဲ့အတူ စွန့်စားခရီးမှာ ပါဝင်စေချင်တာကလည်း ဖန်ချန်းရဲ့ ခေါင်းပေါ်မှာရှိတဲ့ ရွှေရောင် ရောင်ဝါစက်ဝန်းကြောင့်ပဲ

အဲဒါက ကျန်းယွင်ရှီးဆီမှာရှိတဲ့ အရောင်အဝါလောက် မတောက်ပပေမဲ့လည်း နေရောင်ထဲမှာတော့ လင်းလက်နေတုန်းပဲ

ဒီလို ကိစ္စမျိုးကို ရှန်ထျန်းက ‘ကံကြမ္မာရူး’ တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စလို့ပဲ ပြောချင်တော့တယ်

သူတော်စင်တောင်ရှေ့မှာ ဖန်ချန်း အော်ဟစ်ပြောဆိုနေတုန်း ရှန်ထျန်းက ဖန်ချန်း၏ ရောင်ဝါစက်ဝန်းထဲ ကံကြမ္မာအပြောင်းအလဲကို မြင်တွေ့ခဲ့ရသည်။

ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ဂိုဏ်းတူအစ်ကိုကြီးက မကြာခင် ကြီးမားတဲ့ ကံအပြောင်းအလဲအခွင့်အရေးနဲ့ ကြုံတွေ့ရတော့မယ် ထင်တယ်

လွန်ခဲ့သော တစ်ခေါက်က ကျန်းယွင်ရှီး၏ ရွှေရောင် ရောင်ဝါစက်ဝန်းမှာ ကံအပြောင်းအလဲအခွင့်အရေးကို ရှန်ထျန်းတွေ့လိုက်၍ ကျားနဂါးဆွဲပြားကို ပြန်ပြီး ရှာတွေ့ခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့်  ရှန်ထျန်းလည်း အနက်ရောင် အစက်အပြောက်တွေ ရောနေသည့် ရောင်ဝါစက်ဝန်းမှ ယခုလက်ရှိ အစိမ်းရောင် ရောင်ဝါစက်ဝန်းအဖြစ် ပြောင်းလဲနိုင်ခဲ့၏။ ထိုကြောင့် ရှန်ထျန်းအနေနှင့် ဤတစ်ခေါက် ကံအပြောင်းအလဲ အခွင့်အရေးကိုလည်း လက်လွတ်မခံနိုင်ပေ။

သို့သော်လည်း ရှန်ထျန်းသာ ဖန်ချန်းကို ခရီးအတူ လိုက်ဖို့ခေါ်မိလျှင် ကျန်းယွင်ရှီးနှင့် ပတ်သက်သည့် ကိစ္စကြောင့် ဖန်ချန်းက သူ့ကို အသေသတ်လောက်၏။

အဲဒီအကြံအတိုင်း လုပ်ရင် အောင်မြင်ဖို့ အခွင့်အရေးက နည်းပေမဲ့လည်း ကွက်တိ တွက်ထားလို့တော့ မရသေးဘူး

ရှန်ထျန်းတစ်ယောက် ဘေးကျပ်နံကျပ်အခြေအနေ ဖြစ်နေရှာသည်။

ဟင်း… ဒီလို ကံအပြောင်းအလဲ အခွင့်အရေးက ရဖို့ခက်ခဲတယ် ...

All Chapters